အပိုင်း ၁၈
Viewers 9k

Chapter 18


ဤကလေးက ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေသည်။ သူ၏ ချိုသာသောစကားများက level 10နီးပါးရှိသည်။ ထိုစကားတစ်ခွန်းကြောင့် စုန့်ရန်က နှဖူးမှ ခြေဖျားအထိ နွေးထွေးသွားရသည်။ သူ့နှလုံးသားသည်ပင် အရည်ပျော်ကျပြီး ရေအိုင်တစ်ခု ဖြစ်သွားပုံပေါ်သည်။ သို့ရာတွင် ပုပုက စိတ်ဓာတ်ကျသွားသည့်အမူအရာဖြစ်ပေါ်လာပြန်သည်။ သူ့မျက်ခုံးများတွန့်ချိုးထားပြီး ပြောလိုက်သည်။ 


" ဒါပေမဲ့ အန်တီ့ကို ပါပါးကိုယ်တိုင် ရွေးပေးထားတာဆိုတော့ ... သား ပါပါးပြောတာကိုလည်း နားထောင်ချင်သေးတယ်..."


ကျဉ်းထဲကြပ်ထဲ ရောက်နေတာပဲ...


ဖခင်က ဘယ်ဘက်၊ ကိုကြီးက ညာဘက်တွင်ဖြစ်နေ၍ လေးနှစ်အရွယ်ကလေးငယ်လေးမှာ ချီတုံချတုံဖြစ်နေမိသည်။ သူက နှစ်ဖက်လုံးကို လိုချင်နေမိပေသည်။


စုန့်ရန်မှာ ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့‌၍ သူ့နှဖူးကိုနမ်းလိုက်သည်။


" အဆင်ပြေသွားမှာပါ... ဒီလိုတွေးကြည့်လေ ကိုကြီးက မျက်နှာချင်းဆိုင်အိမ်မှာပဲ နေနေတာပဲကို... အန်တီအသစ်ရောက်လာပြီးရင်လည်း ကိုကြီးက အိမ်ပြောင်းသွားမှာမှ မဟုတ်တာ... ပုပု ကိုကြီးကိုလွမ်းတဲ့အချိန်တိုင်း တံခါးလာခေါက်လိုက်ရုံပဲ... ကိုကြီးက ဧည့်သည်တစ်ယောက်လိုမျိုး ကြိုဆိုမှာပေါ့... အရင်ရက်တွေတုန်းကလိုမျိုး အရောင်တွေခြယ်မယ်၊ ပုံပြင်တွေနားထောင်မယ် ရေတူတူချိုးကြမယ်လေ..."


နည်းလမ်းနှစ်မျိုးလုံးကို ပြုလုပ်နိုင်ကြောင်း သိလိုက်ရသည့်အခါ ပုပုက ချက်ချင်းပြန်ပြုံးနိုင်သွားသည်။ သူ စုန့်ရန်၏ နားရွက်နားကပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ 


" ဒါဆိုရင် သားနေ့တိုင်းခိုးထွက်လာပြီး ကိုကြီးကို လာရှာမယ်... ပြီးတော့ ပါပါးမသိအောင်လည်းလုပ်မယ်နော် အဲ့လိုရလား..."


" ရတာပေါ့ ရတာပေါ့..."


စုန့်ရန်က ပုပုနှင့် လက်သန်းချင်းချိတ်ပြီး ကတိပေးလိုက်သည်။ 


မနက်စာစားပြီးသည့်အခါ ပုပုက စုန့်ရန်နှင့်အတူ အောက်ဆင်းလာသည်။ သူက စက်ဘီးထိုင်ခုံပေါ် တက်ထိုင်လိုက်ပြီး ကိုကြီးကို အမိန့်ပေးသည့် ခမ်းနားထည်ဝါသော စစ်သူကြီးပုံစံဖမ်းကာ သူငယ်တန်းသို့ တဖြည်းဖြည်းထွက်ခွာသွားသည်။ 


ဂရပ်ဖတီများ ရှိသည့်နေရာကို ဖြတ်သန်းလာသည့်အခါ ပုပုက ဂျီဩမေတြီပုံများကို လက်ညှိုးဖြင့်ထိုးပြီး ပီပီသသရွတ်ဆိုလိုက်သည်။ 


" လေးထောင့်၊ ထောင့်မှန်စတုဂံ၊ စက်ဝိုင်း၊ တြိဂံ၊ စတုဂံ..."


