အပိုင်း ၂၅
Viewers 9k

Chapter 25

ပုပု၏ လုံခြုံရေးအကြောင်းပြောလိုက်သည်နှင့် စုန့်ရန်က ချက်ချင်းစိတ်ပြောင်းသွားပြီး ဖုန်းနံပါတ်ယူထားရခြင်းက ကျိုးကြောင်းဆီလျော်မှုရှိရုံသာမက မရှိမဖြစ်အရေးကြီးကြောင်း လိုအပ်လှသည်။ အစောပိုင်းက သူ၏စိတ်ကူးယဉ်မှုများကြောင့် ရှက်ရွံ့သွားသောစုန့်ရန်က သူ့ဖုန်းကိုထုတ်ပြီး ဟယ်ကျစ်ယွမ်၏ ဖုန်းနံပါတ်ကို ရိုက်ထားလိုက်သည်။ ၎င်းကို မှားမည်ဆိုး၍ သုံးကြိမ်ခန့် အတည်ပြုပြီးနောက် ‘Contact Name’ နေရာကိုကြည့်ပြီး ငေးငိုင်နေမိသည်။

လူကြီးမင်းဟယ်ရဲ့ မျိုးရိုးနာမည်က "ဟယ်" ဆိုတော့ သူ့ကို ဘယ်လိုခေါ်သင့်လဲ... 

" အမ်... ပါ... ပါပါးဟယ်... ကျွန်တော် နာမည်ကို ဘယ်လိုမှတ်ထားရမလဲ... ပါပါးဟယ်လို့ ရေးရမလား လူကြီးမင်းဟယ်လို့ မှတ်ထားရမလား..."

" ဟယ်ကျစ်ယွမ်..."

သူ စိတ်လို လက်ရ ပြုံးလိုက်မိသည်။ 

" 'ဟယ်' ဆိုတဲ့စာလုံးက ‌'ပေါင်းစပ်ခြင်း'နဲ့ 'ခရု' ဆိုတဲ့ အက္ခရာတွေနဲ့ ပေါင်းရတာ... 'ကျစ်ယွမ်'ကတော့ 'မြင့်မြတ်တဲ့ အကြံအစည်တွေကို တည်ငြိမ်ခြင်းကပဲ ရရှိတယ်' ဆိုတဲ့ စာလုံးကနေ ရေးတာ..."

စုန့်ရန်၏ လက်က အလွန်မြန်သည်။ ပြန်ဖြေသံကိုကြားသည်နှင့် ပါပါးဟူသောစာလုံးကို ဖျက်လိုက်ပြီး တရုတ်စာလုံးများနှင့် ပြည့်နေသော မျက်နှာပြင်တွင်ရှာလိုက်သည်။

" ကျစ်ယွမ်... အာ ရှာတွေ့ပြီ..."

'Save' ကို နှိပ်လိုက်ပြီးသည့်အခါ မျက်နှာပြင်ပေါ်တွင် 'ဟယ်ကျစ်ယွမ်' ဟူသော စာလုံးများ ပေါ်လာသည်ကို ကြည့်နေလိုက်သည်။ ပြုံးလိုက်မိသည်ကို သူကိုယ်တိုင်ပင် မရိပ်မိပေ။ 

" နာမည်က ကျက်သရေရှိလိုက်တာ မိသားစုအကြီးအကဲတွေက ပေးထားတာလား..." 

" မင်း..."

စုန့်ရန် ထခုန်မိမတတ်ဖြစ်သွားသည်။ 

" ဟင် ကျွန်တော်လား... ကျွန်တော် ဘယ်တုန်းက ပေးထားမိတာလဲ မဖြစ်နိုင်တာ..."

သူ၏ ချစ်စရာကောင်းမှုကြောင့် ဟယ်ကျစ်ယွမ်၏ ကော်ဖီခွက်က ဘေစင်ထဲ ပြုတ်ကျလုမတတ်ဖြစ်မိသွားသည်။ 

" ကိုယ့်နာမည်ကို ပေးထားတဲ့လူအကြောင်းပြောတာမဟုတ်ပါဘူး... အခေါ်အဝေါ်ကို ပြောတာပါ... ကိုယ်နဲ့ ပေါ့ပေါ့ပါးပါးပဲ စကားပြောလို့ရပါတယ်... ပထမဆုံးဖုန်းခေါ်တဲ့အချိန်တည်းက မင်း ကိုယ့်ကို ရိုရိုသေသေပဲ သုံးနှုန်းနေတာ ကိုယ်က မင်းထက် အသက်ကြီးတာတော့ဟုတ်ပါတယ် ဒါပေမဲ့ ကိုယ်တို့ရဲ့ ဆက်ဆံရေးက အိမ်နီးနားချင်းနဲ့ မိတ်ဆွေလို့ သတ်မှတ်နိုင်တယ်လေ အရမ်းယဉ်ကျေးနေစရာမလိုပါဘူး..."

