အပိုင်း ၁၉
Viewers 9k

Chapter 19

ဟယ်ကျစ်ယွမ်က ကောင်းကောင်းအိပ်ရာမနိုးသေး၍ စုန့်ရန်အထင်လွဲသွားသည်ကို ရှင်းပြရန်သာ စိတ်ထဲရှိနေသည်။ ပုပုနှင့် ခဏတာ စကားပြောပြီးသည့်နောက်တွင် သူ ပြောနေကျအတိုင်း ပြောလိုက်မိသည်။

" လိမ်လိမ်မာမာနေနော် အခု ကိုကြီးကို ဖုန်းပေးလိုက်ပါဦး..."

ပုပု ပဟေဠိဖြစ်သွားပြီး သူ့အဖေက စိတ်ရှုပ်ထွေးနေသည်ဟု ထင်လိုက်မိသည်။ 

" ကိုကြီး ဒီမှာ မရှိဘူးလေ မမပဲရှိတယ်... မမနဲ့ စကားပြောမလား..."

ဟယ်ကျစ်ယွမ်က နွမ်းနယ်စွာဖြင့် သမ်းဝေလိုက်၍ ပုပုပြောသည်ကို ရှင်းရှင်းလင်းလင်းမကြားလိုက်ပေ။ သို့ဖြစ်၍ ဖုန်းလွှဲပေးပြီးသည်နှင့် ချက်ချင်းခေါ်လိုက်သည်။

" စုန့်ရန်..."

" ဟ... ဟ... ဟယ်လို လူကြီးမင်းဟယ် ကျွန်မ လင်းဟွေ့ပါ..."

တစ်ဖက်လူကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားနေပုံရသည်။

မနက်စောစောစီးစီးတွင် အမျိုးသမီးတစ်ယောက်၏ ပူပင်ကြောင့်ကြကင်းမဲ့သောအသံမြင့်ကို ကြားလိုက်ရ၍ ဟယ်ကျစ်ယွမ် ချက်ချင်းခေါင်းကြည်သွားသည်။ 

လင်းဟွေ့တဲ့လား...

သူ အသစ်ခေါ်ထားသည့် ကလေးထိန်းဖြစ်ပုံရသည်။ 

လင်းဟွေ့က ယခုနှစ်တွင်မှ အသက် ၂၁နှစ်ပြည့်မည်ဖြစ်သည်။ သူမက သူငယ်တန်းစာသင်သည့်နယ်ပယ်မှဖြစ်ပြီး ယခုနှစ်နွေရာသီတွင် ဘွဲ့ယူရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ သူမက သဘာဝဆန်ဆန် ကလေးမျက်နှာလေးနှင့် ဆံပင်အဖျားလေးများကို ကောက်ထားကာ နှင်းဆီရောင်ဆံညှပ်လေးကို ညှပ်ထား၍ ခြုံငုံကြည့်လိုက်ပါက အလွန်တက်ကြွမှုရှိသည့်လူတစ်ယောက်ဟု ထင်ရစေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က အဆင့်မြင့်အိမ်မှုကိစ္စထိန်းသိမ်းရေး ကုမ္ပဏီတစ်ခုတွင် အလုပ်လျှောက်ထားခဲ့သည်။ ယမန်နေ့က တစ်လလျှင် ယွမ်တစ်သောင်းကျော်ရသော အချိန်ပိုင်းအလုပ်တစ်ခုက မိုးကောင်းကင်ပေါ်မှတစ်ဆင့် သူမခေါင်းပေါ် တည့်တည့်ကျလာခဲ့သည်။ ဤအိမ်မှ ကလေးလေးမှာ လိမ္မာရုံသာမက အလုပ်ရှင်ကလည်း ချောမောခံ့ညားသူဖြစ်၍ ဤနေရာတွင် အလုပ်ရသွားသည်ကို ပျော်ရွှင်နေမိသည်။

