MM Storyteller
Webnovel Translations
အပိုင်း ၂၀
Viewers
10k
Chapters
98
Chapter 20
ယခုချိန်တွင် စုန့်ရန် ရောက်လာပြီဖြစ်သောကြောင့် စိုးရိမ်တကြီးဖြစ်နေသော နှလုံးသားက ငြိမ်သက်သွားခဲ့ပြီဖြစ်သည်။
သတိလက်လွတ်ဖြစ်မိမှုကြောင့် လင်းဟွေ့က အခြေအနေတစ်ခုလုံးကို ကမောက်ကမဖြစ်သွားအောင် လုပ်လိုက်မိသည်။ ကလေးလေး၏ မျက်နှာတွင် မျက်ရည်နှင့် နှာရည်များဖြင့် ပေပွနေသည်။ ဟယ်ကျစ်ယွမ် အလွန်ဒေါသထွက်လွန်း၍ စကားပင် ရှင်းရှင်းလင်းလင်းဖြစ်အောင် မပြောနိုင်ဖြစ်နေသည်။ သူက နယ်ပယ်ပေါင်းများစွာတွင် ကျွမ်းကျင်သူဖြစ်သော်လည်း အေးစက်စက်ဖုန်းတစ်လုံးနှင့် ခြားထားသည့်အခါ သူ့သားလေးကို ပွေ့ဖက်နမ်းရှုပ်ခြင်း မပြုလုပ်နိုင်ဖြစ်နေသည်။
သို့ရာတွင် ကံကောင်းစွာဖြင့် စုန့်ရန်က ယခုချိန်တွင် ရောက်လာခဲ့သည်။
ဟယ်ကျစ်ယွမ်က လူတစ်ယောက်ကို အကြောင်းအရင်းမရှိပဲ ယုံကြည်ခဲလှသည်။ သို့ရာတွင် စုန့်ရန် ဤနေရာတွင် ရှိနေပြီး သူ့ကလေးကို အဖော်ပြုနေသရွေ့ ပုပုက မကြာမီအချိန်တွင် အငိုတိတ်သွားမည်ကို အလိုလို သိနေသည်။
တစ်ဖက်တွင်မူ စုန့်ရန်က ပုပုကို ချီလိုက်သည်။
အဖိုးတန် ကလေးလေးက အသည်းအသန်ငိုကြွေးနေသည်။ သူ၏ နူးညံ့သော ခန္ဓာကိုယ်လေးက တသိမ့်သိမ့်တုန်နေပြီး မျက်ရည်များက အဆုံးမရှိအောင် ကျဆင်းလာသည်။ ပုပု၏ ပါးပြင်မှ မျက်ရည်စီးကြောင်းကြီးက ကြမ်းပြင်ပေါ်သို့ တစ်စက်စက်စီးကျနေသည်မှာ ပုလဲလုံးများသဖွယ်ဖြစ်နေသည်။
" ဘာမှမဖြစ်တော့ဘူးနော်... အဆင်ပြေသွားပါပြီ ပုပုရဲ့... ကိုကြီး ဒီမှာရှိတယ် ပုပုနဲ့ အတူတူ နေပေးမယ်နော်..."
စုန့်ရန်က ကလေး၏ ကျောပြင်ကို ပုတ်ပေးနေပြီး သူ့ပခုံးကိုမှီကာ ငိုနေစေသည်။
ဧည့်ခန်းထဲမှ ပီခနဲအသံထွက်လာပြီး ရှောင်ကျူက ၉၀ဒီဂရီ လှည့်လာသည်။ သူတို့နှင့် မီတာဝက်အကွာခန့်ရောက်သည့်အခါ မျက်နှာပြင်ပေါ်မှ အလင်းတန်းက ရေခဲပြာရောင် ပြောင်းသွားသည်။
စုန့်ရန် အနည်းငယ်ကြောက်လန့်သွား၍ ခြေတစ်လှမ်းခန့် ဆုတ်မိသွားသည်။
ပုပုက ပင့်ရှိုက်နေပြီးနောက် ခဏကြာသည်အထိ ငိုနေသည်။ ခဏအကြာမှ ပါးစပ်ဟလာပြီး တည်ကြည်စွာဖြင့် ရှင်းပြလိုက်သည်။
" ကိုကြီး... သားက မူမမှန်တာ မဟုတ်ဘူး... သားက လူကောင်းပါ..."
