အပိုင်း ၂၁
Viewers 9k

Chapter 21


" ပါပါးက အမြဲအလုပ်ရှုပ်နေလို့ နှောင့်ယှက်ခံရတာကို သဘောမကျဘူး... သူက အမြဲတမ်း ကွန်ပျူတာကိုပဲကြည့်နေတာ သားကိုမကြည့်ဘူး... သားနဲ့ လာကစားဖို့ခေါ်ရင် 'ပုပုက လိမ္မာတယ် မရှုပ်ရဘူးနော်' လို့ပဲ ပြောတာ... သားက လိမ်လိမ်မာမာနေပြီး သူ့ကို မနှောင့်ယှက်မှ သူအားတဲ့အချိန် သားခေါင်းကို လာပုတ်ပေးပြီးတော့ ချီးကျူးတာ အဲဒါကြောင့်မို့..."


ပုပုက စုန့်ရန်နားသို့တိုးလာပြီး လျှို့ဝှက်ချက်တစ်ခုကို ပြောပြသည့်အနေဖြင့် တီးတိုးပြောလိုက်သည်။


" အဲဒါကြောင့်မို့ သားက လိမ္မာတဲ့ပုပုပဲ အမြဲ‌ဖြစ်နေရမှာ..."


ဟယ်ကျစ်ယွမ်က ‌အလွန်တရာလေးနက်သည့် အမူအရာဖြင့် ကုတင်ပေါ်တွင်ထိုင်နေပြီး သူ့နဖူးကို လက်တစ်ဖက်ဖြင့် ထောက်ထားသည်။ လက်မနှင့် လက်ခလယ်ဖြင့် မျက်ခုံးနှစ်ခုအကြားမှနေရာကို အသည်းအသန်ဖိနေသည်။ ခဏအကြာတွင် ခေါင်းငုံ့လိုက်ပြီး မျက်နှာကို လက်ဖြင့်ကာထားလိုက်၍ လက်ဆယ်ချောင်းလုံးကို ဆံပင်ထဲ ရောက်သွားစေသည်။


ဒီလိုဖြစ်နေခဲ့တာပေါ့...


သူ အလုပ်များနေလို့ မမျှော်လင့်ပဲ ကလေးကို ဒီလိုမျိုး လျစ်လျူရှု့မိခဲ့တာပဲ...


အားလုံးက အမှန်ဖြစ်နေတာပေါ့...


ဟယ်ကျစ်ယွမ်က သူ့ကိုယ်သူ အရည်အချင်းပြည့်မီသော ဖခင်တစ်ယောက်ဟု ထင်ခဲ့မိသည်။ တချို့သော အခြေအနေများမှလွဲလျှင် ရုံးတွင် အချိန်ပိုအလုပ်ဆင်းရန် နောက်ကျသည်အထိ မနေခဲ့ဖူးပေ။ နေ့စဥ်နေ့တိုင်း ပုပုကို ကျောင်းမှ ကိုယ်တိုင်သွားကြိုပြီး ညစာလည်း အတူတကွစားသည်။


သို့သော် နောက်ပိုင်းအချိန်များတွင် စာကြည့်ခန်းထဲတွင်သာရှိနေပြီး တစ်ချိန်လုံး အလုပ်ထဲ ခေါင်းနစ်နေလေ့ရှိသည်။




ရံဖန်ရံခါတွင် သူ့အလုပ်မှ ဖုန်းခေါ်ဆိုခြင်း၊ ဗီဒီယိုဖြင့် အစည်းအဝေးများ တက်ရောက်ရခြင်းတို့ကို မနက်တစ်နာရီအထိ ပြုလုပ်ရပြီး အီးမေးလ်များကို နာရီအနည်းငယ်ခန့် မစစ်ဆေးလိုက်သည်နှင့် အရေအတွက်က ဂဏန်းသုံးခုအထိ တိုးသွားတတ်သည်။ စားပွဲပေါ်မှ မော်နီတာလေးခုက သူမည်မျှ အလုပ်ရှုပ်ကြောင်း ပြသနေသည်။ ပထမတစ်ခုက ကုတ်လုပ်ခြင်း၊ ဒုတိယတစ်ခုက သုတေသနစာတမ်းများလုပ်ဆောင်ရန်၊ တတိယတစ်ခုက ဒေတာဘေစ့်များအတွက်ဖြစ်ပြီး နောက်ဆုံးတစ်ခုက အချိန်မရွေး အသုံးပြုနိုင်ရန် ပြင်ဆင်ထားရခြင်းဖြစ်သည်။ သူ အမှန်တကယ် အလုပ်များနေလျှင် ပုပု မည်သည့်အချိန် အိပ်ရာဝင်သွားသည်ကိုပင် မသိလိုက်ပေ။ 