" ပုပုက အရမ်းတော်တာပဲ ... နာမည်တစ်ခုချင်းစီတောင် သေချာပြောတတ်နေပြီ..."


စုန့်ရန် သူ့ကိုချီးကျူးလိုက်သည်။


ယမန်နေ့က ဤနေရာမှ ဖြတ်သွားစဉ်တွင် စုန့်ရန်က လက်တန်းပြောပြလိုက်ခြင်းဖြစ်သော်လည်း မွေးတည်းက ဉာဏ်ကောင်းသောပုပုက ချက်ချင်းမှတ်မိသွားခဲ့သည်။


ချီးကျူးခံရပြီးသည့်နောက်တွင် ပုပုက ထပ်မံကြိုးစပြလိုက်သည်။ အင်္ဂလိပ်စာလုံးများ တန်းစီထားသောနေရာသို့ရောက်ချိန်တွင် တစ်လုံးချင်းစီကို ကျယ်ကျယ်ဖတ်ပြလိုက်သည်။


“A, B, C, D, E F, G…”


ဟယ်ကျစ်ယွမ်၏ လွှမ်းမိုးမှုကြောင့် ပုပု၏ အင်္ဂလိပ်စာအသံထွက်က အလွန်ပီသလှပေသည်။ စုန့်ရန်ကပင် ပုပုလောက် မပီသည့်အတွက် ရှက်သွားမိပြီး ကလေးလေးကို အမောတကော ချီးကျူးလိုက်သည်။


" ပုပုက ကောင်းကောင်းဆိုတတ်နေပြီပဲ..."


စာလုံးများ ရွတ်ဆိုပြီးချိန်တွင် အာရေဗျကိန်းဂဏန်းများ နေရာသို့ရောက်လာသည်။ နံပါတ်တစ်ခုချင်းစီကို တိရစ္ဆာန်ငယ်လေးများ၏ပုံစံ ရေးဆွဲထား၍ အလွန်ချစ်စရာကောင်းလှသည်။ စုန့်ရန်က သူ့ကိုနှစ်ကြိမ်တိတိချီးကျူးထားသောကြောင့် ပုပုက ပို၍ ကျယ်အောင် ဖတ်ပြလိုက်လေသည်။ 


" တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး... အား..."


စက်ဘီးကို ကတိုက်ကရိုက်ဖြင့် ဘရိတ်နင်းလိုက်ခြင်းဖြစ်သည်။ ပုပု၏ခေါင်းက စုန့်ရန်၏ကျောပြင်နှင့် တိုက်မိသွားတော့သည်။ 


စုန့်ရန်က စိတ်ထဲတွင် ဆဲရေးလိုက်ပြီးသည့်နောက် စက်ဘီးကို လုံးဝရပ်လိုက်ပြီး စိုးရိမ်တကြီးဖြင့် နောက်လှည့်ကြည့်လိုက်သည်။


" ပုပု အဆင်ပြေရဲ့လား နာသွားသေးလား..."


" သား မနာပါဘူးရတယ်..." 


ပုပုက သူ့ပါးနှစ်ဖက်ကို ပွတ်လိုက်ပြီး လည်ပင်းကိုစောင်းကာ ရှေ့သို့ကြည့်လိုက်သည်။


" ကိုကြီး ရုတ်တရက်ကြီး ရပ်လိုက်တာ‌ဆိုတော့ တစ်ခုခုကို တိုက်မိသွားလို့လား..."


သို့သော် သူ့ရှေ့မှလမ်းက ရှင်းလင်းနေသည်။ ပုပု မည်သည့်အရာကိုမှ မမြင်တွေ့လိုက်ရပေ။ 


" ထူးဆန်းလိုက်တာ..."