" အိုး... ဟုတ်... ဟုတ်ပါပြီ..."

စုန့်ရန် ခေါင်းငြိမ့်ပြလိုက်သည်။ 

လူကြီးမင်းဟယ်က သူ့ထက်အသက်ကြီးကြောင်း သုရိပ်စားမိသည့်အပြင် သူ့ထက်ပို၍ အဆင့်အတန်းမြင့်သူဖြစ်သောကြောင့် သူ့ကို ယဉ်ယဉ်ကျေးကျေးပြောခြင်းက မမှားဟုထင်ခဲ့မိသည်။ 

စုန့်ရန်က ခဏတာခန့် ဘာပြောရမည်မသိဖြစ်သွား၍ နောက်ဆုံးတွင် ခေါင်းထဲမှ မေးခွန်းတစ်ခုကို ညှစ်ထုတ်လိုက်သည်။

" ဟို... အဝတ်ဝတ်ပြီးပြီလားဟင်..."

မေးပြီးသည့်နောက်တွင်မှ သူ့မျက်နှာသူ ဖြတ်ရိုက်ချင်စိတ်ပေါက်သွားသည်။

ဟယ်ကျစ်ယွမ်က ဘဝအတွေ့အကြုံများစွာရှိခဲ့သူဖြစ်သော်လည်း ထိုမေးခွန်းကြောင့် ခဏတာ အံ့အားသင့်သွားသည်။ ထို့နောက် အားပါးတရရယ်မောလိုက်ပြီးမှ "ဘာမှမဝတ်ထားဘူး" ဟု ဖြေပြီး လူငယ်လေးကို စနောက်ရန်တွေးလိုက်သည်။ သို့ရာတွင် သူ ပါးစပ်မဟမီအချိန်တွင် တစ်ဖက်မှ တုန်လှုပ်ခြောက်ချားသည့် အော်သံကြီးထွက်လာသည်။ 

" မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ကျွန်တော် အဲ့လိုမျိုး ဆိုလိုတာမဟုတ်ဘူး... သေချာပေါက် အဲ့လိုမဟုတ်ဘူး... ကျွန်... ကျွန်တော်ပြောချင်တာက အိပ်ရာနိုးလာရင် အင်္ကျီဝတ်ပြီးမှ မနက်စာစား... အာဟုတ်တယ် မနက်စာ စားပြီးပြီလားဟင်..."

ထို့နောက် သူတို့နှစ်ယောက်လုံး နေရခက်စွာဖြင့် ငြိမ်ကျသွားသည်။

ဟယ်ကျစ်ယွမ်မှာ မူလက ရှက်သည်ဟု မခံစားရပေ။ စုန့်ရန်၏ အတွေးကို သိချင်ရုံသာဖြစ်သော်လည်း တစ်ဖက်မှ အထစ်ထစ်အငေါ့ငေါ့နှင့် ဖုံးဖိနေသည့်နောက်တွင် စကားလုံးတိုင်းက မီးထဲသို့ ဆီလောင်းထည့်လိုက်သကဲ့သို့ဖြစ်သွားသည်။ ရှက်ရွံ့မှုကြောင့် မီးကျွမ်းနေသည့်အနံ့ကို ဖုန်းတစ်ဖက်မှပင် ရနေသည်။ 

ဒီအိမ်နီးချင်းလေးရဲ့ အကျင့်စရိုက်က စိတ်ဝင်စားစရာပဲ...

