အပိုင်း ၁၃
Viewers 9k

Chapter 13

အိပ်ရာထဲကတောင် မထွက်ရသေးဘူးဆိုတော့ ပါပါးဟယ်က သူနဲ့ဖုန်းပြောနေတဲ့အချိန် အပေါ်ပိုင်းဗလာဖြစ်နေပြီး အတွင်းခံဘောင်းဘီပဲ ဝတ်ထားတာလား... ပုပုက ချစ်စရာလေးဆိုတော့ သူ့အဖေကလည်း ကြည့်ရဆိုးမှာမဟုတ်ဘူး... အသက်သုံးဆယ်ဝန်းကျင် ယောကျာ်းတစ်ယောက်က ရင့်ကျက်စပြုလာပြီဆိုပေမယ့် ငယ်ရွယ်နုပျိုမှုတွေကလည်း လုံးဝပျောက်ကွယ်သွားသေးတာ မဟုတ်ဘူး... ဒီလိုအရည်အသွေးနှစ်ခုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ အခုလက်ရှိအချိန်က ဆွဲဆောင်မှုတွေအားလုံးကို ပိုင်ဆိုင်ထားတဲ့အချိန် အတိအကျပဲ... သူ့ကိုယ်လုံးကိုယ်ပေါက်ကသာ နည်းနည်းပိုတောင့်မယ်ဆိုရင်တော့ အဲဒါက... 

ဟာ... 

စုန့်ရန် သူ့ကိုယ်သူ လှောင်ပြောင်သရော်ချင်စိတ်ပေါက်လာသည်။ 

မင်းက ပိုင်ရှင်ရှိပြီးသားလူတစ်ယောက်လေ ဘာလို့ ပါပါးဟယ်အကြောင်း စိတ်ကူးတွေယဉ်နေတာလဲ... ဒီပုံစံနဲ့ Infiniti နတ်ဘုရားကို ဘယ်လို မျက်နှာချင်းဆိုင်မှာလဲ...

တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ ကြွက်သားများအကြောင်းတွေးတောနေရာမှ အတွေးများကို နောက်ပြန်ဆုတ်လိုက်ပြီးနောက် သူ၏ ညစ်ညမ်းသောနှလုံးသားကို ဖုံးကွယ်ထားရန်အတွက် ခေါင်းစဉ်ပြောင်းရန် ကြိုးစားလိုက်ရသည်။ 

" ဘာပဲဖြစ်ဖြစ်ပါ... ပါပါးဟယ်ရဲ့အသံက နည်းနည်းလေး နှာသံပေါက်နေတယ်နော်... အအေးမိထားတာလား..."

" ကိုယ်က ပုံမှန်ဆိုရင်တော့ အအေးမိလွယ်တဲ့လူတစ်ယောက်မဟုတ်ဘူး... မနေ့က တစ်နာရီကို မိုင်၈၀နှုန်းလောက်နဲ့ ကားမောင်းပြီးအိမ်ပြန်လာတဲ့အချိန် ကားခေါင်မိုးကို ပိတ်ဖို့မေ့သွားတာ လေပြင်းတွေကလည်း ကိုယ့်မျက်နှာကို ဆက်တိုက်ကိုပဲ တိုက်တာလေ... ဒီမနက် အိပ်ရာနိုးလာတော့ ခေါင်းနည်းနည်းကိုက်နေတော့တာပဲ..."

စုန့်ရန် အလျင်အမြန်ပြောလိုက်သည်။

" အဲဒါက အအေးမိတာရဲ့ အစောပိုင်းလက္ခဏာတွေပဲ... သေချာဂရုမစိုက်ရင် ပိုဆိုးသွားလိမ့်မယ်... အိမ်မှာ ဂျင်းအရင့်နဲ့ သကြားညိုရှိလား..."

" ဂျင်းအရင့်နဲ့ သကြားညိုလား..."

