အပိုင်း ၂၃
Viewers 9k

Chapter 23

စုန့်ရန်က မည်မျှသဘောကောင်းသူဖြစ်စေ ဤအခြေအနေထိ ရောက်လာသောအခါ သည်းမခံနိုင်တော့ပေ။ သူ့ရင်ထဲ တင်းကြပ်လာပြီး ဒေါသဖြင့် လောင်ကျွမ်းလာကာ သူမကို ဒူးထောက်တောင်းပန်ချင်စိတ် ပေါ်လာသည်။ 

" လင်းဟွေ့ မင်းက အသက်ဘယ်နှနှစ်ရှိပြီလဲ... တာဝန်သိတတ်မှုဆိုတဲ့ စိတ်လေးတောင် မရှိဘူးလား... မင်း လူတစ်ယောက်ရဲ့ ကလေးကို ငိုအောင်လုပ်လိုက်တယ်...အဲ့အထိ အဆင်ပြေသေးတယ် ငါ အဲဒါကို အဆင်ပြေအောင် လုပ်ပေးပြီးပြီလေ... အခု ငါအကုန်လုပ်ပေးပြီးပြီဆိုတော့ မင်းက ဖုန်းဆက်ပြီး အခြေအနေကို ပြောပြလိုက်ရုံပဲမလား... ပါပါးဟယ်က ဘယ်လောက်တောင် စိုးရိမ်နေမယ်ဆိုတာ မင်းမတွေးမိဘူးလား..."

လင်းဟွေ့က ရေရွတ်လိုက်သည်။

" ဒါဆို ကျွန်မကိုယ်စား ဖုန်းခေါ်ပေးလေ..."

စုန့်ရန်က ဆိုဖာ၏ ဘေးတစ်ဖက်သို့ ကပ်သွားပြီး နှဖူးကို လက်ဖြင့် အုပ်ထားလိုက်သည်။

"Blacklistထဲရောက်နေတဲ့ လူကသူ့ကို ဖုန်းဆက်လိုက်မယ်ဆိုရင် သူပိုပြီး ဒေါသထွက်သွားမှာပေါ့..."

လင်းဟွေ့က သူမစကတ်စကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး မျက်နှာကရှုံ့မဲ့နေကာ ဘာမှနပြောပေ။ စုန့်ရန်က သူမကိုဖြောင်းဖျရသည်ကို အလွန်ပင်ပန်းလာ၍ အလံဖြူပြလိုက်ပြီး အရှုံးကိုလက်ခံကာ သက်ပြင်းချလိုက်သည်။ 

" ကောင်းပြီလေ... မင်း မဆက်ရင် ငါပဲဆက်တော့မယ်..."

စကားဆုံးသည်နှင့် ဖုန်းကို ကောက်ကိုင်ရန် ပြင်လိုက်သည်။

" မလုပ်ပါနဲ့ မလုပ်ပါနဲ့ ...ကျွန်မဘာသာပဲ ခေါ်လိုက်ပါ့မယ်..."

လင်းဟွေ့က စုန့်ရန် စိတ်ဆိုးသွားမည်စိုး၍ ဖုန်းကို ဆွဲယူလိုက်ပြီး ဖုန်းခေါ်သည့် ခလုတ်ကို လျှပ်စီးလက်သည့်အရှိန်ဖြင့် နှိပ်ရန်ပြင်လိုက်သည်။ ဖုန်းမျက်နှာပြင်က လင်းလက်သွားပြီး အလွန်ကြောက်စရာကောင်းသည့် စာလုံးကြီးများ ပေါ်လာသည်။

 ( လက်ရှိဖုန်းခေါ်ဆိုထားချိန် ၁နာရီ ၃၉မိနစ် ၁၅စက္ကန့် )

၁နာရီ ၃၉မိနစ် ၁၆စက္ကန့်...

၁နာရီ ၃၉မိနစ် ၁၇စက္ကန့်....

