အပိုင်း ၁၄
Viewers 10k

Chapter 14

" အနည်းနဲ့အများပေါ့..."

" အနည်းနဲ့အများဆိုတာ ဘယ်လိုလုပ်ပြီးတော့ လုံလောက်မှာလဲ... ဖခင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ဒီကိစ္စကို သေချာနားလည်ရမှာပေါ့... ဥပမာ ပြောရမယ်ဆိုရင်..."

ဟယ်ကျစ်ယွမ်၏အသံက ပိုပြီး တိုးသွားသည်ဟု ထင်လိုက်မိသောကြောင့် စုန့်ရန် ခဏရပ်သွားသည်။ ကလေးလေး၏ဖုန်းက တစ်ခုခု ဖြစ်နေသည်ဟု ထင်လိုက်မိသောကြောင့် အသံကျယ်သည့်ခလုတ်ကို နှစ်ချက်နှိပ်လိုက်ပြီးနောက် တက်ကြွစွာဖြင့် ဆက်ပြောနေသည်။ 

" လူကြီးမင်းဟယ်က ကလေးနဲ့ပတ်သက်တဲ့စိတ်ပညာအကြောင်းရေးထားတဲ့စာအုပ်တွေဖတ်သင့်ပြီး ပုပုနဲ့ မကြာခဏ ကစားပေးသင့်တယ်... သူ့ကို ကလေးပုံပြင်လေးတွေ ပြောပြပေးပြီးတော့ ပွေ့ဖက်တာတို့ နမ်းတာတို့ကိုလည်း နေ့တိုင်းလုပ်ပေးသင့်ပါတယ်... ကလေးတွေက လူကြီးနဲ့မတူဘူး... သူတို့နှလုံးသားတွေက ထိရှလွယ်တယ်... အဲဒါကြောင့်မို့ သူတို့ကို အချိန်ပေးပြီး မကစားပေးဘူးဆိုရင် အလွယ်တကူနဲ့ နာကျင်သွားကြလိမ့်မယ်..."

ဟယ်ကျစ်ယွမ်က သူ့ကိုဖြတ်ပြောလိုက်သည်။

" စုန့်ရန် ကိုယ်မှာအဲ့လောက်အချိန်မရှိဘူး..."

ဤတစ်ကြိမ်တွင်မူ သူ့စကားသံထဲမှ စိတ်မရှည်မှုက ဗြောင်ကျကျဖြစ်သွား၍ စုန့်ရန်၏စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားခဲ့ရသည်။ သူ့နှုတ်ခမ်းထက်မှ တောက်ပနေသောအပြုံးလေးက ချက်ချင်းအေးခဲသွားသည်။ သူ့စိတ်ထဲ မရေမရာဖြစ်သွား၍ ထပ်မေးလိုက်သည်။

" အ... အခု... ဘာပြောလိုက်တာလဲ..."

" ကိုယ်က အဖေကောင်းတစ်ယောက်ဖြစ်လာအောင် သင်ယူဖို့ အချိန်မရှိဘူးလို့ပြောတာလေ... ကိုယ့်မှာ ပိုပြီးအရေးကြီးတဲ့ကိစ္စတွေအများကြီး လုပ်စရာရှိသေးတယ်..."

" ပိုပြီးအရေးကြီးတဲ့ ကိစ္စတွေတဲ့လား..."

စုန့်ရန် ထိတ်လန့်သွားသောကြောင့် မတ်မတ်ထိုင်လိုက်မိပြီး သူကြားလိုက်ရသည့် အခြေအမြစ်မရှိသောစကားများကို မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။ 

" ပုပုက ခင်ဗျားရဲ့သားလေ... ခင်ဗျားမိသားစုဝင်ပဲ... သူ့ကိုဂရုစိုက်ရမှာက ခင်ဗျားအတွက် ဦးစားပေးကိစ္စမဟုတ်ဘူးလား..."

" မဟုတ်ဘူးလေ..."

