အပိုင်း ၂၂
Viewers 9k

Chapter 22


၄ရက်မြောက်နေ့ ည ၉နာရီ ၄၅မိနစ် 🖌️


ပုပုက အချိန်ကြာအောင် ငိုထားသည်ဖြစ်၍ မျက်လုံးက နီရဲဖောင်းကားနေပြီး ပါးဖောင်းဖောင်းနှင့် ရွှေငါးလေးတစ်ကောင်သဖွယ်ဖြစ်နေကာ စုန့်ရန်၏ ပခုံးပေါ်မှီပြီး သူ ပင်ပန်းနွမ်းနယ်သည့်အကြောင်း တဖွဖွပြောနေသည်။ စုန့်ရန်က သူ့ကိုချီလိုက်ပြီး နူးညံ့ညင်သာသည့်အသံဖြင့် ချော့မော့လိုက်သည်။ 


" ပုပုကို ကိုကြီးရေချိုးပေးမယ်နော်... ချိုးပြီးရင် အိပ်ကြမယ် ဟုတ်ပြီလား..."


" ဟုတ်..."


ပုပုက စွမ်းအင်များ ကုန်ခမ်းသွားပြီဖြစ်၍ ခေါင်းငိုက်စိုက်ကျပြီး ငိုက်မျည်းနေသည်။


စုန့်ရန် သူ့ကို ရေချိုးခန်းထဲခေါ်သွားသည့်အခါ မော်နီတာပေါ်တွင် ဗလာကျင်းနေသည့် အိပ်ခန်းတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။


သူတို့နှစ်ယောက် ပြန်ထွက်လာရန် အနည်းဆုံးနာရီဝက်ခန့်ကြာမည်ကို ဟယ်ကျစ်ယွမ်သိသဖြင့် မီးဖိုချောင်ထဲဝင်သွားပြီး ကော်ဖီတစ်ခွက်ဖျော်လိုက်သည်။ ကော်ဖီဖျော်ပြီး၍ ပြန်လာချိန်တွင် ပုပုက ရေချိုးပြီးသွားသောကြောင့် ရေချိုးဝတ်ရုံလေးနှင့် အိပ်ရာပေါ်လှဲနေပြီဖြစ်သည်။ စုန့်ရန်ကမူ အဝတ်အစားများနှင့် ပြည့်နေသည့် ဗီရိုရှေ့တွင်ရပ်ပြီး ညဝတ်အင်္ကျီ ရှာပေးနေသည်။


" ညဝတ်အင်္ကျီ... ညဝတ်အင်္ကျီ... ညဝတ်အင်္ကျီလေးက ဘယ်နားမှာ ပုန်းနေပါလိမ့်..."


သူ ရေရွတ်ပြီး ရှာဖွေနေသည်။ 


သူ၏ အဖြူရောင်တီရှပ်က ရေချိုးခန်းထဲမှရေများစိုရွှဲသွားပြီး အသားတွင်ကပ်နေ၍ ဖြူဖွေးသော ခါးသွယ်သွယ်လေးကို မြင်နေရသည်။ တီရှပ်က ရေစိုပြီး အသားနှင့် ကပ်နေသည်က မသက်မသာဖြစ်လှ၍ စုန့်ရန်က တီရှပ်အင်္ကျီအစွန်းမှကိုင်ပြီး ဆွဲချွတ်လိုက်သည်။ 


ဟယ်ကျစ်ယွမ်က အမှတ်တမဲ့ဖြင့် ကော်ဖီတစ်ငုံကို အလျင်စလိုသောက်လိုက်သောကြောင့် သီးသွားသည်။ 


မမျှော်လင့်ထားသည်မှာ စုန့်ရန်၏ ခန္ဓာကိုယ်အနေအထားက မဆိုးလှဟု သတ်မှတ်နိုင်ပေသည်။ အသားအရည်ကလည်း ဖြူဖွေးနေသည်။ သူ့အလုပ်က အိမ်ထဲတွင်သာ လုပ်ရခြင်းဖြစ်သော်လည်း ကျောဘက်ကြွက်သားများက အချိုးအဆစ်ကျနနေပြီး ပခုံးလိုင်းများကလည်း သေသေသပ်သပ်ဖြစ်ကာ ငယ်ရွယ်ပြီး ကြံ့ခိုင်ဖျတ်လတ်သည့်ပုံပေါ်သည်။ အကယ်၍ အားကစားစက်များကို အသုံးပြုပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ပါက ပိုကြည့်ကောင်းမည်ဟု ဟယ်ကျစ်ယွမ် ထင်နေမိသည်။