" ဟုတ်တယ် အဲ့နှစ်ခုနဲ့ ဂျင်းလက်ဖက်ရည် ဖျော်သောက်ရမှာ..."

စုန့်ရန်က အလျင်စလိုပြောလိုက်သည်။ 

" အရင်ဆုံး ရေနွးတည်ထားလိုက် ပြီးရင် ဂျင်းကို လေးငါးပြားလောက် လှီးထားပြီးတော့ ရေနွေးထဲထည့်လိုက်... ထည့်ပြီးရင် အပူကိုလျှော့ပြီး မီးမျှင်းမျှင်းနဲ့ ဆယ်မိနစ်လောက် တည်ထားလိုက်... နောက်ဆုံးကျမှ သကြားညိုတစ်ဇွန်းကိုထည့်လိုက်... သကြားညိုမရှိရင် သကြားနက်ကိုထည့်လည်းရတယ်... ဂျင်းကို ရင့်တဲ့ဟာပဲထည့်နော် နုတာတွေ မထည့်နဲ့... ဂျင်းနုလေးတွေထည့်ရင် အကျိုးသက်ရောက်မှု သိပ်မရှိဘူး..."

ဟယ်ကျစ်ယွမ်က အပြုံးလေးဖြင့် မေးလိုက်သည်။

" သကြားဖြူနဲ့ရော မရဘူးလား... ကိုယ့်ဆီမှာ ကော်ဖီထဲထည့်တဲ့ သကြားဖြူပဲရှိတယ်..."

" ရပါတယ်ရပါတယ်... အဓိကကတော့ ဂျင်း ရှိဖို့ပဲ..."

စုန့်ရန် ခေါင်းအဆက်မပြတ်ငြိမ့်လိုက်သည်။

" ကိုယ့်မှာမရှိဘူး..."

စုန့်ရန် ပြောလက်စ စကားပင် ရပ်တန့်သွားသည်။ 

" အမ်..."

သူ့မှာ ဂျင်းတောင်မရှိဘူးလား... ‌ဒါဆိုရင် ဘယ်လိုများ ဂျင်းလက်ဖက်ရည်တည်မှာလဲ...

ဟယ်ကျစ်ယွမ်က သူ့ကို တမင်တကာ နောက်ပြောင်ကျီစယ်နေခြင်းဖြစ်ကြောင်းကို စုန့်ရန် သဘောမပေါက်ပေ။ မျက်လုံးများတွန့်ပြီး ပြဿနာကို အဖြေရှာရန် ကြိုးပမ်းနေသည်။ သို့ရာတွင် အဆုံး၌ သူ့ထံတွင် ဘာမှမရှိသောကြောင့် တွေးတောနေလျှင်လည်း အချည်းနှီးသာဖြစ်ကြောင်းသိသွားသည်။ သူ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ 

" ဒါဆို... ‌ဒါဆိုရင်လည်း နည်းနည်းထပ်အိပ်ပါလား... အိပ်တာကလည်း ကိုယ်ခံအားကောင်းလာစေတယ်လေ... ကျွန်တော် မနှောင့်ယှက်တော့ပါဘူး..."

ဟယ်ကျစ်ယွမ်၏စိတ်ထဲတွင် အဘယ့်ကြောင့် ထိတ်ထိတ်ပြာပြာဖြစ်သွားမိသည်ကို နားမလည်နိုင် ဖြစ်သွားရသည်။ စက္ကန့်ပိုင်းအတွင်း တစ်ဖက်မှလူငယ်လေး ဖုန်းချသွားမည်စိုး၍ ချက်ချင်းပင် တခြားအကြောင်းအရာကို ပြောင်းလိုက်သည်။

" ရပါတယ်... ကိုယ်က အမိုးကိုပိတ်ဖို့ မေ့သွားရုံလေးပါ လေပြင်းတွေတိုက်တာနဲ့လည်း အသားကျနေပါပြီ... ခဏနေ ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်မယ်ဆိုရင် ကောင်းသွားမှာပါ..."