ဟယ်ကျစ်ယွမ်က အမှန်တရားကို ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်သည်။ ထိုအကြောင်းကို ဖုံးကွယ်ထားစရာအကြောင်းမရှိ၍ သူ့ပုံစံက နှလုံးသားမရှိသောလူတစ်ယောက်နှင့် တူသွားသည်။

သူ ကီးဘုတ်ကို တတောက်တောက်ရိုက်နေပြီး အီးမေးလ်တစ်စောင်ပြီးတစ်စောင်ကို စာပြန်နေသည်။ အစမှ အဆုံးအထိ သူ့က လက်ပ်တော့မျက်နှာပြင်မှ အကြည့်မလွှဲခဲ့ပဲ သူ့လေသံကလည်း ဂရုမစိုက်သည့်ပုံစံဖြစ်နေသည်။

" မင်းကတော့ ဒီလိုတုံ့ပြန်မှုမျိုးကိကြိုက်မှာမဟုတ်လောက်ဘူးဆိုတာ ကိုယ်ခန့်မှန်းပြီးသားပါ... ဒါပေမဲ့ ဒါက ကိုယ့်ရဲ့ ခံစားချက်အစစ်အမှန်တွေပဲ... ပုပုက ကိုယ့်သားဖြစ်‌ရင်ဖြစ်မယ် ဒါပေမဲ့ ကိုယ့်ဘဝမှာ ပထမဦးစားပေးက သူမဟုတ်ဘူး... စုန့်ရန် မျိုးပွားတယ်ဆိုတာက ကျယ်ပြန့်တဲ့ ဇီဝဗေဒဆိုင်ရာ အပြုအမှူတစ်မျိုးပဲ... ဆန့်ကျင်ဘက်လိင်နှစ်မျိုးကို ကြုံရာကျပန်းပေါင်းစပ်လိုက်ရုံနဲ့ နောက်မျိုးဆက်တစ်ခုကို ဖန်တီးပေးလို့ရတယ်... အဲဒါကြောင့် ဒီလို သာမန်အပြုအမူမျိုးမှာ သီးခြားတန်ဖိုးတစ်ခုရှိတယ်လို့ ကိုယ်မထင်ဘူး... တကယ်လို့ မင်းယုံကြည်ထားက တခြားတစ်မျိုး‌ဆိုရင်လည်း ကိုယ်မဆန့်ကျင်ပါဘူး... မင်းရဲ့ထင်မြင်ချက်ကို လေးစားပါတယ်... ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မင်းကိုယ့်ကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်မိတယ်..."

စုန့်ရန် တအံ့တဩဖြစ်သွားသည်။ 

" လူကြီးမင်းဟယ် ဘာတွေပြောနေတာလဲ..."

" မိသားစုအပြင် လူတစ်ဦးချင်းစီရဲ့ ဘဝနေထိုင်မှုပုံစံက ရာနဲ့ချီရှိတယ်... မိသားစုကလည်း သူတို့ထဲကတစ်ခုဆိုတော့ သာမညပါပဲ အထူးတလည်မဟုတ်ဘူး..."

ဟယ်ကျစ်ယွမ်က မျက်နှာတည်ဖြင့် ဆက်ပြောနေသည်။

" အဲလိုသာမန်ဖြစ်နေရတဲ့အကြောင်းရင်းကို ယုံကြည်တယ်ဆိုတာက ဘာလို့လဲဆိုတော့ အမွေဆက်ခံနိုင်တဲ့ တန်ဖိုးတချို့ကြောင့်မဟုတ်ပဲ မိသားစုကို အခြေခံပြီး အုတ်မြစ်တစ်ခု တည်ဆောက်နိုင်တဲ့အပြင် တခြားပိုကြီးမားတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ လူတစ်ယောက်နဲ့တစ်ယောက် ကူညီပေးနိုင်ဖို့ သင့်တော်‌တာကြောင့်ပဲ..."

" မှားနေပြီ ခင်ဗျားပြောတာတွေမှားနေပြီ လူကြီးမင်းဟယ်... ခင်ဗျားတွေးခေါ်တဲ့ပုံစံကိုက ပြဿနာရှိနေတာပဲ..."

