အပိုင်း ၁၆
Viewers 9k

Chapter 16

ထိုရက်ကို သူ့ကိုလာရောက်ခေါ်ယူသော စုံတွဲက အလွန်ချမ်းသာကြွယ်ဝသော်လည်း သူ၏ နှုတ်မစောင့်စည်းမှုကြောင့် မက်လောက်သည့် အလှူငွေပမာဏများစွာကိုဆုံးရှုံးသွားခဲ့ရကြောင်း ‌တစ်နေရာမှ ပြန်လည်ကြားသိခဲ့ရသည်။ သို့ဖြစ်၍ အပြစ်တင်မှုအားလုံးက သူ့ခေါင်းပေါ်သို့သာ ရောက်ရှိလာခဲ့သည်။ နောက်ပိုင်းတွင် သူက အပျက်သဘောဆောင်သော စံနမူနာအနေဖြင့် သွန်သင်ဆုံးမစရာ ဖြစ်လာကြောင်း ကြားသိရသည်။ ကလေးတစ်ယောက်ယောက်ကို မွေးစားမိဘများရှေ့ မခေါ်သွားမီတွင် ကလေးတစ်ယောက်ချင်းစီကို "စုန့်ရန်လိုမျိုးမလုပ်နဲ့" ဟူသည့် သတိပေးစကားများပြောရသည်။ စုန့်ရန်က သူ့အနာဂတ်ကို သူ့လက်ဖြင့်ကိုယ်တိုင် ဖျက်ဆီးခဲ့မိခြင်းဖြစ်သည်။ 

အမှန်ပင် သူ့သေတွင်း သူတူးခဲ့မိသည်။ 

နောက်နှစ်အနည်းငယ်အထိ စုန့်ရန်က မိဘမဲ့ဂေဟာတွင် သူ့ဘဝကို တိတ်ဆိတ်စွာဖြင့်သာ ဖြတ်သန်းခဲ့သည်။ အသက် ၁၄နှစ်ရောက်သောအခါ မွေးစားခံရမည့် အသက်ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့သည်။ အသက် ၁၆နှစ်သို့ရောက်သောအခါ သူ၏ ပန်းချီပစ္စည်းများကို ပခုံးထက်တွင် သယ်ဆောင်ပြီး မိဘမဲ့ဂေဟာမှ ထွက်လာခဲ့သည်။ 

ဤနေရာတွင် ဆက်နေမည်ဆိုပါကလည်း မည်သည့်အနှစ်သာရမှ မရှိတော့ပေ။

သူ့နည်းသူ့ဟန်ဖြင့် လောကကြီးထဲ ဝင်ရောက်သွားခြင်းက ပိုကောင်းလိမ့်မည်။

အကယ်၍ ဤလောကကြီးတွင် သူ့အတွက် အိမ်ဟု သတ်မှတ်နိုင်သောနေရာတစ်ခုရှိပါက ဂေဟာနှင့်ဝေးသည့်နေရာတွင် သေချာပေါက် ပုန်းအောင်းနေခဲ့မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့ကို ဤဂေဟာသို့ ပို့ဆောင်ခဲ့သူက သူ့မျက်နှာဖုံးကို ခွာချလိုက်စဉ်တည်းက အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သောကြောင့်ပင်။ 

ဂေဟာမှထွက်လာစဉ်တွင် စုန့်ရန်က အခြားသူများထက် အနည်းငယ် ပိုမိုခက်ခဲကြမ်းတမ်းသော ခရီးကို စတင်ခဲ့သည်ဟု ယုံကြည်ကာ မျှော်လင့်ချက်အပြည့်ရှိခဲ့သေးသည်။ သူ့ ခရီးစဉ်၏အဆုံးတွင် "ချမ်းသာကြွယ်ဝမှု" ဟူသည့် အနီရောင်စာလုံးဖြင့်ရေးထားသော တံခါးချပ်ကြီးတစ်ခုက သူ့ကို စောင့်ကြိုနေမည်ဟု သူထင်ခဲ့မိသည်။ သို့သော် ယနေ့တွင် ရေချိုးခန်းထဲ၌ တစ်သျှူးများကို တစ်ခုပြီးတစ်ခု ထိုင်ဖြဲနေမိသည့်အချိန်မှ သူ့ခရီးစဉ်အဆုံးသတ်ကို မည်သည့်အခါမှ ရောက်ရှိတော့မည်မဟုတ်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ 

အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် မရှိမဖြစ်လိုအပ်သည့်စွမ်းရည်တစ်ခု မလုံလောက်သောကြောင့်ဖြစ်သည်။

သူက ရင်းနှီးကျွမ်းဝင်မှုဟူသည့်အရာကို လုံးလုံးလျားလျား မကိုင်တွယ်နိုင်ပေ။

စုန့်ရန်က သူနှင့်ရင်းနှီးသော ဆက်ဆံရေးများအပေါ် ထိခိုက်စေခဲ့သည်မှာ သူ့ရင်ထဲမှ ဖျက်ဆီးလိုစိတ်ကြောင့်ဖြစ်သည်။ သူ့အနားမှတစ်စုံတစ်ယောက်က ရင်းနှီးမှုအရိပ်အမြွက်ကို စိတ်လိုလက်ရဖော်ပြလာသည်နှင့်တစ်ပြိုင်နက် သူ့နှလုံးသားအောက်ခြေရှိ အမှောင်မိုက်ဆုံးအစိတ်အပိုင်းများကို တူးဖော်ပြီး အလှဆင်ခြင်းမရှိဘဲ ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက တစ်ဖက်လူဆီမှ စာနာတတ်သည့် စေတနာ မေတ္တာတရားလေးကိုပင် ဖျက်ဆီးပစ်မိသွားရန် သူ့စိတ်ခံစားချက်များကို မဆင်မခြင် ထုတ်ပြောမိလိမ့်မည်ဖြစ်သည်။ ထိုအချိန်မှစ၍ တစ်ဖက်လူက သူနှင့်ခပ်ခွာခွာနေသွားပြီး နောက်ဆုံးတွင် သူနှင့် ဝေးကွာသွားမည်ဖြစ်သည်။ 

အန်တီစုန့်နှင့် တွေ့ဆုံခဲ့စဉ်အချိန်ကလည်း ထိုသို့ ဖြစ်ခဲ့သလိုပင် ယခုအခါ လူကြီးမင်းဟယ်နှင့်လည်း ထပ်တူပင်ဖြစ်သည်။ 

စုန့်ရန်က သာမန်သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်နှင့် အိမ်နီးချင်းကောင်းတစ်ယောက်ဖြစ်အောင် သင်ယူထားခဲ့သော်လည်း သာမန်မိသားစုဝင်တစ်ယောက်ဖြစ်ရန်ကို မသင်ယူခဲ့ရပေ။

သူနဲ့ လူကြီးမင်းဟယ်သိတာ အချိန် ဘယ်လောက်များရှိသေးလို့လဲ...

အချိန်နှစ်ဆယ့်လေးနာရီနဲ့ ဖုန်းသုံးကြိမ်ပြောဖူးတာလေးပဲလေ...

ရင့်ကျက်ပြီးနှစ်လိုဖွယ်ကောင်းတဲ့ လူကြီးမင်းဟယ်က သူနဲ့မသိတဲ့လူတစ်ယောက်ကို စိတ်ရင်းနဲ့ ယုံကြည်ပြီး သူ့ကလေးကိုတောင် သူစိမ်းဖြစ်တဲ့သူ့ကို အပ်ထားတဲ့အပြင် လစာယွမ် ၁၄၀၀၀ကိုလည်း ရက်ရက်ရောရောပေးထားသေးတယ်... အဲ့လူကြီးက သူ့ကို အချိန်တိုင်း စနောက်နေပြီး အရမ်းဆက်စီကျတဲ့အသံနဲ့ ဆွဲဆောင်နေတာကို... အဲ့လောက်သဘောကောင်းတဲ့ လူကြီးမင်းဟယ်နဲ့ ဆက်ဆံရေးကို တစ်နေ့တည်းနဲ့ ဖျက်ဆပစ်လိုက်မိပြီ...

