အပိုင်း ၁၇
Viewers 10k

Chapter 17

သူ သုံးကြိမ်ဆက်တိုက် တောင်းပန်လိုက်ပြီးသည့်နောက် အသက်မထွက်မီတွင် ဖုန်းချလိုက်သည်။ 

ဖုန်းချပြီးသည့်နောက်တွင် စုန့်ရန်က ဒူးခေါင်းကို လက်နှစ်ဖက်ဖြင့် ဖက်ထားပြီး အတန်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။

ပုပုက ထမင်းစားပွဲတွင် ပုံဆွဲနေဆဲဖြစ်ပြီး ရံဖန်ရံခါတွင် အရောင်ခြယ်သည့်အထဲ စိတ်ရောက်နေကာ ဘူထဲမှ ရောင်စုံခဲတံများကို ရွေးနေသည်။ စုန့်ရန်က ခေါင်းမော့၍ သူ၏ပုံရိပ်လေးကို စူးစမ်းလိုက်ပြီးမှ မေးလိုက်သည်။

" ပုပု နက်ဖြန်မနက် ဘာစားချင်လဲ..."

" မနက်ဖြန်မနက်လား..." 

ပုပုက ရောင်စုံခဲတံကိုချထားပြီး ထိုင်ခုံကိုမှီထိုင်ကာ ဂရုတစိုက်တွေးတောနေသည်။

" မနက်ဖြန် သား ရေနဲ့ကြော်ထားတဲ့ကြက်ဥကို ဆန်ပြုတ်နဲ့သောက်ချင်တယ်... ဆန်ပြုတ်က ပျစ်ပျစ်လေးဆိုရင်တော့ အကောင်းဆုံးပဲ... "

စုန့်ရန် ခေါင်းငြိမ့်လိုက်သည်။ 

" ဟုတ်ပြီပြီ ကိုကြီးလုပ်ပေးမယ်နော်..."

ကိုကြီး မင်းအတွက် ဘာမဆို လုပ်ပေးမှာပါ...

ဆိုဖာထက်တွင် စိတ်ပျက်လက်ပျက်ဖြင့် ခဏတာလှဲနေပြီးသည့်နောက်တွင် ပြန့်ကျဲနေသည့် စက္ကူရာပေါင်းများစွာကို ပြန်စုလိုက်ပြီး ဖန်ပုလင်းထဲ ထည့်ထားလိုက်သည်။ ထို့နောက် နေရာအနှံ့မှ ရုပ်ပြစာအုပ်များကို ကောက်ယူပြီးသပ်သပ်ရပ်ရပ်စီထားလိုက်သည်။ ကော်ဖီစားပွဲပေါ်မှ စာအုပ်အထပ်လိုက်ကြီးကို ပြန်စုပြီးနောက် အခန်းထဲသို့ဝင်သွားပြီး ဖဲကြိုးသွားယူကာ သေသပ်လှပစွာစည်းထားလိုက်သည်။ 

ပုပုက ဤနတ်သမီးပုံပြင်စာအုပ်များကို အလွန်သဘောကျသည်ဖြစ်၍ ၎င်းတို့ကိုလက်ဆောင်အဖြစ်ပေးလိုက်ရန် တွေးထားသည်။

ပန်းချီဆွဲချိန်တွင် တစ်စုံတစ်ခာကို ကိုးကားချင်ပါလည်း မဂ္ငဇင်းစာအုပ်များ ငှား၍ရနိုင်ပေသည်။ 

ပုပုက အသံများကြား၍ သိချင်စိတ်ကြောင့်လှည့်ကြည့်လာသည်။ 

" ကိုကြီး ဘာလုပ်နေတာလဲ..."

" ဧည့်ခန်းက နည်းနည်းပွနေလို့ ရှင်းနေတာပါ... ပုပုရော... အရောင်ခြယ်လို့ကောင်းလား..."