သို့ရာတွင် ပုပုက မည်သည့်အခါကမှ ဂျီကျခြင်းမရှိပေ။ 


ထိုကလေးလေးက ဟယ်ကျစ်ယွမ် မမြင်ရသော နေရာတစ်ခုတွင်သာ တိတ်ဆိတ်စွာနေလေ့ရှိသည်။ သူ အလုပ်မှ ခဏတစ်ဖြုတ်အနားယူချိန်မှသာ သူ့အနားတွင် 'တိုက်ဆိုင်စွာ' ပေါ်လာတတ်ပြီးသကြားငှက်သိုက်မုန့်လေးသဖွယ် ချစ်စဖွယ်ကောင်းအောင် ပြုမူတတ်လေ့ရှိသည်။


၎င်းကို သားအဖနှစ်ယောက်ကြားမှ အပြန်အလှန်နားလည်မှုဟု ထင်လိုက်သော်လည်း သူ နားလည်မှုဟု ထင်လိုက်သည့်အရာက ကလေးလေးသည် သူ့အဖေ၏ စည်းချက်အတိုင်း ပြင်းပြင်းထန်ထန် လိုက်နေရပြီး သဘာဝ အရ ကလေးဆန်သော ဗီဇကို တစ်ဖက်သတ် ဖိနှိပ်ချုပ်ချယ်ထားခြင်းသာ ဖြစ်သည်။


ပုပုက ယခုမှ လေးနှစ်အရွယ်သာ ရှိသေးသည်။ 


ထိုရက်က စုန့်ရန်ပြောပြခဲ့သော အကြောင်းအရာတစ်ခုစီတိုင်းက မှန်ကန်နေပုံရသည်။ 


ကောင်းကင်ဘုံက သူစိတ်ပူပန်စရာမလိုမည့် လိမ္မာသောကလေးတစ်ယောက်ကို သူ့အတွက် ချီးမြှောက်ထားခြင်းမဟုတ်ပဲ ကလေးလေးက မည်သို့ တိတ်ဆိတ်စွာနေရမည်ကို သူကိုယ်တိုင် သင်ယူခဲ့ရသည့်ပုံပေါ်သည်။ သို့ရာတွင် အဖေအရင်းဖြစ်သည့်သူက ကလေး၏ အတွင်းပိုင်းအကျဆုံးစိတ်ခံစားချက်များကို အခြားလူတစ်ယောက်ထံမှတစ်ဆင့် သိရှိခဲ့ရသည်။ 


ပြင်းထန်သောစိတ်ပျက်မှုတစ်ခုက သူ့ထံရောက်လာပြီး ဘာလုပ်ရမည်မသိ ဖြစ်သွားခဲ့သည်။


ဟယ်ကျစ်ယွမ်က ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားပြီး လှေကားထစ်မှ ‌ဆင်းလာပြီး ‌နောက်ဆုံးငါးထစ်ကို တစ်ချက်တည်း ခုန်ချလိုက်သည်။ 


သူ့လက်ပ်တော့ကို ဧည့်ခန်းထဲရှိ ကော်ဖီစားပွဲပေါ် တင်ထားခြင်းဖြစ်သည်။ ကီးဘုတ်ကို အဆက်မပြတ်နှိပ်လိုက်သည့်အခါ မျက်နှာပြင်က လင်းလာပြီးနောက် သူ့အိမ်တွင်ရှိသော ရှောင်ကျူ၏ စီမံရေးစနစ်ထဲဝင်လိုက်သည်။ သူဝင်ရောက်သည့်အခိုက်အတန့်တွင် အသစ်ထုတ်လုပ်လိုက်သော ဒေတာမှတ်တမ်းအများအပြားက ဘယ်ဘက်ခြမ်းတွင် တစ်ပြိုင်နက် လျင်မြန်စွာပေါ်လာပြီး စာကြောင်းတစ်ခုပြီးတစ်ခု ပေါ်လာသည်။ ပုံမှန်အချိန်တွင် ထိုအကြောင်းအရာများကို သူဂရုအစိုက်ဆုံးဖြစ်သော်လည်း ယခုအချိန်တွင် စောင့်ကြည့်မှုကိုသာ နှိပ်လိုက်သည်။