စုန့်ရန်မှာ သူ့ရင်ဘတ်ကို ကျောက်တုံးကြီးတစ်တုံးဖြင့် ဝင်ဆောင့်ခံလိုက်ရသည်ဟု ခံစားလိုက်ရပေသည်။ ထိုခံစားချက်ကြီးက အလွန်စိတ်မသက်သာစရာကောင်းလှ၍ အသက်ဝဝမရှုနိုင် ဖြစ်သွားရသည်။

ဟယ်ကျစ်ယွမ်၏အမြင်ကို သူ့အလိုလိုငြင်းဆိုခဲ့မိပြီး လက်ကိုလေထဲဝှေ့ယမ်းပြီး သူ့တွေးခေါ်ပုံကိုရှင်းပြရန် ကြိုးစားလိုက်သည်။

" မိသားစုမှာ အမွေဆက်ခံနိုင်တဲ့စွမ်းရည်ရှိတဲ့ဆိုတာတော့ ဟုတ်ပါတယ်... မဟုတ်ရင် လူအများစုက လက်ထပ်ချင်ကြမှာ မဟုတ်ဘူးလေ... အဲဒါ... အမ်... မိသားစုရှိတယ်ဆိုတာ လူသားတွေရဲ့ဘဝမှာ အရေးကြီးဆုံးအုတ်မြစ်ပဲလေ... ဒါက ကိုယ်နဲ့သက်ဆိုင်တဲ့နေရာလေးတစ်ခုရှိတယ်ဆိုတဲ့ ခံစားချက်လေးပေးနိုင်တယ်လေ...မိဘ၊ သားသမီး၊ ဆွေမျိုးသားချင်းတွေဆိုတာ ပျော်ရွှင်မှုရဲ့ အရင်းမြစ်ပဲလေ... ကျွန်တော့်အမြင်တော့ မိသားစုက သေချာပေါက် အလုပ်ထက်ပို အရေးကြီးတယ်..."

သို့ရာတွင် စုန့်ရန်က ထိုသို့ပြောနေသော်လည်း ဟယ်ကျစ်ယွမ်ကို ဖြောင်းဖျနိုင်စရာအကြောင်း မရှိပေ။

လူကြီးမင်းဟယ်၏ပြောဆိုပုံက အဆင့်အတန်းမြင့်လွန်းသောကြောင့်ဖြစ်နိုင်သကဲ့သို့ သူ၏ပြောဆိုမှုစည်းချက်မှာလည်း တည်ငြိမ်လွန်းသောကြောင့်ဖြစ်နိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့် စုန့်ရန်၏ဘက်တွင် ရှိနေသည်မှာ သိသာထင်ရှားသော ရှုပ်ထွေးမှုများနှင့် သူ၏အဓိပ္ပါယ်ကို မဖော်ပြနိုင်သော စကားလုံးများဖြစ်သည်။ အသက်ရှင်ရန် အားကိုးအားထားပြုသော ခံယူချက်က ယခုအချိန်တွင် စက္ကူတစ်ရွက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက ထပ်ခါတလဲလဲ ပြောရုံသာပြောနိုင်သော အလွတ်စကားလုံးများအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ဟယ်ကျစ်ယွမ်ကို ဖြောင်းဖျနိုင်သော စွမ်းအားများစွာ မရှိပေ။

စုန့်ရန် အလွန်အမင်း ကြောက်လန့်သွားမိသည်။

လူကြီးမင်းဟယ်က ဘာလို့ ဒီလိုအတွေးအခေါ်မျိုး ရှိနေရတာလဲ... ဘယ်သူမဆို အဲ့လို တွေးနိုင်တာပဲလား... မိသားစုရှိတဲ့လူတွေက... အဲ့တန်ဖိုးကို လုံးဝ နားမလည်နိုင်တာများလား...