ဟယ်ကျစ်ယွမ်က လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ နေထိုင်တတ်သူဖြစ်၍ အခြားလူများ၏ ချို့ယွင်းချက်ကို နောက်ပြောင်ပြီး ဟာသမလုပ်ပေ။ မည်သည့်အရာမှ မကြားလိုက်ရသကဲ့သို့ ပြုံးလိုက်ပြီး စုန့်ရန် ရှင်းပြသည်ကို ယုံကြည်ဟန်ဆောင်လိုက်သည်။

" ကုမ္ပဏီက မနက်စာကျွေးတယ်လေ... အဲဒါကြောင့် ကိုယ်အမြဲတမ်း ရုံးမှာပဲစားဖြစ်တယ်..."

" အဲ... အရသာရှိလားဟင်..."

နေရခက်နေဆဲဖြစ်သော်လည်း စုန့်ရန်က သူ့ဂုဏ်သိက္ခာကိုပြန်ပြီး အဖက်ဆယ်ရန် စကားလမ်းကြောင်းလွှဲလိုက်သည်။

ဟယ်ကျစ်ယွမ်က ဤကိစ္စနှင့်ပတ်သက်ပြီး အလွန်သဘောမကျဟန်ဖြင့် ပခုံးတွန့်ပြီး ဖြေလိုက်သည်။

 

" စားစရာတွေကတော့ အများကြီးပါပဲ... ပေါင်မုန့်မီးကင်၊ ခွစွန်း၊ ဆန်ပြုတ်၊ ကြက်ဥကြော်၊ ဘေကွန်ကင်၊ အသီးအရွက်ဖျော်ရည်တွေပေါ့... အာဟာရမျှတပြီး ကယ်လိုရီတွေလည်းကြွယ်ဝတယ်ဆိုပေမယ့် အရမ်းအမေရိကန်ဆန်လွန်းတော့ ကိုယ့်အကြိုက်တော့မဟုတ်ဘူး... မင်း လုပ်ထားတဲ့ ဖက်ထုပ်တွေနဲ့တော့ ဘယ်ယှဉ်လို့ရမလဲ..."

" တကယ်လား..."

လူကြီးမင်းဟယ်က စုန့်ရန်၏ လက်လုပ်ဖက်ထုပ်များကို ကြယ်ငါးပွင့်ပေးလိုက်ပြီး ခေတ်မီအစားအစာများ ချက်ပြုတ်ပေးသည့် မီးဖိုချောင်ကို မျက်နှာသာမပေးလိုက်ပေ။ မြှောက်ပင့်ခံလိုက်ရသော စားဖိုမှူးလေးစုန့်ရန်က အလွန်သဘောကျသွားပြီး ‌နေရခက်နေမှုများ ချက်ချင်းပျောက်ကွယ်သွားသည်။ 

" ဖက်ထုပ်ကို သဘောကျတယ်ဆိုရင် အိမ်ပြန်ရောက်ရင် ကျွန်တော့်အိမ်မှာ မနက်စာ လာစားလို့ရပါတယ်..."

" ကောင်းပါပြီ... ကိုယ် လာခဲ့မယ်လေ..."

ဟယ်ကျစ်ယွမ်က သူ၏ဖိတ်ခေါ်မှုအပေါ် သဘောတကျဖြစ်သွားသည်။ 

မီးဖိုချောင်တွင် သန့်ရှင်းရေးလုပ်ပြီး ဧည့်ခန်းထဲ ပြန်ဝင်လာသည့်အခါ ဟယ်ကျစ်ယွမ်က နံရံဘက်ကိုကြည့်လိုက်သည်။ သူ့မျက်မှာထက်တွင် တအံ့တဩအမူအရာမျိုးဖြစ်သွားပြီး ခြေလှမ်းများ ရပ်တန့်သွားရသည်။ စောင့်ကြည့်ကင်မရာထက်မှ ပုံရိပ်က ပြောင်းသွားသည်ကို သူမသိပေ။ သို့ရာတွင် စုန့်ရန်၏ မျက်နှာကို ပရိုဂျက်တာက နံရံပေါ် ထိုးပြထားပြီး လက်ရှ်ိအချိန်တွင် သူက ဟယ်ကျစ်ယွမ် သို့မဟုတ် ရှောင်ကျူ၏ ရှေ့ကင်မရာကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ 

လူငယ်လေး၏ ရုပ်ရည်သွင်ပြင်က ထူးကဲလှသည်။ သူက အလွန် အသက်မကြီးသေးသောကြောင့် သူ၏မျက်လုံး၊ မျက်ခုံးများက သက်ဝင်လှုပ်ရှားနေသော ကလေးဆန်မှုအနည်းငယ် ရှိနေသည်။ သူ့ပုံစံက အလင်းရောင်ဖြင့် တောက်ပနေသော်လည်း ကင်မရာမှန်ဘီလူးတွင်မူ အနည်းငယ် ဟာသဖြစ်နေသည်။ 