အခန်းကို မြင်ကွင်းကျယ်မြင်ရအောင် ပြုလုပ်လိုက်သည်။ 


တိုက်ခန်း 8012B၏ အိပ်ခန်းထဲမှ ရှောင်ကျူ၏ ရေခဲပြာရောင်မျက်ဝန်းများက တဖြည်းဖြည်းအရောင်မှိန်သွားရာမှ လင်းလက်လာကာ အလင်းနှင့်အမှောင်ကို တဖြည်းဖြည်းပြောင်းလဲလိုက်သည်။ ထိပ်ဆုံးမှ ကင်မရာကိုဖွင့်လိုက်ပြီး မြန်နှုန်းမြင့် ဗီဒီယိုစီးကြောင်းတစ်ခုက ကြိုးမဲ့ကွန်ရက်ကို ဖြတ်သွားကာ မော်နီတာက အဖြူရောင်နံရံလေးခုကို ပရိုဂျက်တာဖြင့် ထိုးပြနေသကဲ့သို့ ဖြစ်သွားသည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပင် ဟယ်ကျစ်ယွမ်၏ ဧည့်ခန်းက သူနှင့် မိုင်ထောင်ချီဝေးသောနေရာမှ အခန်းတစ်ခုအဖြစ် ပုံစံပြောင်းသွားသည်။ သူ့ရှေ့ နှစ်မီတာတွင် ကလေးအိပ်ရာလေးရှိပြီး ထိုအိပ်ရာပေါ်တွင် လူငယ်တစ်ယောက်နှင့် ကလေးတစ်ယောက် ထိုင်နေသည်။ ယခုအချိန်တွင် ကလေးလေးက လူငယ်လေး၏ရင်ခွင်ထဲ တိုးဝှေ့ကာ စကားပြောနေသည်။


( T/ N - ရေးထားတာ ရှုပ်သွားလားမသိဘူး ဟယ်ကျစ်ယွမ်က လက်ပ်တော့ကတစ်ဆင့် ရှောင်ကျူရဲ့ခေါင်းပေါ်က ကင်မရာကို ဖွင့်လိုက်တော့ အဲ့အခန်းထဲက မြင်ကွင်းတွေက သူ့ရှေ့တည့်တည့်မှာ ပရိုဂျက်တာနဲ့ ထိုးပြထားသလို ပေါ်လာတာကို ပြောချင်တာပါ )


ငိုထားခြင်းကြောင့် ပုပု၏ မျက်လုံးနှင့် နှာခေါင်းများက နီရဲနေသည်။ သူက တုန်ယင်နေသည့် ယုန်ငယ်လေးတစ်ကောင်သဖွယ် စုန့်ရန်၏ရင်ခွင်ထဲ တိုးဝှေ့နေသည်။ တစ်ဖက်မှ စုန့်ရန်က သူ့လက်ချောင်းများဖြင့် ပုပု၏ လက်ပိစိလေးများကို ဆုပ်ကိုင်ထားကာ ချစ်ခင်မြတ်နိုးသည့်အကြည့်များဖြင့် ငုံ့ကြည့်နေသည်။ ဤပုံရိပ်၏ အရောင်များနှင့် အချိုးအစားများက အလွန်လက်တွေ့ကျလွန်းသည်။ အကယ်၍ သူရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် တိုးသွားမည်ဆိုပါက သူတို့နှစ်ယောက်ကို ရင်ခွင်ထဲတွင်ထည့်ပြီး ဖက်ထားနိုင်ပြီဖြစ်သည်။


ဟယ်ကျစ်ယွမ်က ဧည့်ခန်းထဲ မတ်တပ်ရပ်နေပြီး သူတို့ကို ဂရုတစိုက်ကြည့်နေသည်။


စုန့်ရန်၏အသံကို ယခုချိန်တွင် ဖုန်းမှတစ်ဆင့် မကြားရတော့ပဲ သူ့ရှေ့တည့်တည့်မှ ကြားနေသည်။


" ပုပု ကိုကြီး မေးခွန်းတစ်ခုမေးမယ်နော် ဟုတ်ပြီလား..."


