အပိုင်း ၂၆
Viewers 9k

Chapter 26

" ဟုတ်တယ် ကိုယ်ကတော်တော်ဆိုးတာပဲ..."

ဟယ်ကျစ်ယွမ်က သူနှင့် လိုက်လျောညီထွေဖြစ်အောင်ပြောနေပြီး သူ့အမှားကိုသူ ဝန်ခံကာ ကလေးတစ်ယောက်ကို ချော့မော့နေသကဲ့သို့ အလိုလိုက်နေ၍ စုန့်ရန် ဘာပြောရမည်မသိ ဖြစ်သွားရသည်။ လက်ချောင်းများကို ဆံပင်ထဲ ထိုးဖွလိုက်ပြီး တီရှပ်ကော်လံကို ဆွဲလိုက်ကာ သူ့ပုံစံက လူမြင်ကောင်းအောင် လုပ်လိုက်သည်။ 

ရေခဲပြာရောင်အလင်းတန်းက တဖြည်းဖြည်းချင်းတောက်ပနေသည်မှာ ဒီရေတက်ချိန်တွင် ကမ်းခြေကို ဆေးကြောပေးသွားသည့် ပင်လယ်ရေများသဖွယ်ဖြစ်နေသည်။

အလင်းတန်း၏ တစ်ဖက်မှ ဟယ်ကျစ်ယွမ်၏ မျက်လုံးများက သူ့ကို စူးစူးရဲရဲ ငေးစိုက်ကြည့်နေသည်။

သူရဲ့ ခပ်နွမ်းနွမ်းပုံစံကြောင့် လူကြီးမင်းဟယ်က ရယ်နေမလား... သူ မမြင်အောင် ရှောင်နေလိုက်ရမလား...

သူက ဓာတ်ပုံစားသည့်လူတစ်ယောက် မဟုတ်ပေ။ နေ့ခင်းဘက်တွင် သူ၏ပုံကြမ်းများသွားအပ်ရန် မဂ္ဂဇင်းအေဂျင်စီတစ်ခုကို တွန့်ကြေနေသောတီရှပ်ဖြင့်သွားခဲ့သည်။ ညနေတွင် အိမ်ပြန်လာသည့်အခါ ခေါက်ဆွဲကြော်တစ်ဘူးဝယ်လာခဲ့၍ ဆီစက်အနည်းငယ်က သူ့ရင်ဘတ်ပေါ် မတော်တဆ ဖိတ်ကျသွားခဲ့သည်။ ဆံပင်များကလည်းလေတိုက်ခြင်းကြောင့် ငှက်သိုက်သဖွယ်ရှုပ်‌ပွနေကာ တင်ပျဉ်ခွေထိုင်နေသည့်ပုံစံက အလွန် ပေါ့ပေါ့ပါးပါးဖြစ်နေပြီး ရှောင်ကျူ၏အနောက်တွင် ပုန်းအောင်းနေသည့် တုံ့အအပုံစံကြောင့် ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာပင် ဖရိုဖရဲဖြစ်နေခဲ့သည်။ ‌

နောက်ဆိုရင် ဘယ်လိုများ မျက်နှာချင်းဆိုင်ရမလဲ... 

အိုး... ပြီးတော့ ဆိုးဆိုးရွားရွားတွေပြောခဲ့တဲ့ ၁နာရီ ၃၉မိနစ် ၁၈စက္ကန့် ဖုန်းခေါ်ထားတာကြီး ရှိနေသေးတယ်... 

စုန့်ရန် ဖုန်းခေါ်ထားသည့်အကြောင်း တွေးမိသည့်အခါ စိတ်ဓာတ်ကျပြီး ပခုံးများပင် အောက်လျောသွားသည်။ 

ထားလိုက်ပါတော့... ဘယ်လိုမှ ကယ်မရတော့ဘူး... သူ့လက်ရှိပုံစံက ငတုံးတစ်ယောက်နဲ့တောင် တူနေပြီး သေတ္တာပုံးထဲကနေ ကိုယ်တုံးလုံးနဲ့ ကင်မရာရှေ့ ထွက်လာတဲ့ အခြေအနေထိ မဆိုးရွားသေးတာပဲ တော်သေးတယ် ပြောရမယ်...

ဟမ် နေပါဦး ကိုယ်တုံးလုံး...