စုန့်ရန်က မနည်းအားတင်းပြီး ပြုံးပြလိုက်သည်။

ပုပုက ပြုံးရွှင်စွာဖြင့် ပြန်ဖြေသည်။ 

" ကောင်းတယ်... ဒါပေမဲ့ ပြီးတော့မပြီးသေးဘူး...ဒီနေ့ ပန်းပွင့်တွေက အများကြီးဆိုတော့ အရောင်တွေအများကြီးခြယ်ရမှာ... ကိုကြီး မနက်ဖြန်ကျရင် ပန်းပွင့်ကို နည်းနည်းပဲ ဆွဲပေးပါလား... နှစ်ပွင့်ပဲ ဆွဲပေးလေ... တစ်ပွင့်ကို အနီရောင်ခြယ်ပြီး နောက်တစ်ပွင့်ကို အဝါရောင်တောက်တောက်ခြယ်မယ်..."

" ဟုတ်ပါပြီ မနက်ဖြန်ကျရင် ပန်းနှစ်ပွင့်တည်းဆွဲပေးမယ်နော်..."

စုန့်ရန် ရင်ထဲတွင် ဗလာကျင်းနေပြီး ကော်ဖီစားပွဲကိုကြည့်ကာ ပြောလိုက်သည်။ သူ ဘာပြောနေမိသည်ကိုပင် မသိတော့ပေ။

.......

၄ရက်မြောက်နေ့ မနက် ၅နာရီ 🖌️

ပုပုကို ထိန်းပြီး ဒုတိယမြောက်နေ့ မနက် ၅နာရီအချိန်တွင် ကောင်းကင်ကြီးက ပထမဆုံးအရုဏ်ဦး၏ အလင်းရောင်ဖြင့် ခပ်မှိန်မှိန်လင်းလာပြီး ခေါင်းအုံးအောက်တွင် ကပ်ထားသော နှိုးစက်နာရီက စတင်မြည်လာသည်။ ၎င်း၏ပိုင်ရှင်မှာ တစ်ညလုံးအိပ်မပျော်ခဲ့၍ နှိုးစက်ကိုပြန်ပိတ်ပြီး အိပ်ရာပေါ်မှ တိတ်တဆိတ်ဆင်းလာကာ မီးဖိုချောင်ထဲဝင်သွားပြီး မနက်စာပြင်နေသည်။ 

ပုပုက အရသာရှိပြီး မွှေးသော ဆန်ပြုတ်ပျစ်ပျစ်စားချင်သည်ဖြစ်၍ ပုံမှန်ထက် ပိုကြာအောင် တည်ရမည်ဖြစ်သည်။ 

ဧပြီလ၏ ရာသီဥတုက အနည်းငယ် အေးစိမ့်စိမ်နိုင်လွန်းလှသည်။ သားမွေးအင်္ကျီတစ်ထည်ကို ဝတ်ထားသောစုန့်ရန်က ဆန်ကို ရေအေးအေးဖြင့် ဆေးကြောနေပြီး အိုးထဲထည့်လိုက်ကာ နာရီဝက်ကြာအောင် တည်ထားလိုက်သည်။ ဆန်ပြုတ်နေစဉ်တွင် လက်နှစ်ဖက်ကိုပွတ်ပြီး ပူနွေးအောင်နေနေသည်။ ထို့နောက် အဝါရောင်တောက်တောက် ကလေးဖုန်းလေးကို ယူလိုက်ပြီး မီးဖိုနားတွင် ထားလိုက်သည်။ ဖုန်းခေါ်သည့် ခလုတ်ကို နှိပ်ချင်သော်လည်း မနှိပ်ရဲပေ။ 

သူ နောက်တစ်ကြိမ်အခွင့်အရေးရအောင် အပြင်းအထန်ကြိုးစားချင်သေးသည်။ 

စုန့်ရန်က လူကြီးမင်းဟယ်အပေါ် တွင် မဖော်ညွှန်းပြနိုင်သည့် ယုံကြည်မှုရှိနေသည်။ တစ်ဖက်လူက အပြောင်းအလဲလွယ်ပြီး နှလုံးသားကင်းမဲ့နေသည့်လူဟု သူ မထင်ပေ။ သူ စိတ်ရင်းအမှန်ဖြင့် တောင်းပန်ပြီး ခွင့်လွှတ်မှုကို တောင်းခံမည်ဆိုပါက ပုပုကိုစောင့်ရှောက်ရန် သဘောထားကြီးကြီးဖြင့် ခွင့်ပြုပေးနိုင်ပေသည်။ ပုပုကလည်း စုန့်ရန်ကဲ့သို့ပင် အတိတ်မှ အရိပ်ဆိုးများ၏ ခြောက်လှန့်ခြင်းခံနေရသည်။ သူ ယခင်က မသိခဲ့လျှင် အဆင်ပြေသော်လည်း ယခုအခါတွင် ပုပု၏အခြေအနေကို မြင်ပြီးသည့်အခါ ထိုသို့ဆက်ဖြစ်ခွင့် မပြုနိုင်တော့ပေ။ 

