အပိုင်း ၁၅
Viewers 9k

Chapter 15

တတိယနေ့ ည ၁နာရီ ၅၅မိနစ် 🖌️ 

ကိုယ်တိုင်က ပုံမှန်အချိန်တွင် အခြားလူများရှေ့၌ ဟန်ဆောင်ပန်ဆောင်ဖြင့် ယဉ်ကျေးပြီး လေးစားသမှုရှိအောင်နေထိုင်ခဲ့သော်လည်း မိသားစု၏ သွန်သင်ဆုံးမမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

အမှန်တွင် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်ကလည်း တစ်ပုံစံတည်းထပ်တူကျသည့် အခြေအနေတစ်ခု ဖြစ်ပွားခဲ့သော်လည်း များပြားသော နောက်ဆက်တွဲကိစ္စရပ်များနှင့် ပိုမိုပြင်းထန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ အကယ်၍ သူ အထိန်းအကွပ်မဲ့သွားသည်အထိ ဆိုးရွားသော ကိစ္စရပ်မဖြစ်ပွားခဲ့ပါက စုန့်ရန်မှာ ယနေ့ကဲ့သို့မဟုတ်ပဲ ကွဲပြားခြားနားသည့် ဘဝနှင့်နေကောင်းနေရနိုင်ပေသည်။ 

ထိုနှစ်က စုန့်ရန်၏အသက်က ကိုးနှစ်သာ ရှိသေးပြီး "မျှော်လင့်ခြင်းအိမ်ငယ်လေး" ဟူသည့် Tမြို့မှ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာတွင် နေထိုင်ခဲ့ရသည်။ ထိုနေရာမှ ကလေးအများစုက ရုပ်ပိုင်းဆိုင်ရာ အပြစ်အနာအဆာများ ရှိကြပေသည်။ အချို့က မသန်စွမ်းများဖြစ်ပြီး အချို့က ‌နာမကျန်းကြပေ။ စုန့်ယန်က ကျန်းမာရေးကောင်းသည့် ကလေးအနည်းစုထဲမှတစ်ယောက် ဖြစ်ခဲ့သည်။ သူက စတိုးဆိုင်ရှေ့ ပြတင်းပေါက်တွင် ပြသထားသည့် ပလပ်စတစ်ပုံစံခွက်ဖြင့် ပုံသွင်းထားသော ချောမွေ့တောက်ပြောင်သည့် ပန်းသီးနီတစ်လုံးကဲ့သို့ ချစ်စရာအသွင်အပြင်နှင့် ဉာဏ်ကောင်းသောကလေးငယ်လေးတစ်ယောက်ဖြစ်သည်။ 

စုန့်ရန် ဤနေရာသို့ရောက်လာစဉ်တွင် ဆရာမများက သူ့ကိုပြောခဲ့ဖူးသည်။

" သား ဒီနေရာကနေ သေချာပေါက် မြန်မြန်ထွက်သွားရမယ်နော်... ဘာလို့လဲဆိုတော့ သားလိုလိမ္မာတဲ့ကလေးမျိုးကို အိမ်ခေါ်သွားချင်တဲ့ မိဘတွေက တန်းစီနေတာပဲ..."

ရလဒ်အနေဖြင့် စုန့်ရန်က သူ့အတွက် နေစရာအိမ်ကို နှလုံးသားဖြင့်ရင်း၍ စောင့်ဆိုင်းခဲ့ပြီး သူ့ကိုချစ်မည့် မိဘနှစ်ပါးကို စောင့်ဆိုင်းနေခဲ့သည်။

သို့သော် စုန့်ရန်က ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သော် သူ့ကိုမွေးစားရန် အခွင့်အရေးများက တစ်ကြိမ်ပြီးတစ်ကြိမ် ရောက်မလာပဲ ပျောက်ဆုံးသွားခဲ့ပေသည်။ နောက်ဆုံးတွင်မူ သူ့ကိုလာခေါ်မည့်မိဘများကို စောင့်‌မနေတော့ပေ။ ဂေဟာမှ ဆရာမတိုင်းက ကလေးတစ်ယောက်ချင်းစီကို တူညီသော အားပေးမှုများပြုလုပ်တတ်သည်ကို သူ မသိသောကြောင့် မျော်လင့်ချက်များဖြင့် ပြည့်နေခဲ့ရခြင်းဖြစ်သည်။ 