သူ တအံ့တဩ ပြောမိသွားသည်။


စုန့်ရန်က ဤအခြေအနေကို မည်သို့ရှင်းပြရမည်မသိဖြစ်သွားသည်။ သူတွေးတောနေစဉ်တွင် အဖြူမည်းစင်းကျားကြောင်လေးတစ်ကောင်က လမ်းဘေးတစ်နေရာတွင် မမျှော်လင့်ပဲ ပေါ်လာသည်။ သူက အိမ်ဟောင်းကြီး၏ နံရံမှတစ်ဆင့် အဝေးကို ထွက်ပြေးသွားလေသည်။ ပုပုက အဖြေကိုရှာတွေ့သွား၍ တခစ်ခစ်ရယ်ပြီး ပြောလိုက်သည်။


" ဒါဆို ကြောင်ပေါက်စလေးကြောင့်ပေါ့... ကိုကြီးက တော်တော်ဂရုစိုက်တာပဲ..."


စုန့်ရန် စိတ်အေးသွားပြီး သက်ပြင်းရှည်ကြီးချလိုက်မိသည်။ သူ စက်ဘီးဘဲလ်ကို စည်းချက်ကျကျတီးပြီးနောက် သူငယ်တန်းကျောင်းရှိရာသို့ ပုပုနှင့်အတူတူ ထွက်ခွာသွားတော့သည်။


ယနေ့တွင် ပုပုကို ကျောင်းလိုက်ပို့ပြီးသည်နှင့် စုန့်ရန် ချက်ချင်းပြန်မသွားပေ။ သူငယ်တန်းစာသင်ခန်း တံခါးအပြင်ဘက်၌ ရပ်နေကာ ကလေးလေးက ပျော်ရွှင်စွာနှင့် ပင်မခန်းထဲဝင်သွားပြီး ကျောပိုးအိတ်ငယ်လေးနှင့် ဖုန်းကို ဆရာမထံအပ်လိုက်ပြီးမှ ဖိနပ်လဲစီး၍ စာသင်ခန်းထဲ ဝင်သွားသည်ကို ကြည့်နေခဲ့သည်။ 


သူနှင့် ထိုကလေးလေးကို ချည်နှောင်ထားသည့်ကံကြမ္မာက အနည်းနှင့်အများ‌ဆိုသလိုပင် အဆုံးသတ်ကို ရောက်ရှိလာခဲ့ပြီဟု စုန့်ရန်ထင်မိလိုက်သည်။ စိတ်ခံစားချက်ကို အထိန်းအကွပ်မဲ့သွားမိသည့်အချိန်မှလွဲ၍ ဤသုံးရက်တာလုံး စိတ်ကြည်နူးစရာကောင်းခဲ့ပေသည်။


နောက်နေ့များတွင် ပုပုကို တွေ့ပြီး ပွေ့ဖက်ရန်အခွင့်အရေးရှိလာမည်ကို မျှော်လင့်နေမိသည်။ ထို့အပြင် တစ်နေ့နေ့တွင် လူကြီးမင်းဟယ်နှင့် စင်္ကြန်လမ်းတွင် တွေ့ဆုံခဲ့ပါက လူကိုယ်တိုင်တောင်းပန်နိုင်မည့်အခွင့်အရေးရှိရန် ဆုတောင်းနေမိသည်။ 


ကလေးငယ်လေးများ တစ်ယောက်ပြီးတစ်ယောက်က သူ့ဘေးမှ ဖြတ်လျှောက်သွားသည်။ အချို့ကို ဖခင်များက လိုက်ပို့ကြပြီး အချို့ကို မိခင်များက လိုက်ပို့ကာ အချို့ကိုမူ အဘိုးအဘွားများက လိုက်ပို့ပေးသည်။ သူတို့၏ ငယ်ရွယ်မှုနှင့် သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေသည့် မျက်နှာလေးများကိုကြည့်ကာ စုန့်ရန် ခေါင်းငုံ့ပြီး ရယ်လိုက်မိသည်။ ထို့နောက် စက်ဘီးဒေါက်ပြန်ဖြုတ်၍ ကျောင်းနှင့်ဝေးရာသို့ စက်ဘီးနင်းထွက်သွားသည်။


သူ ထွက်သွားသည့်အချိန်မှာပင် ဆရာမ၏လက်ထဲမှ ကလေးလေး၏ဖုန်းက အသံမြည်လာသည်။


.....