စောင့်ကြည့်ထောက်လှမ်းမှုမြင်ကွင်းကို ချဲ့ထွင်ရန် ရှောင်ကျူထံတွင် ထောင့်ကျယ်သော ငါးမျက်လုံးများ တပ်ဆင်ထား၍ ထွက်လာသောပုံရိပ်က အတိုင်းအတာတစ်ခုအထိ ပုံပျက်သွားခဲ့သည်။ ကောင်းမွန်စွာ ဖွဲ့စည်းထားသော အမှားပြင်ဆင်မှုဆိုင်ရာ အယ်လ်ဂိုရစ်သန်ကို အသုံးပြုရန် တီထွင်ထားခြင်းကြောင့် ပုံပျက်ခြင်းက မပြင်းထန်သော်လည်း စုန့်ရန်က မှန်ဘီလူးနှင့် အလွန်နီးကပ်နေသည်။ ကပ်လွန်းနေသောကြောင့် မှန်ဘီလူးကို သူ့နှာခေါင်းဖြင့် ဖိမိတေပြီး မျက်နှာအသွင်အပြင်များက စက်ဝိုင်းသဖွယ် ပြားပြားကြီးဖြစ်နေသည်။ 

သို့ရာတွင် ဤသို့ ပုံပျက်နေသော မျက်နှာသည်ပင် တောက်ပပြီး နုပျိုသော အားမာန်များဖြင့် ပြည့်နှက်နေသည်။ 

စုန့်ရန်၏ မျက်တောင်များက ရှည်လျားထူထဲပြီး မျက်တောင်အဖျားများက သဘာဝဆန်ဆန် ကွေးညွတ်နေသည်။ ၎င်းတို့အောက်မှ မည်းနက်နေသည့် မျက်ဝန်းတစ်စုံက အလင်းရောင်ဖျော့ဖျော့အောက်တွင် ပယင်းရောင်ထက်ပို၍ ကြည်လင်နေပြီး သမင်ပျိုလေးတစ်ကောင်၏ မျက်ဝန်းကိုပင် အမှတ်ရစေသည်။ ကင်မရာဖွင့်ထားသည်ကို သတိမပြုမိသောကြောင့် သူ၏ သိချင်စိတ်ပြင်းပြနေသောအမူအရာက ထိုမျက်ဝန်းတစ်စုံထဲတွင် ရောင်ပြန်ဟပ်နေကာ အလွန်တည်ကြည်ပြီး ဆွဲဆောင်မှုရှိနေသည်။ 

ထိုမျက်ဝန်းများဖြင့် တိုက်ရိုက်အကြည့်ခံလိုက်ရ၍ ဟယ်ကျစ်ယွမ်မိန်းမောသွားသည်။ သူ့ရင်ဘတ်ကို ကျေက်တုံးဖြင့် ဖိထားသကဲ့သို့ တင်းကြပ်လာပြီး အချိန်အတန်ကြာ မေ့လျော့နေခဲ့သော ခံစားချက်တစ်ခု ပြန်လည်မွေးဖွားလာခဲ့သည်။ 

သူ မေးလိုက်သည်။

" မင်း အခု ဘာလုပ်နေတာလဲ..."

ပုံရိပ်ထဲမှ စုန့်ရန်က ခေါင်းစောင်းပြီး ပြုံးလိုက်သည်။

" မှန်းကြည့်လေ..."

ဟယ်ကျစ်ယွမ်က မခန့်မှန်းနိုင်သည့်ပုံစံ ဟန်ဆောင်လိုက်သည်။

" လသာဆောင်မှာ ကြယ်တွေကြည့်နေတာလား..."

" မြူတွေ ဒီလောက်ထူနေတာကို ကြယ်တွေဘယ်လိုလုပ်ကြည့်ရမလဲ..."

စုန့်ရန်က ပိုမိုပီပြင်စွာ ပြုံးလိုက်သည်။ 

" ကျွန်တော် ခင်ဗျားရဲ့စက်ရုပ်ကိုကြည့်နေတာ..."