သူ့ရင်ခွင်ထဲမှ ခေါင်းအုံးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိပြီးနောက် ၎င်း၏နွေးထွေးမှုမှတစ်ဆင့် စိတ်ခွန်အရလိုရငြား ရှာဖွေနေမိသည်။ 

" စုန့်ရန် မင်းက အိမ်နီးချင်းကောင်းတစ်ယောက်ဆိုတာကို ကိုယ်အသိအမှတ်ပြုပါတယ်... ဒါပေမဲ့ မိသားစုအပေါ်ထားတဲ့ ခံစားချက်အပြင် ကိုယ်တို့ရဲ့ ဘဝအတွေ့အကြုံတွေကလည်း ကွဲပြားတာမို့ ခံယူချက်ခြင်းတူဖို့က မဖြစ်နိုင်ဘူးလေ... ကိုယ်တို့ တစ်ယောက်အပေါ် တစ်ယောက် လေးစားပြီး အချိန်တစ်ခုအထိ ကွဲပြားမှုတွေကို ဘေးဖယ်ထားကြတာပေါ့ ဟုတ်ပြီလား..."

ဟယ်ကျစ်ယွမ်၏ အေးဆေးတည်ငြိမ်သောအသံက စုန့်ရန်၏နားထဲ ပဲ့တင်ထပ်လာသည်။ 

သူက အပေးအယူလုပ်ရန် ညှိနှိုင်းနေခြင်းဖြစ်သည်။ 

သို့ရာတွင် စုန့်ရန်က ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ခေါင်းခါလိုက်သည်။

" ကျွန်တော် အဲ့လိုမလုပ်နိုင်ဘူး... ကျွန်တော်ပြောတာတွေက မှန်နေတဲ့အတွက် အဲ့ကွဲပြားချက်တွေကို ဘေးဖယ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

သူ့နှုတ်ခမ်းများ တင်းတင်းစေ့ထားပြီးသည့်နောက်တွင် ခေါင်းမာစွာဖြင့် ပြောလိုက်သည်။

" သားသမီး၊ လက်တွဲဖော်နဲ့ မိသားစုဆိုတာ လူတစ်ယောက်အတွက် အဖိုးအတန်ဆုံးအရာတွေပဲ... သူတို့ကို ဘာနဲ့မှ နှိုင်းယှဉ်လို့မရဘူး... သေချာပေါက်ကို မရတာ..."

ငါးစက္ကန့်ခန့် တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ဟယ်ကျစ်ယွမ်၏ရယ်သံကို သူကြားလိုက်ရသည်။ 

" စုန့်ရန် မင်းက ဘယ်လိုလူစားမျိုးလဲဆိုတာ ကိုယ်အကြမ်းဖျင်း ခန့်မှန်းမိပါတယ်... မင်းက အချက်အပြုတ်လည်းတော်တယ်၊ ကလေးတွေကိုလည်း သဘောကျတယ်၊ တန်ဖိုးကြီးတဲ့ကြောင်တစ်ကောင်ရှိတယ်၊ တစ်ယောက်တည်းနေတဲ့ လူလွတ်တစ်ယောက်လည်းဖြစ်တယ်... ငွေကြေးလည်း မချို့တဲ့နေတဲ့အပြင် တစ်ခါတစ်လေ မိဘမဲ့ဂေဟာတွေမှာ စေတနာ့ဝန်ထမ်းလုပ်သေးတာပဲ... မင်းဆီမှာ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့မိသားစုမှာ နေခဲ့ရတဲ့ အကျင့်စရိုက်တွေကို တွေ့ရတယ်... မင်း ငယ်ငယ်တည်းက မိသားစုဝင်တွေရဲ့ အရိပ်အောက်မှာ ကောင်းကောင်းခိုလှုံခဲ့ရတဲ့ပုံပဲ... ဒါပေမဲ့ မင်းသိသင့်တာတစ်ခုက လူတိုင်းက မင်းလို အနေအထားမျိုးနဲ့ ကြီးပြင်းခဲ့ရတာမဟုတ်ဘူး... လူအများစုရဲ့ အမြင်မှာတော့ မိသားစုဆိုတာ ပျော်ရွှင်မှုနဲ့ ဘေးကင်းမှုကို ကိုယ်စားပြုမနေဘူး... ဥပမာ ပြောရမယ်ဆိုရင်... ထားပါတော့လေ အိမ်နီးချင်းတွေကြားထဲမှ ဘာမှဖုံးကွယ်စရာမလိုပေမယ့် အရင်တုန်းက ကိစ္စဟောင်းတွေကို ပြန်မပြောချင်တော့ပါဘူး... အနှစ်ချုပ်ပြီး ပြောရမယ်ဆိုရင် ကိုယ်က မိသားစုနဲ့ အသက်မွေးဝမ်းကြောင်း နှစ်ခုလုံးကို မစီမံနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်လာခဲ့မယ်ဆိုရင်တော့ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်ကိုပဲ ရွေးမှာပဲ..."