နောက်ဆုံးတွင်မူ တောက်ပပြီးသာယာလှပသော ဆောင်းဦးရာသီ၏ နေ့ရက်တစ်ရက်တွင် စုန့်ရန်က ကံကြမ္မာအပြောင်းအလဲဖြင့် တွေ့ဆုံခဲ့ရသည်။ 

ထိုစဉ်အချိန်က စုန့်ရန်က ကုတင်လေးပေါ်ထိုင်ပြီး ကြယ်ခေါက်တမ်းကစားနေစဉ်တွင် ဆရာမတစ်ယောက်က သူ့ကိုလာခေါ်ခဲ့ပြီး လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ရက်ချိန်းယူထားသည့် ဦးဦးနှင့်အန်တီရောက်လာကြောင်း ပြောပြခဲ့သည်။ ဤတစ်ကြိမ်တွင် သူတစ်ယောက်တည်းကိုသာ ခေါ်ခဲ့ခြင်းဖြစ်သည်။ 

ဆရာမက ပြောသည်။ 

" သားနဲ့ ယှဉ်စရာ တခြားကလေးတွေ မရှိဘူး ဒီအခွင့်အရေးကို သေချာယူထားရမယ်နော်..."

စုန့်ရန် ခေါင်းငြိမ့်ပြလိုက်သည်။

သူ့အစီအစဉ်အတိုင်း ရောင်စုံကြယ်လေးများဖြင့်ပြည့်နေသော ပုလင်းကို အနာဂတ်မိဘများနှင့် တွေ့ဆုံခြင်းအမှတ်တရလက်ဆောင်အနေဖြင့် ပေးလိုက်သည်။ ကလေးငယ်လေးကိုယ်တိုင်ခေါက်ထားသော ရိုးသားဖြူစင်မှုများဖြင့် ပြည့်နေသည့် လက်ဆောင်လေးများကို မနှစ်သက်သူ ရှိလိမ့်မည်မဟုတ်ပေ။

သို့ရာတွင် စုန့်ရန်နှင့်တွေ့ခဲ့သောစုံတွဲက ကလေးတစ်ယောက်ခေါက်ထားသည့် စက္ကူကြယ်လေးများကြောင့် အလွယ်တကူစိတ်လှုပ်ရှားတတ်သူများ မဟုတ်ခဲ့ပေ။

သူတို့က အစစ်အမှန်အရာတစ်ခုကိုသာ မြင်တွေ့လိုခဲ့သည်။ 

ထိုအန်တီက သူမလက်ဆွဲအိတ်ထဲမှ စက္ကူတစ်ရွက်ထုတ်ကာ အခေါက်သုံးခေါက်ကို ဖြေလိုက်ပြီးနောက် စာရင်းတစ်ခုကို ထုတ်လိုက်သည်။ စုန့်ရန်နှင့် စကားပြောဆိုနေစဉ်တွင် သူမက ဘောပင်ကိုထုတ်ပြီး စာရင်းပေါ်မှ အကြောင်းအရာများကို တစ်ခုချင်း အမှတ်ခြစ်နေသည်။ စုန့်ရန်က စာရွက်ထဲတွင်ပါဝင်သည့် အဓိကအကြောင်းအရာများကို ရှင်းလင်းစွာမသိသော်လည်း အမှတ်ခြစ်သည်ကများလေ သူမွေးစားခံရရန် အခွင့်အရေးပိုများလေဟု ခန့်မှန်းလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် အမှတ်တစ်ခုခြစ်လိုက်တိုင်းတွင် ထိုအန်တီ၏အကြည့်ထဲတွင် နူးညံ့ညင်သာမှုများ ဖြစ်ပေါ်လာပြီး ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်လိုက်သောကြောင့်ဖြစ်သည်။