၁နာရီ ၃၉မိနစ် ၁၈စက္ကန့်


သူတို့နှစ်ယောက်လုံး ဖုန်းမျက်နှာပြင်ကို တအံ့တဩကြည့်နေကြသည်။ 

စစ်သည်တော်အစစ်တစ်ယောက်က မျက်နှာတွင် သွေးစိမ်းရှင်ရှင်ကျနေလျှင်ပင် ဆိုးရွားနေသော ဘဝတစ်ခုကို ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိရှိကြသည်ဟူသော ဆိုရိုးတစ်ခု ရှိနေသည်။  

ကံဆိုးသည်မှာ စုန့်ရန်က စစ်သည်တော်တစ်ယောက် မဟုတ်ပေ။ 

အမှန်တွင် ထွက်ပြေးခြင်းမပြုမီ သူကိုယ်တိုင်က သူရဲဘောကြောင်သူတစ်ယောက်ဖြစ်ကြောင်း သဘောပေါက်ရန် အချိန်တစ်စက္ကန့်သာ ယူလိုက်ရသည်။ အိမ်တံခါးကို အသည်းအသန်ဖွင့်ပြီးနောက် လေးလံသောဗုံးခွံကြီးကို လင်းဟွေ့ကိုယ်တိုင်ရင်ဆိုင်ရန် ထားခဲ့ပြီးနောက် ထွက်ပြေးသွားသည်။ 

သူ အမှောင်ထုထဲတွင် တံခါးကိုမှီ၍ အမောတကော အသက်ရှုနေပြီး ပါးပြင်များ မီးတောက်မတတ် ပူနွေးလာသည်။ 

၁ နာရီ ၃၉မိနစ်နဲ့ ၁၈စက္ကန့်အတွင်း သူ ဘာတွေများ ပြောခဲ့မိပါလိမ့်... လင်းဟွေ့က ရေလာမြောင်းပေးလုပ်တာကို ငြင်းဖို့ ကလေးဆန်တဲ့ အလိမ်အညာတွေပြောတယ်၊ လူကြီးမင်းဟယ်ရဲ့ စိတ်နေစိတ်ထားကို လုပ်ကြံဖန်တီးတယ်... ပြီးတော့ လူကြီးမင်းဟယ်ရဲ့ နာမည်အောက်မှာ ချက်လက်မှတ်အလွတ်တွေရေးပြီး ပုပုနဲ့တူတူ အရုပ်ကားဆက်ခိုင်းမယ်၊ ပုံပြင်ပြောပြခိုင်းမယ် ၊ ကြောင်မွေးဖို့ ခွင့်ပြုခိုင်းမယ်ဆိုပြီး သူ့နဲ့မဆိုင်တဲ့ ဘောင်ကျော်တဲ့စကားတွေပြောတယ်၊ အဆိုးဆုံးအပိုင်းကတော့ လွန်ခဲ့ သုံးလေးမိနစ်ကပဲ... လူကြီးမင်းဟယ်က သူ့ဖုန်းတွေ မကိုင်တဲ့အပြင် သူ့ကို Blacklistထဲထည့်ထားပါတယ်ဆိုပြီး စိတ်ထားသေးသိမ်တဲ့လူဖြစ်အောင် ပြောလိုက်တာပဲ...

ဒီတစ်ခါတော့ သူတကယ်သေပြီထင်တယ်...

စိတ်ဓာတ်ကျနေမှုအလယ်တွင် စုန့်ရန်က နံရံကို နောက်စေ့နှင့် ဆောင့်နေလိုက်မိသည့်အခါ မီးခလုတ်နှင့် ထိမိသွားသည်။ ထိုအခါ ကလစ်ခနဲအသံနှင့်အတူ နွေးထွေးတောက်ပသော အလင်းရောင်က သူ့အမြင်အာရုံကို လွှမ်းခြုံသွားသည်။ 

သူ ပြေးဝင်လာခဲ့သောအခန်းက အလွန်မကြီးသည့်အပြင် ပရိဘောဂများကလည်း ရိုးရှင်းလှသည်။ တစ်ချက်ကြည့်လိုက်ချိန်တွင် နို့နှစ်ရောင် ကောဇောနုနုနှင့်အတူ မျက်နှာကျက်မှ မီးဆိုင်းတစ်ခုကလည်း အရောင်ဖျော့ဖျော့တောက်ပနေသည်။ အဖြူရောင်နံရံများတွင်လည်း အမည်မသိ အနက်ရောင်ဘောင်ကြီးမှလွဲ၍ အခြားအလှဆင်ထားသည်များမရှိပဲ လစ်ဟာနေသည်။ မျက်နှာကျက်တွင် လက်ရာမြောက်ပြီး ချစ်စရာကောင်းသော်လည်း ဝပ်အားနည်းသော LED မီးငယ်များစွာဖြင့် အလှဆင်ထားသည်။ ခံ့ညားထည်ဝါသော ပြတင်းပေါက် ကန့်လန့်ကာများကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က ကြယ်ပွင့်များဖုံးလွှမ်းနေသည့် ကျယ်ပြောလှသောကောင်းကင်ထဲ ရောက်ရှိသွားသကဲ့သို့ ထင်ရသည်။ 