လွန်ခဲ့သောအချိန်ခဏတာက ရှောင်ကျူမှာ ဧည့်ခန်းကို စစ်ဆေးပြီးသွား၍ အခန်း၏တံခါးပေါက်ဝသို့ ရောက်လာခဲ့သည်။ လင်းဟွေ့ထွက်သွားချိန်က တံခါးကို မပိတ်သွားပဲ အနည်းငယ် ဟထားခဲ့သောကြောင့် သူက ရဲတင်းစွာ ဝင်လာခဲ့သည်။ စုန့်ရန်ကလည်း ခေါင်းအုံးကို ဖိညှစ်ထားရခြင်းကို ပျင်းရိလာပြီဖြစ်သည်။ အခွံခွာထားသည့် ကြက်ဥပြုတ်တစ်လုံးကဲ့သို့ လုံးဝန်းနေသည့် အဖြူရောင်အရာကြီးကို မြင်သည့်အခါ ဆော့ကစားချင်စိတ်ပေါ်လာပြီး သူ့ခြေထောက်အကြားတွင် ရှောင်ကျူကို ညှပ်ထားလိုက်ပြီးသည့်နောက် ရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး ချစ်စရာကောင်းသည့်အရာလေးကို ကြည့်ရှု့စစ်ဆေးနေသည်။ 

ဟယ်ကျစ်ယွမ် မေးလိုက်သည်။

" မင်း ဘယ်လိုထင်လဲ..."

" ဟမ်..."

စုန့်ရန်က ရှောင်ကျူကို သေချာကြည့်လိုက်ပြီးမှ နောက်သို့ အနည်းငယ်ဆုတ်လိုက်သည်။ မေးစေ့ကို လက်ဖြင့်ထောက်ပြီး လက်ချောင်းများကို ကွေးညွတ်လိုက်ကာ သေသေချာချာ စစ်ဆေးနေပြီးမှ ပြောလိုက်သည်။

" ကျွန်တော် စိတ်ကူးထားတာနဲ့တော့ တစ်ပုံစံတည်းမဟုတ်ဘူး... စက်ရုပ်တွေကို သိပ္ပံရုပ်ရှင်ဇာတ်လမ်းတွေထဲကလိုပုံစံလို့ ထင်နေတာ... အမ်... လူနဲ့တူတဲ့ပုံစံပေါ့လေ လက်နှစ်ဖက် ခြေထောက်နှစ်ဖက်နဲ့ မျက်နှာတောင့်တောင်းကြီးတစ်ခု..."

" မင်းက လူနဲ့တူတဲ့ပုံစံကို ပိုကြိုက်တာလား..."

စုန့်ရန် မျက်လုံးများ မှိတ်ထားလိုက်ပြီး တစ်စက္ကန့်ခန့် တွေးတောလိုက်သည်။ ရုတ်တရက် သူ့ဆံပင်များထောင်လာပြီး ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။

" မဟုတ်ဘူး မကြိုက်ဘူး... အိမ်မှာ လူပုံစံစက်ရုပ်ကြီးရှိရင် အဲဒါကို ညလည်ခေါင်မှာ မြင်လိုက်ရရင် ကျွန်တော် လန့်သေသွားလိမ့်မယ် တော်တော်ကြောက်စရာကောင်းနေမှာ... ရှောင်ကျူက ပိုပြီး သဘောကျစရာကောင်းမှာ... သူက ပိုးလုံးအိမ်အကြီးကြီးနဲ့တူတော့ ဘယ်လိုကြည့်ကြည့် ချစ်စရာကောင်း‌တယ်လေ ဟုတ်တယ်မလား..."

သူက ရှောင်ကျူ၏ အပြင်ပိုင်းအခွံကိုပွတ်ပြီး ပြောလိုက်သည်။

ဟယ်ကျစ်ယွမ်က သူ့ကိုရှင်းပြလိုက်သည်။ 

" လူတွေက လူသားတဲ့တူတဲ့စက်ရုပ်တွေကို ပြင်းပြင်းထန်ထန်ကြောက်ကြတာကိုခေါ်တဲ့ 'uncanny valley' ဆိုတဲ့ သီအိုရီတစ်ခုရှိတယ်... အဲဒါကြောင့်မို့ ပုံစံတွေကို ဒီဇိုင်းဆွဲရင် အတွေးအခေါ်နှစ်မျိုးကွဲသွားကြတယ်... တစ်ခုက လူနဲ့ခွဲဖို့တောင် တော်တော်ခက်တဲ့ အစစ်နဲ့အလွန်အကြူးတူတာမျိုး၊ နောက်တစ်ခုကတော့ လူတွေရဲ့ပုံစံနဲ့ လုံးဝကွဲထွက်နေတဲ့ ရှောင်ကျူတို့လို ပုံစံမျိုး..."