စံသတ်မှတ်ချက်များက တင်းကြပ်လွန်းသော်လည်း စုန့်ရန်၏ အပြုအမူက အပြစ်အနာအဆာကင်းမဲ့လွန်းလှပေသည်။ 

အမှန်တွင်မူ ဂေဟာမှကလေးတိုင်း၏ မသိစိတ်ထဲတွင် စည်းကမ်းချက်တစ်ခု ရှိနေကြ၍ မွေးစားမိဘမျကို ဆွဲဆောင်ရန် မည်သို့ပြုလုပ်ရမည်ကို အလိုလိုသိကြသည်။ ကလေးမွေးစားရန် ရောက်လာကြသည့် စုံတွဲများက ထိုအကြောင်းကို လုံးဝမသိကြသည်မဟုတ်သော်လည်း လူအားလုံးထံတွင် အားနည်းချက်ကိုယ်စီရှိကြပေသည်။ ပျော်ရွှင်တက်ကြွနေသည့် ကလေးများကို တွေ့မြင်ကြပြီးသည့်နောက်တွင် အပေါ်ယံအတုအယောင်များကို ကတ်သီးကတ်ဖဲ့ အပြစ်မရှာကြတော့ပေ။ 

ထို့အပြင် စုန့်ရန်ကလည်း အခြားလူများထက် ထင်ရှားသာလွန်နေသည့် ထအားသာချက်တစ်ခု ရှိသည်။ သူက သဘာဝမကျသော လုပ်ဆောင်ချက်များအားလုံးကို လုံးဝဖယ်ရှားပစ်နိုင်သည်။

အခြားကလေးများက နှုတ်ခမ်းနှင့်သွားတို့ ပေါ်လွင်အောင်ပြုံးပြချိန်တွင် စုန့်ရန်က မျက်လုံးကို လခြမ်းကွေးသဏ္ဍာန်တွန့်ကွေးပြီးပြုံးပြခြင်းဖြစ်သည်။ ထိုအပြုံးက နွေးထွေးမှုများဖြင့် ပြည့်နေပြီး မနပ်ခင်းနေရောင်ခြည် သို့မဟုတ် လိမ္မော်ရောင်သစ်သီးပီကေလေးများနှင့် ဆင်တူ၍ တစ်ချက်ကြည့်ရုံဖြင့် ချိုမြိန်မှုကို ခံစားရစေသည်။ 

အခြားကလေးများက ပြုံးနေစဉ်တွင် သူတို့၏ကိုယ်ပိုင်အမူအရာက တစ်ဖက်လူကို စိတ်ကျေနပ်မှုမဖြစ်စေမည်စိုး၍ စိုးရိမ်သောပုံစံအချို့ကို မကြာခဏပြသတတ်ပေသည်။ သို့ရာတွင် စုန့်ရန်က ထိုသို့မဟုတ်ပေ။ သူ၏ အဆိုးမြင်စိတ်များကို နှလုံးသား၏အနက်ရှိုင်းဆုံးနေရာတွင် မြှုပ်နှံထားခဲ့သည်။ ၎င်းက သူ့ကိုယ်သူ အိပ်မွေ့ချခြင်းနှင့် တူညီပေသည်။ ထိုအစား ဖုံးကွယ်ထားသည့် စိတ်ပျက်အားငယ်မှုများကို ရှာမတွေ့စေရန် ကြည်လင်ရှင်းလင်းသော အပြုံးတစ်ပွင့်ဖြင့် ပြုံးပြခဲ့သည်။ 

ဤကစားပွဲအတွင်း မိဘမဲ့ကလေးများက မည်သို့လှည့်ဖြားရမည်ကို သင်ယူခဲ့ကြပြီး အုပ်ထိန်းသူများက မိဘမဲ့ကလေးများ၏ လှည့်စားမှုများကို မည်သို့သတိထားရမည်ကို လေ့လာခဲ့ကြသည်။ စုန့်ရန်တစ်ယောက်တည်းကသာလျှင် ထိုသို့သတိထားတတ်သော ‌မိဘများကို အပြစ်အနာအဆာတစ်ခုမှ မပြသခဲ့ပဲ သူတို့မြင်နေရသည့်အရာက အမှန်ဖြစ်သည်ဟုထင်အောင် ပြုလုပ်ခဲ့သည်။ 