သူ စောင်ကိုဖယ်လိုက်ပြီး အိပ်ရာပေါ်မှထလာသည်။ ဘေးတစ်ဖက်တွင် ချထားသည့် ဝတ်ရုံရှည်ကိုယူလိုက်ပြီး အိပ်ခန်းထဲမှ ခြေဗလာဖြင့် ထွက်လာသည်။ 

" စုန့်ရန် ဒီနှစ်ရက်အတွင်း ပုပုဘာတွေလုပ်လည်းပြောပြပါဦး... ကိုယ် သူနဲ့ အဖော်မလုပ်ပေးရတာ တော်တော်ကြာပြီ..."

မီးဖိုချောင်ထဲရှိ ကော်ဖီစက်ထံမှ ကော်ဖီများ တစ်စကိချင်းကျလာသည့်အသံ ထွက်ပေါ်လာပြီးနောက် မိုက်ခရိုဝေ့အပေါ်မှ ဒစ်ဂျစ်တယ်နာရီက ၆နာရီ ၃၂မိနစ်ဟူသောအချိန်ကို ပြသနေသည်။ ယမန်နေ့ကကဲ့သို့ပင် ဟယ်ကျစ်ယွမ်က ကောင်တာကိုမှီပြီး မနက်ခင်းနေရောင်ခြည်ထက်နွေးထွေးသောလူငယ်လေးက သူ့ကို ပုပုအကြောင်းပြောပြသည်ကို နားထောင်နေသည်။ 

ပုပုက ကျောင်းတွင် ရှဉ့်လေးပုံပြင်ကို သူငယ်ချင်းများကို ပြောပြခဲ့သော်လည်း အနီရောင်ပန်းပွင့်စတစ်ကာများ ရရှိခဲ့သည်။ 

ပုပုက လက်ဘေးမှ ဂရပ်ဖတီမျအကြောင်း သိချင်စိတ်ဖြစ်နေခဲ့ပြီး ထောင့်မှန်စတုဂံနှင့် တြိဂံကို ရှင်းလင်းစွာ သိနေပြီဖြစ်သည်။

ပုပုက အစာကို အားပါးတရစားတတ်သူဖြစ်သည်။ သူက ညစာအတွက် အမဲသားတစ်ပန်းကန်ကို ကုန်အောင်စားသည့်အပြင် ‌အစားဂျီးများခြင်းမရှိပဲ မုန်လာဥနှငိ့ ဘရိုကိုလီများကိုပါ ကုန်အောင်စားပေသည်။ 

ပုပုက ပုံပြင်နားထောင်ချိန်တွင်လည်း အလွန်အာရုံစိုက်သည်။ သူက စိတ်ပျံ့လွှင့်ခဲပြီး မေးခွန်းမမေးမီတွင် လက်တစ်ဖက်ကို ဦးစွာမြှောက်ပြသည်။ သစ်ကုလားအုတ်တစ်ကောင်က မည်သို့ကခုန်တတ်သည်ကိုပါ တစ်ပုံစံတည်းတူအောင် ပြုလုပ်ပြနိုင်ပေသည်။


ဟယ်ကျစ်ယွမ် အလွန်စိတ်ကြည်လင်ပေါ့ပါးနေသည်။

သူ အနားတွင် မရှိသော်လည်း ပုပုက ကောင်းကောင်းမွန်မွန်ရှိနေဆဲဖြစ်သည်။ သူစိမ်းတစ်ယောက်က သူ့ကိုဂရုစိုက်ပေးနေသော်လည်း ပုပုက ဟယ်ကျစ်ယွမ်ရှေ့တွင် ရှိနေသကဲ့သို့ လိမ်လိမ်မာမာနေထိုင်ပြီး အခြားလူများကို ပြဿနာမရှာပေ။ သူ့ကို စောင့်ရှောက်ပေးသည့်လူတိုင်းက ခက်ခဲခြင်းမရှိကြပဲ သူ့ကို စောင့်ရှောက်ဖူးသည့်လူတိုင်းကလည်း သဘောကျကြပေသည်။ 