ယခုအချိန်တွင် လက်မလွှတ်ချင်သည့် ခံစားချက်တစ်ခုတည်းသာမက အခြားခံစားချက်တစ်မျိုးလည်း ရှိနေသည်ကို ယာယီသတိမပြုမိပေ။

သူ ဟယ်ကျစ်ယွမ်၏အသံကို ကြားချင်နေမိသည်။

ဖုန်းသုံးကြိမ်ပြောလိုက်သည့်အချိန်တိုလေးအတွင်းတွင် ဖြစ်ပေါ်လာသည့် သိမ်မွေ့သော်လည်းအရိုးသားဆုံးခံစားချက်မျိုးဖြစ်နေ၍ စကားလုံးများဖြင့်ပြောဆိုရန် ခက်ခဲလွန်းလှသည်။ အထီးကျန်သော ဘဝနေထိုင်မှုပုံစံဖြင့် လူငယ်လေးက သူနှင့်မရင်းနှီးသော ရင့်ကျက်ပြီးသား အမျိုးသားတစ်ယောက်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 

လူငယ်လေး၏နှလုံးသားထဲမှ ထိခိုက်နာကျင်နေသောကလေးငယ်လေးက နှစ်သိမ့်အားပေးမှု မရရှိသေးပေ။ ထိုလယက ဖခင်တစ်ယောက်ဖြစ်သည့်အပြင် သူ့ရယ်သံတွင်လည်း ကလေးငယ်များကို ချစ်ခင်မြတ်နိုးမှု ပါဝင်နေသည်။ ထိုရယ်သံက နွေးထွေးသည့် တောင်ပံတစ်စုံကို ဖြန့်ကျက်ထားသကဲ့သို့ စုန့်ရန်၏ကလေးဘဝကို အရိပ်အာဝါသ ပေးစွမ်းနိုင်ပေသည်။ 

ဤသို့ တုန်လှုပ်ဖွယ်ခံစားချက်က ယခုမှ အညှောင့်ထွက်ခါစဖြစ်သည်။ ၎င်းကို အချစ်ဟု အမည်တပ်မရသော်လည်း လွှတ်ပေးလိုက်ရန် ခက်ခဲသည့် တွယ်ငြိမှုမျိုးဖြစ်သည်။

အမှန်တွင် စုန့်ရန်က ချစ်ခြင်းမေတ္တာငတ်မွတ်ခဲ့ရသည့် ကလေးမျိုးဖြစ်၍ ဖခင်တစ်ယောက်၏ ချစ်ခင်မှုမျိုးကို လက်မလွှတ်နိုင်ခြင်းဖြစ်သည်။ 

အချိန်ကွာဟချက်ကို တွက်ချက်ကြည့်လိုက်ပြီးနောက်တွင် လူကြီးမင်းဟယ်ဘက်တွင် နေ့ခင်းနှစ်နာရီခန့် ရှိမည်ဖြစ်သောကြောင့် ဖုန်းခေါ်ရန်အတွက် သင့်တော်သည့်အချိန်မျိုးဖြစ်ပေသည်။ သူ အသက်အောင့်ထားလိုက်ပြီး ဖုန်းခေါ်ဆိုလိုက်သည်။ 

တီ... တီ...