အကြမ်းဖျင်းနားလည်သွားသည့် စုန့်ရန်က ဟယ်ကျစ်ယွမ်ကို ပို၍ လေးစားအားကျလာသည်။

" လူကြီးမင်းဟယ်က တော်တော်အံ့ဩစရာကောင်းတာပဲ..."

" ကိုယ့်ကိုဘယ်လိုခေါ်လိုက်တာလဲ..."

" အာ မှားသွားလို့ မှားသွားလို့..."

စုန့်ရန်က ရှက်ရွံသွားဟန်ဖြင့် လျှာထုတ်ပြလိုက်သည်။

ကင်မရာမှန်ဘီလူးအောက်တွင် ရောက်နေသည်ကိုမသိသော စားဖိုမှူးလေးစုန့်ရန်က စိတ်အားတက်ကြွ‌နေသည်။ ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ပိုးလုံးအိမ်ကြီးကို ဟိုဟိုသည်သည်တို့ထိလိုက်၊ မေးခွန်းများမေးလိုက်ဖြင့် ‌စတင်နှောင့်ယှက်တော့သည်။ တစ်ဖက်လူက သူ့လက်ရာကို ကြိုက်နှစ်သက်သည်ကိုမြင်၍ ဟယ်ကျစ်ယွမ်က မေးခွန်းတစ်ခုပြီးတစ်ခုကို စိတ်ရှည်လက်ရှည်ဖြင့်ဖြေနေသည်။ 

" လိုဂိုရဲ့အပေါ်ဘက်မှာ မီးလင်းနေတဲ့ အပြာရောင် အလင်းတန်းလေးရှိတယ်နော် ... အဲဒါဘာလုပ်ရတာလဲဟင်..."

" အဲဒါက အသက်ရှုအလင်းတန်းလေ... အဲဒါက လက်ရှိအချိန်မှာ ကင်မရာဖွင့်ထားတာကိုပြနေတာ..."

" ကင်မရာပေါ့လေ..."

ပုံရိပ်ထဲမှစုန့်ရန်က ဘေးဘယ်ညာကိုလှည့်ကြည့်ပြီး ကင်မရာကို အရပ်မျက်နှာအနှံ့တွင် ရှာနေသည်။ ရုတ်တရက် ကင်မရာမှန်ဘီလူးကို လက်ဖြင့်ထိလိုက်ချိန်တွင် ဟယ်ကျစ်ယွမ်ဘက်မှ နံရံက အရောင်မှိန်သွားသည်။

" ကင်မရာက ဒါလား..."

ချက်ချင်းပင် စုန့်ရန်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး ဘန်းခနဲအသံတစ်သံ ထွက်ပေါ်လာသည်။ ဟယ်ကျစ်ယွမ်ဘက်ရှိ ပရိုဂျက်တာမှ ပုံရိပ်များ ပြသနေသော နံရံကမှောင်မည်းသွားသည်

ဟယ်ကျစ်ယွမ်က ဖုန်းကို သူ့အနားမှဖယ်လိုက်ပြီး ပခုံးများ လှုပ်ခါလာသည်အထိ ရယ်နေသည်။

နံရံက ပြန်လင်းလာသည့်အခါ မှန်ဘီလူးများတွင် ထူထဲသောရေငွေ့များဖြင့် ဖုံးလွှမ်းနေသည်။ ရေငွေ့များ အငွေ့ပျံသွားသည်နှင့် မြင်ကွင်းက ဗလာကျင်းသွားပြီး ဖယောင်းပန်းနီ‌ရောင် ဆိုဖာ၊ ထူထဲသောလိုက်ကာများနှင့် ၊ မီးဆိုင်းများသာ ကျန်ရှိတော့သည်။ စုန့်ရန်က ပုန်းအောင်းနေခြင်းဖြစ်သည်။