မူမမှန်ဘူးတဲ့လား...
စုန့်ရန် ထိုစကားကိုကြားသည့်အခါ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။
ဒီမိန်းကလေး ဘာတွေပြောလိုက်လို့ပါလိမ့်...
ပုပု နောက်တစ်ကြိမ် နာကျင်ရမည်စိုး၍ ဖြစ်ပျက်ခဲ့သည်များကို တိုက်ရိုက်မမေးတော့ပေ။ ထိုအစား ဘေးနားမှ လင်းဟွေ့ကို အဓိပ္ပါယ်ပါပါဖြင့် တစ်ချက်ကြည့်လိုက်ပြီး လေသံပျော့ပျော့ဖြင့်သာ ပြောလိုက်သည်။
" ဘာတွေဖြစ်တာလဲ... စာရွက်တစ်ရွက်နဲ့ ခဲတံသွားယူခဲ့... အာ မဟုတ်သေးဘူး ဖုန်းယူခဲ့... မင်းရဲ့ဖုန်းကိုသုံးပြီး စာရိုက်ပြပါ..."
သို့ရာတွင် လင်းဟွေ့က မတုံ့ပြန်ပေ။ သူမက စုန့်ရန်ကို ငေးငိုင်ကြည့်နေပြီး ပါးစပ်အဟောင်းသားဖြစ်နေကာ အိပ်ငွေ့ချခံထားရသည်နှင့် တူနေသည်။
စုန့်ရန် စိတ်မရှည်တော့ပေ။
" စာရိုက်ပြလို့ ပြောနေတယ်မလား..."
" အိုး... ဟို ... သိပါပြီ..."
သူမ အသိစိတ်ပြန်ဝင်လာပြီးနောက် ဖုန်းထဲမှ မှတ်စုတွင် စာရိုက်လိုက်သည်။ စာရိုက်နေစဉ်တွင် မျက်လုံးထောင့်မှနေ၍ စုန့်ရန်ကို ခိုးကြည့်နေသည်။ အရပ် ၁.၇၈မီတာခန့်ရှိသော အရပ်ရှည်ရှည်ကောင်လေးက ကလေးလေးကို ချီထားလျက် ဧည့်ခန်းထဲတွင် ပတ်လျှောက်နေသည်။ သူ ကလေးလေးကို ချီထားပြီး ကျောပြင်ကို ပုတ်ပေးနေသည်က အလွန်နူးညံ့ညင်သာလှပြီး မြင်လိုက်ရသူတိုင်း၏ စိတ်နှလုံးကို နွေးထွေးသွားနိုင်သည်။
ဒါက gap moeပဲ သေချာပေါက်ကို gap moe...
(T/N - ရုပ်ရှင်ဇာတ်လမ်း ဒါမှမဟုတ် အပြင်လောကမှာ လူတစ်ယောက်က သူတို့ ပုံမှန်အလေ့အထ၊ကိုယ်ရည်ကိုယ်သွေး၊အသွင်အပြင်နဲ့ လုံးဝဆန့်ကျင်ဘက်တစ်ခုခုကို လုပ်လိုက်တဲ့ အသုံးပြုရတဲ့ အသုံးအနှုန်းပါ။ များသောအားဖြင့် ပုံမှန်နဲ့ ဒီလိုဆန့်ကျင်ကွဲလွဲနေတာကို တခြားလူတွေက ဆွဲဆောင်မှုတယ် သဘောကျစရာကောင်းတယ်လို့ မြင်ကြပါတယ် )
လင်းဟွေ့၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး ရှက်လာသောကြောင့် ပါးပြင်များ နီရဲလာသည်။
စုန့်ရန်က ဂေးတစ်ယောက်ဖြစ်နေခဲ့သည်မှာ အလွန်ကြာပြီဖြစ်၍ ကလေးတစ်ယောက်ကို နှစ်သိမ့်ပေးနေသော သူ့အပြုအမူက မိန်းမပျိုလေးတစ်ယောက်၏ နှလုံးသားကို ဖမ်းစားနိုင်သွားလိမ့်မည်ဟု စိတ်မကူးခဲ့မိပေ။ လင်းဟွေ့၏ တက်ကြွနေသည့် အကြည့်များကိုလည်း သူ သတိမပြုမိပေ။ ပုပုကို ခဏတာ ချော့မြူပြီးသည့်အခါ သူမအနားသို့ရောက်လာပြီး ဖုန်းကိုယူလိုက်သည်။ အကြောင်းအရာများကို ဖတ်ပြီးသည့်အခါ သူ့မျက်ခုံးများ သိသိသာသာတွန့်သွားသည်။
လင်းဟွေ့၏ တစ်ကိုယ်လုံး ကျုံ့ဝင်မတတ်ဖြစ်သွားပြီး ကပျာကသီဖြင့် တောင်းပန်လိုက်သည်။
" ကျွန်မ တောင်းပန်ပါတယ်..."