အောင်မြင်စွာ ခေါ်ဆိုနိုင်သွားပြီးသည့်နောက် ဖုန်းသံ နှစ်ကြိမ်ခန့်မြည်သွားသည်။ စုန့်ရန်က ဖုန်းကို နားရွက်နား မကပ်လိုက်မီတွင် ဖုန်းသံက တိခနဲပြတ်တောက်သွားသည်။ 

ဖုန်း မျက်နှာပြင်ပေါ်တွင် စကားလုံးအချို့ ပေါ်လာသည်။

( သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိပါ )

တစ်ဖက်လူက တစ်စက္ကန့်မျှပင် တုန့်ဆိုင်းမနေပဲ ဖုန်းချပစ်လိုက်ခြင်းဖြစ်သည်။

စုန့်ရန်မှာ ဖုန်းမျက်နှာပြင်ပေါ်မှ စကားလုံးများကို တွေဝေမိန်းမောစွာ စိုက်ကြည့်နေမိသည်မှာ မျက်နှာပြင်က မှောင်မည်းသွားပြီး သူ၏ ဖြူဖျော့နေသောမျက်နှာ ရောင်ပြန်ဟပ်လာသည်အထိဖြစ်သည်။ လက်ချောင်းများကို ကွေးညွတ်၍ တင်းကြပ်စွာ ဆုပ်ကိုင်ထားမိလိုက်ပြီး လက်ဖဝါးကြားထဲရောက်ရှိသွားသည့် လက်ဖျားများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေသည်။

ဆန်များကို အိုးထဲပြန်ထည့်လိုက်ပြီးနောက် ရေခြောက်ဆထပ်ထည့်လိုက်သည်။ မီးပြင်းပြင်းဖြင့် တည်ထားလိုက်ပြီး ဆီအနည်းငယ်ထည့်ကာ မီးကိုလျှော့လိုက်သည်။ အပြာရောင်ဖျော့ဖျော့မီးတောက်ထွက်ပေါ်လာပြီး ဆန်ပြုတ်ကို မျှင်းမျှင်းဖြင့် ချက်ထားလိုက်သည်။ စုန့်ရန်က ဆန်စေ့များဖောင်းလာသည်အထိ သစ်သားယောက်ချိုဖြင့် မွှေနေသည်။ ဆန်ပြုတ်၏ မျက်နှာပြင်က ပျစ်လာပြီးနောက် ဆူပွက်လာလေသည်။ 

မနက်၆နာရီခွဲတွင် ဟယ်ကျစ်ယွမ်ကို နောက်တစ်ကြိမ်ဖုန်းထပ်ခေါ်လိုက်သော်လည်း တစ်ဖက်လူက ပို၍ လျင်မြန်စွာ ဖုန်းချလိုက်၍ ဖုန်းသံက တစ်ချက်သာ မြည်သွားသည်။

စုန့်ရန် ထိတ်လန့်သွားပြီး ရင်ထဲတွင် ဒေါသပေါက်ကွဲထွက်လာသည်။ စက္ကန့်အနည်းငယ်ကြာသောအခါ ဆန်စေ့များကပ်နေသော ယောက်ချိုကို ဘေစင်ထဲ ပစ်ထည့်လိုက်သည်။ 

" လူမှန်ရင် အခြေခံလူ့ကျင့်ဝတ်လေးတော့ ရှိရမှာပေါ့... အဲဒါကို ခင်ဗျား ကိုယ်တိုင်ပဲ ပြောခဲ့တာမလား... လူ့ကျင့်ဝတ်ဆိုတာ... ဖုန်းကို မဖြေပဲ နေရမယ့်အစား ဖုန်းကိုအရင်ကိုင်ပြီးမှ ငါ့ကို လူကိုယ်တိုင် ဒေါသထွက်ရမှာ မဟုတ်ဘူးလား..."

သူ၏ ခေါင်းမာခြင်းများ စတင်လာပြီး ဖုန်းခေါ်သည့်ခလုတ်ကို ထပ်နှိပ်လိုက်သည်။ 

ဤတစ်ကြိမ်တွင်မူ ဖုန်းမြည်သံကိုပင် မကြားရတော့ပေ။ အော်ပရေတာမှ အမျိုးသမီး၏ အေးစက်စက်အသံကသာ သူ့ကို ပြန်ဖြေသည်။ 

( လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသည်။ )

စုန့်ရန်က ကောင်တာကို လက်နှစ်ဖက်လုံးဖြင့် ထောက်ထားလိုက်ပြီးနောက် ခေါင်းငိုက်စိုက်ကျသွားပြီး သူ့ကိုယ်သူ အော့နှလုံးနာမိလာသည်။

တော်တော် ကြာခဲ့ပြီပဲ...