နောက်ဆုံးစာကြောင်းက လောင်စာကို မမြှိုက်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။ စုန့်ရန်၏ အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုစိတ်က ပြာမှုန်အဖြစ်ပြောင်းလဲသွားပြီး ခေါင်းပေါ်အထိ သွေးဆောင့်တက်လာကာ အမြင်အာရုံများလည်း ဝေဝါးလာခဲ့သည်။ 

" နှစ်ခုလုံးကို မစီမံနိုင်ဘူးတဲ့လား... အဲဒါဆိုရင် ဘာလို့ ပုပုကို မွေးခဲ့သေးလဲ... တစ်ယောက်ယောက်က ခင်ဗျားကို သေနတ်နဲ့ချိန်ထားပြီး အဲ့ကလေးရအောင် လုပ်ခိုင်းခဲ့လို့လား... မိသားစုက အရေးမကြီးဘူးလို့ထင်ရင် ကလေးမယူခဲ့ပါနဲ့လား... မျိုးပွားတယ်ဆိုတဲ့ကိစ္စကို အထင်အမြင်သေးနေတယ်ဆုရင်လည်း မလုပ်ခဲ့နဲ့ပေါ့... ကျွန်တော့်လို လူပျိုဘဝနဲ့နေလေ... အဲဒါမှ ခင်ဗျားရဲ့အလုပ်ကိုအေးဆေးလုပ်ဖို့ အချိန်အမျကြီးရမှာ..."

ဟယ်ကျစ်ယွမ်၏ မျက်နှာက အေးစက်စက်ဖြစ်သွားပြီး လက်ပ်တော့ကို ဆောင့်ပိတ်ချလိုက်သည်။

" ကိုယ်ကလည်း ရွေးချယ်စရာမရှိလို့ အဖေဖြစ်လာတာလေ... အသက် ၂၅နှစ်မပြည့်ခင် ကလေးယူဖို့အစီအစဉ်ကို မရှိခဲ့တာ ပုပုက လုံးဝကို မတော်တဆတစ်ခုပဲ..."

သူ မရှင်းပြခဲ့လျှင် ပိုကောင်းမည်ဟု စုန့်ရန်ထင်ခဲ့မိသည်။ ထိုသို့ပြုလုပ်လိုက်ရာမှ နျူကလီးယားဗုံးတစ်လုံးက အကြီးအကျယ်ပေါက်ကွဲထွက်သွားခဲ့ရသည်။ စုန့်ရန်က သူ့လက်ထဲမှခေါင်းအုံးကို ပစ်ပေါက်လိုက်သည်။

" မတော်တဆတဲ့လား... ဘာကိုများ မတော်တဆလို့ ခေါ်နေတာလဲ... ခင်ဗျား အဲ့အချိန်က ကွန်ဒုံးသုံးရမယ်ဆိုတာ မသိတာလား... ဒါမှမဟုတ် ကွန်ဒုံးကိုက ခင်ဗျားရဲ့dickကို မထိန်းနိုင်တာလား..."