လူကြီးမင်းဟယ်ကို တရိုတသေ နှုတ်ဆက်လိုက်ပြီး သူမ၏ ထူးချွန်ပြောင်မြောက်သော အရည်အချင်းကို ပြသလိုက်ကာ သူမကိုယ်ကို မိတ်ဆက်ပြီးသည့်အခါတွင် ပုပု၏ အခြေအနေများကို အစီအစဉ်ကျကျ ရှင်းလင်းစွာ ပြောပြခဲ့သည်။ 

‌ညနေ လေးနာရီ ကျောင်းဆင်းချိန်တွင် သူမက တက္ကစီငှားပြီး ပုပုကို ကျောင်းသွားကြိုခဲ့သည်။ 

ငါးနာရီတွင် ပုပုက စတော်ဘယ်ရီ၊ ကီဝီနှင့် နဂါးမောက်သီးတို့ဖြင့် ရောနယ်ထားသော သစ်သီးသုတ် ပန်းကန်ငယ်လေးတစ်ခုစာကို ကုန်အောင်စားခဲ့သည်။ 

ခြောက်နာရီအချိန်တွင် အမဲသားနှင့် မုန်လာဥကိုကြော်ပေးခဲ့သည်။ ပုပုက အစားဂျီးမများပဲ တစ်ပန်းကန်လုံးကုန်အောင် သေသေသပ်သပ်စားပေးခဲ့သည်။

ခုနစ်နာရီတွင် အလုပ်ရှင်၏ အထူးတောင်းဆိုချက်အရ ပုပုကို ပုံပြင်စာအုပ် သေသေချာချာ ဖတ်ပြပေးခဲ့သည်။ ပုပုက နားထောင်ပြီးသွားချိန်တွင် ယဉ်ကျေးစွာဖြင့် သူမကို ကျေးဇူးတင်ခဲ့ပေသည်။

လူချမ်းသာများ၏ ကလေးများမှာ ထိန်းကျောင်းရခက်မည်ဟု လင်းဟွေ့ ယခင်က ထင်ခဲ့ဖူးသည်။ သို့ရာတွင် ပုပုကိုတွေ့ပြီးချိန်တွင် သူမ လုံးဝ အံ့အားသင့်သွားရပေသည်။ ထိုကလေးက မြင့်မြတ်သောမိသားစုမှ သခင်လေးတစ်ယောက်နှင့် တူလွန်းသည်။ သူက ဂျီကျခြင်း၊ အသံကျယ်ကျယ်ဖြင့် စကားပြောခြင်း မရှိသည့်အပြင် ကျွေးသမျှ အစားအစာတိုင်းကို အထွန့်မတက်ပဲစားသည်။ အလွန်လိမ္မာလွန်းသောကြောင့် သူမ မယုံကြည်နိုင်ဖြစ်နေသည်။ 

ပုံပြင်နားထောင်ပြီးချိန်တွင်လည်း အခြားကလေးများကဲ့သို့ သူမကို တွယ်ကပ်နေပြီး ဟိုဟိုသည်သည် မေးမြန်းခြင်းများမရှိပေ။ ထိုအစား ရောင်စုံခဲတံများထုတ်၍ တိတ်ဆိတ်စွာဖြင့်သာ အရောင်ထိုင်ခြယ်နေခဲ့သည်။ 

အလုပ်က အလွန်လွယ်ကူလွန်း၍ လစာကလည်း လွယ်လွယ်ရနေသည်။

လင်းဟွေ့က ဆိုဖာပေါ်တွင် သက်တောင့်သက်သာဖြင့်ထိုင်နေပြီး အချိုရည်သောက်လျက် ဖုန်းထဲမှ ကတ်ဂိမ်းများ ကစားနေသည်။ သဘောထားကြီးသောအလုပ်ရှင်ကို ကျေးဇူးတင်လွန်း၍ ဖုန်းကိုင်ပြီးချိန်တွင် ချီးမွမ်းမှုများဖြင့်ပြည့်နေသော သူမစိတ်ကို မထိန်းချုပ်ထားနိုင်ခဲ့ပေ။ 

" လူကြီးမင်းဟယ်က ပုပုကို တော်တော်လေး ဂရုစိုက်တာပဲ... ကျွန်မ အရင်ကလည်း ကလေးတွေအများကြီးကို ဂရုစိုက်ခဲ့ဖူးပါတယ်...ဒါပေမဲ့ မိဘက ကလေးအတွက် ပုံပြင်စာအုပ်အများကြီး ပြင်ဆင်ပေးထားတာကို လူကြီးမင်းနဲ့မှ တွေ့ဖူးတော့တာပဲ..."