ယနေ့က ကြာသပတေးနေ့ဖြစ်သည်။


ကြာသပတေးနေ့မွန်းလွဲ ၂နာရီမှ ၃နာရီအချိန်အထိSwordArc တွင် ဌာနဆိုင်ရာ အကြီးအကဲများအားလုံးနှင့် ပုံမှန်အစည်းအဝေးကို ကျင်းပနေကျဖြစ်သည်။ Q7၊ S7 နှင့် T7 ထုတ်ကုန်လိုင်းများ၏ မျိုးဆက်သစ်များအတွက် မကြာမီကျင်းပမည့် သတင်းစာရှင်းလင်းပွဲကြောင့် ကုမ္ပဏီအတွင်း ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သော ကိစ္စများ များပြားလွန်းနေသည်။ ရလဒ်အနေဖြင့် အစည်းအဝေးက ညနေ၅နာရီအထိ ကြာသွားခဲ့ပေသည်။


အစည်းအဝေးအစီအစဉ်တွင် နောက်ဆုံးအကြောင်းအရာကို စတင်လိုက်သည်နှင့် ဟယ်ကျစ်ယွမ်က သူ့ဆဲလ်ဖုန်းကို ဖွင့်ရန် ပါဝါခလုတ်ကို နှိပ်လိုက်သည်။


သူ၏ကောလိပ်အခန်းဖော်နှင့် စွန့်ဦးတီထွင်လုပ်ဖော်ကိုင်ဖက် ကားလ်ကရောက်စ့် က နောက်ဆက်တွဲထုတ်ပြန်ချက်တစ်ခုခုပြုလုပ်ရန် လိုအပ်သလားဟု မေးသည့်အခါ ဟယ်ကျစ်ယွမ်က သူ၏နည်းပညာဌာနလက်အောက်ငယ်သားများနှင့် အမြင်ဖလှယ်ပြီးနောက် ခေါင်းယမ်းကာ မရှိကြောင်း ပြန်ဖြေခဲ့သည်။


ပရိုဂျက်တာ အချက်ပြမှု ဖြတ်တောက်လိုက်ပြီးနောက် အစည်းအဝေး ခေတ္တရပ်နားသည့် ခဏတွင် ဖုန်းခေါ်ဆိုရန်ခလုတ်ကို နှိပ်လိုက်သည်။


အစည်းအဝေးခန်းကြီးက ချက်ချင်းပင် သက်တောင့်သက်သာအခြေအနေမျိုး ပြောင်းလဲသွားသည်။ ဒါဇင်နှင့်ချီသော ဥက္ကဌများက ဖိုင်များကိုပိတ်ကာ ကော်ဖီခွက်များယူ၍ ထွက်သွားကြသည်။ နောက်ဆုံးအာရုံခံကိရိယာစမ်းသပ်မှုဆိုင်ရာ အစီရင်ခံစာကိုကိုင်ဆောင်ထားသည့် ဂျာမန်အင်ဂျင်နီယာတစ်ဦးက ဟယ်ကျစ်ယွမ်ဘက်သို့ လျှောက်လာကာ သူနှင့်သီးသန့်ဆွေးနွေးရန် လိုအပ်သည့်အချက်အနည်းငယ်ရှိနေသေးကြောင်း ပြောကြားခဲ့သည်။


ဟယ်ကျစ်ယွမ်က ဖုန်းကို လက်ဝါးတစ်ဖက်ဖြင့် ကာလိုက်ပြီးနောက် ယဉ်ကျေးစွာ ရှင်းပြလိုက်သည်။


" မိသားစုကိစ္စလေးရှိသေးလို့ ကျေးဇူးပြုပြီး ခဏစောင့်ပေးနိုင်မလား..."