စုန့်ရန် သက်ပြင်းချလိုက်သည်။
" ကျွန်တော့်ကို မတောင်းပန်ပါနဲ့ ကျွန်တော်က ကလေးအဖေမှ မဟုတ်တာ..."
သူက လူကြီးမင်းဟယ် အလုပ်ဖြုတ်လိုက်သည့် 'ကလေးထိန်း' ဖြစ်သောကြောင့် သူ့အနေအထားက လင်းဟွေ့ထက်ပိုပြီး ကသိကအောက်ဖြစ်နေသည်။ သူက ဤကိစ္စတွင် ဝင်ပါခွင့်မရှိသော်လည်း လျစ်လျူရှု့မထားနိုင်ပေ။ ကလေး၏ ကျောပြင်ကို ပုတ်ပေးနေလျက် ပြောလိုက်သည်။
" ကျွန်တော် ပုပုကို အခန်းထဲခေါ်သွားပြီး စိတ်ငြိမ်အောင်ထားလိုက်မယ်... မင်း... မင်း နာမည်ကဘာလဲ..."
" လင်းဟွေ့ပါ..."
" လင်းဟွေ့ မင်းလည်း မငိုပါနဲ့တော့ ကျွန်တော် ခဏနေမှ ပြန်လာပြီး မင်းအတွက် တစ်ခုခုစဉ်းစားပေးပါ့မယ် ဟုတ်ပြီလား..."
" ဟုတ် ကောင်းပါပြီ..."
လင်းဟွေ့ ရင်ထဲ ခံစားသွားရ၍ နှုတ်ခမ်းများ တင်းတင်းစေ့ထားပြီး မျက်ရည်များက စမ်းချောင်းသဖွယ် စီးကျလာသည်။
အခန်း 8012Aနှင့် 8012Bတို့၏ အခန်းဖွဲ့စည်းပုံက ခေါက်ချိုးညီညီဖြစ်သောကြောင့် စုန့်ရန်က ပုပု၏အခန်းကို လျင်မြန်စွာ ရှာတွေ့သွားသည်။ သို့ရာတွင် တံခါးဖွင့်လိုက်ချိန်တွင် ကြက်သေသေသွားရသည်။
ဒီလိုဟာမျိုးကို ကလေးတစ်ယောက်ရဲ့အခန်းလို့ ခေါ်ရမှာလား...