လူတစ်ယောက်ဆီကနေ ဒီလို ရွံမုန်းမခံရတာ တော်တော်ကြာခံပြီပဲ...

မိဘမဲ့ဂေဟာမှ ကလေးများမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုလျော့နည်းသည့်စိတ်မျိုး နှလုံးသားထဲတွင် ရှိတတ်ကြသည်။ စုန့်ရန်သည်လည်း ထိုဆိုးဆေးပုလင်းထဲတွင် ဆယ်နှစ်ကြာအောင်နေခဲ့ရသည့်အတွက် အလားတူပင် မိမိကိုယ်ကို နှိမ့်ချတတ်သော ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ဂေဟာမှ ထွက်ခွာပြီးပြီးချင်း အချိန်ကာလအတွင်တွင်လည်း လူမှုဆက်ဆံရေးနှင့်ပတ်သက်သော သူ၏ အယူအဆအစုံအလင်နှင့် ပတ်သက်သော ပြဿနာများကို အဆက်မပြတ်ရင်ဆိုင်ခဲ့ရသည်။ သူ၏ စိတ်အခြေအနေမှာလည်း လုံးဝ ဖရိုဖရဲဖြစ်သွားကာ စိတ်ကျရောဂါဖြစ်ရန် နီးစပ်နေပြီဖြစ်သည်။

အက်စ်မြို့သို့ရောက်လာပြီးချိန်တွင် စုန့်ရန် အခြေချခဲ့သောနေရာက Fတက္ကသိုလ်နှင့် မလှမ်းမကမ်းတွင်ရှိပေသည်။ သူ့ထံတွင် တခြားလုပ်စရာမရှိသည့်အခါ စိတ်ပညာဌာနက ကမ်းလှမ်းသည့် အထွေထွေရွေးချယ်သင်တန်းများကို သွားတက်ရောက်လေ့ရှိသည်။ အခွင့်ထူးခံလူအများစုနှင့် ရောနှောပြီး မိမိကိုယ်ကို အသိအမှတ်ပြုမှုနှင့် စိတ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းတစ်ခု ပြီးမြောက်ခဲ့ပေသည်။ အတန်းပြီးဆုံးသွားချိန်တွင် ပရော်ဖက်ဆာနှင့် ဆုံတွေ့ခဲ့ပြီး သူ၏ အနေအထားကို ရိုးသားစွာ ပြောပြခဲ့သည်။ ပရော်ဖက်ဆာက ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်၍ သူ့ကိုရှီယွမ်အဆောက်အဦးသို့ခေါ်သွားပြီး ခဏတာ စကားစမြည်ပြောပေးကာ ပဏာမ စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေး ကုသခြင်းမျိုး ပြုလုပ်ခဲ့သည်။ သူတို့နှစ်ယောက် မပြန်မီအချိန်တွင် စုန့်ရန်ဖတ်ရန် စာအုပ်စာရင်းရှည်ကြီးကို ပေးအပ်ခဲ့သည်။ စုန့်ရန်က ထိုစာရင်းထဲမှ စာအုပ်များကို နှစ်ပေါင်းများစွာကြာသည်အထိ ရှာဖွေဖတ်ရှု့ခဲ့သည်။ ဖတ်ပြီးသွားချိန်တွင် သူ့ကိုယ်သူလေ့လာဆန်းစစ်ချက်ကို စာရွက်တစ်ရာခန့်အထိ ရေးခဲ့ပြီးနောက် ကိုယ့်ကိုကိုယ် ယုံကြည်ချက်အနည်းငယ်ရှိလာခဲ့သည်။ 