( T/N - အဲ့လိုပဲ ဒဲ့ကြီးရေးထားလို့ပါ မီနားစံ T T)

" စုန့်ရန်..."

ဟယ်ကျစ်ယွမ်က ကော်ဖီစားပွဲကို ခပ်ပြင်းပြင်းရိုက်လိုက်ပြီး ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

စုန့်ရန်က မကြားချင်ယောင်ဆောင်နေပြီး ဆက်လက်ပြောဆိုနေသည်။

" ခင်ဗျား ဘယ်အသက်အရွယ်မှာ ကလေးလိုချင်တယ်ဆိုတာကို ကျွန်တော် စိတ်မဝင်စားဘူး... အခု ခင်ဗျားမှာ ပုပုရှိနေပြီဆိုတော့ အဖေတစ်ယောက်ရဲ့တာဝန်တော့ ကျေရမှာပဲ...ဒါပေမဲ့ ခင်ဗျားဘာလုပ်နေလဲ... သူ့ဖို့ အမေတစ်ယောက်တောင် ရှာမပေးနိုင်ဘူး... လေးနှစ်အရွယ်ကလေးလေးကို ကလေးထိန်းနဲ့ပစ်ထားလိုက် စက်ရုပ်နဲ့ပစ်ထားလိုက်နဲ့... အဲဒါက ပုံမှန်လူတွေလုပ်တဲ့ အလုပ်တဲ့လား... ကလေးအပေါ်မှာ နည်းပညာတွေနဲ့ ထိန်းချုပ်ပြီးတော့ ခင်ဗျားရဲ့အလုပ်က ဘယ်လောက်အဖိုးတန်ကြောင်း ပြနေတာလား... ပုပုက ခင်ဗျားကိုအရမ်းချစ်ပြီး အရမ်းလည်းသိတတ်တယ်... အခု သူ့ကို ဖုန်းပေးလိုက်မယ်ဆိုရင် သူက ခင်ဗျားမတော်တဆရခဲ့တဲ့ကလေးဆိုတဲ့အကြောင်း သူ့ကိုပြောရဲလား..."

" စုန့်ရန် မင်း အပြောအဆို သတိထားစမ်း..."

ဟယ်ကျစ်ယွမ် မတ်တပ်ထရပ်လိုက်သည်။

သို့ရာတွင် စုန့်ရန်ကလည်း ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများ ပျောက်ဆုံးသွားပြီဖြစ်ကာ မျက်ဝန်းထဲတွင် မျက်ရည်များဝဲလာသည်။ 

" ခင်ဗျားရဲ့ သောက်အပြောအဆိုကိုသာ သတိထားလိုက်... ခင်ဗျားယုံမလားတော့မသိဘူး အခုချိန်ထိ ကျွန်တော်ခင်ဗျားကို မပြောရသေးတဲ့အဆဲစကားလုံးတွေ ကျွန်တော့်ခေါင်းထဲအပြည့်ပဲ... ခင်ဗျားလိုလူက ငွေဘယ်လောက်လောက်ရှိ ဆန်ကုန်မြေလေးပဲ..."

" ငါ့ကို လာပြီးမဝေဖန်နဲ့..."

ဟယ်ကျစ်ယွမ်၏ ဒေါသများ ပေါက်ကွဲထွက်လာပြီဖြစ်သည်။ ကော်ဖီစားပွဲကို လက်ဖြင့်ထောက်ထားပြီး ဖုန်းကို လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်ပြီး အော်ဟစ်လိုက်တော့သည်။

" လူမှုရေးဆိုင်ရာ ယဉ်ကျေးပျူငှာမှုတွေထဲမှ အခြေခံအကျဆုံးက တစ်ဖက်သတ်ဆန်တဲ့အတွေးအခေါ်တစ်ခုတည်းနဲ့ အခြေအမြစ်မရှိတဲ့ ယူဆချက်တွေမလုပ်ဖို့ပဲဆိုတာ မင်းကို ဘယ်သူမှ မသင်ပေးထားဘူးလား..."