ထိုနေ့ကတွေ့ဆုံမှုက သုံးနာရီအထိ ကြာမြင့်ခဲ့သည်။ ညနေ ၅နာရီထိုး နေဝင်စပြုလာချိန်တွင် ဇီဇာကြောင်သောအန်တီက သူမစာရင်းထဲမှ အကြောင်းအရာအားလုံးကို အမှန်ခြစ် ခြစ်လိုက်ပေသည်။ 

သူမ စုန့်ရန်ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူဟဦးခေါင်းကို ပထမဦးဆုံးအကြိမ်အနေဖြင့် နူးညံ့ညင်သာစွာပွတ်ပေးလိုက်ပြီး ဂေဟာမှ ဆရာမကိုပြောလိုက်သည်။ 

" “အခု‌ခေတ် လူ့အဖွဲ့အစည်းက လူတွေနားလည်ဖို့ ပိုပိုပြီး ခက်ခဲလာပြီ... စုန့်ရန်လိုမျိုး ထူးချွန်တဲ့အပြင် သိတတ်ပြီး လိုက်လျောညီထွေဖြစ်အောင် နေတတ်တဲ့ ကလေးတစ်ယောက်ကို အပြင်ခေါ်ထုတ်သွားရမှာ ရှက်စရာကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး... ကျွန်မကိုယ်တိုင် ကလေးတစ်ယောက်မွေးရမယ်ဆိုရင်တောင် ဒီလိုတော်တဲ့ကလေးတစ်ယောက် မွေးနိုင်ပါ့မလား မသေချာဘူး... သူ့ကို ဘာလို့များ လိုချင်တဲ့မိဘ မရှိရတာလဲ... ဆရာမ ကျွန်မသူ့ကို အကဲဖြတ်နေတုန်း နှစ်သက်စရာကောင်းတဲ့ အချက်တစ်ရာလုံးကို ရှာတွေ့ခဲ့ပါတယ်... သူ့ကို သေချာပေါက် ကျွန်မနဲ့ခေါ်သွားပြီးတော့ ကောင်းကောင်းပျိုးထောင်ပါ့မယ်..."

ထိုစုံတွဲက ကလေးမွေးစားရန် သဘောတူလိုက်သည့်အပြင် ကျေးဇူးတင်ကြောင်းပြသသည့်အနေဖြင့် ဂေဟာတွင် ငွေပမာဏများစွာလှူဒါန်းရန် သဘောတူခဲ့သည်။ ရလဒ်အနေဖြင့် ဂေဟာမှ ဆရာမက လိုအပ်သည့်လုပ်ထုံးလုပ်နည်းများဆောင်ရွက်ပေးရန် သူတို့နှင့်အတူ အပြင်သို့ လျင်မြန်စွာထွက်သွား၍ စုန့်ရန်ကို တစ်ယောက်တည်းထားခဲ့သည်။

စုန့်ရန်က သူတို့၏တဖြည်းဖြည်းဝေးကွာသွားသောပုံရိပ်ကိုကြည့်ကာ မကြာမီအချိန်တွင် သူ့အတွက် နေစရာအိမ်တစ်အိမ်ရလာပြီး သူ့ကို ဂရုစိုက်ပေးမည့်လူများ ရှိလာတော့မည်ဟု တွေးနေမိသည်။ သူ့ရင်ထဲတွင် နှစ်အတော်ကြာအောင် ဖိနှိပ်ချုပ်ချယ်ထားခဲ့သည့် ဆင်းရဲဒုက္ခများနှင့် နာကျည်းမှုများက လေပြင်းတစ်ခုသဖွယ်လျှံကျလာခဲ့သည်။

အံဆွဲထဲမှ အသုံးမပြုရသေးသည့် ရောင်စုံခဲတံများကိုထုတ်လိုက်ပြီး စာရွက်ပေါ်တွင် ပုံများရေးခြစ်လိုက်သည်။သို့သော် ၎င်းက ပြင်မရသော အမှားတစ်ခုဆီသို့ ဦးတည်သွားစေမည့် နောက်ဆုံးပုံဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။