တစ်ဖက်လူက နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့်ဆုတ်သွကာ ဆက်လုပ်ရန် လက်အမူအရာပြလိုက်သည်။ ဟယ်ကျစ်ယွန်က နေရောင်ခြည်ဖြာကျနေသည့် ပြတင်းပေါက်နားသို့ လျှောက်လာသည်။ 


မော်ဒယ်အဆင့်မြင့် နည်းပညာဆိုင်ရာ အမှုဆောင်တစ်ဦးအနေဖြင့် သူက စံနမူနာဖြစ်ဖွယ်လူတစ်ယောက်အဖြစ် ဦးဆောင်ရမည်ဖြစ်ပြီး အလုပ်ချိန်အတွင်း ကိုယ်ရေးကိုယ်တာကိစ္စများကို ဂရုစိုက်ခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်သည်။ သို့ရာတွင် ဤဖုန်းခေါ်ဆိုမှုက သူ့ကလေးနှင့် သက်ဆိုင်နေသောကြောင့် သူ၏ တပြိုင်နက်တည်းပြုလုပ်ရမည့် တာဝန်ဝတ္တရားများကြားတွင် အမြင့်ဆုံး ဦးစားပေးအလုပ်ဖြစ်သင့်ပြီး သည်းခံစိတ်ဖြင့် ဆက်ဆံသင့်သည်။


ဖုန်းကိုင်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ်တွင် သူ့လက်ဖဝါးများ ချွေးအနည်းငယ်စိုလာသည်။ 


နေရောင်က ပြင်းလွန်းလို့နေမှာပါလေ...


သူ ချပစ်လိုက်သော ဖုန်းခေါ်ဆိုမှုနှစ်ခုမှာ စုန့်ရန်ဆီမှဖြစ်ကြောင်း သူသိပြီး တစ်ဖက်လူ၏ ဆန္ဒကိုလည်း သူအကြမ်းဖျင်းခန့်မှန်းနိုင်ပေသည်။ အမှန်တွင် မနေ့က သူ ခပ်ပြတ်ပြတ် ငြင်းဆန်ပြီးချိန်၌ စုန့်ရန်၏ စိတ်ဓာတ်ကျသွားသည့်အသံကို ကြားလိုက်ရသည့်အခါ သူ့နှလုံးသားထဲ နူးညံ့သွားမိသည်။ လူငယ်များက သွေးဆူလွယ်ပြီး စကားအလျင်စလိုပြောခြင်းမှာ ရှောင်ကြဉ်ရန်ကလည်း ခက်ခဲလွန်းလှသည်။ ၎င်းက ခွင့်မလွှတ်ပေးနိုင်စရာအမှားတစ်ခု မဟုတ်ပေ။


ထိုအချိန်က သူ စုန့်ရန်ကို အခွင့်အရေးပေးချင်ခဲ့မိပြီး ဖုန်းမချသေးပဲ သူ ရှင်းပြမည်ကို စောင့်ဆိုင်းနေခဲ့မိသည်။ သူက လက်ရှိအနေအထားကို အခွင့်အရေးယူပြီး အချို့ကိစ္စများကို မေ့မေ့ပျောက်ပျောက်ထားရန် တွေးလိုက်မိခြင်းဖြစ်သည်။ 


သို့ရာတွင် ကံမကောင်းသည်မှာ စုန့်ရန်က ထိုအချိန်တွင် စကားမပြောခဲ့ပဲ ယနေ့အစည်းအဝေးကျင်းပချိန်မှသာ ဖုန်းခေါ်ဆိုရန် ရွေးချယ်လိုက်သည်။ 


သူ့ထံတွင် ဖုန်းချပစ်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ 


ဖုန်းချပစ်ခြင်းက အနည်းငယ် နာကျင်သွားစေလိမ့်မည့်ဟု လုပ်ရပ်ဟု မှတ်ယူနိုင်ပေသည်။ ဆက်သွယ်ပြောဆိုမှု မရှိပါက အခြားနည်းဖြင့် ရှောင်ရှားနိုင်သည့် ပြင်းထန်သော နားလည်မှုလွဲခြင်းကို ဖြစ်ပေါ်စေနိုင်ဖွယ်ရှိသည်။ ဖုန်းခေါ်ဆိုမှုကို ငြင်းဆန်ထားသည့်လူဖြစ်၍ ဟယ်ကျစ်ယွမ်မှာ သူ့ကိုယ်သူ သေချာရှင်းပြရန် လိုအပ်နေသည်ဟု ယုံကြည်ထားသည်။ 


တစ်ဖက်က ဖုန်းကိုင်လိုက်သည်။ ဟယ်ကျစ်ယွမ်က အနည်းငယ်စိတ်ဖိစီးနေ၍ တစ်ဖက်လူက စကားပြောမည်ကို မစောင့်ဆိုင်းတော့ပဲ ပြောလိုက်သည်။


" စုန့်ရန် ကိုယ် ခုနကအတွက် တောင်းပန်ပါတယ်... အစည်းအဝေးလုပ်နေတဲ့အချိန်မို့ ဖုန်းကိုင်ဖို့ အဆင်မပြေလို့ပါ... ပုပုရဲ့ကိစ္စကို ညကျမှ ဆွေးနွေးကြမယ်နော် ဟုတ်ပြီလား..."


