အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၂၁
စီလီ၏ အတန်းပိုင် ဆရာမ မာသည် လွန်ခဲ့သော နှစ်အနည်းငယ်က တက္ကသိုလ်မှ ဘွဲ့ရခဲ့သော မိန်းကလေးတစ်ဦးဖြစ်သည်။ စီလီ၏ အကျင့်စာရိတ္တကောင်းမွန်သော အသွင်အပြင်ကို မြင်တွေ့ရပြီး နားမလည်နိုင်လောက်အောင် သူ့အပေါ်ကြင်နာပေးချင်မှုကို ဖြစ်ပေါ်စေသည်။
စီလီ ကျောင်းလာတက်တာတွေ့တော့ အားလပ်ချိန်မှာ စီလီရုံးခန်းကို ခေါ်ပြီး မေးခဲ့သည်။ "သားဒဏ်ရာက ဘယ်လိုနေသေးလဲ။"
စီလီက သူမကို ပြုံးပြပြီး "ကောင်းသွားပါပြီ ဆရာမ"
စီလီက ရှောင်ကျွင်းရဲ့ တိုက်တွန်းမှုကို သတိရပြီးနောက် ပြောလိုက်သည်။ "ဆရာမ၊ ကျွန်တော့်အကိုက ဆရာမကို လာတွေ့ချင်တယ်လို့ ပြောတယ်"
"အစ်ကို?"
ဆရာမက အံ့သြသွားသည်။ စီလီရဲ့ ဖိုင်ထဲ သူ့မှာ အစ်ကိုတစ်ယောက်ရှိတယ်လို့ မဖော်ပြထားတာကို သူမ သတိရမိသည်။
စီလီသည် အကြောင်းတစ်ခုခုကြောင့် ထူးထူးခြားခြား စိတ်လှုပ်ရှားနေမိသည်။ ငယ်ငယ်ကတည်းက အခုချိန်ထိ ကျောင်းမှာ လူကြီး တစ်ယောက်မှ သူ့ဘက်မှာမရပ်တည်ဖူးဘူး။ "ဟုတ်တယ် တကယ်ကောင်းတဲ့အကို"
ဒီလိုနဲ့ နေ့လယ်စာကျောင်းနားချိန်မှာ ဆရာမမာက စီလီရဲ့ အစ်ကိုကို တွေ့ခဲ့ရသည်။
သူက ထူးထူးခြားခြား ချောမောသည်။
ဆရာမက သူ့ကို အထပ်ထပ်အခါခါ ပြန်ကြည့်ရုံမှ လွဲ၍ မတတ်နိုင်ပေ။
ကျောင်းမှာ ထိပ်ပြောင်တဲ့ အဘိုးကြီးတွေကို နေ့တိုင်းမြင်နေရတော့ ချောမောတဲ့ ကောင်လေးကို ရုတ်တရက်တွေ့လိုက်ရလို့ သူမ စိတ်ထဲ တကယ်ကို နှစ်သိမ့်မှုရစေခဲ့တယ်..။
"ဟယ်လို၊ ကျွန်တော်က ရှောင်ကျွင်းပါ၊ စီလီ ကြောင့် လာခဲ့တာပါ" ရှောင်ကျွင်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ဆရာမမားက ချက်ချင်း လေးနက်လာခဲ့သည်။ သူမက ကလေးတွေကို တကယ်ချစ်လို့ ဆရာမဖြစ်လာတာပင်။ ပုံမှန်အားဖြင့် သူမသည် လေးနက်သောကိစ္စများကိုကြားရသောအခါ ချောမောသောလူကို ငေးကြည့်နေမည်မဟုတ်ပေ။
“ကျွန်တော်က တက္ကသိုလ်မြို့အပြင်ဘက်မှာ ဆိုင်သေးသေးလေးဖွင့်တယ်၊ စီလီက ကျောင်းအချိန်ပြီးလို့ အားလပ်ချိန်တွေကို အတန်းထဲက ကျောင်းသားတွေ အစားအသောက်တွေ မှာချင်တာကို မှတ်သားဖို့အတွက် ကျွန်တော်က သူ့ကို လစဉ်လစာ ပေးတယ်။"ဟု ရှောင်ကျွင်းက အတိုချုံး ရှင်းပြလိုက်သည်။