ပုပုက ခေါင်းငြိမ့်ပြသည်။
" ဟုတ်..."


" ကိုကြီး အခု ဘာတွေးနေလဲဆိုတာ မှန်းကြည့်နိုင်လား..."


ပုပု ခေါင်းခါလိုက်သည်။


စုန့်ရန်က ထပ်မေးသည်။
" ဒါဆိုရင် အခန်းပြင်က မမ ဘာတွေးနေတယ်ဆိုတာရော ခန့်မှန်းနိုင်လား..."


ပုပု ခေါင်းကိုထပ်ခါပြသည်။


စုန့်ရန်က သူ့ကိုတစ်ဆင့်ချင်း လမ်းပြနေသည်။
" ပုပု သိချင်တယ်ဆိုရင် ဘာလုပ်ရမလဲ..."


ပုပုက သူ့လက်ချောင်းကို သွားဖြင့် တတိတိကိုက်‌နေပြီးနောက် ခဏအကြာတွင် တတိယအကြိမ်မြောက် ခေါင်းခါလိုက်သည်။ 


စုန့်ရန် ပြုံးလိုက်သည်။ သူက ပုပုလက်ချောင်းများကို ပါးစပ်ထဲမှ ပြန်ထုတ်လိုက်ပြီးနောက် သူ့လက်ကလေးကို ငြင်ငြင်သာသာကိုင်၍ မေးလိုက်သည်။ 


" ပုပု ကိုကြီးတို့ကို မေးရမှာပေါ့... မေးတဲ့အခါမှ ဖြေလို့ရမယ်... ကိုကြီးတို့ဖြေလိုက်ရင် သိသွားပြီ မဟုတ်ဘူးလား..."


ပုပုက ရှက်သွားဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။
" ဟုတ်သားပဲ..."


" အဲဒါကြောင့် ကိုကြီးပြောချင်တာက လူတွေရဲ့ နှလုံးသားထဲ မျိုသိပ်ထားတာတွေကို ကျယ်ကျယ်ပြောပြမှ သိနိုင်လိမ့်မယ်... ပုပုက တခြားလူတွေ ဘာတွေးနေတယ်ဆိုတာ ခန့်မှန်းလို့မရသလို တခြားလူတွေဘက်ကလည်း အဲ့လိုပဲ... သူတို့ ပုပုဘာတွေးနေတယ်ဆိုတာ မသိနိုင်ဘူး... ဥပမာပြောရရင် ပုပုဘယ်လ်ိုခံစားနေရတယ်ဆိုတာ ပုပုအဖေက မခန့်မှန်းနိုင်ဘူး..."


စုန့်ရန်က ကလေးလေး၏ မျက်ဝန်းများကိုကြည့်ပြီး ရိုးသားပွင့်လင်းစွာပြောပြလိုက်သည်။ 


" ပါပါးက ပုပုကို မချစ်တာ မဟုတ်ပဲ အလုပ်များနေတာပါ... အဲဒါကြောင့်မို့ ပုပုရင်ထဲက ခံစားချက်တွေက်ို တစ်ခါတစ်လေ မကြားနိုင်ဘူး... ဒါပေမဲ့လည်း တခြားလူတွေထက်ပိုပြီး ပုပုအကြောင်းကို နားလည်ချင်တာပါ... ပုပုကိုယ်တိုင်က ပါပါးကိုကူညီပြီးတော့ စိတ်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာ ပြောပြရမယ်... အဲ့လိုဆိုရင် ပါပါးကလည်း သားရဲ့ခံစားချက်တွေကို သိနိုင်သွားမှာ..."