ထိုယုံကြည်ချက်က ယခုမှ အသစ်ဖြစ်ပေါ်လာသော်လည်း အလွန်မာကျောပြီး ခံနိုင်ရည်ရှိသည်။ အသက်မွေးဝမ်းကြောင်းအတွက် စုန့်ရန်က လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း နာမကျန်းမှုအနည်းငယ်ကို ခံစားခဲ့ရသော်လည်း သူ၏စိတ်နေသဘောထားမှာ မည်သည့်အရာကိုမှ လက်မလျှော့ခြင်းဖြစ်သည်။ ဘဝက ပို၍ခါးသီးလေ အကောင်းမြင်တတ်ခြင်း၏ အရေးပါမှုကို ပိုမိုရှင်းလင်းစွာ သိရှိလာလေဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် ရွှေစစ်စစ်ထွက်ရန်အတွက် သတ္တုရိုင်းများကို ရောစပ်ခြင်းကဲ့သို့ပင် သူက အလွန်ချစ်မြတ်နိုးဖွယ်ကောင်းသော စိတ်နေသဘောထားကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ စာအုပ်တိုက်မှ အန်တီများနှင့် အစ်မကြီးများက သူ့ကိုမြင်သည်နှင့် ပြုံးကြပြီး ခေါင်းကို ခပ်ဖွဖွပုတ်ပေးခြင်း၊ မျက်နှာကို ပွတ်သပ်ခြင်းများ ပြုလုပ်တတ်လေ့ရှိသည်။ အနမ်းများနှင့် ပွေ့ဖက်ခြင်းများ ပြုလုပ်ကြကာ သူ့ကို လာဘ်ကောင်လေးသဖွယ် သဘောထားကြပေသည်။

စုန့်ရန်သည်လည်း သူ့ကိုယ်ပိုင်အရေးပါမှုကို ရှင်းလင်းစွာ သဘောပေါက်သည်။ 

သူ့မှာ ငွေမှမရှိတာ လူအကုန်လုံးက သူ့ကိုဘာကြောင့် သဘောကျကြမှာလဲ... လူအများစုက သူ့ကို သဘောကျရင်ပဲ လုံလောက်ပါပြီ... လူတစ်ယောက်နှစ်ယောက်လောက် သူ့ကို သဘောမကျတာ စိတ်ထဲထားနေစရာမှ မလိုတာ...

သူက ဤနည်းလမ်းဖြင့် တွေးတောခြင်းကို ယနေ့အချိန်ထိ စောင့်ထိန်းလာခဲ့ခြင်းဖြစ်သည်။

လူကြီးမင်းဟယ်က သူ့ကို "သဘောမကျခြင်း" ကို လက်မခံနိုင်သည်ကို သူကိုယ်တိုင်သိရှိသွားခဲ့သော ယနေ့အချိန်ထိဖြစ်သည်။ 

လူကြီးမင်းဟယ်၏ အလေးမထားမှုက စုန့်ရန်၏ ပခုံးကျဉ်းလေးအပေါ်တွင် မခံနိုင်သည့် ဖိအားများတင်ပေးလိုက်သကဲ့သို့ဖြစ်နေသည်။ " မထိန်းပေးရတော့ဘူး " ဟူသည့် ခွင့်မလွှတ်ပေးနိုင်သော စကားတစ်ခွန်းနှင့်အတူ စိတ်အနှောင့်အယှက်ဖြစ်စွာနှင့် ဖုန်းပိတ်လိုက်ခြင်းကပင် သာဓကတစ်ခုဖြစ်သည်။ သူက စုန့်ရန်၏ လုံ့လဝီရိယဖြင့် တည်ဆောက်ထားသော ယုံကြည်မှုခံတပ်ကြီးကို လက်တွေ့ကျကျ ဖြိုချပစ်ခဲ့သည်။

" အင်း ပုပု... မင်းအဖေကတော့ တကယ်ပဲ..."

စုန့်ရန် ခေါင်းမော့၍ မီးဖိုချောင်မှမီးလုံးကို မော့ကြည့်လိုက်ကာ သူ့မျက်နှာထက်တွင် ကူကယ်ရာမဲ့သည့်အရိပ်အမြွက်တစ်ခု ဖြစ်ပေါ်လာပေသည်။ 

" တကယ်ကို ပြင်းထန်လွန်းတယ်..."