မနက်ဖြန်ဆိုရင် လူကြီးမင်းဟယ်က သူ့နေရာမှာအစားထိုးဖို့ ကလေးထိန်းတစ်ယောက်ကို ရှာတော့မှာ အဲဒါဆိုရင် ပုပုက သူ့အိမ်သူပြန်ပြီး ထမင်းစားတော့မှာ... အဲ့ကလေးလေးက သူ့ဆီကို ထပ်လာပြီး ပုံပြင်တွေလည်း နားထောင်တော့မှာ မဟုတ်ဘူး... သူ့အနားမှာ တွယ်ကပ်နေပြီး "ကိုကြီး"လို့ ခေါ်တော့မှာလည်းမဟုတ်ဘူး...

နှစ်ရက်တည်းပဲ ရှိသေးတာတောင်မှ အရာအားလုံးကို နောက်တစ်ကြိမ်ဆုံးရှုံးသွားရပြန်ပြီ... 

သူက အမြဲတမ်း တစ်ယောက်တည်း အထီးကျန်နေရတာပဲ ... ‌ဘယ်နေရာကိုပဲသွားသွား သူကတော့ အမြဲတစ်ယောက်တည်း ဖြစ်နေမှာပဲ...

စုန့်ရန်က ဘဝကိုအကောင်းမြင်စိတ်ဖြင့် နေထိုင်မည်ဟု ကျိန်ဆိုခဲ့ဖူးသည်။ တောက်ပသောအပြုံးတစ်ခုကို ဆင်မြန်း၍ အခြားလူများနှင့် အေးအေးချမ်းချမ်းသာ စကားပြောလိုပြီး အခြားသောကိစ္စများကြောင့် သိတ်ထဲ စနိုးစနှောင့်ဖြစ်ရခြင်းတို့လည်း ကင်းမဲ့ကာ နွေးထွေးသောရေဆေးပန်းချီဖြင့် စိတ်ကိုကုစားနိုင်သော ဒဏ္ဍာရီနတ်သမီးပုံပြင်များ ရေးဆွဲပြီး နေ့ရက်တိုင်းကို နွေးထွေးစွာသာ နေချင်ခဲ့မိသည်။ သို့ရာတွင် ၎င်းက အသုံးမဝင်ခဲ့ပေ။

လုံးလုံးလျားလျားကို အသုံးမဝင်ပေ။

စိတ်ကိုလှုံ့ဆော်ခံလိုက်ရသည်နှင့် သူ၏ အရောင်အဆင်းအစစ်အမှန်နှင့်အတူ အကျည်းတန်ဆုံးသော ပုံပန်းသွင်ပြင်ကို ပြသမိနေဆဲဖြစ်သည်။ 

သူ့နှလုံးသားအောက်ခြေရှိ မကောင်းဆိုးဝါးက မည်သည့်အခါကမှ မသေဆုံးသွားခဲ့ပဲ လိုဏ်ဂူထဲတွင် ဆောင်းခိုနေခြင်းသာဖြစ်သည်။ ရံဖန်ရံခါ သူစိမ်းတစ်ယောက်က သူ့နားကပ်လာပါက ထိုမကောင်းဆိုးဝါးက ကြောက်လန့်ခြောက်ခြားဖွယ်ကောင်းအောင် ဟိန်းဟောက်ပြီး အနားရောက်လာရန် ကြိုးစားသူမှန်သမျှကို ခြောက်လှန့်နေသညိ။

စုန့်ရန်က အလွယ်တကူ လက်မလျှော့တတ်သူဖြစ်သည်။ ထိုညက သူငိုပြီးသည်နှင့် စာရွက်နှင့်ဘောပင်ကိုထုတ်လိုက်သည်။ ညလည်ခေါင်တွင် ဧည့်ခန်းထဲမှ ပြင်သစ်စတိုင်ပြတင်းပေါက်နားတွင်ထိုင်ကာ လူကြီးမင်းဟယ်ဆီသို့ တောင်းပန်စာတစ်စောင်ရေးခဲ့သည်။ စာထဲတွင် သူ ပုပုကို စောင့်ရှောက်ပေးထားမည်ဖြစ်ကာ အနာဂတ်တွင်လည်း သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ဂရုစိုက်မည့်အကြောင်း ရေးထားခဲ့သည်။ 