အခန်းထဲတွင် မီးခိုးရောင် အဖြူရောင်များဖြင့်သာပြည့်နေပြီး ဧည့်ခန်း၏ အပြင်အဆင်နှင့် ထပ်တူနီးပါးဖြစ်နေ၍ ကလေးများ၏ အရောင်စုံအရာများအပေါ် တပ်မက်မှုဖြင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဤနေရာတွင် အနည်းငယ်နွေးထွေးမှုကို ဖော်ပြနေသည့်အရာက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် lego ရုပ်များ၊ အိပ်ရာခေါင်းရင်းတွင် ချိတ်ထားသည့် နေကြာပန်းများပုံစံ ဆီဆေးပန်းချီနှင့် ကော်ဖီရောင် ဧရာမတယ်ဒီဝက်ဝံရုပ်ကြီးသာဖြစ်သည်။
အိပ်ရာက နှစ်ယောက်အိပ်ဖြစ်သော်လည်း ခေါင်းအုံးတစ်လုံးသာရှိ၍ ကလေးလေးက တစ်ယောက်တည်း အိပ်လေ့ရှိသည့်ပုံပေါ်သည်။
စုန့်ရန် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီးချိန်တွင် သူ့ရင်ထဲမှ ခံစားချက်ကို မဖော်ညွှန်းနိုင်ပဲ အသက်ရှုကြပ်လာသကဲ့သို့သာ ခံစားလိုက်ရသည်။ သူ တံခါးပိတ်တော့မည့်အချိန်တွင် ရှောင်ကျူက တံခါးအနားသို့ရောက်လာပြီး သူတို့နှင့်အတူ အခန်းထဲဝင်မည်အပြုတွင် တံခါးနှင့်ထိသွား၍ စုန့်ရန်က တံခါးပြန်ဟပေးလိုက်ရသည်။
၎င်းက ပုပုကိုကာကွယ်ရန် လူကြီးမင်းဟယ်မှတာဝန်ပေးထားသော နတ်သားလေးသဖွယ်ဖြစ်နေ၍ ဘေးကင်းလုံခြုံမှုအတွက် အတိုင်းအတာတစ်ခုအထိစောင့်ကြည့်နိုင်စွမ်းရှိသည်။ ၎င်း၏ စောင့်ကြည့်မှုအောက်တွင် နေခြင်းက ပို၍ သင့်တော်လိမ့်မည်ဟု စုန့်ရန်တွေးလိုက်သည်။
ရှောင်ကျူက မြင်ကွင်းကောင်းသည့် ထောင့်တစ်ထောင့်တွင် ရပ်နေလိုက်ပြီး အသံမထွက်ပဲ စောင့်ကြည့်နေသည်။
ကလေးငယ်လေးက ငိုနေဆဲဖြစ်သည်။ သူက စုန့်ရန်၏ရင်ခွင်ထဲ လှဲနေပြီး အသံပြတ်တောင်းပြတ်တောင်းဖြင့် ငိုနေကာ အသံ တိုးတိုးလေးသာထွက်တော့သည်။ သူ့အသံက အလွန် သနားစဖွယ်ကောင်းနေ၍ စုန့်ရန် သူ့ကိုကြည့်နေစဉ်တွင် ရင်ထဲ နာကျင်လာသည်။
သူ ပုပုကိုချီထားပြီး အိပ်ရာပေါ် ထိုင်လိုက်သည်။ အိပ်ရာက သိမ့်ခနဲတုန်ယင်သွားပြီးနောက် ဖုန်းက ဒေါက်ခနဲ အိပ်ရာပေါ်ကျလာသည်။
မျက်နှာပြင်က ခဏတာ လင်းလက်သွားပြီးနောက် ချက်ချင်း အရောင်ပြန်မှိန်သွားသည်။ စကားပြောဆိုချိန် ၂၆မိနစ် ၁၅စက္ကန့်က အရောင်တစ်ချက်လက်ပြီး စက္ကန့်များကို ဆက်လက်ရေတွက်နေသည်။
သို့သော် စုန့်ရန်က သတိမပြုမိပေ။
သူ့မျက်လုံးထဲတွင် နှာခေါင်းများနီရဲလာသည်အထိ ငိုကြွေးနေသော ကလေးလေးသာရှိသည်။
ငိုကြွေးနေသော ကလေးလေးက မိုးနတ်ဘုရား၏ သင်္ကေတဖြစ်ပုံရသည်။ မိုးသည်းထန်စွာရွာသွန်းပြီးနောက်တွင် မိုးဖွဲကျနေသကဲ့သို့ နောက်ထပ်ဆယ်မိနစ်ခန့်ငိုပြီးသည့်နောက်တွင်မှ မျက်ရည်များက မှော်ဆန်ဆန်ပျောက်ကွယ်သွားသည်။ စုန့်ရန်က သူ့ဘေးတွင် တစ်ချိန်လုံးအဖော်ပြုနေပြီး လောနေခြင်းမရှိသကဲ့သို့ အခြားစကားများလည်းမပြောပေ။ ကလေးလေးက အားရပါးရငိုပြီးနောက် စိတ်ခံစားချက်များကို ဖော်ပြပြီးသွားသည့်အခါတွင် အနည်းငယ် ရှက်ရွံ့သွားသည့်ပုံစံဖြစ်သွားသည်။
သူ ရှက်သွားသည့်ပုံဖြင့် ခေါင်းငုံ့ထားပြီး စုန့်ရန်ကိုမှီကာ သူ့အင်္ကျီစကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။
" ကိုကြီး..."