အခန်းအတွင်းရှိ တစ်ခုတည်းသော ပရိဘောဂမှာ ဖယောင်းပန်အနီရောင် ကူရှင်ဆိုဖာများနှင့် ထူထဲသော ခေါင်းအုံးကြီးများဖြစ်သည်။ အရောင် သို့မဟုတ် ပစ္စည်း မည်သည့်အရာဖြစ်စေ အားလုံးက နူးညံ့သိမ်မွေ့ကာ အထိအတွေ့ ငတ်မွတ်နေသော စုန့်ရန်အတွက် အလွန်ဆွဲဆောင်မှု ရှိသည်။

တဖြည်းဖြည်းလျှောက်လာပြီးနောက် ဆိုဖာထောင့်တွင် လှဲချလိုက်ပြီး ခေါင်းအုံးတစ်လုံးကိုဖက်ထားကာ ခေါင်းကို တိတ်တဆိတ်နှစ်ထားလိုက်သည်။ 

ဒေါက် ဒေါက် ဒေါက်...

မိနစ်အနည်းငယ်ကြာသောအခါ အပြင်ဘက်မှ တံခါးခေါက်သံတစ်သံ ကြားလိုက်ရသည်။ လင်းဟွေ့က အထဲသို့ ခေါင်းပြူလာကာ ဝမ်းသာအားရဖြင့် ကလေးဖုန်းလေးကို ဝှေ့ယမ်းပြနေသည်။ 

" စုန့်ရန် ရှင့်ကို လူကြီးမင်းဟယ် ရှာနေတယ်..."

မမျှော်လင့်ထားသည်မှာ သူမက သူ့နာမည်ကိုပင် သိနေပြီဖြစ်သည်။

စုန့်ရန်က ‌သဘာဝမဆန်သော အမူအရာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။

" အိုး..."

" အရမ်းကြီး မဆိုးမမြင်ပါနဲ့ ... အဆင်ပြေပါတယ်..."

လင်းဟွေ့က မိုက်ခရိုဖုန်းနေရာကို လက်ဖြင့်ကွယ်ထားပြီး သူ့အနားကပ်လာကာ တီးတိုးပြောလိုက်သည်။ 

" လူကြီးမင်းဟယ်က တော်တော်သဘောကောင်းတယ် ကျွန်မတောင်းပန်လိုက်တာနဲ့ ချက်ချင်းခွင့်လွှတ်ပေးတာပဲ... ရှင့်ကိုလည်း ခွင့်လွှတ်ပေးမှာပါ ကံကောင်းပါစေ..."

သူက စုန့်ရန်၏ပခုံးကိုပုတ်ကာ အားပေးစကားပြောလိုက်ပြီးနောက် လက်မထောင်ပြလိုက်သည်။ 

သူမ ဖုန်းကိုင်ပြီး စကားစပြောစဉ်က ဆယ်စက္ကန့်အကြာတွင် လူကြီးမင်းဟယ်က သူ့ကို အလုပ်ဖြုတ်လိုက်မည်ဟု ထင်ခဲ့မိသည်။

အခြေအနေက ကမောက်ကမဖြစ်သွားသော်လည်း စုန့်ရန်၏ 'ရက်စက်တဲ့လူမဟုတ်ပါဘူး' ဟူသော စကားအတိုင်း တမင်တကာ သက်သေပြရန်အတွက် လူကြီးမင်းဟယ်က စကားယဉ်ယဉ်လေးများပြောခဲ့သည်။ ထိုစကားများကြောင့် လင်းဟွေ့က အလုပ်ဖြုတ်ခံရမည့်အစား လစာတိုးပေးခံရတော့မည်ဟု ထင်ခဲ့မိသည်။ ဤအထင်လွဲမှုက မည်သည့်နေရာမှရောက်လာသည်ကို သူမ အလေးအနက်တွေးနေမိသည်။ 

လူကြီးမင်းဟယ်က အရမ်း စိတ်သဘောထားနူးညံ့တာပဲ... မိန်းကလေးငယ်လေးတစ်ယောက်က အလုပ်လုပ်ချိန်မှာ အမှားနဲ့ကင်းဖို့ တော်တော်လေးခက်တယ်ဆိုပြီးတောင်ပြောခဲ့သေးတယ်... ငါလည်း ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပြီး ဒီလိုအမှားမျိုးထပ်မဖြစ်အောင် နေရမယ်...