သူက အပြည့်အဝပွင့်လန်းနေသည့် နေကြာပန်းတစ်ပွင့်ကို ဆွဲချင်ခဲ့သော်လည်း ခဲတံကိုကိုင်လိုက်ပြီးချိန်တွင် ၎င်းက ခေါင်မိုးပေါ်မှ တွဲလောင်းကျလာသည့် ခြေထောက်ရှစ်ချောင်းပင့်ကူတစ်ကောင် ဖြစ်သွားခဲ့သည်။ ကျောက်စိမ်းရောင်မြက်ခင်းများဖြင့်ပြည့်နေသည့် တောင်ကုန်းငယ်လေးတစ်ခုကို ဆွဲချင်သော်လည်း ၎င်းက တင်းကျပ်စွာပိတ်ထားသည့် သံတံခါးများဖြစ်သွားခဲ့သည်။ ပျော်ရွှင်စွာ ဆော့ကစားနေသည့် ကလေးများ၏ပုံကို ဆွဲချင်သော်လည်း ခဲတံကို စာရွက်ပေါ်တင်ပြီးချိန်တွင် သူ့အခန်းနှင့် မျက်နှာချင်းဆိုင်မှာ မသန်စွမ်းသည့်ကလေးမလေးကိုင်ထားသော အရုပ်၏ပုံစံဖြစ်သွားခဲ့သည်။ အရုပ်၏ ကျိုးနေသောခြေထောက်များက သူမပုံစံနှင့် တစ်ထပ်တည်းဖြစ်သည်။

လောဘကြီးသော အတွေးတစ်ခုက စုန့်ရန်၏ နှလုံးသားထဲတွင် တားဆီးမရအောင် ဖြစ်တည်လာသည်။

သူ့စိတ်ထဲ စွန့်စားချင်စိတ်ဖြစ်ပေါ်လာပြီး အတုအယောင်မျက်နှာဖုံးကို ခွာချကာ အကျိုးမယုတ်စေနိုင်မည့် သူ၏ချို့ယွင်းချက်လေးများကို အရိပ်အမြွက်ပြသချင်လာသည်။ 

အန်တီက သူ့ကိုကြိုက်တယ်လို့ ပြောခဲ့တာပဲ... သူ့ဆံပင်တွေကိုတောင် နူးနူးညံ့ညံ့နဲ့ပွတ်ပေးပြီး နွေးနွေးထွေးထွေးစကားပြောခဲ့တာပဲ... ဒါဆိုရင် နေရောင်ခြည်အောက်မှာ အုံ့ဆိုင်းနေတဲ့ မုန်တိုင်း တိမ်တိုက်လေးတွေကိုလည်း သူမ လက်ခံချင်မှာ သေချာတယ်မလား...

ထိုအချိန်တွင် စုန့်ရန်က တိမ်မြုပ်နေသော ချစ်ခြင်းမေတ္တာက အစစ်အမှန်ဖြစ်သည်ဟု ယူဆကာ ယဉ်ကျေးခြင်းမှ ပေါက်ဖွားလာသော ရင်းနှီးမှုသည်လည်း အစစ်အမှန်ဖြစ်သည်ဟု ယူဆခဲ့သည်။

သူ ပုံဆွဲနေလျက် တစ်ဖက်စာမျက်နှာကိုလှန်လိုက်သည်။ ထိုအချိန်တွင် သူ့အကြည့်များက စာမျက်နှာတစ်ခုကို မြင်လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး အေခဲတောင့်တင်းသွားခဲ့သည်။ 

၎င်းက မှတ်စုစာအုပ်တစ်အုပ်မှ ဖြဲယူထားသည့်စာရွက်ဖြစ်ပြီး လတစ်ခု၏ ပြက္ခဒိန်ကို ရိုက်နှိပ်ထားပေသည်။ 