အပြာနုရောင် လရောင်က စာရွက်ပေါ်ဖြာကျနေပြီး အေးစက်သောအထီးကျန်မှုတို့ဖြင့် အရောင်ခြယ်နေသည်ဟု ထင်ရသည်။ 

သူ စာမျက်နှာတစ်ခုပြီးတစ်ခုရေးခဲ့ပြီး မနက်ဖြန်ညနေခင်း လူကြီးမင်းဟယ်ဖုန်းခေါ်ချိန်တွင် ကျယ်ကျယ်ဖတ်ပြရန်တွေးလိုက်သည်။ သို့ရာတွင် စာရေးပြီးသွားချိန်၌ ကျိန်းသေပေါက် နောက်ကျသွားပြီဟု ခံစားလိုက်ရသည်။ သူ၏ ဆူပူပြစ်တင်မှုက နားထောင်ရသည်မှာ စိတ်မသက်မသာဖြစ်စေပြီး ဆိုးရွားလွန်းလှပေသည်။ လူကြီးမင်းဟယ်က သူ့အသံကို မကြားချင်တော့လောက်ပေ။ 

စုန့်ရန်၏ နှလုံးသားထဲတွင် နာကျင်လာသည်။ စာရွက်ကိုလုံးချေလိုက်ပြီးနောက် မနီးမဝေးမှ နံရံဘက်သို့ပစ်လိုက်သည်။ 

အမွေးပွလုံးလေးက အမှောင်ထဲသို့ ခုန်ဝင်သွားသည်။ ဆိုဖာပေါ်မှဆင်း၍ စုန့်ရန်ပစ်ပေါက်လိုက်သော တွန့်ကြေနေသည့်စာရွက်ကို ပါးစပ်ထဲတွင်ကိုက်ကာ စုန့်ရန်ဆီသို့ ပြန်ယူလာပေးသည်။

" မြောင်..."

ပုသို့သို့က ချိုသာစွာဖြင့်အော်လိုက်ပြီး ခေါင်းမော့ထားပြီး ချီးကျူးခံချင်နေသည့်ပုံ ပေါ်နေသည်။

စုန့်ရန်က ၎င်း၏ နူးညံ့သောအမွေးလေးများကိုပွတ်သပ်ပြီး နားရွက်အဖျားလေးကို ခပ်ဖွဖွ ဖိညှစ်လိုက်သည်။ ထို့နောက် ရေရွတ်ပြောဆိုလိုက်သည်။

" ပုသို့သို့ မင်းကိုတောင်မှ ငါမပိုင်ဘူးနော်... ငါ အလုပ်တွေ များများလက်ခံပြီး နိုင်ငံခြားကလာတဲ့ စည်သွပ်ဘူးတွေ ဝယ်ကျွေးပါ့မယ် ငါနဲ့တူတူထွက်သွားမလား..."

ပုသို့သို့က ခေါင်းမော့လိုက်ပြီး သူ့ကိုကြည့်နေသည်။ ကြောင်လေး၏ စိမ်းပြာရောင်မျက်လုံးများက ကောင်းကင်ယံကဲ့သို့ ကြည်လင်နေသည်။ 

ဟယ်ကျစ်ယွမ်က သူ့ကို စကားထပ်ပြောလာမည်ဟု စုန့်ရန် မမျှော်လင့်ထားတော့ပေ။ 

ဒုတိယနေ့ ညနေဘက်တွင် သူ ဆိုဖာပေါ် ခွေပြီး တိတ်ဆိတ်စွာဖြင့် ကြယ်ခေါက်နေစဉ် ပုပုက ဖုန်းယူလာသည်။ သူက ကြယ်ကို ရာပေါင်းများစွာခန့် ခေါက်ထား၍ သူ့ခြေထောက်အနားတွင်ပင် ‌ပွင့်ဖတ်များကဲ့သို့ ပြန့်ကျဲနေသည်။ 

လင်းနေသည့် ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေစဉ်တွင် "ပါပါး" ဟူသော စကားလုံးနှစ်လုံးကို မြင်လိုက်ရသည့်အခါ လှမ်းမယူရဲဝောာ့ပေ။

" ကိုကြီး မြန်မြန်ဖုန်းကိုင်လိုက်ပါ... ပါပါးက စကားပြောချင်လို့တဲ့..."