"ဒါပေမယ့် မနေ့က စီလီက ဒီလိုမျိုး ပေါ်လာတယ်" ရှောင်ကျွင်းက ရောင်ရမ်းမှု မပျောက်သေးသော စီလီကို ညွှန်ပြပြီး "သူ့ကို အချိန်အကြာကြီး မေးပြီးမှ သူက ကော်ဖီဆိုင်က ကလေးရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်လို့ ပြောပြခဲ့တယ်။"ဟုပြောသည်။
“ဒီကိစ္စက တော်တော် ရယ်စရာကောင်းတယ်လို့ ခံစားရတယ်၊ ဒါကြောင့် လူတွေကို အဲဒီနေရာမှာ စားခိုင်းစေတဲ့ ကော်ဖီဆိုင်က ဘယ်လိုပုံစံလဲဆိုတာ သိချင်လို့လာတာပါ။ "
ဆရာမက ပတ်ဝန်းကျင်ရှိ ကော်ဖီဆိုင်နှင့် အစားအသောက်အကြောင်း တွေးတောရင်း မနေနိုင်ဘဲ အံ့သြသွားသည်။
စီလီ ဒဏ်ရာရရခြင်း အကြောင်းအရင်းမှာ ဤအချက်ကြောင့်လို့ သူမ မမျှော်လင့်ထားပေ။ "စီလီရဲ့အုပ်ထိန်းသူ၊ စိတ်မပူနဲ့၊ ကျွန်မ သေချာပေါက် စီလီကို ကောင်းကောင်းကာကွယ်ပေးမှာပါ” လို့ ခဏလောက် တွေးပြီးနောက် ပြောလိုက်သည်။
သူမ စကားပြောနေစဉ်တွင် အိမ်စာလုပ်ရန်ရောက်လာသော ကျောင်းသားတစ်ဦးရှိသဖြင့် ထိုကျောင်းသားကို အနိုင်ကျင့်သည့် ယောက်ျားလေးအား ခေါ်ခိုင်းပြီး ထိုယောက်ျားလေး၏ အတန်းပိုင်ဆရာမကိုလည်း ခေါ်ခဲ့သည်။
ရှောင်ကျွင်းသည် သူ့ဘေးနားရှိ တောက်ပသော မျက်လုံးများနှင့် စီလီကို ကြည့်ပြီး သူတစ်ကိုယ်တည်း အနိုင်ကျင့်ခံရခြင်းကို ကြိတ်ခံထားရသည်ကို သိထားသည်။ ဒါက သူ့အတိတ်ကို ပြန်သတိရစေပြီး စီလီခေါင်းကို ပုတ်ခဲ့သည်။
အဲဒီတုန်းက သူ့ကို တင်းရှက အကာအကွယ် ပေးထားခဲ့သည်။ ဒါကြောင့် ဒီကောင်လေးကို သူကာကွယ်မည်။
အတန်းခေါင်းလောင်းသံ မြည်ပြီးသည့်နောက်တွင် ပျင်းရိစွာလမ်းလျှောက်နေသည့် ကျောင်းသားသည် အထဲကို ဝင်ရန်ပင် မတောင်းဆိုဘဲ ၀င်လာခဲ့သည်။ တံခါးကို တိုက်ရိုက်တွန်းဖွင့်ပြီး “ဘယ်ဆရာက ငါ့ကိုရှာနေတာလဲ” ဟုပြောခဲ့သည်။
ကျူးယောင်ဇူသည် ဆရာများအားလုံး မနှစ်သက်သည့် ပြဿနာကြီး တစ်ခုဖြစ်သည်။ သူသည် အတန်းထဲတွင် အမှတ်အနည်းဆုံးရသော ကျောင်းသားဖြစ်ပြီး များသောအားဖြင့် လူမိုက်ပြုံးပြုံးကာ အခြားကျောင်းသားများ အထူးသဖြင့် ကျောင်းသူများကို အနိုင်ကျင့်ရတာ နှစ်သက်သည်။ သူ့မျက်လုံးက သူတစ်ပါးအပေါ် စူးစိုက်ကြည့်တတ်သဖြင့် သူ့ကိုမြင်တာနဲ့ လူတွေကို စိတ်မသက်မသာဖြစ်စေသည်။
ကျူးယောင်ဇူက ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း စီလီကို ငေးကြည့်ရင်း "အိုး၊ အားနည်းတဲ့ကလေးက အခု သူ့မိဘတွေကို အကူအညီတောင်းလာတာလား"
သူစကားပြောနေစဉ် ရှောင်ကျွင်းကို ကြည့်ကာ "ဒါက မင်းအမေရဲ့ ချစ်သူလေးတွေထဲက တစ်ယောက်လား?"