လင်းဟွေ့၏ မျက်နှာထက်တွင် အပြုံးကြီးကြီးတစ်ခုပေါ်လာပြီး ဟယ်ကျစ်ယွမ်ကိုမြှောက်ပင့်လိုက်သည်။ 

" ကျွန်မကို ဘယ်ပုံပြင်ဖတ်ပြရမယ်ဆိုတာ မပြောထားပေမယ့် စာအုပ်တွေအားလုံးက အရည်အသွေးကောင်းတာကို သတိထားမိတယ်... သေသေချာချာလေး ရွေးထားတဲ့ပုံပဲ... အဲဒါနဲ့ ၄နှစ်ကနေ ၆နှစ်အရွယ်တွေအတွက် စာအုပ်ပုံထဲက စာအုပ်တစ်အုပ်ထုတ်ပြီး ဖတ်ပြလိုက်ပါတယ်... တကယ်လို့ လိုအပ်တာတွေရှိရင် ကျွန်မကိုပြောပြလို့ရပါတယ် အဲဒါဆို ကြိုပြင်ဆင်ထားလို့လည်း ရတယ်..."

ဟယ်ကျစ်ယွမ် ပြောစရာစကား ပျောက်ရှသွားသည်။

" ကျွန်တော့်အိမ်မှာလား... ကလေးပုံပြင်စာအုပ်တွေ ရောက်နေတယ်ပေါ့..."

" ဟုတ်ပါတယ်... ပစ္စည်းပို့တဲ့လူက တံခါးဝမှာ လာပို့သွားတာထင်တယ်..."

လင်းဟွေ့က ဆိုဖာတွင် ပြန်မှီလိုက်ပြီး စာအုပ်ပုံထဲမှ တစ်အုပ်ကို လှမ်းယူလိုက်သည်။ 

" စာအုပ်က သုံးပုံရှိတာ တစ်ပုံချင်းစီကို အသက်အလိုက် ခွဲပေးထားတာ... တစ်ခုက ၁နှစ်ကနေ ၃နှစ်ကလေးတွေအတွက်၊ နောက်တစ်ခုက ၄နှစ်ကနေ ၆နှစ်၊ နောက်ဆုံးက ၇နှစ်ကနေ ၉နှစ်... အမ် ခဏနေပါဦး ဒီကိစ္စကို မသိတာများလား..."

ဟယ်ကျစ်ယွမ်က ပြန်ဖြေလိုက်သည်။

" ဟုတ်ကဲ့ မသိပါဘူး..."

ရှက်ဖို့ကောင်းလိုက်တာ...

လင်းဟွေ့၏ မြှောက်ပင့်မှုက အရာမထင်လိုက်ပေ။ သူမ အကြိမ်အနည်းငယ်ခန့် ခြောက်ကပ်စွာရယ်လိုက်ပြီး ဦးနောက်ကို အလုပ်ပေးကာ ကျိုးကြောင်းဆီလျော်မည့် ဖြေရှင်းချက်တစ်ခု တွေးလိုက်သည်။

" ဒါဆိုရင်တော့ မဒမ်က မှာထားတာထင်တယ် လူကြီးမင်းရဲ့ အမျိုးသမီးက အမျှော်အမြင်ရှိတယ်နော် ဟားဟား..."