တစ်ဖက်က အံ့ဩတကြီးဖြစ်သွားပုံပေါ်သည်။ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင်မှ သူငယ်တန်းဆရာမ၏အသံကို ကြားလိုက်ရသည်။


" ဟဲလို... အခုဖုန်းဆက်တာ ဟယ်ယွဲ့ယန်ရဲ့မိဘလားဆိုတာ မေးလို့ရမလား..."


ဟယ်ကျစ်ယွမ် အံ့အားသင့်သွားခဲ့သည်။


" ဟုတ်ပါတယ်..."


သူ့လက်ကောက်ဝတ်မှနာရီကို လှမ်းကြည့်လိုက်သည့်အခါ ညနေ ၅နာရီဆယ်မိနစ် ရှိနေပြီဖြစ်၍ တရုတ်တွင် မနက်၈နာရီခန့်ရှိမည်ဖြစ်သည်။ သူငယ်တန်းက မနက်၈နာရီတွင် ကျောင်းတက်ခြင်းဖြစ်၍ အချိန်က နောက်မကျလွန်းသကဲ့သို့ မစောလွန်းနေပေ။ ပုပုက ကျောင်းသို့ရောက်နေပြီဖြစ်ကြောင်း သူခန့်မှန်းမိလိုက်သည်။


သူ ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။


ဆရာမက သူ၏ရည်ရွယ်ချက်ကို မသိရှိသောကြောင့် မေးလိုက်သည်။


"ဟယ်ယွဲ့ယန်က အခု စာသင်ခန်းထဲရောက်သွားပြီ သူနဲ့စကားပြောချင်လားရှင့်..."


" ရပါတယ် မလိုတော့ပါဘူး ... သူ ကျောင်းကို ဘေးကင်းကင်းနဲ့ရောက်လာရင်တော်ပါပြီ အဆင်ပြေပါတယ်... ကြိုးစားလိုက်ပါ ဆရာမ..."


ဟယ်ကျစ်ယွမ် ခပ်တိုတိုသာ ပြန်ဖြေလိုက်သည်။ 


နှုတ်ဆက်စကားပြောပြီးသည့်နောက်တွင် ဖုန်းချဘိုက်ပြီးနောက် စားပွဲပေါ်တွင် ချထားသော လက်ပ်တော့ကိုယူကာ စောင့်ဆိုင်းနေသည့် ဂျာမန်အင်ဂျင်နီယာကို ပြဿနာများအကြောင်းဆွေးနွေးရန် ဘေးနားမှ အစည်းအဝေးခန်းငယ်လေးသို့သွားရန် အချက်ပြလိုက်သည်။ 


စုန့်ရန်နှင့် နှစ်ကြိမ်တိတိ လွဲချော်သွားပြီးသည့်နောက်တွင် ဟယ်ကျစ်ယွမ် စိတ်ကသိကအောက်ဖြစ်သွားမိသည်။


မူလတွင် သူက ထိုသိမ်မွေ့နူးညံ့သောလူငယ်လေးကို ထိခိုက်နာကျင်စေရန် မရည်ရွယ်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ဖော်ပြ၍မရသောရှင်းပြချက်သည် သူ့အား အပြစ်ရှိစိတ် ဖြစ်ပေါ်လာစေခဲ့ပြီး နက်နဲသောစိုးရိမ်ပူပန်မှုထဲသို့ နစ်မြုပ်စေခဲ့သည်။ ယနေ့ည၏အချိန်ပိုအလုပ်ဝတ္တရားများကလည်း သူ့အပေါ် ပို၍ပင်ဝန်ထုပ်ဝန်ပိုးဖြစ်လာစေပုံရသည်။


...............