ခေါင်းကို ဆတ်ခနဲမော့ကြည့်ပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။

" ခုနတုန်းက... ပုပုရဲ့ အခန်းထဲမှာလည်း... ကင်မရာက... တစ်ချိန်လုံး..."

ဟယ်ကျစ်ယွမ် : " ဟုတ်တယ် ဖွင့်ထားတာလေ..."

စုန့်ရန်၏ မျက်နှာပေါ်မှ အမူအရာက မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် ပူနွေးတောက်လောင်သွားသည်။ 

" ဒါ ဒါ... ဒါဆိုရင်... ကျွန်‌... ကျွန်တော်... အင်္ကျီချွတ်လိုက်တုန်းကရော... မြင်... မြင်သွားတာလား..."

" ကိုယ်မြင်လိုက်တယ်လေ... မင်းရဲ့ ခန္ဓာကိုယ်အချိုးအစားက မဆိုးပါဘူး..."

ဟယ်ကျစ်ယွမ်က မျက်တောင်တစ်ချက်မခတ်ပဲ သု့ကို ချီးကျူးလိုက်သည်။

" လေ့ကျင့်ခန်း မှန်မှန်လုပ်တာကလည်း အကျင့်ကောင်းတစ်မျိုးပဲ နောက်ဆိုရင်လည်း ဆက်လုပ်သင့်တယ်..."

ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည့် ခေါင်းအုံးကို ဆွဲယူကာ မျက်နှာပြန်အပ်ထားလိုက်သည်။ သူ အသက်ရှုကြပ်သေသွားရန်သာ ဆုတောင်းနေမိတော့သည်။ 

ဟယ်ကျစ်ယွမ်က စကားပြောခြင်း အနုပညာတွင် ဆရာတစ်ဆူ ဖြစ်ပေသည်။ နှစ်မိနစ်ခန့် ချော့မော့ပြီးသည့်အခါ စုန့်ရန်က ရှက်နေသည်ကို မေ့သွားပြီး စကားလမ်းကြောင်းက သူ၏ကိုယ်ပိုင်လေ့ကျင့်ခန်းလုပ်သည့် နည်းလမ်းများအကြောင်း မိတ်ဆက်နေသည်ကို ရောက်သွားသည်။ 'အသက်သုံးဆယ်ကျော်အမျိုးသားများက ဗိုက်ပူလာရန် လွယ်ကူကြောင်း' ကိုပါ ထည့်သွင်းပြောသွားပြီး ဟယ်ကျစ်ယွမ်ကိုလည်း အလုပ်များသောကြောင့် လေ့ကျင့်ခန်းမလုပ်ပဲမနေရန် သတိပေးနေသည်။ 

ဟယ်ကျစ်ယွမ်က ပြုံးရုံသာပြုံးနေပြီး စကားမပြောပေ။ စုန့်ရန်က ‌ငါးကို ရေကူးသင်ပေးနေသော်လည်း သူရှက်သွားမည်စိုး၍ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားခွင့်ပြုလိုက်သည်။ 

သူတို့နှစ်ယောက်လုံး စိတ်လိုလက်ရဖြင့် အချိန်အတော်ကြာ စကားပြောနေခဲ့ပြီး စုန့်ရန်က ရုတ်တရက် မေးစေ့ကိုစောင်းလိုက်ပြီး အပြာရောင်နှင့် ခရမ်းရောင်တောက်ပနေသည့် ကင်မရာမှန်ဘီလူးကို စိုက်ကြည့်လိုက်သည်။ ဟယ်ကျစ်ယွမ်က သူ့ကို 'ဘာဖြစ်လို့လဲ' ဟု မေးသော်လည်း စုန့်ရန်က အာရုံမစိုက်ပေ။ သူ့စိတ်ထဲ အချိန်အတော်ကြာ ရစ်ဝဲနေခဲ့သော စောဒကတက်မှုတစ်ခုက နောက်ဆုံးတွင် နှုတ်မှ ထွက်ပေါ်လာသည်။

" ခင်ဗျားတစ်ယောက်တည်း ကျွန်တော့်ကို မြင်ရပြီး ကျွန်တော်ကတော့ ခင်ဗျားကို မမြင်ရဘူးနော်... မတရားဘူး..."