ထိုသို့သော အလိုက်သိသည့် ကလေးငယ်လေးစ်ယောက်ရှိခြင်းက အမှန်တကယ်ပင် ကျေးဇူးတင်ရမည့်အရာဖြစ်သည်။

ထိုအကြောင်းကိုတွေးမိသည့်အခါ စုန့်ရန်က တစ်ခုခုပြောရန် တုံ့ဆိုင်းနေမိသွားသည်။ 

" ပါပါးဟယ် ဒါတွေအပြင် ကျွန်တော်ပြောချင်တဲ့ ကိစ္စတစ်ချို့လည်း ရှိပါသေးတယ်... ဒါတွေကိုကြားရင်တော့ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့..."

ဟယ်ကျစ်ယွမ်က ငွေရောင်ဇွန်းလေးကိုလှည့်နေလျက် ပုံမှန်လေသံဖြင့်သာ ပြောလိုက်သည်။ 

" မဆိုးပါဘူး ပြောပါ..."

စုန့်ရန်က ပုပုကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည့်အခါ သူက အရောင်ခြယ်နေပြီး စုန့်ရန်ကို အာရုံမစိုက်နေသောကြောင့် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

" တကယ်တော့ ပုပုက ပါပါးဟယ်ထင်သလောက် လိမ္မာတာ မဟုတ်ပါဘူး... ဒီနှစ်ရက်အတွင်း သူ ကျွန်တော့်ဘေးမှာ တစ်ချိန်လုံးကပ်နေတာ... သူက အလိုလိုက်ခံရတာကို သဘောကျပုံပဲ... သူက နို့ဖြတ်ခံရတဲ့ ကြောင်ပေါက်စလေးလိုမျိုးပဲ တစ်ခါတစ်လေကျရင် စိတ်ကောက်တတ်တယ်... သူ တကယ်ကြီး စိတ်ကောက်သွားပြီဆိုရင် ကျွန်တော် ဘာလုပ်ရမှန်းမသိတော့အောင်ပဲ..."

" အဲ့လိုလား..."

ဟယ်ကျစ်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ကော်ဖီကိုမွှေနေခြင်း ရပ်တန့်သွားသည်။ 

" သူ အရင်တုန်းကတော့ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး... ကြည့်ရတာ မင်းက အရမ်းသဘောကောင်းပြီး သူ့ကို ဘယ်လိုငြင်းရမယ်မှန်းမသိလို့ဖြစ်မယ်... သူ့ကို ဖုန်းပေးလိုက်ပါ... ကိုယ်သူ့ကို နည်းနည်းလောက် သတိပေးစကားပြောလိုက်မယ်..."

" မဟုတ်ဘူး မဟုတ်ဘူး... ကျွန်တော် အဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့..."

စုန့်ရန်က ကတိုက်ကရိုက်ပြောလိုက်ရသည်။ 

" ကျွန်တော်ပြောချင်တာက ပုပုတို့အရွယ်ကလေးတွေဂျီကျတတ်တာက ပုံမှန်ပါပဲ... ဒီလိုအရွယ်လေးတွေ ဂျီကျတယ်ဆိုတာ သဘာဝအတိုင်းဖြစ်တဲ့ ဗီဇလို့ပဲ ပြောလို့ရပါတယ်... ‌ဒါပေမဲ့ ပုပုလိုမျိုး ဘယ်ရှု့ထောင့်ကမဆို လိမ္မာနေတဲ့ကလေးမျိုးကျတော့ နည်းနည်း... ဟို နည်းနည်းများ ပုံမှန်မဟုတ်ဘူးလားလို့..."