ဟယ်ကျစ်ယွမ်က ၁၄နှစ်ကြာအောင် လေ့ကျင့်ခန်းလုပ်ခဲ့သူဖြစ်ကာ ပရော်ဖက်ရှင်နယ်သင်ကြားရေးအောင်လက်မှတ်ရှိသော်လည်း ယခုအချိန်ထိ မည်သည့်ကျောင်းသားကိုမှ မသင်ပေးခဲ့ဖူးပေ။ ယခုချိန်၌ သူအိမ်ပြန်ရောက်သည့်အခါ စုန့်ရန်ကို လေ့ကျင့်ပေးရန် အကြံတစ်ခု ခေါင်းထဲရောက်လာသည်။ 


တစ်ဖက်လူက သူ့ခန္ဓာကိုယ်ကို မြင်သွားသည်ကို လုံးလုံးလျားလျားမသိလိုက်သော စုန့်ရန်က ကလေးထိန်းတစ်ယောက်၏ တာဝန်ကို ဂရုတစိုက်ဆောင်ရွက်နေသည်။ ဗီရိုထဲမှ အဝါရောင်ဘဲရုပ်လေးနှင့် ညအိပ်ဝတ်စုံကို ထုတ်လိုက်သည်။ ထို့နောက် ကော်လံကိုကိုင်ပြီး ပုပုကို ဝတ်ပေးလိုက်သည်။ ထို့နောက် လက်ပိစိလေးများကို အင်္ကျီလက်နှစ်ဖက်ထဲ စွပ်လိုက်ပြီးနောက် ဘောင်းဘီဝတ်ပေးလိုက်ပြီးကာမှ ကြယ်သီးကိုတစ်လုံးချင်း တပ်ပေးနေသည်။ 


ထိုသို့ ပြုလုပ်ပေးနေစဉ်တစ်လျှောက်လုံးတွင် ပုပုက အိပ်ငိုက်နေပြီး သကြားငှက်သိုက်မုန့်လေး အရည်ပျော်သွားသကဲ့သို့ သူ့ရင်ခွင်ထဲ ငိုက်စိုက်ကျနေပြီး ရယ်စရာကောင်းသည့် ‌ကိုယ်နေဟန်ထားမျိုးစုံ ပြုလုပ်နေသည်။ သူ့ခန္ဓာကိုယ်ကို မည်မျှလှုပ်နေသည်ဖြစ်စေ နိုးမလာပေ။ ကလေးလေးက အိပ်ချင်နေသည်ကိုသိ၍ စုန့်ရန်က သူ့ကို အိပ်ရာပေါ် အသာလှဲချပေးလိုက်ပြီးနောက် သူ့လက်များကို ပြန်ရုတ်လိုက်ချိန်တွင် ပုပုက ဆတ်ခနဲနိုးလာသည်။ 


" ကိုကြီး..."


ပုပုက သူ့လက်တစ်ချောင်းကို အမြန် ဆွဲယူလိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။


" ပြန်တော့မှာလား..."


စုန့်ရန် အသည်းအသန် ပြန်ဖြေလိုက်သည်။ 


" မပြန်ပါဘူး ပုပုရဲ့... အပြင်က မမလင်းဟွေ့ကို သွားချော့ပြီးရင် ပြန်လာမယ်နော်... သူကလည်း ပုပုလိုပဲ ငိုနေတယ်လေ... ပုပု ကောင်းကောင်းအိပ်နော် မျက်လုံးပြန်ပွင့်လာရင် ကိုကြီး ဘေးနားမှာအိပ်နေမယ်လို့ ကတိပေးတယ်..."


ပုပုက လက်သန်းလေးထောင်ပြလိုက်သည်။


" Pinky Promise..."