စကားဆုံးသွားသည်နှင့် သူ့ကိုယ်သူ အံ့အားသင့်သွားရသည်။ သူက စကားမပြောတတ်သူတစ်ယောက်သဖွယ် ငြိမ်ကျသွားကာ အချိန်ကို နောက်ပြန်ဆုတ်ပြီး ပြောလိုက်သည့်စကားကို ပြန်ရုတ်သိမ်းချင်လာသည်။

ဟယ်ကျစ်ယွမ်က ခေါင်းငုံ့ပြီး ပြုံးလိုက်သည်။

စုန့်ရန်၏ ပရောပရည်ဆန်သော‌ စောဒကတက်မှုကို သူ စိတ်အ‌နှောင့်အယှက် မဖြစ်ရုံသာမက ထိုစောဒကတက်မှုရှိ စိတ်အားထက်သန်မှုများကိုလည်း စိတ်မကွက်သွားခဲ့ပေ။ ဤသို့ တောင်းဆိုလိုက်ခြင််းက ပညာသားပါသည်ဟု တွေးလိုက်မိပြီး ဝမ်းသာအားရပင် ဖြစ်သွားမိသေးသည်။ 

" မင်း ဆန္ဒရှိတယ်ဆိုရင် ကိုယ့်ကို အခုပဲ ကြည့်လို့ရပါတယ်... ဒီအခန်းက ကိုယ့်ရဲ့ အိမ်က ရုပ်ရှင်ရုံလို့ ပြောလို့ရသလို တယ်လီကွန်းဖရန့်အခန်းလေ... မျက်နှာပြင်က မင်းရှေ့တည့်တည့်မှာပဲရှိတယ် ပရိုဂျက်တာက မင်းနောက်တည့်တည့်မှာ... မင်းရဲ့အပေါ်တည့်တည့် ၂၀စင်တီမီတာလောက်မှာ ခလုတ်ရှိတယ်... အဲဒါကိုဖိထားပြီး တစ်ဆယ်အထိရေလိုက်ရင် ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက် မြင်ရပြီ..."

..............

၄ရက်မြောက်နေ့ ည ၁၁နာရီ ၁၈မိနစ် 🖌️

စုန့်ရန်၏စိတ်ထဲတွင် လေးနက်သည့် သဘောထားကွဲလွဲမှုအချို့ဖြစ်နေသည်။

သူ့အသိစိတ်ကို စစ်ဆေးနေပြီး ကိုယ့်ကိုကိုယ် မေးနေမိသည်။ 

သူ လူကြီးမင်းဟယ်ကို တကယ်တွေ့ချင်တာလား...

တွေ့ချင်တယ်...

ခလုတ်ကို ဖွင့်ရဲလား...

မဖွင့်ရဲဘူး...

ထိုအဖြေနှစ်ခုက သံသယဝင်စရာပင် မလိုသော်လည်း သဟဇာတဖြစ်မနေပေ။ စုန့်ရန်ကိုယ်တိုင်ကလည်း သူ့စိတ်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်နေသည်ကို နားမလည်နိုင်ဖြစ်နေသည်။ သူ ရွေးချယ်မှု မပြုလုပ်နိုင်မီအချိန်တွင် မမျှော်လင့်စွာဖြင့် အခန်းတံခါးပွင့်လာသည်။ အဝါရောင်ဘဲပေါက်စလေးပုံနှင့် ညဝတ်အင်္ကျီကို ဝတ်ထားသောပုပုက တံခါးဝတွင်ပေါ်လာပြီး နှုတ်ခမ်းစူလျက် နှာတရှုံ့ရှုံ့ဖြစ်နေပြီး မျက်ရည်များဝဲကာ စုန့်ရန်ကို စိုက်ကြည့်နေသည်။

စုန့်ရန် တအံ့တဩဖြစ်သွားရသည်။

" ပုပု ဘာဖြစ်လာတာလဲ..."

" လူလိမ်ကြီး..."

ပုပုက သူ့ကိုစွပ်စွဲလိုက်သည်။ သူ မျက်တောင်ခတ်လိုက်ချိန်တွင် မျက်ရည်စက်များ ပါးပြင်ပေါ် ကျလာတော့သည်။ 

" နိုးလာရင် သားဘေးနားမှာရှိနေမယ်ဆို... သား... သား နိုးလာတာ ၂ခါတောင်ရှိပြီ..."