ဟယ်ကျစ်ယွမ် နားမလည်နိုင်ဖြစ်သွားရသည်။

" ပုံမှန်မဟုတ်ဘူးတဲ့လား... သူက ဒီအသက်အရွယ်ထက် နည်းနည်းပိုပြီး သိတတ်နေတာပဲလေ ဘာကများ ပုံမှန်မဟုတ်လို့လဲ..."

" အမ်..."

စုန့်ရန် အနည်းငယ် နင်သွားပြီး ခေါင်းခါပြလိုက်သည်။

နှေးကွေးပြီး တုံးအသော ဖခင်ဖြစ်သူက ကလေးငယ်လေး၏ နူးညံ့သိမ်မွေ့သောနှလုံးသားကို နားမလည်နိုင်သည့်ပုံပေါ်သည်။ 

သူ ဘာလုပ်သင့်လဲ... ကြည့်ရတာတော့ အစ်ကိုကြီးစုန့်ရန်က သူနဲ့ အလေးအနက်ပြောရတော့မယ်ထင်တယ်...

" ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးနိုင်မလား... ကျွန်တော် အခန်းထဲဝင်ပြီး ရှင်းပြပါ့မယ်..."

စုန့်ရန်က သူ့လက်များကို ခပ်မြန်မြန်ဆေးလိုက်သည်။ ဖက်ထုပ်များကို အုပ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားပြီးသည့်နောက်တွင် အိပ်ခန်းထဲ အမြန်ပြေးဝင်သွားပြီး တံခါးပိတ်ကာ အိပ်ရာပေါ် ဝုန်းခနဲခုန်တက်ပြီး ဖိနပ်အမြန်ချွတ်လိုက်သည်။

တင်ပျဉ်ခွေထိုင်ပြီးနောက် သူ့အကျင့်အတိုင်းခေါင်းအုံးကို ဖက်ထားလိုက်သည်။

" လူကြီးမင်းဟယ် ကျွန်တော်ပြောချင်တာက တကယ်ဆိုရင် ကလေးတစ်ယောက်က ပိုပြီး ပျော်ပျော်ရွှင်ရွှင်ရလေ လိမ်လိမ်မာမာနေဖို့ ပိုပြီးသင်ယူရလေပဲ... ပုပုက အခုမှ လေးနှစ်သားပဲ ရှိသေးတဲ့အပြင် မိသားစုကလည်း ပြည့်စုံနေတာပဲ... ဒီလောက် မြန်မြန်ကြီးပြင်းလာဖို့ မလိုသေးပါဘူး... သူ တစ်နေကုန် ဂျီကျနေလို့ရသလို သူကြိုက်တဲ့အချိန်ရယ်ပြီး ကြိုက်တဲ့အချိန်ငိုလို့ရတယ်... သူ အသက်ကြီးလာရင် သူ့အလိုလို သိတတ်လိမ္မာလာမှာပဲလေ..."

" မင်းပြောတာကို ကိုယ်မငြင်းပါဘူး... ဒါပေမဲ့ ပုပုက အရွယ်နဲ့မလိုက်အောင်လိမ္မာတာ မင်းပြောတာ မပျော်မရွှင်ဖြစ်နေလို့ဆိုတာထက် မွေးရာပါဗီဇလို့ ပြောရမလားပဲ... "

ဟယ်ကျစ်ယွမ်က တည်ငြိမ်စွာပြောလိုက်သည်။ 

ဤသားအဖနှစ်ယောက်အကြားမှ နားလည်မှုလွဲခြင်းကို ဝင်မပါရန် ခက်ခဲလှသည်ဟု ခံစားမိ၍ စိတ်ထဲတွင် စိုးရိမ်ပူပန်လာမိသည်။ 