"ကျူးယောင်ဇူ!!!" စီလီ မျက်နှာက နီမြန်းလာခဲ့သည်။
ဆရာမ၏ အမူအရာမှာလည်း အကျည်းတန်လာသည်။ ကျူးယောင်ဇူက သူမကို ဆရာမတစ်ဦးအဖြစ် လုံးဝအလေးအနက်မထားခဲ့ပေ။
ကျူးယောင်ဇူ၏ စကားကို အချိန်မီ တံခါးဝမှ ၀င်လာသောဆရာကျောက်က ကြားသွားခဲ့သည်။ သူသည် လူလတ်ပိုင်းအရွယ် ခေတ်မဆန်သော၊ တင်းမာသော ဆရာတစ်ဦးဖြစ်ပြီး ကျောင်းသားများ၏ အဓိပ္ပာယ်မရှိ ပေါက်ကရများကို ပြောဆိုခြင်းကို သည်းမခံနိုင်ပေ။
သူခဏရပ်လိုက်ပြီး "ကျူးယောင်ဇူ!"ဟု ဒေါသတကြီးအော်လိုက်သည်။
အင်မတန် ကြမ်းတမ်းသောဆရာ ကျောက် ရောက်လာသည်ကိုမြင်၍ ကျူးယောင်ဇူ ထိတ်လန့်တုန်လှုပ်သွားသည်။
ဝင်လာစဉ် ဆရာ ကျောက်၏ အမူအရာက မသာမယာ ဖြစ်နေခဲ့သည်။ "အဓိပ္ပါယ်မရှိတဲ့ စကားတွေပဲ ပြောဖို့ပါးစပ် ပါလာတာလား။"
ကျူးယောင်ဇူသည် မကျေမနပ် နှုတ်ခမ်းကို သပ်လိုက်သည်။ ဆရာ ကျောက်က ဆရာမမာကို လှမ်းကြည့်ရင်း မေးခဲ့သည်။ "ဆရာမမာ ကျွန်တော့်ကို ရှာနေတာလား။"
ဆရာမက အဖြစ်အပျက်ကို အကျဉ်းချုံး ပြောပြခဲ့ပြီး ဆရာ ကျောက်က ရှောင်ကျွင်းနှင့် စီလီ ကို တစ်ချက်ကြည့်လိုက်သည်။
" ဒီလောက်ဆို ကိစ္စသေးသေးလေးပဲ။ ကျူးယောင်ဇူ၊ စီလီကို တောင်းပန်လိုက်။ စီလီ၊ မင်းကနောင်မှာ ဒီလိုအလုပ်မျိုး ထပ်မလုပ်နဲ့ "
"ကျောင်းသားတွေက ကျောင်းကန်တင်းမှာပဲ စားသင့်တယ်။ အပြင်မှာ အမြဲစားတာ မကောင်းဘူး" ဟု သူက ပုံမှန်လေသံနဲ့ ပြောခဲ့သည်။
ရှောင်ကျွင်း၏ မျက်ခုံးလှုပ်သွားသည်။ ဒါဆို ဒီပြဿနာကပြီးသွားပြီလား။
စီလီမျက်နှာက နီမြန်းလာပြီး "ဆရာ၊ ကျွန်တော် ဘာမှ မမှားပါဘူး၊ ဘာဖြစ်လို့ ဒါကို ဆက်ပြီး မလုပ်နိုင်ရမှာလဲ"
ဆရာမလည်း နည်းနည်းတော့ စိတ်မချမ်းသာဖြစ်ကာ ပြောလိုက်သည်။ "ဆရာ ကျောက်၊ ဆရာ ကျောင်းကန်တင်းက အစားအသောက် မစားဖူးဘူးမလား"
"စားပြီးသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ၊ ဘာအရေးကြီးလဲ ကျောင်းသားတွေက အခက်အခဲတွေကို ကြံ့ကြံ့ခံသင့်ပြီး ချိုမြိန်မှုကို တွေးတောမနေသင့်ဘူး။ နေ့တိုင်း ပျော်ရွှင်ဖို့ပဲ တွေးနေရင် ဘယ်လို သင်ယူကြမလဲ။ "
ဆရာမက ဒေါသနဲ့ ရယ်ခဲ့သည်။ "ဒါကို ခံနိုင်ရည်ရှိတဲ့ ခက်ခက်ခဲခဲနဲ့ ချိုမြိန်မှုလို့ တွေးခေါ်တာလား။ အဲဒါက ဝက်စာနဲ့ ပိုတူတယ်။"
ဆရာ ကျောက် မျက်နှာက တည်တင်းသွားသည်။ "ဆရာမလေး၊ မင်း လူကြီးမင်းတွေကို လေးစားသမှုပြုပြီးဆက်ဆံရမယ်!"