အကယ်၍ သူမ အလုပ်ရှင်ကို မချီးကျူးနိုင်ပါက သူ့ဇနီးကို ချီးကျူးခြင်းကလည်း အကျိုးသက်ရောက်မှုက ထပ်တူ‌ဖြစ်နေလိမ့်ပေမည်။

သို့သော် ဟယ်ကျစ်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။

ဘယ်က မိန်းမလဲ...

မိဘနှစ်ပါးကို ချီးကျူးပြီးသည့်နောက်တွင် ကလေးကို ‌ချီးကျူးပေးရမည့် အရေးကြီးဆုံးနေရာသို့ ရောက်လာသည်။

လင်းဟွေ့က ဤသို့သောကိစ္စမျိုးတွင် အတွေ့အကြုံရှိပြီး ပါးစပ်မှ ပန်းများပွင့်လာသကဲ့သို့ ချီးကျူးစကားများ ပြောတတ်ပေသည်။ ပုပုက လိမ္မာယဉ်ကျေးပြီး သူက တစ်ရာတွင်တစ်ယောက်သာရှိသည့် သိတတ်သော ကလေးလေးတစ်ယောက်ဟု ပြောလိုက်သည်။ 

သူတို့ကလေး ချီးကျူးခံရတာကို ဘယ်မိဘကများ သဘောမကျပဲ နေမှာလဲ...

သူမက စကားလုံးလှလှများကို ဆက်တိုက်ပြောနေသော်လည်း ဟယ်ကျစ်ယွမ်က စိတ်မပျော်မရွှင်ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။ 

ထိုသို့သော မှတ်ချက်ပြုမှုမျိုးကို သူ ရံဖန်ရံခါ ကြားရလေ့ရှိသည်။

ယနေ့အထိ ကလေးထိန်းတိုင်းက ပုပုကို လိမ္မာသည့်ကလေးဖြစ်သောကြောင့် အံ့ဩသွားရသည်ဟုသော စကားများဖြင့်သာ ထပ်ခါထပ်ခါ ချီးမွမ်းခဲ့သည်။ ဟယ်ကျစ်ယွမ်က ထိုစကားများကြောင့် စိတ်အေးခဲ့ရပြီး သူ့သားက ကျန်းကျန်းမာမာ ကြီးပြင်းလာသည်ဟုသာ ထင်ခဲ့မိသည်။ သို့ရာတွင် စုန့်ရန်နှင့် ကတောက်ကဆဖြစ်ပြီးသည့်နောက်ပိုင်းတွင် "လိမ္မာတယ်"၊ " သိတတ်တယ်"၊ " စကားနားထောင်တယ်" ဟူသောစကားများ ကြားရချိန်တိုင်း မမျှော်လင့်စွာဖြင့် သူ၏ပထမဆုံး တုံ့ပြန်မှုက နိုးကြားစွာ သတိထားမိသွားခြင်းဖြစ်သည်။ 

အထူးသဖြင့် "တစ်ရာတွင်တစ်ယောက်" ဟူသည့် စကားကြောင့်ဖြစ်သည်။ 

တစ်ရာတွင်တစ်ယောက်ဟူသည်မှာ "ထူးခြားသည်" ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ ထူးခြားသည်မှာ အကောင်းဘက်မှလည်း ဖြစ်နိုင်သကဲ့သို့ အဆိုးဘက်မှလည်းဖြစ်နိုင်သည်။ ယခင်ကမူ အဆိုးဘက်ခြမ်းကို သူတစ်ကြိမ်တစ်ခါမှ မတွေးခဲ့မိသေည်လည်း ယခုအခါတွင်မူ သင်္ကာမကင်းဖြစ်လာမိသည်။

" ကျွန်တော် မေးခွန်းတစ်ခု မေးချင်ပါတယ်..."

ဟယ်ကျစ်ယွမ်က လင်းဟွေ့မြှောက်ပင့်ပြောနေသည်ကို ဖြတ်ပြောပြီး ဗြောင်ကျကျသာ မေးလိုက်သည်။

" သူငယ်တန်းဆရာမတစ်ယောက်အနေနဲ့ မင်းရဲ့ အတွေ့အကြုံအရဆိုရင် တကယ်လို့ ကလေးတစ်ယောက်က သက်တူရွယ်တူတွေထက်ပိုပြီး ရင့်ကျက်နေရင် စိတ်ပိုင်းဆိုင်ရာ မူမမှန်ဖြစ်နေတဲ့ လက္ခဏာမျိုး ဖြစ်နိုင်ချေရှိလား..."