လင်းဟွေ့ အလွန်စိတ်လှုပ်ရှားလွန်း၍ မျက်ရည်ဝဲလာသည်။ 

ထို့နောက် လူကြီးမင်းဟယ်က ဤကိစ္စကို နားလည်သဘောပေါက်ပြီဖြစ်၍ လင်းဟွေ့၏ဂုဏ်သိက္ခာကို မထိခိုက်စေသည့် အကြောင်းပြချက်တစ်ခုခုဖြင့် ထုတ်ပယ်လိုက်ပြီး အိမ်မှုကိစ္စကုမ္ပဏီကို သင့်တော်သည့် အကြောင်းရင်းတစ်ခု ပေးလိုက်မည်ဟု ပြောသည်။ ထို့အပြင် စုန့်ရန်ကြောင့် 'တောင်းပန်ခြင်း၏ဆုလဒ်' အနေဖြင့် သူက မူလ လစာ၏ နှစ်ဆယ်ရာခိုင်နှုန်းကိုပါ သူမကို ပေးမည်ဖြစ်သည်။ 

ဤနည်းလမ်းကို အသုံးပြု၍ စုန့်ရန်၏သင်ခန်းစာကို အားဖြည့်ပေးလိုက်ကာ တောင်းပန်ရခြင်း၏ တန်ဖိုးကို လင်းဟွေ့ သဘောပေါက်နားလည်သွားစေရန် မျှော်လင့်လိုက်မိသည်။ 

လင်းဟွေ့ မျက်ရည်များ စီးကျလာသည်။ ဖုန်းကိုင်ထားလျက်နှင့် အထပ်ထပ်အခါခါ ကျေးဇူးတင်နေကာ စုန့်ရန်က သူမကို အမှန်တိုင်းပြောလိုက်ကြောင်း တွေးနေမိသည်။ လူကြီးမင်းဟယ်က ကီလိုဝပ်မီးစက်၏အကူအညီဖြင့်ပင် မည်သည့်နေရာမှ ရှာမတွေ့နိုင်သော လူကောင်းတစ်ဦး၏ စံနမူနာဖြစ်ကြောင်း တွေးနေမိသည်။

'တစ်ယောက်အတွက် ပျားရည်က နောက်တစ်ယောက်ကိုအဆိပ်ဖြစ်စေတယ်' ဟူသော စကားအတိုင်းပင် လင်းဟွေ့က ဝမ်းမြောက်ဝမ်းသာဖြစ်၍ ငိုနေသည်ကို မသိသော စုန့်ရန်က အလွန်ကြောက်လန့်နေသည်။ သူ စကားအနည်းငယ်ကိုပင် ရှင်းရှင်းလင်းလင်း မပြောနိုင်တော့ပေ။

" လူ လူ လူကြီးမင်းဟယ်..."

ဖုန်းကို လက်ဖြင့် တုန်ယင်စွာကိုင်ထားကာ စုန့်ရန်က အထစ်ထစ် အငေါ့ငေါ့ ပြောနေသည်။

ဟယ်ကျစ်ယွမ်က ပြုံးလိုက်မိပြီး အဓိက အချက်ကိုသာ ပြောလိုက်သည်။

" စုန့်ရန် ကိုယ်နေ့လယ်တုန်းက အစည်းအဝေးကို ရောက်နေလို့ပါ..."

" အ... အစည်းအဝေးလား..."

စုန့်ရန် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ သူ့ ဦးနှောက်က ထိုအကြောင်းအရာနှင့် မဆက်နွယ်နိုင်ဖြစ်နေသည်။

ဟယ်ကျစ်ယွမ်က ရှင်းပြသည်။

" နေ့လယ်ခင်းတုန်းက မင်း ဖုန်းနှစ်ကြိမ်ခေါ်တယ်မလား... ကံဆိုးချင်တော့ အဲ့အချိန်မှာ ကိုယ်တို့ကုမ္ပဏီက အစည်းအဝေးကြီးတစ်ခုလုပ်နေတာ... ကိုယ် အဲ့မှာ တစ်ချိန်လုံးနေနေရပြီး အပြင်ထွက်မရတာနဲ့ နှစ်ခါလုံး ဖုန်းချပစ်လိုက်တာ... တကယ်လို့ ပုံမှန်ဌာနအစည်းအဝေးလောက်လေးဆိုရင် ကိုယ် ထွက်လာလို့မရရင်တောင်မှ စာပို့လို့ရသေးတယ်... အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်တကယ်တောင်းပန်ပါတယ်..."