ဆရာမမာသည် သဘောမတူကြောင်း ပုံစံဖြင့် မျက်လုံးကိုကစားလိုက်သည်။
ဆရာ ကျောက် - "မြန်မြန် မြန်မြန် အချိန်မဖြုန်းနဲ့။ အတန်းစနေပြီ"
ရှောင်ကျွင်းက ဆရာမမာကို မေးခဲ့သည်။ "ကျောင်းအုပ်ကြီး အခုဒီမှာ ရှိလား"
ကျူးယောင်ဇူက ၀င့်ကြွားစွာ ပြောခဲ့သည်။“အသေးအမွှား ကိစ္စလေးကို အကြီးကြီးဖြစ်ချင်လို့ ကျောင်းအုပ်ကို ရှာနေတာလား”
ရှောင်ကျွင်းက သူ့ကို လျစ်လျူရှုလိုက်သည်။ တစ်ဖက်တွင် ဆရာမမာက “ရှင့်ကို အဲဒီကို ခေါ်သွားမယ်"ဟုပြောခဲ့သည်။
ဆရာ ကျောက်က သူတို့ကို အကြိမ်အနည်းငယ်လောက်အော်ခေါ်ခဲ့ပေမယ့် သူတို့က နောက်ပြန်မလှည့်ဘဲ ထွက်သွားခဲ့သည်။
ဆရာမက သူ့ကို ကျောင်းအုပ်ကြီးရုံးခန်းကို ခေါ်သွားသည်။ ကျောင်းအုပ်ကြီးသည် အလွန်ပညာရှိပုံပေါက်ပြီး သူ့နားသယ်တွင် ဆံပင်ဖြူနေသော သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။ သူ့မျက်မှန်ကို မော့ကြည့်လိုက်တော့ "ဆရာမမာ၊ ဘာကိစ္စရှိလို့လဲ၊ ဒါက ဘယ်သူလဲ"
ကျောင်းအုပ်ကြီး ဖြစ်ပျက်ခဲ့သမျှကို ဆရာမမာက အကျဉ်းချုံး ပြောပြခဲ့သည်။ ကျောင်းအုပ်ကြီး၏ အမူအရာက လေးနက်လာခဲ့သည်။
"အဲဒီကျောင်းသားကို ကျွန်တော့်ကို ဒီလာတွေ့ခိုင်းပါ၊ အဲ့ဒီဆရာလည်း လာသင့်တယ်"
ဆရာမက အမြန်ခေါ်လိုက်သည်။
သိပ်မကြာခင်မှာပဲ ဆရာကျောက်က ကျူးယောင်ဇူ ခေါ်လာခဲ့သည်။
“ကျွန်တော်
ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိထားပြီးသားပါ” လို့ ကျောင်းအုပ်ကြီးက ရိုးရိုးသားသား ပြောခဲ့သည်။ "ဒီကျောင်းသားက စီလီကို တောင်းပန်ရမယ်။ ဒီလိုမျိုး ထပ်ဖြစ်ရင် ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဖို့ ကျောင်းနားရလိမ့်မယ်။"
ကျူးယောင်ဇူသည် တစ်ခုခုကို ပြောချင်နေသေးသော်လည်း အဆုံးတွင် ခေါင်းငုံ့ကာ စီလီကို စိုက်ကြည့်လျက် တောင်းပန်စကားကို တွန့်ဆုတ်စွာ ပြောခဲ့သည်။
"ဆရာ ကျောက် ကျေးဇူးပြုပြီး ကျန်ခဲ့ပေးပါ။ တခြားသူတွေသွားနိုင်ပါပြီ။" ကျောင်းအုပ်ကြီးက ပြုံးလိုက်သည်။ ဆရာ ကျောက်နဲ့ စကားပြောချင်နေကြောင်း ထင်ရှားနေသည်။
စီလီ အတန်းကို ထွက်လာခဲ့သည်။ ရှောင်ကျွင်းလည်း သူ့ဆိုင်လေးကို ပြန်လာခဲ့သည်။
ဆိုင်မှာ လူသိပ်မရှိဘူး။ တင်းရှသည် အဝင်ဝတွင် စောင့်ဆိုင်းနေကာ စားပွဲတစ်ခု၌ ထိုင်နေခဲ့သည်။
"ရှောင်ကျွင်း" သူ့ကိုမြင်တော့ တင်းရှ ဝမ်းသာအားရ ထရပ်လိုက်သည်။
"ဘာဖြစ်တာလဲ?"