လင်းဟွေ့ အံ့အားသင့်သွားမိသည်။ သူမက ဉာဏ်စမ်းအမေးအဖြေဏ္ဍတွင် အလွန်ခက်ခဲသည့် မေးခွန်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ဇာတ်ညွှန်းက ဦးတည်ရာ မှားယွင်းသွားခဲ့ပြီဖြစ်သည်။

သူမ စိုးရိမ်တကြီးဖြင့် မေးစေ့ကိုပွတ်လိုက်ပြီး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။

" စိတ်... စိတ်ပိုင်းဆိုင်ရာ မူမမှန်တာတဲ့လား... ဟားဟားဟား လူကြီးမင်းဟယ်က ရယ်ရသားပဲ... လူကြီးမင်းတို့မိသားစုရဲ့ ကလေးက မူမမှန်တာမျိုးမရှိပါဘူး... ကျွန်မ အာမခံပါတယ် ပုပုက သေချာပေါက်..."

ဟယ်ကျစ်ယွမ်က အလေးအနက်မေးလိုက်သည်။

" ဖြစ်နိုင်ချေရော မရှိဘူးလား..."

" အမ် အဲဒါက..."

လင်းဟွေ့ စကားပြောနေရာမှ ရပ်သွားပြီး သူမရင်ထဲတွင် အချက်ပေး ဥဩသံများမြည်လာသည်။ 

တစ်လကို ယွမ်တစ်သောင်းကျော်ရပြီး လွယ်လွယ်လုပ်ရတဲ့အလုပ် ဘယ်မှာများရှိမှာတဲ့လဲ... ဒီမေးခွန်းက သူ့အလုပ်ရှင်က သူ့ရဲ့ အလုပ်နဲ့ပတ်သက်တာကို စစ်မေးဖို့ ကျင်းတစ်ကျင်းတူးထားသလိုပဲ... သူ့ရဲ့ စိတ်နေစိတ်ထားကို အကောင်းဆုံးဖော်ပြပြီး အလုပ်ပထမဆုံးရက်မှာတည်းက ကန်ထုတ်မခံရအောင် ကြိုးစားရမယ်...

သူမက ဤအလုပ်အပေါ် အလွန်ဂရုစိုက်သူဖြစ်သော်လည်း ယခုချိန်တွင်မူ သူမအာရုံက ဟယ်ကျစ်ယွမ်၏မေးခွန်းကို မည်သို့ပြန်ဖြေရမည်ဟူသည့်အပေါ်တွင်သာ အာရုံစိုက်နေပြီး ပုပုက ဧည့်ခန်းထဲတွင်ရှိနေသည်ကို မေ့သွားခဲ့သည်။ 

ပုပုက စကားတစ်လုံးမှမပြောပဲ သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး သူမ စကားပြောနေသည်များကို နားထောင်ကာ စကားလုံးတိုင်းကို နှလုံးသားထဲ စုပ်ယူထည့်သွင်းနေသည်။ 