အသံက လေးနက်နေသော်လည်း အလိုလိုက်ခံချင်သည့် ကလေးဆန်မှုအနည်းငယ် ပါဝင်နေသည်။
စုန့်ရန် မရယ်ပဲ မနေနိုင်တော့ပေ။
" ဘာတွေ ငိုနေတာတုန်း... ပုပု အဲ့လိုငိုနေရင် မမက နောက်ဆို ချီးကျူးရဲတော့မှာ မဟုတ်ဘူး..."
" ဟင်..."
ပုပုက ဇဝေဇဝါဖြစ်သွားဟန်ဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် နောက်ဆုံးလက်ကျန် မျက်ရည်စက်တစ်စက် မကျလာအောင် လုပ်လိုက်သည်။
စုန့်ရန်က ပြောသည်။
" ပုပု မသိဘူးလား... ခုနတုန်းက ပုပု အရမ်းလိမ္မာလို့ မမက ချီးကျုးလိုက်တာလေ..."
" ဒါပေမဲ့ သား သေချာ ကြားလိုက်တာ..."
ပုပုက အသံတိုးတိုးဖြင့် တစ်ချက် ရှိုက်လိုက်သည်။
" မမက သားကို မူမမှန်ဘူးလို့ပြောတယ်..."
စုန့်ရန် သူ၏ ပါးလေးကို အသာညှစ်လိုက်ပြီး နွေးထွေးစွာပြောလိုက်သည်။
" မူမမှန်ဘူးဆိုတာ အမြဲတမ်း မကောင်းတဲ့စကားမဟုတ်ပါဘူး... တကယ်တော့ အဲဒါ "မတူဘူး" ဆိုတဲ့ သဘောပဲ... ဥပမာပြောရမယ်ဆိုရင် ကိုကြီးက ဈေးကနေ အရမ်းချိုတဲ့ ပန်းသီးအကြီးကြီးတစ်လုံး ဝယ်လာတယ်... အဲဒါက တခြားပန်းသီးအသေးတွေနဲ့ မတူဘူး...ဒါမှမဟုတ်ရင် ကိုကြီးက ချစ်စရာကောင်းပြီး လူယဉ်တဲ့ ကြောင်အကျားလေးတစ်ကောင်နဲ့တွေ့တယ်... အဲဒါကြောင့်မို့ သူက တခြားကြောင်တွေနဲ့ မတူဘူး... အခု ကိုကြီးက ပုပုကိုကြည့်ပြီးတော့ တွေးလိုက်မယ်... ပုပုက လိမ္မာပြီး စကားနားထောင်လိုက်တာ... တခြား ဆိုးတဲ့ကလေးတွေနဲ့ မတူဘူး... အဲ့လိုသဘောပဲ..."
ပုပု မှင်သက်သွားမိသည်။
" အဲ့ အဲ့လိုပြောတာလား..."
" ဟုတ်တာပေါ့..."
စုန့်ရန် စိတ်လိုလက်ရ ပြုံးလိုက်သည့်အခါ ပါးချိုင့်လေးနှစ်ခု ပေါ်လာ၍ သူ့စကားများ၏ မှန်ကန်မှုကို သက်သေပြလိုက်သကဲ့သို့ ဖြစ်သွားသည်။
" ပုပုက အများကြီးတွေးလိုက်တာကိုး... ပုပုကို အရင်ကတွေ့ဖူးတဲ့ အန်တီတွေ၊ ဆရာမတွေနဲ့ ဖိုးဖိုးဖွားဖွားတွေက ပုပုက ဉာဏ်ကောင်းပြီး လိမ္မာတဲ့ ကလေးလေးလို့ မချီးကျူးကြဘူးလား..."