" ပါပါးဟယ်... အဲဒါက မွေးရာပါဗီဇဆိုရင်တောင် ပုပုက ကျွန်တော့်ရှေ့မှာ တခြားလူတွေနဲ့မတူတဲ့ ပုံစံတစ်မျိုးကို ထုတ်ပြမယ်လို့ မထင်ဘူး... ကျွန်တော် ဥပမာတစ်ခု ပြောပြမယ်နော်... ကမ္ဘာပေါ်မှ အသိတတ်ဆုံးနဲ့ အလိမ္မာဆုံးကလေးတွေက ဘယ်နေရာမှာ ရှိတတ်ကြလဲသိလား... မိဘမဲ့ဂေဟာမှာပဲ... မိဘမဲ့ဂေဟာက ကလေးတွေက ဂျီကျလို့မရသလို ပြဿနာရှာလို့လည်းမရဘူး... သူတို့ ရယ်တာဖြစ်ဖြစ် ငိုတာဖြစ်ဖြစ်၊ ချော်လဲတာဖြစ်ဖြစ် နေမကောင်းတာဖြစ်ဖြစ် အဆင်ပြေအောင် မျိုသိပ်ပြီးနေရတယ်... ဘယ်သူကမှ သူတို့ကို ဂရုမစိုက်တော့ အလိုလိုက်ခံရတဲ့ပုံစံနဲ့ ဂျီကျနေလို့မရဘူး... သူတို့တွေက သာမန်မိသားစုတွေက ကလေးတွေထက် ပိုပြီး လိမ်လိမ်မာမာနေရတယ်... ဒါပေမဲ့ ရင်ထဲမှာတော့ တခြားလူတွေထက်ကိုပိုပြီး အလိုလိုက် ဂရုစိုက်ခံချင်ကြတာပဲ..."

ငွေရောင်ဇွန်းလေးက ကြွေခွက်ထဲပြုတ်ကျသွား၍ ကော်ဖီစက်အနည်းငယ်က ဘေးသို့ စင်ကုန်သည်။

မိဘမဲ့ဂေဟာ...

စုန့်ရန်က သူ၏ပုပုနှင့် မိဘမဲ့ဂေဟာမှ ကလေးများကို တစ်တန်းတည်းထား၍ ပြောဆိုလိုက်ခြင်းဖြစ်သည်။ သူက ကောင်းစေလိုသည့်ရည်ရွယ်ချက်ဖြင့် ပြောလိုက်ခြင်းဖြစ်သော်လည်း ဟယ်ကျစ်ယွမ်က သူ့ကလေးကို လျစ်လျူရှု့ထားသည်ဟူသည့်သဘောဖြစ်နေ၍ အလွန်အမင်း စည်းကျော်သွားသကဲ့သို့ဖြစ်နေသည်။

စုန့်ရန်နှင့် စကားပြောခဲ့သည့်အကြိမ်အရေအတွက် အနည်းငယ်အတွင်း ဟယ်ကျစ်ယွမ်က ပထမဦးဆုံးအကြိမ်အဖြစ် စိတ်ကသိကအောက်ဖြစ်သည့်ပုံစံကို အနည်းငယ် ပြသလိုက်မိသည်။

တစ်ဖက်မှ စုန့်ရန်က ထိုအခြေအနေကို သတိမပြုမိပဲ ဆက်ပြောနေသည်။

" မနေ့ညတုန်းက လူကြီးမင်းဟယ် ပုပုကို အိမ်ပြန်ပြီး တစ်ယောက်တည်းအိပ်ခိုင်းတုန်းက သူက လိမ်လိမ်မာမာနဲ့ပဲ ချက်ချင်းခေါင်းငြိမ့်ခဲ့တယ်... ဒါပေမဲ့ သူ တံခါးနားကိုရောက်တာနဲ့ ချက်ချင်းငိုတော့တာကို မသိလိုက်ဘူးမလား... သူ့ကို ကျွန်တော်က ပြန်ချော့ပြီး ခေါ်ခဲ့တာပါ... ပုပုက အိမ်ကို တကယ်မပြန်ချင်ပါဘူး လူကြီးမင်းဟယ်... သူက ကျွန်တော်နဲ့ပဲ နေချင်ပေမယ့် လူကြီးမင်းဟယ် စိတ်ကွက်သွားမှာစိုးလို့ သူဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက်စကားတွေကို ပြောခဲ့တာပါ..."