"အမဲအူကြမ်း အစပ်စားချင်တယ်!" တင်းရှက သူမနှုတ်ခမ်းကို သပ်လိုက်သည်။
သူမ အမဲ အူကြမ်း အစပ်ကို ချက်ခြင်းစားချင်သလို ခံစားလိုက်ရသော်လည်း ယောင်းမနှင့် အန်တီကျွမ်းတို့က သူမကို ချက်ပြုတ်ခွင့် မပြုရန် ပို၍တင်းကြပ်စွာ စောင့်ကြည့်နေသောကြောင့် ရှောင်ကျွင်း ပြန်လာမည့်အချိန်ကိုသာ ဤနေရာတွင် စောင့်ဆိုင်းနေခဲ့ရသည်။
ရှောင်ကျွင်းက သူ့အင်္ကျီလက်ကို ခေါက်တင်ပြီး မီးဖိုချောင်ထဲဝင်သွားခဲ့သည်။
ငရုတ်သီးချဉ်က ချဉ်ပြီး လန်းဆန်းစေသည်။ ပုလင်းထဲက နေထုတ်လိုက်တော့ လန်းဆန်းပြီး ထုံမွှမ်းတဲ့ မွှေးရနံ့က မီးဖိုချောင်ကို ချက်ချင်းလွမ်းမိုးသွားပြီး ထိုရနံ့ကို ဖုံးဖိထားဖို့ မဖြစ်နိုင်ချေ။
အမဲအူကြမ်းကိုတော့ အန်တီ ကျွမ်းက ပြင်ဆင်ထားပြီးသားပင်။ ရှောင်ကျွင်းက မီးဖိုကိုဖွင့်ပြီး ဆီထည့်လိုက်သည်။ ကြက်သွန်ဖြူ မွှေးကြိုင်အောင်ဆီသတ်ပြီးရင် ငရုတ်သီးအချဉ် မျိုးစုံကို ထည့်ပြီး နှံ့စပ်အောင်မွှေလိုက်ခြင်းက မွှေးရနံ့ကို ပိုထွက်စေခဲ့သည်။ တံခါးဝက ဖြတ်သွားကြသော ဖြတ်သွားဖြတ်လာများပင် ထိုရနံ့ရကြ၍ အသက်ပြင်းပြင်းရှူလိုက်ကြသည်။
အနံ့အရမ်းကောင်းတယ်။
အမဲအူကြမ်းသည် အိုးထဲသို့ဝင်သွားသည်နှင့် တပြိုင်နက် အော်မြည်ခဲ့သည်။ ရှောင်ကျွင်းက မြည်းစမ်းကြည့်လိုက်သည် - အူကြမ်းကို ဟင်းခတ်အမွှေးအကြိုင်များဖြင့် ကြိုတင်ချက်ပြုတ်ထားပြီးသားဖြစ်သည်။ ငရုတ်သီးချဉ်ရည်၏ အရသာများနှင့်ရောစပ်ပြီး ချဉ်ချဥ်၊ စပ်စပ်၊ ကြွယ်ဝသော အရသာတစ်မျိုးကို ထွက်ပေါ်လာစေကာ လူများကို ချက်ချင်း ထမင်းကို ဇွန်းနဲ့ခပ်ပြီး ပါးစပ်ထဲ ချက်ခြင်းထည့်ရန် စိတ်အားထက်သန်စေသည်။
တင်းရှသည် သူမအတွက် ထမင်းနှင့် ဖျော်ရည်ကို ပြင်ထားပြီးစားပွဲတွင် ထိုင်စောင့်နေခဲ့သည်။
မွှေးကြိုင်သော အူကြမ်းဟင်းကို ယူလာသောအခါ စွဲမက်ဖွယ်ကောင်းသော အနံ့သည် သူမ၏ ဗိုက်ကို တဟုန်ထိုး တုန်လှုပ်သွားစေခဲ့သည်။
တင်းရှသည် သူမ တူများကို စိတ်အားထက်သန်စွာ ကောက်ယူပြီး အားရပါးရ စတင်စားသောက်ခဲ့သည်။
သူမ ထမင်းစားနေတုန်း ဘေးစားပွဲပေါ်က ပြောသံကို ရုတ်တရက် ကြားလိုက်ရသည်။ "သူဌေး၊ ကျွန်တော်ကို အဲ့ဟင်းလည်း ချပေးပါဦး!"