စုန့်ရန်က သူနှင့်Pinky Promise ပြုလုပ်ပြီးသည့်အခါမှသာ စိတ်အေးသွားခဲ့ပြီး အိပ်ရာဝင်အနမ်းပေးကာ စောင်ထဲပြန်ဝင်ပြီး သက်တောင့်သက်သာနှင့် အိပ်မောကျသွားသည်။


ဟယ်ကျစ်ယွမ်က သူတို့ကို စောင့်ကြည့်နေပြီး စိတ်ထဲတွင် အတိတ်ကို တမ်းတနေမိသည်။ ဤသို့ ရိုးစင်းပြီး ချစ်ခင်မှုများနှင့်ပြည့်နေသော အပြန်အလှန်တုံ့ပြန်မှုက သူနှင့် ပုပုအကြား မရှိခဲ့သည်မှာ အချိန်အတန်ကြာလှပြီဖြစ်သည်။ ပုပုက သူတွေးထားသည်ထက် စုန့်ရန်ကို ယုံကြည်အားထားနေပေသည်။ စုန့်ရန်၏ရှေ့တွင်မူ ကလေးလေးက သူ့မျက်နှာဖုံးကိုချွတ်ကာ ဂရုစိုက်ခံလိုသည့် ငယ်ရွယ်ပြီး အထိရှမခံသော နှလုံးသားလေးကို ထုတ်ပြလေ့ရှိသည်။ အဖေအရင်းဖြစ်သော သူနှင့် နှိုင်းစာပါက ပုပုအမှန်တကယ် ယုံကြည်ပြီး မှီခိုနိုင်သည့်လူက စုန့်ရန်ဖြစ်နေသည်။


အမှန်တရားက စိတ်ဓာတ်ကျဖွယ်ရာဖြစ်သော်လည်း ဟယ်ကျစ်ယွမ် စိတ်ဆိုးဒေါသထွက်နေရန် မလိုအပ်ပေ။ 


မှားယွင်းနေခဲ့သူက စုန့်ရန်မဟုတ်ပဲ သူ ဖြစ်နေခဲ့သည်။


ပုပု အိပ်ပျော်သွားသည့်အခါ စုန့်ရန်က ရေချိုးခန်းထဲဝင်သွားပြီး အခြောက်ခံစက်ဖြင့် တီရှပ်ကို မှုတ်လိုက်ပြီးမှ ပြန်ဝတ်လိုက်သည်။ 


အပြင်မထွက်မီတွင် အိပ်ရာပေါ်ကျနေသည့် အရောင်တောက်တောက်နှင့် မျက်နှာပြင်က မည်းနက်နေသော ကလေးဖုန်းလေးကို သူနှင့်အတူ ယူသွားလိုက်သည်။ 


တစ်ချိန်လုံး ‌အခန်းထောင့်တွင် ဝပ်နေသောရှောင်ကျူက သူ စူးစမ်းနေသည့်ပစ်မှတ် နေရာပြောင်းသွားသည်ကို မြင်သောအခါ အသင့်အနေအထား ပြန်ဖြစ်သွားပြီး စုန့်ရန်၏ အရိပ်တစ်ခုသဖွယ် နောက်မှ ကပ်လိုက်သွားသည်။ စုန့်ရန်က စက်ရုပ်ကို သတိမထားမိပဲ သတိလက်လွတ်ဖြင့် တံခါးကိုပိတ်လိုက်သည်။ ဒေါက်ခနဲအသံဖြင့် တံခါးက ရှောင်ကျူနှင့် တိုက်မိသွားပြီး ၃၀ဒီဂရီခန့် လည်သွား၍ မော်နီတာမျက်နှာပြင်လည်း ပြင်းထန်စွာ လှုပ်ခါသွားသည်။ တစ်ဖက်တွင် ဧည့်ခန်းထဲ၌ရှိနေသော ဟယ်ကျစ်ယွမ်မှာ ရစ်ခ်ျတာစကေး ၈ခန့်ရှိသော မြေငလျင်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားလိုက်ရပေသည်။ 


လက်တွေ့လုပ်ဆောင်ချက်များကို အနီးကပ်အာရုံစိုက်လေ့ရှိသော လူကြီးမင်းဟယ်က မျက်မှောင်ကြုတ်ကာ ကော်ဖီခွက်ကိုချထားလိုက်ပြီး ရှောင်ကျူ၏ မှတ်ချက်ကဏ္ဍ၌ စာတစ်ကြောင်းရေးခဲ့သည်။ ( အထိတ်တလန့်ဖြစ်ပြီး တားဆီးခံရမှုက တော်တော်ဆိုးဝါးနေသေးလို့ အကောင်းဆုံးလုပ်ဖို့ လိုနေသေးတယ် )