၎င်းစာရွက်ပေါ်တွင် ရက်ပေါင်း ၃၁ရက် ရှိနေသည်။ 

စုန့်ရန်က အစဉ်လိုက်ဖြစ်နေသော နံပါတ်အတန်း၅တန်းကိုကြည့်ကာ သူ့လက်ချောင်းများ အနည်းငယ်တုန်ယင်လာသည်။ သူ ရောင်စုံခဲတံကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ ခဲတံအဖျားကို နောက်ဆုံးနေ့ရက်ဖြစ်သော ၃၁ဂဏန်း၏နောက်တွင် ထားလိုက်သည်။ ထိုဂဏန်းနောက်တွင် ကတိုက်ကရုက်ဖြင့် ၃၂ဟူသောနံပါတ်ကို ရေးလိုက်သည်။

ထို့နောက် ၃၄ ၃၅ ၃၆ ၃၇ အစရှိသဖြင့် ဆက်ရေးနေပြီး သူ့‌ခဲတံအဖျားကလည်း လှုပ်ရှားနေခြင်းကို မရပ်တန့်သွားပေ။ 

ကလေးငယ်လေးက အစွဲအလန်းကြီးလွန်းလှသည်။ သူ့စိတ်ထဲ ရူးသွပ်သွားကာ စာရွက်ပေါ်တွင် နံပါတ်စဉ်များကို အသဲအသန် ရေးနေသည်။ တစ်ကြောင်းပြီးတစ်ကြောင်းနှင့် နောက်တစ်ခုပြီးတိုင်း ကော်လံတစ်ခုကို ဆက်သွားနေသည်။ 

၁၀၇ ၁၀၈ ၁၀၉... ၁၂၁၀ ၁၂၁၁ ၁၂၁၂

ပြွတ်သိပ်နေသော ဂဏန်းမျက မရေမတွက်နိုင်သောပုရွက်ဆိတ်များ ပြေးလွှားနေသကဲ့သို့ဖြစ်နေသည်။ သူတို့သည် စာမျက်နှာတစ်ခုလုံးကို လျင်မြန်စွာ တိုးဝင်ပြီး စာရွက်အစွန်းနှင့်ထောင့်တိုင်းကို ပြည့်လာစေသည်။ စာရွက်ပေါ်တွင် နေရာလပ်တစ်ခုမှ မကျန်ရှိတော့သည့်အခါမှသာ စုန့်ရန်က သူ၏ပုံမှန်မဟုတ်သော အပြုအမူမှ ရုန်းထွက်နိုင်ခဲ့သည်။ 

သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ထိုအန်တီက တံခါးဝတွင်ရပ်နေသည်။ သူမက တံခါးလက်ကိုင်ဘုကို တင်းကြပ်စွာကိုင်ထားပြီး သူ့ကို ကြောက်လန့်နေသည့် အမူအယာဖြင့် ကြည့်နေသည်။ 

သူမ သူ့ရှိရာသို့ အပြေးတစ်ပိုင်းရောက်လာပြီး သူ့လက်ထဲမှစာရွက်ကို ဆွဲယူလိုက်သည်။ တစ်ဖက်သို့လှည့်ကာ ဂေဟာမှဆရာမ၏လက်ကိုဆောင့်ဆွဲလိုက်ပြီး ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်သည်။

" ကျွန်မကို ရှင်းပြပါဦး... ဒါက ဘာသဘောလဲ...အဲ့ကလေးက တစ်နေကုန် ဒီလို ထူးထူးဆန်းဆန်းတွေ လုပ်နေတာလား..."

နံပါတ်များဖြင့်ပြည့်နေသောစာရွက်ကို မြင်သည့်အခါ ဂေဟာမှဆရာမက အခြေအနေမကောင်းတော့ကြောင်း သိလိုက်သည်။ သူမက တောင်းပန်သည့်အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်သည်။ 

" မစ္စစုန့် သူ့မှာ တခြားဘာပြဿနာမှ မရှိပါဘူး... ဒီကလေးစုန့်ရန်နဲ့ပတ်သက်တဲ့ အရာအားလုံးက ကောင်းပါတယ် သူငယ်ငယ်တုန်းက စိတ်ပိုင်းဆိုင်ရာဒဏ်ရာနည်းနည်းရခဲ့လို့ပါ..."