လင်းဟွေ့က ပြောလိုက်သည်။

" လူကြီးမင်းဟယ်ပြောတဲ့ ဖြစ်နိုင်ချေဆိုတာ တကယ်တော့ ရှိပါတယ်... မိဘတွေရဲ့ အာရုံစိုက်မှုကိုရဖို့ အခက်အခဲရှိတဲ့ ကလေးငယ်လေးတွေက အချိန်ကြာလာတာနဲ့အမျှ လိမ်လိမ်မာမာ နေတတ်လာတာပဲ... ပြီးတော့ သူတို့က ကြောက်တတ်တဲ့စိတ်လေးတွေ အနည်းနဲ့အများတော့ ဝင်လာတတ်တယ်... ဥပမာပြောရရင်တော့ အစွန့်ပစ်ခံရတဲ့ မိဘမဲ့ဂေဟာက ကလေးတွေ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်ခံရတဲ့ ကလေးတွေပေါ့ ... ဒါပေမဲ့ ဒီအခြေအနေတွေက လူကြီးမင်းတို့ မိသားစုက ပုပုနဲ့ လုံးဝမသက်ဆိုင်ပါဘူး...လူကြီးမင်းတို့က လူချမ်းသာတွေလည်းဖြစ်တဲ့အပြင် ပုံမှန်အချိန်မှာလည်း ပုပုကို အဖော်လုပ်ပေးတယ်မလား... အဲဒါကြောင့်မို့ ပုပုရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေက သေချာပေါက် ကျန်းမာပါတယ်... စိတ်မူမမှန်ဖြစ်နိုင်မယ်ဆိုတဲ့ ကိစ္စတွေကို အတွေးမလွန်နေလည်းဖြစ်ပါတယ် လူကြီးမင်းဟယ်..."

သူမ စကားမဆုံးမီတွင် ခန္ဓာကိုယ်တစ်ခုလုံး လေးလံသွားသကဲ့သို့ ခံစားလိုက်ရသည်။ ပုပုက သူမရှိရာသို့ ပြေးဝင်လာပြီး သူမကို ယိုင်သွားအောင် လုပ်လိုက်သည်။

ကလေးလေးက မျက်လုံးအိမ်ထဲမှ မျက်ရည်ပူများစီးကျနေပြီး သူ့လက်သေးသေးလေးများကိုဆန့်၍ ဖုန်းကိုလုနေပြီး အော်ဟစ်ငိုယိုနေသည်။

" ဖုန်းပြန်ပေး... သား ပါပါးနဲ့ ဖုန်းပြောမှာ... သားက မူမမှန်တာမဟုတ်ဘူး... အဲ့လိုမဟုတ်ဘူးလို့..."

ဟယ်ကျစ်ယွမ်မှာ တစ်ဖက်မှ ရှိုက်ကြီးတငင်ငိုသံကို ကြားလိုက်ရသည့်အခါ ကုတင်ပေါ်တွင် ချက်ချင်းထထိုင်လိုက်ပြီး ဒေါသ ပေါက်ကွဲလုမတတ်ဖြစ်လာသည်။

ဒီကလေးထိန်းက ဘာဖြစ်နေတာလဲ... ဒီလို ဆတ်ဆတ်ထိမခံတဲ့ အကြောင်းတွေ ဆွေးနွေးမယ်ဆိုရင် ကလေးနဲ့ ဝေးဝေးမှာနေရမှာကို မသိဘူးလား... မနေ့ကမတိုင်ခင်တစ်ရက်မှာ စုန့်ရန်က သူနဲ့ ဒီကိစ္စတွေပြောတုန်းက အခန်းထဲဝင်ရုံတင်မကဘူး တံခါးပါ သေချာပိတ်ထားတယ်လေ...

လင်းဟွေ့မှာ ကြောက်လန့်မှုကြောင့် အံ့ဩမှင်သက်သွားပြီး ရုပ်တုတစ်ခုကဲ့သို့ရပ်နေကာ အချိန်အတန်ကြာသည်အထိ မတုံ့ပြန်နိုင်အောင်ဖြစ်နေသည်။ 

ပုပုက သူမလက်ထဲမှ ဖုန်းကို လုယူပြီးနောက်တွင် ကြမ်းပေါ်တွင် ထိုင်ချလိုက်ပြီး ကျယ်လောင်စွာ ငိုကြွေးနေသည်။ သူ့အဖေကို အော်ခေါ်နေစဉ်တွင် ကျို့ထိုးလာပြီး ‌သူက မူမမှန်ခြင်းမဟုတ်ကြောင့် ငိုယိုပြီးပြောနေသည်။