၄ရက်မြောက်နေ့ ည၈နာရီ ၅၉မိနစ် 🖌️ 


ညလယ်ခေါင်တွင်မှ ဟယ်ကျစ်ယွမ်က သူ့အလုပ်များအားလုံးပြီးစီးသွား၍ ကားကို အမြန်လမ်းပေါ်တွင် တစ်နာရီမိုင်ကိုးဆယ်နှုန်းဖြင့်မောင်းပြီး ပြန်လာခဲ့သည်။ ခဏအကြာတွင် အိမ်သို့ အမြန်ပြန်ရောက်လာခဲ့သည်။ ထို့နောက် ရေနွေးနွေးဖြင့် ချိုးလိုက်ပြီးနောက် ဝိုင်နီကို ဖန်ခွက်တစ်ဝက်ကျော်ခန့်သောက်ပြီး အိပ်မောကျသွားခဲ့သည်။ 


လေးနာရီအကြာတွင် ခန္ဓာကိုယ်က ကျင့်သားရနေမှုကြောင့် အလိုအလျောက်ပြန်နိုးလာပြီး အိပ်ချင်မူးတူးဖြင့် ဖုန်းကိုထုတ်လိုက်ကာ ယနေ့အတွက် ဖုန်းခေါ်ဆိုမှုပြုလုပ်ရန် ပြင်လိုက်သည်။


ပုပုက ဖုန်းအမြန်ကိုင်လိုက်ပြီး သူ့ကို "ပါပါး" ဟု ခေါ်လိုက်သည်။ သူက ယခုလက်ရှိအချိန်တွင် အရောင်ခြယ်နေဆဲဖြစ်ပြီး ရုပ်ပုံလေးများကလည်း အလွန်လှပကြောင်း ပြောပြနေသည်။


ဟယ်ကျစ်ယွမ် မေးလိုက်သည်။


" သား အရောင်ခြယ်စာအုပ် အသစ်ဝယ်လိုက်တာလား..."


" ဟုတ်ဘူး..."


ပုပုက အစိမ်းရင့်ရောင် ရောင်စုံခဲတံကို ထုတ်လိုက်ပြီး ခဲနက်ဖြင့်ဆွဲထားသော ကြောင်လေး၏ ခေါင်းပေါ်မှ သစ်ရွက်လေးတစ်ရွက်ကို ဂရုတစိုက်အရောင်ခြယ်လိုက်သည်။


" ကိုကြီးစုန့်ရန် သားဖို့ ဆွဲပေးထားကာ... ဒီနေ့မနက် ‌ကျောင်းသွားရင်း လမ်းမှာ ကြောင်အကျားလေးတစ်ကောင်တွေ့တယ်လေ အရမ်းချစ်စရာကောင်းတာပဲ... အဲဒါကြောင့်မို့ ကိုကြီးက သားအတွက် ပုံဆွဲပေးထားတာ..."


ယနေ့ညနေ ကျောင်းဆင်းချိန်‌၌ သူအပြင်ထွက်လာစဉ်တွင် မရင်းနှီးသောအန်တီတစ်ယောက်က သူ့ကိုလာကြိုပြီး အိမ်ပြန်ပို့ပေးခဲ့သည်။ သူ ထင်မှတ်ထားသည်နှင့် ဆန့်ကျင်စွာ စုန့်ရန်က အိမ်တွင် ရှိမနေခဲ့ပေ။ သို့ရာတွင် အခန်း 8012B၏ရှေ့တွင် ကလေးပုံပြင်စာအုပ် အထပ်လိုက်ကြီးသုံးခုနှင့် ကြောင်အကျားလေးတစ်ကောင်ပုံဆွဲထားသည်ကို ချန်ထားပေးခဲ့သည်။ မူလက ပုပုစိတ်ဓာတ်ကျသွားမိသော်လည်း စုန့်ရန် ပေးထားခဲ့သည့် ပုံပြင်စာအုပ်အထပ်လိုက်ကြီးကြောင့် ပျော်ရွှင်သွားခဲ့ရသည်။ ထိုပုံကို အရောင်ကောင်းကောင်းခြယ်ထားပြီး ကိုကြီးပြန်ရောက်လာလျှင် ပေးမည်ဟု ကြံရွယ်ထားမိသည်။ 


Xxxxxxx