" စုန့်ရန် ကျေးဇူးပြုပြီးတော့..."

" လူကြီးမင်းဟယ်တို့အိမ်မှာ စက်ရုပ်လှလှလေးတစ်ရုပ်ရှိတယ်မလား... ရှောင်ကျူက လူကြီးမင်းတီထွင်ထားတဲ့စက်ရုပ်လို့ ပုပုကျွန်တော့်ကို ပြောပြပါတယ်... အဲဒါက သူခိုးတွေကို ခြိမ်းခြောက်လို့ရရုံတင်မကဘူး မော်နီ‌တာကနေ ကြီးကြပ်နေလို့ရတယ်မလား... အဲဒါက တော်တော်လေးကို စွမ်းဆောင်ရည်ရှိပါတယ် ဒါပေမဲ့ အဲ့စက်ရုပ်က ဘာတွေပဲလုပ်နိုင်လုပ်နိုင် လူကြီးမင်းရဲ့နေရာကို အစားထိုးနိုင်စရာအကြောင်း မရှိပါဘူး... လူကြီးမင်းဟယ် တစ်ယောက်တည်းကပဲ ဒီကလေးရဲ့အဖေပါ... ပုပု အလိုအပ်ဆုံးအရာက ကလေးထိန်းလည်းမဟုတ်သလို စက်ရုပ်လည်း မဟုတ်ပါဘူး လူကြီးမင်းတစ်ယောက်တည်းပါ... ရှောင်ကျူကို လူကြီးမင်းနေရာမှာ အစားထိုးထားတာ လက်မခံနိုင်စရာပါပဲ... ကျွန်တော် ဒီလိုမျိုးပြောတာကို နားလည်လားမသိဘူး..."

ဟယ်ကျစ်ယွမ်မှာ အချိန်တစ်ခဏတာခန့် ငြိမ်ကျသွားသည်။ ရုတ်တရက် ငွေရောင်ဇွန်းကို ပြန်ကောက်လိုက်ပြီးနောက် ဘေစင်ထဲ ပစ်ထည့်လိုက်သည်။ 

ကော်ဖီခွက်ကိုယူပြီး ဧည့်ခန်းထဲ လမ်းလျှောက်သွားလိုက်သည်။ ဖုန်းကို စပီကာဖွင့်ပြီးသည့်နောက် မှောက်ထားလိုက်ပြီး ကော်ဖီစားပွဲပေါ် တင်ထားလိုက်သည်။ လက်ဖြင့် အနည်းငယ်တွန်းလိုက်သည့်အခါ ဖုန်းက ‌စားပွဲအစွန်းနားသို့ရောက်သွားသည်။

သူ ဆိုဖာပေါ်တွင် ထိုင်ပြီး လက်ပ်တော့ကိုဖွင့်ကာ စတင်အလုပ်လုပ်နေသညိ။

" လူ... လူကြီးမင်းဟယ် ... နားထောင်နေသေးလားဟင်..."

အကွာအဝေးက အနည်းငယ်တိုးသွားသဖြင့် စုန့်ရန်၏အသံက မပြတ်မသားဖြစ်နေသည်။

ဟယ်ကျစ်ယွမ်က ပြန်ဖြေသည်။

" ကိုယ် နားထောင်နေပါတယ်... "

စုန့်ရန်က ထပ်မေးလိုက်သည်။

" ဒါဆိုရင် ကျွန်တော်ပြောတာကို သဘောပေါက်ရဲ့လား..."

" အနည်းနဲ့အများပေါ့..."

" အနည်းနဲ့အများဆိုတာ ဘယ်လိုလုပ်ပြီးတော့ လုံလောက်မှာလဲ... ဖခင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ဒီကိစ္စကို သေချာနားလည်ရမှာပေါ့... ဥပမာ ပြောရမယ်ဆိုရင်..."

Xxxxx