" ဘယ်လို စိတ်ဒဏ်ရာမျိုးလဲ... သူက ရူးနေတယ်ဆိုတာ ရှင်းနေတာပဲမလား..."

အန်တီစုန့်က စုန့်ရန်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောနေသည်။ သူမ၏စူးရှသောအသံက သူ့နှလုံးသားကို ဓားမြှောင်ဖြင့် စိုက်နေသကဲ့သို့ဖြစ်နေသည်။ 

" သူ့ကို ကျွန်မက ဘယ်လိုစိတ်နဲ့အိမ်ခေါ်သွားပြီး မွေးထားရမှာလဲ... ညလယ်ခေါင်မှ ထလာပြီး နံပါတ်တွေ ထိုင်ရေးနေမယ်ဆိုရင် ကျွန်မ ဘဝတစ်လျှောက်လုံးကို ခြောက်လှန့်နေတော့မှာပေါ့... သူဆွဲထားတဲ့ပုံတွေကိုလည်း ကြည့်လိုက်ပါဦး... ပြီးတော့ ခုနကတော့ လိမ္မာတဲ့ကလေးလေးပုံစံ လုပ်နေတယ်လေ... ဒီကလေးက ဘယ်လိုများ ကောင်းနိုင်တော့မှာလဲ... သူက စိတ်ကစဉ့်ကလျားရောဂါဖြစ်နေတာ မဟုတ်ဘူးလား... ရှင်တို့တွေက ပန်းသီးပုပ်တစ်လုံးကို ကောင်းတဲ့အသီးလိုမျိုး အတုလုပ်ပြီး ရောင်းထွက်အောင်လုပ်နေတာပဲ လုပ်ရဲကြတယ်နော်..."

ထိုစကားကိုကြားသည့်အခါ စုန့်ရန်က ချက်ချင်းထရပ်လိုက်ပြီး သူ့လက်ထဲမှ ခဲတံဖြင့် သူမကို ပစ်ပေါက်လိုက်သည်။ 

" သားက နေမကောင်းဘူး ... စိတ်ကစဉ့်ကလျားရောဂါဖြစ်နေတာလည်းဟုတ်တယ် အဲ့တော့ ပန်းသီးပုပ်တစ်လုံးနဲ့မခြားဘူး... အဲ့လိုဆိုရင်ရောဘာဖြစ်လဲ... အန်တီ သားကိုမွေးစားမယ်ဆိုလည်း သား ခွင့်မပြုပါဘူး..."

သူ့လက်သီးပေါက်စလေးကို တင်းတင်းဆုပ်ထားပြီး အန်တီစုန့်ကို ဒေါသတကြီးအော်လိုက်သည်။ 

" သားမှာလည်း အန်တီ့လိုစာရင်းစာရွက်ရှိမယ်ဆိုရင် စာရွက်ထဲက အချက်တွေအကုန်လုံးကို အမှားခြစ်ပစ်မှာပဲ... အန်တီက သားရဲ့အမေဖြစ်ဖို့ မတန်ပါဘူး အခုပဲထွက်သွားတော့..."

သူထိန်းချုပ်မှု ပျောက်ဆုံးသွားသည့် ဤဖြစ်ရပ်ကြောင့် မွေးစားခံရရန် မျှော်လင့်ချက်က လုံးဝဆုံးရှုံးသွားခြင်း ဖြစ်သည်။

သူက အပေါ်ယံတွင် တောက်ပနေသည့် ပန်းသီးအနီတစ်လုံးဖြစ်သော်လည်း အောက်ဘက်ရှိ ပုပ်သိုးနေသည့်ဘက်ခြမ်းကို သတိလက်လွတ်ဖြင့် ဖော်ထုတ်ပြသခဲ့မိသည်။ ရလဒ်အနေဖြင့် မွေးစားသူများရောက်ရှ်ိလာပါက သူ့ကို မည်သည့်အခါမှ ထုတ်မပြခဲ့ကြတော့ပေ။

Xxxxxxx