စုန့်ရန်၏ အသံက ကုသပေးနိုင်စွမ်းရှိသည့် မှော်အစွမ်း ရှိနေသည်ဟုပင် ထင်ရသည်။ ပြတင်းပေါက်ဟရာအကြားမှ ထွက်လာသည့် နွေးထွေးသောနေရောင်ခြည်သဖွယ် နွေးထွေးပြီး စိတ်ကြည်လင်စေသည်။ 


ဟယ်ကျစ်ယွမ် သူ့ကို ဂရုတစိုက်ကြည့်နေပြီး သူ့ရင်ထဲတွင် အပူလှိုင်းတစ်ခု ဖြတ်ပြေးသွားသည်ဟု ခံစားလိုက်ရသည်။ 


ပုပုက တွန့်ဆုတ်စွာဖြင့်မေးလိုက်သည်။ 
" ပါပါးကို ပြောပြလိုက်ရင် သားနဲ့တူတူနေပေးမှာလားဟင်..."


" အင်း နေပေးမှာပေါ့..."
စုန့်ရန် ခေါင်းငြိမ့်ပြလိုက်သည်။


" ပုပုက ကလေးလေးပဲ... ကလေးတွေဆိုတာ အထူးအခွင့်အရေးရတယ်... ဂျီကျပြီးတော့ ဆိုးလို့လည်းရတယ်... ပါပါးက သားကို အရမ်းချစ်တာဆိုတော့ သားရဲ့နှလုံးသားထဲက စကားတွေကိုကြားမယ်ဆိုရင် ပုပုစိတ်ပျော်မယ့်နည်းလမ်းကို သေချာပေါက် စဉ်းစားပေးနိုင်မှာပါ..."


ပုပုက ချက်ချင်း ခါးမတ်မတ်ဖြစ်အောင်ထိုင်လိုက်ပြီး မျက်လုံးထဲတွင် အရောင်လက်လာသည်။


" တကယ်လား..."


စုန့်ရန် ပြုံးပြလိုက်သည်။
" တကယ်ပေါ့..."


ပုပုက ခေါင်းလေးစောင်းထားပြီး လေးလေးနက်နက် တွေးနေသည်။


" ဒါဆိုရင် ပါပါး ရုံးဆင်းလာတဲ့အချိန် သားကို အဖော်လုပ်ပေးရင် ကောင်းမယ်လို့ထင်တယ်..."


" ဟုတ်ပြီ..."


" ပြီးတော့ ပါပါးနဲ့ ကားရုပ်ဆက်တမ်းကစားချင်တယ်..."


" ဆော့ရမှာပေါ့..."


" အိပ်ရာမဝင်ခင်...အိပ်ရာမဝင်ခင်... ပါပါး ပုံပြင်ပြောပြတာကို နားထောင်ချင်တယ်..."


" နားထောင်ရမှာပေါ့..."


" ပြီးတော့ သား ကြောင်လေးတစ်ကောင် မွေးချင်တယ်..."


သူ ပို၍ပြောလေ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်သည်။ စုန့်ရန် မရယ်ပဲမနေနိုင်ဖြစ်သွားပြီး သူ့နှာခေါင်းကို ခပ်ဖွဖွ ညှစ်လိုက်သည်။ 


" ပုသို့သို့ သဝန်တိုမှာ မကြောက်ဘူးလား... ဒီလိုလုပ်ပါလား... ပုသို့သို့နဲ့ ကစားလို့ရအောင် ငှားမယ်လေ ဒါဆိုရင် ကြောင်အသစ်လေး ဝယ်စရာမလိုတော့ဘူး... အဲ့လိုရလား..."


ပုပုက တစ်ခဏတာခန့် စိတ်သဘောထားကွဲလွဲသည့်ပုံစံဖြစ်သွားပြီး တွန့်ဆုတ်သွားဟန်ဖြင့် နှုတ်ခမ်းစူထားသည်။ ထို့နောက်တွင် ပြောလိုက်သည်။


" ရပါတယ် ရပါတယ် ကြောင်ကိစ္စကတော့ အဲ့တိုင်းပဲ ထားလိုက်တော့မယ်..."


သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေပြီး ခဏအကြာတွင် ရယ်မောလိုက်ကြပြီး အိပ်ရာပေါ် လှဲချလိုက်ကြသည်။ 


ဟယ်ကျစ်ယွမ်က ဧည့်ခန်း၏ အဖြူရောင်နံရံပေါ်မှ ရှင်းလင်းစွာမြင်နေရသည့် မြင်ကွင်းတစ်ခုကိုကြည့်ပြီး သူ၏ ပါတနာ ကားလ်ကရောက်စ်ကို ကျေးဇူးတင်နေမိသည်။ လွန်ခဲ့သည့် လပေါင်းများစွာက ကားလ်က ရှောင်ကျူ၏ မြင်ကွင်းကျယ် ကြည့်ရှု့နိုင်စွမ်းကို ဆက်ထားထားရန် အကြံပြုခဲ့သည်။


မြင်ကွင်းကျယ်စောင့်ကြည့်ခြင်းက ပြင်ပစီးရီး T7 နှင့် S7 အတွက် အထူးဒီဇိုင်းထုတ်ထားသည့်စွမ်းရည်အဖြစ် မူလကရည်ရွယ်ထားခြင်းဖြစ်သည်။ ပင်မထုတ်ဝေမှုဖြစ်သော Q7 အတွက် အစည်းအဝေးတွင် ဒေတာလုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာကာကွယ်မှုကို ထည့်သွင်းစဉ်းစားရာတွင် ဟယ်ကျစ်ယွမ်၏ သဘောထားက တင်းကျပ်ခဲ့သည်။ ရှေ့ဘက်မြင်ကွင်းကျယ် မှန်ဘီလူးကိုသာ ထိန်းသိမ်းထားပြီး မြင်ကွင်းကျယ်စောင့်ကြည့်မှုကို ဖယ်ရှားရန် သူ အခိုင်အမာ တောင်းဆိုထားခဲ့သည်။ Q7 ၏အသုံးပြုမှုလိုအပ်ချက်များနှင့် ပတ်သက်၍ ယခုအခြေအနေက လုံလောက်နေပြီဟု သူထင်ခဲ့မိသည်။
( T/N - T7, Q7, S7က စက်ရုပ်နာမည်တွေပါ ဗာရှင်းမတူပေမဲ့ သတ္တမမျိုးဆက်ချင်းတူလို့ ရှေ့က အက္ခရာကွဲသွားတာပါ )


 သို့ရာတွင် ကားလ်က သူ့အမြင်ကို ဆန့်ကျင်ခဲ့သည်။


၎င်းတို့ အုပ်စုနှစ်ခု နှစ်နာရီခန့် အသည်းအသန်ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် ကားလ်က အနိုင်ရသွားခဲ့သည်။


ထိုအချိန်က သူ အစွဲအလန်းကြီးစွာဖြင့် ပြောခဲ့သည်။
" ကယ်လီဖိုးနီယားက နှင်းမရှိတဲ့ နယ်မြေလေ... တကယ်လို့ ကံဆိုးစွာနဲ့ပဲ ခရစ်စမတ်ကို ငါ ဒီမှာ တစ်နှစ်လောက် ဖြတ်သန်းရမယ်ဆိုရင် အနည်းဆုံးတော့ Q7ကတဆင့် ချီကာဂိုရဲ့ နှင်းထူထူတွေ၊ မီးပုံတွေနဲ့အတူ ဆိုဖာပေါ်ထိုင်ပြီး ချည်ထိုးနေတဲ့ ငါ့အဖွားရဲ့ ပုံစံလေးကို မြင်နိုင်တာပေါ့ကွာ..."
" မှတ်ဉာဏ်ထဲမှာဖြစ်ဖြစ် SwordArc Q7နဲ့ဖြစ်ဖြစ် မင်းရဲ့မိသားစုနဲ့တော့ အမြဲရှိနေရမယ်လေ..."
သူက ထိုစကားကို ကြော်ငြာတစ်ခုသဖွယ် ပြောလိုက်သည်။
လအနည်းငယ်ကြာပြီးသည့်နောက် ယနေ့တွင် ဟယ်ကျစ်ယွမ်က ကီလိုမီတာပေါင်းများစွာကွာဝေးလှသောနေရာမှ သူ့သားလေးနှင့် တောက်ပစွာပြုံးနေသည့် လူငယ်လေးကို ဤနေရာတွင် ရပ်ကြည့်နေနိုင်ခဲ့ပြီဖြစ်သည်။ ထိုအချိန်က ကားလ် အဘယ့်ကြောင့် ခေါင်းမာခဲ့သည်ကို သူ နောက်ဆုံးတွင် သဘောပေါက် နားလည်သွားခဲ့သည်။

Xxxxxx