ထို့နောက် သူ ဖုန်းချလိုက်သည်။

တီခနဲဖုန်းချသံကို ကြားလိုက်ရသည့်အခါ စုန့်ရန်က ကာတွန်းဖုန်းလေးကို ဆိုဖာပေါ် ပစ်ချလိုက်သည်။ 

" ခင်ဗျားအမေကိုပဲ အဲဒါတွေ သွားသင်ပေးနေလိုက်..."

သူ ခေါင်းငိုက်စိုက်ကျပြီး ခုံတွင်ထိုင်နေကာ အောက်နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းဖိကိုက်ထားလိုက်သည်။ မျက်ရည်ပူများက ပါးပြင်ပေါ်လှိမ့်ဆင်းလာသည်။

" ရွံ့စရာကောင်းတဲ့အောက်တန်းစားကောင်..."

ဒေါက် ဒေါက် ဒေါက်...

အပြင်ဘက်မှ တံခါးခေါက်သံလေး ထွက်ပေါ်လာသည်။

စုန့်ရန်က မျက်နှာကို တာဝါဖြင့် အသည်းအသန်သုတ်လိုက်ပြီး မျက်ရည်များခြောက်သွားမှသာ အိပ်ရာပေါ်မှ ဆင်းလာပြီး တံခါးဖွင့်လိုက်သည်။ အပြင်ဘက်တွင် ပုပုနှင့် ပုသို့သို့က မတ်တပ်ရပ်နေပြီး သူတို့နှစ်ယောက်လုံးက ခေါင်းပိစိလေးများစောင်းပြီး သူ့ကိုကြည့်နေကြသည်။

" ကိုကြီး ခုနက ဘယ်သူနဲ့ စကားများနေတာလဲဟင်..."

ထိုညက ပုပုအိပ်ပျော်အောင် ချော့သိပ်ပြီးချိန်တွင် စုန့်ရန်က ရေချိုးခန်းထဲတွင် စိတ်မချမ်းမြေ့စွာဖြင့် နာရီဝက်မျှ တံခါးပိတ်နေခဲ့သည်။ သန့်စင်ခန်းသုံးစက္ကူလိပ် တစ်လိပ်လုံးကို ဆုတ်ဖြဲထား၍ ကြမ်းပြင်ပေါ်တွင် ရေစိုနေသော တစ်သျှူးအပိုင်းအစများဖြင့် ပြည့်နေသည်။

သူ နားမလည်နိုင်သေးပေ။ 

စောစောက ဖုန်းပြောနေတုန်းက အသားဖက်ထုပ်နဲ့ ဂျင်းလက်ဖက်ရည်အကြောင်းပြောရင်း အဆင်ပြေနေတာကို သူဘာလို့ အသိစိတ်မဲ့သွားပြီး လူကြီးမင်းဟယ်ကို အဲ့လိုမိုက်ရိုင်းတဲ့စကားတွေနဲ့ တိုက်ခိုက်ခဲ့မိပါလိမ့်... လူကြီးမင်းဟယ်က ပညာတတ်လူကြီးလူကောင်းတစ်ယောက်လေ... တစ်ဖက်လူက သူ့ကိုစော်ကားခဲ့တယ်ဆိုရင်တောင်မှပဲ အစကနေ အဆုံးအထိ စကားကို ထိန်းပြောခဲ့တာ ဒါပေမဲ့ သူကဘာတွေလုပ်လိုက်မိတာလဲ...

သူက အဆုံးအထိ ရိုင်းပြမှုအသေးစိတ်ကို မဖုံးကွယ်နိုင်ခဲ့ပေ။

ကိုယ်တိုင်က ပုံမှန်အချိန်တွင် အခြားလူများရှေ့၌ ဟန်ဆောင်ပန်ဆောင်ဖြင့် ယဉ်ကျေးပြီး လေးစားသမှုရှိအောင်နေထိုင်ခဲ့သော်လည်း မိသားစု၏ သွန်သင်ဆုံးမမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

Xxxxxxx