အဖြူရောင်စကျင်ကျောက် ထမင်းစားပွဲတွင် နို့နှစ်ရောင်စားပွဲခင်းလေးကို ဖြန့်ခင်းထားပေသည်။ အဖြူရောင်ဆန်ပြုတ်ပျစ်ပျစ်တစ်ပန်းကန်၊ သခွားသီးချဉ်တစ်ပန်းကန်နှင့်အတူ ငရုတ်နှစ်များဖြင့် ဘဲဥဆားငန်တစ်လုံးနှင့် အရည်အသွေးကောင်းသော ဝက်သားပြားတစ်ပြားလည်း ရှိနေပေသည်။ 

၎င်းက အက်စ်မြို့၏ အရိုးရှင်းဆုံးမနက်စာဖြစ်သည်။ 

ယနေ့တွင် ပုပုက အတော်လေး စားနိုင်ခဲ့သည်။ ပန်းကန်လုံးသေးသေးလေးကို လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး ဆန်ပြုတ်ကို အားပါးတရသောက်လိုက်သည်။ ဘဲဥဆားငန်ထဲမှ အနှစ်ကို တစ်ဇွန်းစာယူလိုက်ပြီးနောက် "အွန်း" ဟု အလွန်အကျူးချဲ့ကားသည့်အသံမျိုးပြုလုပ်ကာ အစားအစာက သူ့အကြိုက်အရသာဖြစ်ကြောင်း ပြသလိုက်သည်။ စားနေစဉ်တွင် စုန့်ရန့်က ပုပု၏အဖေက ကလေးထိန်းအန်တီအသစ်တစ်ယောက် ရှာထားပြီးဖြစ်၍ ယနေ့မှစပြီး ပုပုကို အကြိုအပို့ပြုလုပ်ခြင်းကို ထိုအန်တီက တာဝန်ယူပေးလိမ့်မည်ဟု ပြောပြလိုက်သည်။ 

ပုပုက ချက်ချင်း မပျော်မရွှင်ဖြစ်သွားပြီး ထိုင်ခုံကိုမှီလိုက်သည်။

" မရဘူး မရဘူး... သားက ကိုကြီးကိုပဲ လိုချင်တာ..."

စုန့်ရန်က အသားတစ်ဖတ်ကို ပုပုပန်းကန်ထဲ ထည့်ပေးလိုက်ပြီးနောက် သူ့ကိုဆွဲဆောင်ရန်အတွက် လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောလိုက်သည်။

" ဒီတစ်ခေါက် အန်တီအသစ်က အရင်လူတွေနဲ့ မတူဘူးတဲ့... သူ့ကို ပုပုအဖေကိုယ်တိုင်က ပုပုရဲ့အကြိုက်တွေနဲ့ အဆင်ပြေအောင် ရွေးပေးထားတာတဲ့..."

ပုပုက သူ့ရှေ့မှ သခွားသီးချဉ်တစ်ပြားကိုကိုက်၍ သိချင်စိတ်ဖြင့် မေးလိုက်သည်။

" ဒါဆို အန်တီက ဘယ်လိုပုံစံမျိုးလဲ..."

စုန့်ရန်က စတင်သရုပ်ဖော်ပြသည်။ 

" အန်တီအသစ်က ပန်းပွင့်လေးလိုမျိုးလှတယ်... ကလေးပုံပြင်တွေ ဘယ်လိုပြောရမယ်ဆိုတာ သိတဲ့အပြင် ဖက်ထုပ်လည်း ထုပ်တတ်တယ်တဲ့... ကိုကြီးလုပ်နိုင်သမျှအားလုံး သူလုပ်တတ်တယ်... ပြီးတော့ ကိုကြီး မလုပ်နိုင်တဲ့ကိစ္စတွေတောင် လုပ်တတ်သေးတယ်...သူက ကိုကြီးထက်ပို အားကိုးရမှာနော်..."

" ဒါပေမဲ့ သားက ကိုကြီးကိုပဲ သဘောကျတာလေ..."

ပုပုက သူ့ခုံပေါ်မှ ခုန်ဆင်းလာပြီး စားပွဲကို တစ်ပတ်ပတ်လာကာ စုန့်ရန်၏ဒူးကို ဖက်ထားပြီး ချိုသာသည့် ကလေးအသံလေးဖြင့် ပြောနေသည်။

" သားက ပိုပြီးအားကိုးရတဲ့ အန်တီအသစ်မလိုချင်ဘူး... ကိုကြီးကိုပဲ လိုချင်တာ..."

Xxxxxx