ကံကောင်းသည်မှာ ရှောင်ကျူက အလွန်တောင့်တင်းသည့် စက်ရုပ်ဖြစ်သောကြောင့် အကြီးအကျယ် တိုက်မိသွားသော်လည်း ကြီးကြီးမားမား မထိခိုက်သွားခဲ့ပေ။ ခဏတာ လမ်းပျောက်နေပြီးမှ ၎င်း၏သွားရမည့်ဦးတည်ရာဘက်ကို မှန်ကန်အောင် ရွေးချယ်နိုင်သွားပြီး စုန့်ရန်၏နောက်မှ လိုက်လာသည်။ 


လင်းဟွေ့က ဧည့်ခန်းထဲတွင် ငိုက်နေသည်။ စုန့်ရန် ပြန်ထွက်လာသည်ကို ကြားသောအခါ သူမမျက်လုံးများမှ အိပ်ငိုက်နေမှုများ လွင့်သွားပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ 


" ပုပု ဘယ်လိုနေသေးလဲဟင်... ငိုနေသေးလား..."


" ဘာမှမဖြစ်ပါဘူး... သူ အခု ထပ်မငိုတော့ဘူး..."


စုန့်ရန်က ပြုံးပြလိုက်ပြီး သူ့ခေါင်းကိုသာ လက်ညှိုးထိုးပြလိုက်သည်။ 


" ကျွန်တော်ကတော့ အဆင်မပြေဘူး... ‌ဦးနှောက်ဆဲလ်တွေ တော်တော်များများသေကုန်ပြီထင်တယ်..."


လင်းဟွေ့က အမြန်ထလာပြီး ဆိုဖာတွင် သူထိုင်ရန် နေရာဖယ်ပေးလိုက်သည်။ 


" အဲ့လောက်တောင်ခက်တာလား..."


စုန့်ရန် မျက်ခုံးပင့်လိုက်သည်။


" ဒါပေါ့... ကလေးတစ်ယောက်ကို အားပေးနှစ်သိမ့်ရတာ ရုပ်ပိုင်းဆိုင်ရာခွန်အား တော်တော်သုံးရတဲ့ အနုပညာတစ်မျိုးပဲ... အထူးသဖြင့် ပုပုလိုမျိုး ဉာဏ်ကောင်းပြီး ထိရှလွယ်တဲ့ ကလေးမျိုးဆို ပိုဂရုစိုက်ရတယ်... တစ်ချက်မှသွားရင် အိတ်ထဲကလွတ်သွားတဲ့ ကြောင်လိုမျိုးပဲ... သူ့ကို တစ်ခါလောက် ချော့ပြီးသွားရင် ကျွန်တော် သုံးရက်လောက် လိမ်ညာတဲ့စကားတွေပြောဖို့ စွမ်းအင်မကျန်တော့ဘူး..."


သူက လင်းဟွေ့၏ဘေးတွင်ထိုင်ပြီး ဖုန်းကို ပေးလိုက်သည်။


" ကောင်းပါပြီ... လိုရမယ်ရသဘောမျိုးနဲ့ ကျွန်တော် မင်းအတွက် ကိစ္စတွေ ချောချောမွေ့မွေဖြစ်အောင် လုပ်ပေးထားတယ်... အခု မင်းလုပ်စရာ တာဝန်တစ်ခုပဲရှိတော့တယ်... လူကြီးမင်းဟယ်ကို ဖုန်းဆက်ပြီး တောင်းပန်လိုက်ပါ..."


ထိုစကားကိုကြားသည့်အခါ လင်းဟွေ့က စပရိန်တစ်ခုကဲ့သို့ နောက်သုံးပေလောက်အထိ ခုန်သွားသည်။


" မဖြစ်ဘူး မဖြစ်ဘူး .... ကျွန်မ မဆက်ရဲဘူး..."


စုန့်ရန် ကြောင်အမ်းအမ်းဖြစ်သွားသည်။


" မင်း မဆက်ရဲရင် ဒီကိစ္စကို ဘယ်လို လုပ်မလဲ..."


လင်းဟွေ့၏အသံက ခြင်တစ်ကောင်၏ အသံကဲ့သို့ တိုးဝင်သွားသည်။


" ကျွန်... ကျွန်မ အလုပ်ဖြုတ်ခံရလိမ့်မယ်..."