ပုပုက သူ့ကို လောဆော်လိုက်သည်။ 

စုန့်ရန်က ဖုန်းကိုယူ၍ တဖြည်းဖြည်း သူ့နားရွက်နား ကပ်လိုက်သည်။ သူ့စိတ်ထဲတွင် ထိုဖုန်းက ပင်ဖြုတ်ထားသည့် လက်ပစ်ဗုံးတစ်လုံးကဲ့သို့ အချိန်မရွေးပေါက်ကွဲသွားနိုင်သည်ဟု ခံစားနေရသည်။ ဖုန်းထဲမှ အသံတချို့ကပင် သူ့ကို ကြောက်လန့်မှုဖြင့် တုန်ယင်သွားစေသည်။

သူ ပါးစပ်မဟရဲသည့်အပြင် တစ်ချိန်လုံး အသက်အောင့်၍ ဖုန်းကိုင်ထားပြီး သောကစိတ်ဖြင့် တစ်ဖက်မှ ပြောလာမည်ကို စောင့်ဆိုင်းနေသည်။ ခဏအကြာတွင် ဟယ်ကျစ်ယွမ်၏အသံကို သူကြားလိုက်ရသည်။ 

" စုန့်ရန်... မနေ့ညကကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်တို့စကားပြောဖို့လိုမယ်လို့ထင်တယ်..."

သူ့လေသံက ခပ်ပြတ်ပြတ်ဖြစ်သည်။ ချစ်ခင်မှုများ မပါဝင်သကဲ့သို့ အပြစ်တင်နေသံလည်း မပေါ်ပေ။ တစ်ဖက်မှ အသံကို ကြားလိုက်ရသည့်အခါ စုန့်ရန်က တောင့်မခံထားနိုင်တော့ပေ။ နှာခေါင်းထက်တွင် သပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး ဦးအောင်ပြောရန် ဆုံးဖြတ်လိုက်သည်။ 

" လူကြီးမင်းဟယ်... မနေ့ညက... မနေ့ညကကိစ္စမှာ ကျွန်တော့်အပြုအမူက တော်တော်ဆိုးသွားတာပါ... ကျွန်တော် စကားကို မစဉ်းစားပဲ ပြောလိုက်မိတော့ စော်ကားသလိုဖြစ်သွားတယ်... ကျွန်တော် စိတ်ရင်းအမှန်နဲ့ တောင်းပန်ပါတယ်... ကျွန်တော် ခန္ဓာကိုယ်ကို ၉၀ဒီဂရီကိုင်းပြီးတော့ကို ဦးညွှတ်ပြီး တောင်းပန်ပါတယ်... လူကြီးလူကောင်းတွေက သူတို့ထက် နိမ့်ကတဲ့လူတွေကို မကျေမနပ်မဖြစ်ကြဘူးလေ... လူကြီးမင်းဟယ်က သဘောထားကြီးတဲ့လူဆိုတော့... ကျွန်တော့်ကို..."

သူ နှစ်နှစ်ကာကာ တောင်းပန်လိုက်သည်။

" ကျွန်တော့်က်ု ခွင့်လွှတ်နိုင်မလား..."

သို့ရာတွင် ဟယ်ကျစ်ယွမ် ပြန်ဖြေသည်မှာ –

" ခွင့်မလွှတ်နိုင်ပါဘူး..."

" အိုး..."

သူ့မျှော်လင့်ချက်များ ပျက်စီးသွားခဲ့သော်လည်း ဤအဖြေကို သူမျှော်လင့်ထားပြီးဖြစ်သည်။ စုန့်ရန်က ဖုန်းကိုကိုင်ထားလျက်နှင့် အသက်မဲ့စွာ ခေါင်းငြိမ့်နေမိသည်။

" ဒါဆိုရင် ကျွန်တော် ပုပုကို မထိန်းပေးရတော့ဘူးလား..."

" မထိန်းပေးရတော့ဘူး..."