" ဪ အဲ့ဒီလိုကိုး..."

ဝမ်းနည်းဝမ်းသာဖြစ်သွားသည့်စုန့်ရန်က ဆိုဖာကူရှင်ထဲ ခေါင်းစိုက်ချလိုက်သည်။

" ကျွန်တော်ထင်လိုက်တာက... ဟို..."

ခင်ဗျား ကျွန်တော့်ကို အေးတိအေးစက် ဆက်ဆံလိုက်တယ်လို့ ထင်နေတာ... 

မပြီးပြတ်သေးသည့် စကားက အလယ်တွင် ပြတ်တောက်သွားသည်။ ဟယ်ကျစ်ယွမ်က စကားအဆုံးထိ မကြားလိုက်ရသော်လည်း စိတ်အေးလက်အေးဖြစ်သွားသည့်အသံကြောင့် အထင်လွဲမှု သေးသေးလေးက စုန့်ရန်ကို သူ စိတ်ကူးထားသည်ထက်ပို၍ သက်ရောက်သွားစေကြောင်း သိလိုက်ရသည်။ 

သူ့စိတ်ထဲ အပြစ်မကင်းဖြစ်သွားပြီး ရှင်းပြလိုက်သည်။ 

" အစည်းအဝေးက တော်တော်ကြာသွားတော့ ပြီးသွားတဲ့အချိန်က တရုတ်မှာဆို မနက်၈နာရီကျော်နေပြီ... မင်း စိတ်မသက်မသာဖြစ်သွားမှာစိုးလို့ ကိုယ် ဖုန်းပြန်ခေါ်ခဲ့သေးတယ်... ကံဆိုးချင်တော့ မင်းနဲ့လွဲသွားတယ်... ကိုယ် ဖုန်းဆက်လိုက်တဲ့အချိန်ရောက်တော့ သူငယ်တန်းဆရာမက ဖုန်းကိုင်လိုက်တယ်... စုန့်ရန် ကိုယ့်ကိုယုံပေးပါ... ကိုယ်မင်းကို blacklistထဲ မထည့်ထားပါဘူး..."

" အာ အဲဒါက... ကျွန်တော် ဘာမှမတွေးမိပဲ အဓိပ္ပါယ်မရှိတာတွေ ပြောလိုက်မိတာပါ..."

စုန့်ရန် အလွန်ရှက်နေမိသည်။ သူ ပြုံးလိုက်ပြီး နီရဲနေသည့်မျက်နှာဖြင့် အမှန်ပြန်ပြင်ပြောလိုက်သည်။

" လူကြီးမင်းဟယ်က သဘောထားကြီးပါတယ် ဒီလို အသေးအဖွဲ့ကိစ္စလေးလောက်နဲ့ တွက်ကပ်မနေဘူးဆိုတာ ကျွန်တော်သိပါတယ်... ကျွန် ကျွန်တော်က ညည်းညူတဲ့သဘောနဲ့ပဲ လင်းဟွေ့ကို ပြောပြလိုက်တာပါ..."

ပွင့်လင်းစွာပြောလိုက်မိပြီးမှ သူပြန်တွေးတောနေမိသည်။

သူ တစ်နေကုန် စိတ်ညစ်နေခဲ့ရတဲ့ကိစ္စက အသေးအဖွဲ့လေးလို့ သတ်မှတ်နိုင်ပါ့မလား... ဒါက သူငယ်ချင်းတွေနဲ့ စကားအချေအတင်များတာမျိုး မဟုတ်ပဲနဲ့ ဖုန်းထဲကနေ ကတောက်ကဆဖြစ်ရုံပဲလေ...