စုန့်ရန် မရယ်ပဲ မနေနိုင်တော့ပေ။ သူ သူမလက်ကို ဆွဲယူပြီး ဖုန်းကို လက်ထဲ ထိုးထည့်ပေးလိုက်သည်။ 


" မင်း ဖုန်းမဆက်ရင်ရော အလုပ်ထုတ်မခံရတော့ဘူးတဲ့လား... အဲ့လိုလုပ်တာ ယုတ္တိမရှိဘူး... လူကြီးမင်းဟယ်ကသာ မင်းကို အလုပ်ဖြုတ်ချင်တယ်ဆိုရင် နားကန်းယောင်ဆောင်နေလည်း အသုံးဝင်မှာမဟုတ်ဘူး... မြန်မြန်ဖုန်းခေါ်လိုက်ပါ... ဘာပဲဖြစ်ဖြစ် ရလဒ်က အတူတူပဲဆိုတော့ သတ္တိရှိရှိနဲ့သာ ခေါ်လိုက်..."


" မခေါ်ချင်ဘူးလို့..."


လင်းဟွေ့က ခေါင်းရှောင်ရန် ကြိုးစားနေပြီး ဖုန်းကို အာလူးအပူတစ်လုံးကဲ့သို့ ကိုင်ကာ စုန့်ရန်လက်ထဲ ပြန်ထိုးထည့်‌ပေးရန် ပြင်နေသည်။


" အလုပ်ပြုတ်ရင်လည်း ပြုတ်ပါစေတော့... အဆိုးဆုံးတွေဖြစ်လာရင်လည်း အထုတ်ပြင်ပြီး ထွက်သွားရုံပေါ့... ‌တောင်းပန်ဖို့ ဖုန်းခေါ်ရမယ်ဆိုရင် အဆူခံနေရဦးမှာ... အဲ့ဒါက ပိုဆိုးတယ် မလုပ်ချင်ဘူး..."


စုန့်ရန်က လေးနက်စွာတွေးနေပြီးသည့်နောက်တွင် သူမကို လက်ကာပြလိုက်သည်။


" လာပါ ဒီမှာထိုင်ပါဦး... ဒီပြဿနာအကြောင်း ပြောကြတာပေါ့..."


လင်းဟွေ့က မလာချင်လာချင်နှင့်အနားသို့ ဆယ်စင်တီမီတာခန့် ကပ်လာသည်။


သူမက တုံ့ဆိုင်းနေသဖြင့် စုန့်ရန်က လက်ဦးမှုယူပြီး သူမအနားသို့ ကပ်လာကာ သူမကို ရိုးသားမှုများပြည့်နေသော မျက်ဝန်းဖြင့် ကြည့်လိုက်သည်။


" လင်းဟွေ့... လူကြီးမင်းဟယ်‌က နောက်ဆုံးမှာ ဘယ်လိုဆုံးဖြတ်ချက်မျိုး ချလိုက်တာပဲဖြစ်ဖြစ် တောင်းပန်ရမှာက မင်း ရှောင်လွှဲလို့မရတဲ့အရာပဲ... ပထမဦးဆုံးအနေနဲ့ မင်းက အိမ်မှုကိစ္စ စီမံခန့်ခွဲပေးတဲ့ ကုမ္ပဏီက ဝန်ထမ်းလေ... အလုပ်မှာ အမှားလုပ်မိပြီဆိုရင် ကုမ္ပဏီရဲ့ ပုံရိပ်က ထိခိုက်သွားပြီ... အဲဒါကြောင့်မို့ အနည်းဆုံးတော့ မင်းဘက်က တောင်းပန်သင့်တယ်လေ...


ဟုတ်တယ်မလား... ‌ဒုတိယအနေနဲ့ လူကြီးမင်းဟယ်က ပုပုရဲ့အဖေလေ... မင်း ပုပုကို ငိုအောင်လုပ်လိုက်မိတယ် ပြီးတော့ သူက နိုင်ငံခြားရောက်နေတာ အဲ့တော့ ပုပုကို မြင်လည်းမမြင်ရဘူး ပွေ့ဖက်ပြီး ချော့ပေးလို့လည်းမရဘူး သူ ဘယ်လောက်စိုးရိမ်နေမလဲတွေးကြည့်ပါဦး... အခု ကလေးက အဆင်ပြေသွားပြီဆိုတော့ မင်းသူ့ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းအားလုံးပြောပြမှ သူ စိတ်အေးသွားမှာပေါ့ ..."