ဟယ်ကျစ်ယွမ်က လက်ပိုက်၍ ရပ်နေလိုက်ပြီး ထိုနေရာတွင် တည်ငြိမ်စွာစောင့်နေသည်။

မကြာမီအချိန်တွင် စောင့်ကြည့်ကင်မရာက အလိုအလျောက်လှည့်ပတ်လာသည်။ ၎င်း၏ မှန်ဘီလူးများက ၁၈၀ဒီဂရီလှည့်လာပြီးနောက် ရှောင်ကျူ၏ အနောက်တည့်တည့်ကို မျက်နှာချင်း‌ဆိုင်ထားသည်။ စုန့်ရန်၏ အံ့ဩတကြီးဖြစ်နေသောမျက်နှာက အလယ်ဗဟိုတွင် ပေါ်လာပြန်သည်။ 

" ဒါကြီးက ဘယ်လိုလုပ် လှည့်နိုင်တာလဲ..."

စုန့်ရန် ရှက်ရွံ့မှုကြောင့် အော်ဟစ်လိုက်ပြီး လက်ဆန့်ထုတ်၍ ကင်မရာကို ကာထားလိုက်၍ မှန်ဘီလူးများရှေ့တွင် ပိတ်ဆို့သွားပြန်သည်။ သူ၏ နားရွက်များက လုံးဝနီရဲလာပြီး ပါးပြင်ကလည်း ပန်ကိတ်ကြော်၍ ရနိုင်သည်အထိ နီရဲလာသည်။ 

ဟယ်ကျစ်ယွမ်က စနောက်လိုက်သည်။

" ဘာလို့ ပုန်းနေတာလဲ... ဒီအသက်အရွယ်တောင်ရောက်နေပြီ ရှက်နေတုန်းလား..."

စုန့်ရန်က ဖရိုဖရဲဖြစ်နေသည့် အတွေးများအကြားမှ ချည်မျှင်တစ်စကို ဆွဲထုတ်လိုက်သည့်အခါ သူ အနည်းငယ် အပိုလုပ်မိသွားသည်ဟု ခံစားလိုက်ရသည်။ အကယ်၍ ထိုသို့ဆက်ဖြစ်နေပါက မလျော်မကန်တွေးနေသည်များကို လူကြီးမင်းက သိသွားလိမ့်မည်ဖြစ်သည်။ သူ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး 'အိမ်နီးချင်းကြားက ကောင်းမွန်တဲ့ ခင်မင်မှု၊ စည်းချက်ကျတဲ့ ဆက်ဆံရေး' အစရှိသည်များကို ခပ်တိုးတိုး

ရေရွတ်လိုက်ပြီးနောက် လက်ကို တဖြည်းဖြည်းဖယ်လိုက်သည်။ 

ထို့နောက် ဟယ်ကျစ်ယွမ် မြင်လိုက်ရသည်မှာ စုန့်ရန်က အခန်းနံရံကိုမှီ၍ ခေါင်းအုံးကြီးတစ်လုံးကို လက်ထဲပိုက်ထားပြီး ပါးပြင်များက နီရဲနေကာ ဒေါပွနေသည့်အမူအရာဖြင့် ကင်မရာကို စိုက်ကြည့်နေသည်။ 

" ရှက်စရာကောင်းတယ်လို့ ထင်လို့ပါ...ဒါက... အိမ်နချင်းတွေအကြားဆိုပေမယ့်လည်း ကင်မရာဖွင့်ထားတယ်ဆို ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ကျွန်တော့်ကို ပြောပြသင့်တယ်လေ..."

ဟယ်ကျစ်ယွမ်က သူ့ကို အပြုံးလေးနှင့် တောင်းပန်လိုက်သည်။ 

စုန့်ရန်က မကျေမချမ်းဖြင့် သူ့မျက်နှာကို ပွတ်နေပြီး စိတ်ဆိုးနေဆဲဖြစ်သည်။ 

" လူကြီးမင်းဟယ် ဒါက ခင်ဗျားရဲ့အိမ်လေ... ကင်မရာဖွင့်ထားချင်တယ်ဆိုရင်လည်း ကျွန်တော် မတားပါဘူး... ပြီးတော့ ကျွန်... ကျွန်တော် ပုန်းနေစရာလည်း မလိုပါဘူး... ဒါပေမဲ့လည်း ခင်ဗျားက တော်တော်ဆိုးတာပဲ..."

" ဟုတ်တယ် ကိုယ်ကတော်တော်ဆိုးတာပဲ..."

Xxxxxxxx