အကယ်၍ ဤကဲ့သို့သော အသေးအဖွဲ့ကိစ္စလေးကို လူကြီးမင်းဟယ်ထံသို့ ပြောပြပါကလည်း သူက အာရုံစိုက်နိုင်မည် မဟုတ်ပေ။ တစ်ဖက်လူက အလွန်အလုပ်များပြီး သူ့ကို blacklistထဲထည့်ရန်ပင် အချိန်မရှိပေ။ စုန့်ရန်အတွက်သာ ရိုက်ချက်ကြီးတစ်ခုဖြစ်သွားခဲ့ပြီး မိမိကိုယ်ကို ယုံကြည်မှုက ထပ်ဝက်ခန့် လျော့ကျသွားခဲ့ရကာ စိုးရိမ်ပူပန်မှုက နှစ်ဆဖြစ်သွားခဲ့ခြင်းဖြစ်သည်။ အဆိုးဆုံးဖြစ်နိုင်ချေအားလုံးကို တွေးဆလိုက်ပြီး ' ဖုန်းကိုင်လို့ အဆင်မပြေတာပဲ' ဟူသည့်ဖြစ်နိုင်ချေကို မေ့သွားခဲ့ခြင်းဖြစ်သည်။

စုန့်ရန် အရှက်ရသွားသည်ဟု ခံစားမိသည်။ 

သူက အသက်ဘယ်လောက်ရှိနေပြီမို့ ကလေးတစ်ယောက်လို မရင့်မကျက်ဖြစ်နေပြီး လူကြီးမင်းဟယ်ကို ဒီကိစ္စလေးကြောင့် ဒုက္ခသွားပေးနေမိတာပါလိမ့်...

ခေါင်းအုံးကြီးကို သူ့ရင်ခွင်ထဲ ဖက်ထားလိုက်ပြီး ခြေထောက်များကြား ညှပ်ထားလိုက်ကာ ဆိုဖာထောင့်ထဲသို့ တိုးဝင်လိုက်မိသည်။ 

တစ်ဖက်လူက စိတ်မြန်လက်မြန်ရှိသည်ကို ဟယ်ကျစ်ယွမ်သိထား၍ သူ့ကို မျက်နှာသာပေးရန် ကြံရွယ်ပြီး မေးလိုက်သည်။

" ကိုယ့်ကို မနက်၅နာရီ ဖုန်းခေါ်ထားတာ အရေးတကြီးပြောစရာ ရှိလို့လား..."

စုန့်ရန် ခေါင်းခါလိုက်သည်။

" မရှိပါဘူး...ကျွန်တော့်ကို အဲ့နေ့ညက ခွင့်မလွှတ်ပေးတော့ ကျွန်တော့်စကားတွေက မလေးနက်သလိုဖြစ်သွားတယ်ထင်လိုက်လို့ ဒီနေ့မနက် ဖုန်းထပ်ခေါ်ပြီးတော့ စိတ်ရင်းအမှန်နဲ့ တစ်ကြိမ်ထပ်ပြီး တောင်းပန်ချင်လို့ပါ... ကျွန်တော်ရဲ့ မိသားစုအပေါ် ထင်မြင်ချက်တွေကို လူကြီးမင်းဟယ် အသိအမှတ်ပြုဖို့ အတင်းအကြပ် မလုပ်ခဲ့သင့်ဘူး... လူကြီးမင်းပြောသလိုပါပဲ... လူတိုင်းက တွေ့ကြုံခံစားခဲ့ရတာချင်းမတူတော့ မိသားစုနဲ့ပတ်သက်ပြီး အတွေးအမြင်တွေ ကွဲပြားနေတာလည်း ဖြစ်နိုင်ပါတယ်... အဲဒါကြောင့်မို့ အပြန်အလှန် လေးစားမှုရှိသင့်တာလည်း ဟုတ်ပါတယ်... ကျွန်တော်တို့ကြားက ကွဲပြားချက်တွေကို ဘေးဖယ်ထားလိုက်ပြီမို့ အရင်ရက်က ကျွန်တော်ရိုင်းပြခဲ့တာကို ခွင့်လွှတ်ပေးနိုင်မလား..."

ဟယ်ကျစ်ယွမ် ပြုံးမိသွားသည်။

" ခွင့်လွှတ်ပေးနိုင်ပါတယ်... ကိုယ်အရင်တည်းက မင်းကို ခွင့်လွှတ်ပေးပြီးသားပါ..."