လင်းဟွေ့က စိတ်လှုပ်ရှားစွာဖြင့် သူမဆံပင်အဖျားကို ဆွဲနေသည်။ သူမ အကျိုး‌အကြောင်းကို သဘောပေါက်သော်လည်း အလွန်ကြောက်နေမိသည်။


စုန့်ရန်က သူမကို အားပေးသည်။


" အရမ်းမကြောက်ပါနဲ့ လူကြီးမင်းဟယ်က ရက်စက်တဲ့လူ မဟုတ်ပါဘူး... သူက လူကြီးလူကောင်းဆန်ပြီးတော့ ကျိုးကြောင်းဆီလျော်အောင် တွေးခေါ်တတ်တယ်... မင်းသာ စိတ်ရင်းအမှန်နဲ့ တောင်းပန်မယ်ဆိုရင် သူ မင်းကို စိတ်မသက်မသာဖြစ်အောင် မလုပ်ပါဘူး..."


လင်းဟွေ့က သင်္ကာမကင်းဖြစ်နေသည်။


" တကယ်လား..."


" အင်း တကယ်ပေါ့..."


အချိန်အတန်ကြာအောင် ရုန်းကန်ပြီးသည့်နောက်တွင်လည်း သူမက သတ္တိမရှိ ဖြစ်နေ၍ စုန့်ရန်ကို ဈေးဆစ်နေသည်။


" ရှင်က ပုပုနှင့် ရင်းနှီးနေတာဆိုတော့ လူကြီးမင်းဟယ်နဲ့လည်း တော်တော်ရင်းနှီးမှာပေါ့ ဟုတ်တယ်မလား... ကျွန်မကို ကူပြီးတောင်းပန်ပေးပါလား..."


စုန့်ရန် နေရခက်စွာဖြင့် ပြုံးလိုက်သည်။


" တခြားကိစ္စတွေဆိုရင်တော့ ရပေမယ့် ဒီကိစ္စကတော့ မဖြစ်ဘူး... သူက ကျွန်တော့်ကို blacklistထဲ ထည့်ထားတယ်..."


စုန့်ရန်က စကားပြောနေစဉ် လည်ပင်းကိုပွတ်နေသည်။


လင်းဟွေ့က တအံ့တဩဖြစ်သွားပြီး မည်သို့ဖြစ်ပျက်သွားသည်ကို မေးလိုက်သည်။ စုန့်ရန်က ပခုံးတွန့်ပြလိုက်ပြီး ရှက်ရွံ့စွာဖြင့် ရှင်းပြလိုက်သည်။ 


" ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဆက်ဆံရေးက သိပ်မကောင်းလို့ပါ... လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က စကားအချေအတင်များခဲ့ကြလို့... စကားများတာကနေ အရှိန်တွေပါကုန်ပြီး အကောင်းမြင်တဲ့ဘက်ကနေ အဆိုးမြင်တဲ့ဘက်ကို ရောက်ကုန်တာ... အခု သူကျွန်တော့်ကို သဘောမကျတော့ပါဘူး... ကျွန်တော့်အသံကြားတာနဲ့ ဖုန်းချပစ်လိုက်တယ်... တကယ်လို့ ကျွန်တော်ကိုယ်တိုင် တောင်းပန်ပေးမယ်ဆိုရင် မင်း အလုပ်ပြုတ်ရုံတင်မကဘူး... ငွေပါထပ်လျော်နေရလိမ့်မယ်..."


လင်းဟွေ့ ထိတ်လန့်သွားသည်။


" အဲ့လောက်တောင်ဆိုးတာလား... ရှင်ပြောတော့ သူက လူတွေကို စိတ်မသက်မသာဖြစ်အောင် မလုပ်ဘူးဆို..."


စုန့်ရန် အားပြင်းပြင်းနှင့် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အတော်ရှက်သွားသဖြင့် သူ့ကိုယ်သူ ရွှံ့နွံတောထဲ ဆွဲချလိုက်သည်။


" အမ် အဲဒါ... ကျွန်တော်နဲ့ဖြစ်တာက အထူးတလည်ကိစ္စဖြစ်သွားလို့ပါ... ကျွန်တော် ပြောမိတာတွေက တော်တော်လေး သဘောကျချင်စရာမကောင်း‌ဖြစ်သွားလို့..."