ပုပုက နှစ်စက္ကန့်ခန့်စဉ်းစားလိုက်ပြီးမှ ချိုသာသည့်အသံလေးဖြင့် ပြန်ဖြေလိုက်သည်။
" အင်း ..."
စုန့်ရန်က ဆက်ပြောသည်။
" တွေ့လား ပုပုလိမ္မာတယ်ဆိုတာ အားလုံးသိကြတယ်... ကိုကြီးလည်း ပထမဆုံးအကြိမ်တွေ့တည်းက ပုပုလိမ္မာမှန်းသိတာဆိုတော့ မမလည်းသိမှာပဲ... အဲဒါကြောင့်မို့ မမက ပုပုအဖေကိုပြောတဲ့ မူမမှန်ဘူးဆိုတာက ပုပုက တခြားကလေးတွေထက်ပိုပြီး သဘောကျစရာကောင်းလို့ အကောင်းမြင်တဲ့ဘက်ကနေ ပြောလိုက်တာ..."
ပုပုက မျက်ရည်များဝဲနေလျက် ပြုံးလာပြီး အနက်ရောင်မျက်ဝန်းလေးများက ပြန်လည်အသက်ဝင်လာသည်။ သို့သော် ခဏအကြာတွင် သူ့မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီး မှုန်ကုပ်ကုပ် ပြန်ဖြစ်လာသည်။
" ကောင်းတဲ့ဘက်ကပြောတာ မဟုတ်ဘူး... သားသိတယ်..."
သူ ခေါင်းခါပြီး ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်သည်။
" ကိုကြီးသိလား... သားကို ချီးကျူးတဲ့အချိန်တိုင်း ကိုကြီးရဲ့မျက်လုံးနဲ့ နှုတ်ခမ်းနှစ်ခုလုံးက ပြုံးနေတာ... ဒါပေမဲ့ အဲ့မမစကားပြောတော့ ပြုံးမနေဘူး မူမမှန်ဘူးဆိုတာ သားကို မကောင်းပြောတာပဲဖြစ်မယ်..."
အထီးကျန်နေသော ကလေးလေး၏အသံက တစ်ဖက်မှဖုန်းတွင် ထုတ်လွှင့်လိုက်သည်။ ဟယ်ကျစ်ယွမ်၏ အသက်ရှုသံက တင်းကြပ်လာပြီး အစောပိုင်းက စိတ်အေးလက်အေးဖြစ်သွားခဲ့သော သူ့နှလုံးသားက တစ်ကြိမ်ထပ်မံပြီး တင်းကြပ်လာပြန်သည်။
ထိုစကားများက ပုပုထံမှ ကြားလေ့ရှိသည်များမဟုတ်ပေ။
သူ့ပုံစံက အလွန် ဆတ်ဆတ်ထိမခံဖြစ်နေသည်။
အမြဲတစေ ရယ်မောပြုံးရွှင်ပြီး တက်ကြွနေတတ်သော ကလေးငယ်လေးတွင် ဤသို့သောဘက်ခြမ်းရှိနေသည်ကို သူ မယုံနိုင်ဖြစ်နေသည်။
တစ်ဖက်တွင် ဆယ်စက္ကန့်ခန့် ငြိမ်သက်သွားသည်ဖြစ်ရာ စုန့်ရန်လည်း စိတ်ရှုပ်ထွေးသွားသည်ဟု သူ သဘောပေါက်လိုက်သည်။ သူ့စိတ်ထဲ မသက်မသာဖြစ်လာပြီး အလိမ်အညာများကို ပုပုက ဖောက်ထွင်းမြင်သွားတော့မည်ဟု တွေးနေချိန်တွင် စုန့်ရန်က စကားပြောလာသည်။။
" အဲ့မမ မပြုံးတာက ပုပု မလိမ္မာလို့် မဟုတ်ပါဘူး... ဖုန်းထဲက ပုပုအဖေက ပုပုကို လိမ္မာပြီး စကားနားထောင်တဲ့အတွက် မချီးကျူးသင့်ဘူးလို့ပြောလိုက်ပြီး သူ ဒါတွေ နားထောင်ရတာ မကြိုက်ဘူးလို့ ပြောလိုက်လို့နေမှာပါ..."