သူက အေးအေးဆေးဆေးသာ ဖြေလိုက်ခြင်းဖြစ်၍ စုန့်ရန်က နောက်ထပ် ဘာပြောရမည်မသိ ဖြစ်သွားသည်။ ' ခွင့်လွှတ်ပေးနိုင်ပါတယ် ' ဟူသည့်စကားကို ကြားပြီးသည့်အခါ ခဏတာ အေးခဲတောင့်တင်းသွားပြီးသည့်နောက် တဖြည်းဖြည်း စိတ်အေးသွားသည်။

" အမ်... တောင်းပန်တဲ့ကိစ္စအပြင် ကျွန်တော် ပြောချင်တာတစ်ခု ရှိသေးလို့ပါ..."

စုန့်ရန်က နှုတ်ခမ်းကို ဖိကိုက်ထားမိသောကြောင့် အရာနှစ်ခု ထင်သွားသည်။ သူ စိတ်လှုပ်ရှားစွာဖြင့် ဒုတိယတောင်းဆိုချက်ကို ပြုလုပ်လိုက်သည်။

" အခုမှ ပြောရတာတော့ နောက်ကျနေပြီဆိုပေမယ့် ကျွန်တော် ပုပုကို တကယ်ချစ်ပါတယ်... နောက်ဆို လူကြီးမင်းဟယ် ညနေဘက်တွေမှာ အလုပ်များလို့ သူနဲ့ မကစားပေးနိုင်ဘူးဆိုရင် ကျွန်တော့်အိမ်ကို လာဆော့ခိုင်းဖို့ ခွင့်ပြုပေးလို့ရမလား... ကျွန်တော် သူ့ကို ကြည့်ထားပေးလို့ရတယ်၊ ပုံပြင်တွေလည်းပြောပြပြီး ပုံဆွဲနည်း သင်ပေးလို့တယ်... အိပ်ရာမဝင်ခင် ရေချိုးပေးလို့လည်းရပါတယ်..."

ဟယ်ကျစ်ယွမ် ပြန်ဖြေလိုက်သည်။

" ရပါတယ်..."

စုန့်ရန်က အနည်းငယ် ယုံကြည်ချက်ရှိလာ၍ ရှေ့တစ်လှမ်းဆက်တိုးလိုက်သည်။ 

" ဒါ... ဒါဆိုရင် နောက်ပိုင်း လင်းဟွေ့ အလုပ်ထွက်သွားမယ်ဆိုရင် ကျွန်တော် ယာယီလောက် ကလေးထိန်းလုပ်လို့ရမလား... ကျွန်တော် လစာမယူပဲ လုပ်ပေးမှာပါ ကလေးကိုလည်း အချိန်ပြည့်ကြည့်ပေးမယ် ဘာမှ မလစ်ဟင်းစေရပါဘူး..."

ထိုအချိန်တွင် လင်းဟွေ့အလုပ်ဖြုတ်ခံလိုက်ရသည်ကို သူ မသိသေးပေ။ အကြောင်းအရင်းမှာ ရိုးရှင်းပေသည်။ လင်းဟွေ့က သူ့ကို ဖုန်းလာပေးချိန်၌ ဝမ်းသာပျော်ရွှင်နေသောကြောင့် သူမ၏ဝမ်းနည်းမှုများ ပျောက်ကွယ်သွားကာ လူကြီးမင်းဟယ်က သဘောကောင်းသူဖြစ်ကြောင်း ထပ်ခါတလဲလဲချီးကျူးနေခဲ့သောကြောင့်ဖြစ်သည်။ သူမ ခွင့်လွှတ်ပေးခံလိုက်ရသည်ဟု အလိုလိုနားလည်သွား၍ သူမအတွက် ဝမ်းသာသွားသော်လည်း သူကိုယ်တိုင်အတွက် ဝမ်းနည်းသွားခဲ့ရသည်။

 သူ စိတ်သဘေထား သေးသိမ်စွာနှင့် လင်းဟွေ့ကို သုံးစက္ကန့်ခန့် မနာလိုဖြစ်သွားမိသည်။ 

နှစ်ယောက်လုံးက အမှားလုပ်ခဲ့ကြခြင်းဖြစ်သော်လည်း လင်းဟွေ့က ကလေးကို ငိုအောင်လုပ်လိုက်ရုံသာဖြစ်ပြီး သူက အဖေကို ဒေါသထွက်အောင် လုပ်လိုက်ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် လင်းဟွေ့က အဆင်ပြေသွား‌ခဲ့သော်လည်း သူက ကံဆိုးစွာဖြင့် အလုပ်ကို ဆုံးရှူံးခဲ့ရ၍ ဘဝ၏ ဖြစ်ရပ်မှန်များကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။

Xxxxxxx