ဟယ်ကျစ်ယွမ်၏ ခပ်ပြတ်ပြတ်စကားများကြောင့် သူ့မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားရသည်။

" စုန့်ရန် ဒီနေ့ ကိုယ်မင်းနဲ့ပြောချင်တာ အဲ့အကြောင်းပဲ... မနေ့က ကိုယ် အိမ်မှုကိစ္စစီမံခန့်ခွဲမှုကုမ္ပဏီကို ဆက်သွယ်ထားတယ် မနက်ဖြန်မနက်ကျရင် ပုပုကိုထိန်းဖို့ သူတို့ဆီက အတွေ့အကြုံရှိတဲ့ ကလေးထိန်းအသစ်တစ်ယောက် လွှတ်လိုက်မယ်တဲ့...စိတ်မပူပါနဲ့ ဒီတစ်ခါတော့ ကိုယ် ကိုယ်တိုင် သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းကို ကြည့်ထားပါတယ်... အန်တီအသစ်က ငယ်လည်းငယ်တယ် အရင်တုန်းက သူငယ်တန်းသင်တဲ့ဆရာမလည်း လုပ်ခဲ့ဖူးတယ်...ပုံပြင်ဘယ်လိုပြောပြရမယ်‌ဆိုတာနဲ့ ဖက်ထုပ်ဘယ်လိုထုပ်ရမယ်ဆိုတာ သိတဲ့အပြင်... စိတ်ခံစားချက်တွေကိုလည်း ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်..."

သူ နောက်ဆုံးတစ်ခွန်းကိုပြောသည်အား ကြားလိုက်ရချိန်တွင် စုန့်ရန်၏ နှလုံးသားက အသူရာချောက်၏ အနက်ရှိုင်းဆုံးနေရာထဲ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ 

" စုန့်ရန် ကိုယ့်ကို နားလည်ပေးနိုင်ဖို့ တောင်းဆိုပါတယ်..."

ဟယ်ကျစ်ယွမ်၏အသံက စိတ်မပါလက်မပါဖြစ်နေသည်။ 

" မနေ့ညကကိစ္စက ခဏတာ စိတ်ဖောက်ပြန်သွားတယ်လို့ ကိုယ်ထင်တယ် မင်းရဲ့ ကိုယ်ကျင့်တရားက ဘာပြစ်ချက်မှ မရှိပါဘူး... ဒါပေမဲ့ မိဘတစ်ယောက်အနေနဲ့ တာဝန်ယူရမယ်ဆိုရင်တော့ လူအစားထိုးတစ်ယောက် ရှာဖို့ပဲ တတ်နိုင်တယ်..."

စုန့်ရန်က သူ့စကားများကိုကြားသည့်အခါ ခြောက်ကင်ကပ်ဖြင့် ရယ်လိုက်သည်။

" အ... အဆင်ပြေပါတယ်... ကျွန်တော် နားလည်ပါတယ်... ကျွန်တော်က ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ မသင့်တော်ပါဘူး..."

သူ စက္ကူကြယ်လေးတစ်ခုကို ကောက်ယူလိုက်ပြီး နင့်နင့်သီးသီး နောင်တရနေဟန်ဖြင့် ကိုက်လိုက်သည်။ 

ထင်တဲ့အတိုင်းပဲ ငါ ဒီကိစ္စတွေနဲ့ မသက်ဆိုင်တော့ဘူးပေါ့...

ငါ့ရဲ့စကားတွေက မလိုလားအပ်တဲ့ အနှောင့်အယှက်တစ်ခုထက် မပိုတဲ့အပြင် ကိုယ့်ကိုကိုယ် အရှက်ရစေတာပဲ...

သူ့လက်ထဲမှ ကြယ်ကို စက္ကူအပြန့်ဖြစ်အောင် ပြန်လုပ်ပြီး ရှေ့နောက်ယမ်းနေမိသည်။ ပုသို့သို့က သူ့လက်ဖဝါးဖြင့် ထိုစာရွက်တွဲလောင်းလေးကို လိုက်ဖမ်းနေသည်။ စိတ်ဓာတ်ကျနေသောစုန့်ရန်က ကြယ်နောက်တစ်ခုကို ကောက်ယူပြီး အားဖြင့် ဖိဝါးလိုက်မိပြီဖြစ်သည်။ 

သူ ဒီတစ်ခါတော့ တကယ်သွားပြီပဲ... ကလေးလေးကို မထိန်းပေးရတော့တဲ့အပြင် အိမ်နီးချင်းနဲ့ ဆက်ဆံရေးမှာပါ အစွန်းအထင်းဖြစ်သွားပြီ... ဒီနေ့ကစပြီး အပြင်ထွက်မယ်ဆို အပြင်ဘက်ကို ချောင်းကြည့်ရတော့မယ်... ကံမကောင်းလို့ လူကြီးမင်းဟယ်နဲ့ စင်္ကြန်မှာဆုံမိရင် တစ်ဖက်လူကို အကြောင်းအရင်းမရှိ စိတ်အနှောင့်အယှက် ပေးမိတော့မှာ...