" သူ ဘာလို့ မကြိုက်တာလဲ..."
ကလေးလေးက ခေါင်းစောင်းကြည့်နေပြီး သူ့မျက်နှာထက်တွင်သူ့မျက်နှာထက်တွင် ပဟေဠိဖြစ်နေသည့် အမူအရာမျိုး ဖြစ်လာသည်။
" ဘာလို့လဲဆိုတော့ ပုပုအဖေက စိတ်ညစ်သွားလို့ဖြစ်မယ်... ပုပုကို အရမ်းလိမ္မာတယ်လို့ ပြောလိုက်မယ်ဆိုရင် ရင်ထဲမှာ တစ်ခုခုမှားနေရင်တောင်မှ မပြောနိုင်ပဲ ဖုံးကွယ်ထားလိမ့်မယ် ကလေးတွေရဲ့ ခန္ဓာကိုယ်က သေးသေးလေးတွေဆိုတာ သိတယ်မလား... အဲဒါကြောင့်မို့ သူတို့နှလုံးသားလေးတွေကလည်း သေးတယ် လက်ဖဝါးလောက်လေးပဲရှိတာ... ပုပုက အားလုံးကို ဖုံးကွယ်ထားမယ်ဆိုရင် ပုပုအဖေလည်း စိတ်ညစ်ရလိမ့်မယ်..."
" လိမ်နေတာ သားကို လိမ်ပြောနေတယ်... ပါပါးက တစ်ခါမှ စိတ်မညစ်ဘူး... ပါပါးက လိမ္မာတဲ့ ပုပုကိုပဲချစ်တာ..."
ပုပုက စုန့်ရန်ကို စိုက်ကြည့်နေသည်။
စုန့်ရန် အံ့အားသင့်သွားပြီး အလျင်အမြန်ပြောလိုက်ရသည်။
" အဲ့လိုပြောချင်တာမဟုတ်ပါဘူး... ပုပုက လိမ္မာတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ပါပါးက ချစ်မှာပါပဲ..."
သို့ရာတွင် ပုပုက ဆုံးဖြတ်ချက်ပြတ်သားသည့်ပုံဖြင့် ခေါင်းခါပြလိုက်သည်။
" ကိုကြီး မသိလို့ပါ... ပါပါးက လိမ္မာတဲ့ ပုပုကိုပဲချစ်တာ..."
ကလေးငယ်လေးက စုန့်ရန်ကို မျက်နှာချင်းဆိုင်ထားပြီး အဖြူရောင်စက္ကူထက်ပင် ဖြူဖွေးသော သူ၏ အတွင်းကျဆုံး စိတ်ခံစားချက်များကို ဖော်ပြလိုက်သည်။
" ပါပါးက အမြဲအလုပ်ရှုပ်နေလို့ နှောင့်ယှက်ခံရတာကို သဘောမကျဘူး... သူက အမြဲတမ်း ကွန်ပျူတာကိုပဲကြည့်နေတာ သားကိုမကြည့်ဘူး... သားနဲ့ လာကစားဖို့ခေါ်ရင် 'ပုပုက လိမ္မာတယ် မရှုပ်ရဘူးနော်' လို့ပဲ ပြောတာ... သားက လိမ်လိမ်မာမာနေပြီး သူ့ကို မနှောင့်ယှက်မှ သူအားတဲ့အချိန် သားခေါင်းကို လာပုတ်ပေးပြီးတော့ ချီးကျူးတာ အဲဒါကြောင့်မို့..."
ပုပုက စုန့်ရန်နားသို့တိုးလာပြီး လျှို့ဝှက်ချက်တစ်ခုကို ပြောပြသည့်အနေဖြင့် တီးတိုးပြောလိုက်သည်။
" အဲဒါကြောင့်မို့ သားက လိမ္မာတဲ့ပုပုပဲ အမြဲဖြစ်နေရမှာ..."
(😢)
Xxxxxxxx
Prev
Next
Welcome To MM Storyteller
LOGIN
Email Address
Password
Remember Me
Forgot your password?
Log In
OR
Don't have an account?
REGISTER
Welcome To MM Storyteller
REGISTER
Username
Email Address
Password
Register
OR
Already have an account?
LOGIN