လင်းဟွေ့က သူ့ကို တုံးအစွာဖြင့် ကြည့်နေပြီး သူမ ဤအလုပ်ကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူမက အသက်နှစ်ဆယ်ကျော် မိန်းကလေးတစ်ယောက်သာဖြစ်၍ ဤသို့သော မမျှော်လင့်ထားမှုကြီးကို မခံစားနိုင်ဖြစ်သွားသည်။ သူမစိတ်ထဲ အောင့်အည်းမနေနိုင်တော့ပဲ နှာခေါင်းကနီရဲလာပြီး မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။ 

စုန့်ယန်က ခေါက်ဆွဲကြော်တစ်ဘူးနှင့် ကြက်သားမွကြော်ကိုယူဆောင်၍ ဓာတ်လှေကားမှ တက်လာစဉ်တွင် အခန်း8012Bမှ ငိုသံကြီးက ကောင်းကင်ကိုပင် လှုပ်ခါသွားတော့မည်ဟု ထင်ရပေသည်။ ထိုအသံကျယ်ကျယ်များကို တံခါးအပြင်ဘက်မှပင် ကြားနေရသည်။ 

သူ ထိုနေရာသို့ အမြန်ပြေးသွားပြီး တံခါးခေါက်လိုက်သည်။ ခဏအကြာတွင် မိန်းကလေးငယ်လေးတစ်ယောက်က တံခါးလာဖွင့်သည်။ 

မိန်းကလေး၏ မျက်လုံးများက နီရဲနေကာ ပါးပြင်တွင်လည်း မျက်ရည်များစီးကျနေသည်။ သူမက ဤကိစ္စကို ဖြစ်ပွားစေသူဖြစ်ရမည်။ သူမက နှစ်လိုဖွယ်ကောင်းပြီး ချောမောသည့်လူငယ်လေးတစ်ယောက် အပြင်တွင် ရပ်နေသည်ကို မြင်လိုက်ရသည့်အခါ စုန့်ရန်၏ နာမည်ကိုပင် မမေးတော့ပဲ သူ့ရင်ခွင်ထဲ ပစ်ဝင်လိုက်ကာ မျက်ရည်များကို စုန့်ရန်၏ ပခုံးတွင် သုတ်နေသည်။ 

" ဟမ်... ဘာ... မင်း ဘာဖြစ်နေတာလဲ..."

ခေါက်ဆွဲကြော်ဘူးကိုကိုင်ထားသည့် စုန့်ရန်က တအံ့တဩဖြစ်သွားသည်။

လင်းဟွေ့က ကုန်းအော်လိုက်သည်။

" ကျွန်မတော့ သွားပါပြီ..."

ထို့နောက် ပို၍ သနားစရာကောင်းသည့် ငိုသံကြီးက အခန်းထဲမှ ထွက်လာသည်။

" ကိုကြီး..."

စုန့်ရန်က လင်းဟွေ့ကို ဘေးနားတွန်းလိုက်ပြီး ဆောင့်ကြောင့်ထိုက်ကာ လက်နှစ်ဖက်ကို ဖြန့်ထားလိုက်သည့်အခါ ပုပုက သူ့ဖုန်းကို လက်ထဲတွင်ကိုက်ထားလျက် ‌ငိုယိုပြီး ပြေးလာနေကာ သူ့ရင်ခွင်ထဲကို ကျည်ဆန်သဖွယ် ပစ်ဝင်လာသည်။ 

ပုပု၏ "ကိုကြီး" ဟူသော ငိုသံက စိတ်ထိခိုက်စရာကောင်းလှသည်။ ဖုန်းတစ်ဖက်မှ ဟယ်ကျစ်ယွမ်က ၎င်းကိုကြားသွားသည့်အခါမှ စိတ်အေးသွားပြီး သက်ပြင်းရှည်ကြီး ချလိုက်ကာ မျက်လုံးများ မှိတ်လိုက်ပြီး မျက်ခုံးကို လက်ဖြင့်ပွတ်နေသည်။ 

Xxxxxxx