ဒီလောက်ကြီးတဲ့လောကကြီးမှာ ဘာလို့ သူ့လိုငတုံးတစ်ယောက် ရှိနေရတာလဲ...

ဘယ်သူကမှ သူ့ကိုမလိုချင်တာ မဆန်းတော့ပါဘူး...

စုန့်ရန်က ဘယ်ဘက်ခြေမဖြင့် ဆိုဖာပေါ်တွင် S ပုံစံရေးလိုက်မိပြီး ညာဘက်ခြေမဖြင့် Bပုံစံရေးဆွဲလိုက်သည်။ ထိုစာလုံးနှစ်လုံးကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် ခြေထောက်နှစ်ဖက်ကိုပွတ်လိုက်ကာ ဆိုဖာထဲမြုပ်နေအောင် တိုးဝင်လိုက်သည်။

( T/N - SBဆိုတဲ့ စာလုံးက sha bi ( ရှာပိ ) ဆိုတာပါ သူ့ကိုယ်သူ ငတုံးလို့ ပြောချင်တဲ့သဘောပါ )

သူ့ကိုယ်သူ မှိုတစ်ပွင့်ကဲ့သို့ အချိန်အတန်ကြာအောင် ပြုမူနေပြီးသော်လည်း တစ်ဖက်လူက ဖုန်းမချသေးပေ။ လူကြီးမင်းဟယ်ကလည်း တိတ်ဆိတ်နေသည်။

မြန်မြန် ဖုန်းချလိုက်ပါတော့...

သူ့ HPတွေနည်းနေပြီ တောင့်မခံနိုင်တော့ဘူး... 

စုန့်ရန်က တံတွေးမျိုချလိုက်ပြီးနောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

" အမ် လူကြီးမင်းဟယ်... ကျွန်တော် တကယ်ကို စိတ်ရင်းအမှန်နဲ့ တောင်းပန်တာပါ... တစ်ခါတစ်လေ ကျွန်တော့်ဦးနှောက်က ပုံမှန်မဟုတ်ဘူး... ဟို... တကယ်လို့ စိတ်မပြေသေးဘူးဆိုရင် ပြန်ဆဲပါလား... လူကြီးမင်းဟယ် ဝေဖန်တာကို ကျွန်တော် ကျေကျေနပ်နပ်နဲ့ လက်ခံပါ့မယ် တစ်ခွန်းမှ ပြန်မပြောပါဘူး..."

တစ်ဖက်လူက သက်ပြင်းခပ်ဖွဖွချလိုက်သော်လည်း ဘာစကားမှမပြောပဲ ငြိမ်သက်နေသည်။

သူ့ တုံ့ပြန်မှုကို မစောင့်နိုင်တော့သည့်စုန့်ရန်က ခေါင်းကို ပိုငုံ့ထားလိုက်မိသည်မှာ ဒူးနားပင်ရောက်လာပြီး ရင်ဘတ်‌ထဲတွင်လည်း ခါးသက်သက် ခံစားချက်ကြီးဖြစ်ပေါ်လာသည်။ 

" ဒါဆို တခြားပြောစရာမရှိတော့ရင် ကျွန်တော် မနှောင့်ယှက်တော့ပါဘူး... လူကြီးမင်းဟယ် ကျွန်တော် တောင်းပန်ပါတယ် တောင်းပန်ပါတယ် တောင်းပန်ပါတယ်..."

သူ သုံးကြိမ်ဆက်တိုက် တောင်းပန်လိုက်ပြီးသည့်နောက် အသက်မထွက်မီတွင် ဖုန်းချလိုက်သည်။ 

Xxxxxx