လင်းဟွေ့က ချက်ချင်းပင် သူ့အပေါ် ရေသန့်တစ်ပုံးလောင်းချပေးလိုက်သည်။ 


" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ရှင်က သဘောကျချင်စရာကောင်းပါတယ်... ကိုယ့်ကိုကိုယ်ကြည့်လိုက်ပါဦး ဒီလောက်ချောပြီးတော့ သဘောကောင်းတာ... ပြီးတော့ ကိုယ်လုံးကိုယ်ပေါက်ကလည်း အနေတော်ပဲ... ကလေးလည်း ချော့တတ်တယ်... အားလုံးပေါင်းလိုက်ရင်ကို ရှင်က ကြယ်လေးလုံးခွဲလောက် ရနေပါပြီ... ရှင့်လိုလူကို dateချင်တဲ့လူတွေ ပုံနေမှာပဲ... လူကြီးမင်းဟယ်က ရှင့်ကို သဘောမကျရင် သူ ကန်းနေလို့ပဲ... ကျွန်မကတော့ ရှင့်ကို သဘောကျတယ်... ဟို... ကောင်မလေးရှိလားဟင်..."


သူမပြောနေသည်က အဓိက အကြောင်းရင်းမှ သွေဖယ်သွား၍ စုန့်ရန် ရယ်ရငိုရမည်မသိ ဖြစ်သွားသည်။


" အာရုံမလွင့်သွားပါနဲ့ ဖုန်းဆက်လိုက်ပါဦး..."


လင်းဟွေ့က ဇွဲမလျှော့သေးပဲ ဆက်မေးသည်။


" ကောင်မလေးရှိတာလား မရှိတာလား..."


" မရှိပါဘူး..."


မိန်းမပျိုလေးက ချက်ချင်းစိတ်လှုပ်ရှားသွားပြီး သူမမျက်လုံးထဲမှ အသဲနှလုံးပန်းရောင်လေးများ ထွက်လာသည်ဟုပင် ထင်ရသည်။


" တိုက်ဆိုင်လိုက်တာ ကျွန်မမှာလည်း ကောင်လေးမရှိဘူး... ကျွန်မတို့ တွဲကြမလား..."


ဒီရေကဲ့သို့ အသိပေးခြင်းမရှိပဲ ရောက်လာသည့် ချစ်ကြိုက်ကြောင်းဝန်ခံမှုက ရုတ်ချည်းဖြစ်ပေါ်လာသည့် မိုးကြိုးမုန်တိုင်းတစ်ခုနှင့် တူပေသည်။ သူမက စိတ်အားထက်သန်မှုကြောင့် စုန့်ရန် သီးသွားမိသည်။ ထို့နောက် ချောင်းဟန့်လိုက်ပြီး ထပ်ပြောသည်။


" အ... အရင်ဆုံး ဖုန်းဆက်လိုက်ပါဦး... တခြားကိစ္စတွေက ပြီးမှပြောလို့ရပါတယ်..."


လင်းဟွေ့က သူ့စကားကို အခွင့်အရေးယူလိုက်သည်။


" ကျွန်မကို အရင်ဖြေရမယ်..."


" ကျွန်... ကျွန်တော်..."


သူမကို ဘာပြန်ဖြေရမည်မသိဖြစ်သွား၍ စုန့်ရန်က Infinitiနတ်ဘုရား ( အိမ်မပြောင်းလာခင်က တွေ့တဲ့ကလေးအဖေ ) ကို မဖြစ်မတေ အသုံးချရန် တွေးလိုက်သည်။


" ကျွန်တော်က တစ်ကိုယ်တည်းသမားဆိုပေမယ့် ကျွန်တော် တိတ်တခိုးကြိုက်နေတဲ့ လူတစ်ယောက်ရှိပါတယ် ပြီးတော့ သူ့ကိုလိုက်နေတာပါ... အဲ့ဒါကြောင့်မို့ မင်းနဲ့တွဲလို့မဖြစ်ဘူး... ကျွန်တော်ပြောတာ သဘောပေါက်ရဲ့လား..."


လင်းဟွေ့ မျက်နှာပျက်သွားပြီး မှုန်ကုပ်ကုန်နှင့် တစ်ဖက်ကို လှည့်လိုက်သည်။


" သဘောပေါက်ပြီ ဖုန်းမခေါ်တော့ဘူး..."


Xxxxxxx