သူ့ရင်ဘက်က ပိန်လိုက်ဖောင်းလိုက်ဖြစ်နေပြီး နှုတ်ခမ်းက ရှုံ့မဲ့နေသောကြောင့် သူ့မျက်နှာပိစိလေးက အသားအရေတွန့်ရှုံ့နေသည့် လူအိုကြီးတစ်ယောက်နှင့် တူလာစေသည်။ တစ်ခဏတာအတွင်းမှာပင် တိမ်မည်းများက လျှပ်စီးနှင့် မိုးခြိမ်းသံများနှင့်အတူ အတူတကွထွက်ပေါ်လာကာ စက္ကန့်ပိုင်းအတွင်း သည်းသည်းမည်းမည်းရွာသောမိုးများအဖြစ် ပြောင်းလဲသွားသည်။ 

အစောပိုင်းက စုန့်ရန်မှာ သူ့ဘေးနားတွင် အိပ်မည်ဟု သဘောတူခဲ့သော်လည်း လူကြီးမင်းဟယ်နှင့် အထင်လွဲသည်များကို ဖြေရှင်းနေရသည့်အပြင် စကားဝိုင်းက အလွန်ပျော်စရာကောင်းနေခဲ့သောကြောင့် ကလေးလေးကို လုံးဝ မေ့သွားခဲ့ရခြင်းဖြစ်သည်။ ပုပုအော်ငိုချိန်တွင် အပြစ်မကင်းမှုများက သူ့နှလုံးသားကို အပ်ဖြင့်ထိုးဆွလိုက်သကဲ့သို့ ဖြစ်သွားသည်။ 

သူ လူကြီးမင်းဟယ်အကြောင်းကို ဆက်တွေးနိုင်တော့မယ်တဲ့လား...

ကလေးလေးကို ချီလိုက်ပြီးနောက် သူ့ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးကာ မျက်ရည်များကို သုတ်ပေးလိုက်ပြီး တောင်းပန်နေသည်။

စုန့်ရန်က သူ့ကိုအလွန်ချစ်ကြောင်းကို ပုပုသိသည်။ သူ၏ ချစ်ခင်မြတ်နိုးမှုများ‌ကြောင့် သူ့အဖေနှင့် ကလေးထိန်းရှေ့တွင် တစ်ခါမှ မပြသရဲခဲ့သော စိတ်အလိုမကျဖြစ်ခြင်း၊ စိတ်ကောက်ခြင်းများကို အကုန်ဖွင့်ထုတ်လိုက်သည်။ သူက ထိန်းမရအောင် ဂျီကျနေပြီးသည့်နောက် အချိန်အတန်ကြာအောင် အော်ငိုနေခဲ့ပြီးမှ ရပ်သွားခဲ့သည်။ သို့ရာတွင် နှာခေါင်းရှုံ့သံလေးများက မရပ်တန့်သွားသောကြောင့် သူက မပျော်မရွှင်ဖြစ်နေဆဲဖြစ်ပြီး စိတ်ဆိုးဒေါသထွက်နေကြောင်း ပြသနေသည်။

" ကိုကြီး မှားမှန်းသိပါပြီ... အခု ပုပုအိပ်တာကို အဖော်လာလုပ်ပေးမယ်လေ... ကိုကြီးကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးနော် ဟုတ်ပြီလား..."

စုန့်ရန်က သနားစဖွယ်မျက်နှာပုံစံလေးလုပ်လိုက်သည်။ 

ပုပုက မျက်ရည်များရွှဲနေလျက် လက်ချောင်းတိုတိုလေးတစ်ချောင်းကို ထုတ်ပြလိုက်သည်။

" ဒီတစ်ခါပဲနော်..."

" တစ်ခါပဲ ဒီတစ်ခါလေးပဲ..."

စုန့်ရန်က ပုပုကို အိပ်ခန်းထဲချီ၍ခေါ်သွားကာ မီးမှိတ်ထားလိုက်ပြီး စောင်ခြုံပေးကာ တတ်ဆိတ်နေသော အမှောင်ထုထဲတွင် အိပ်ပျော်သွားအောင် ချောမော့ပေးနေသည်။ ကလေးလေးက သူ့ရင်ခွင်ထဲမှ ကလေးလေးက အသက်ရှုသံမှန်မှန် ထွက်လာသည့်အခါမှသာ လူကြီးမင်းဟယ်ကို ဖုန်းတစ်လုံးနှင့်အတူ ထောင့်တစ်နေရာတွင် ပစ်ထားခဲ့မိကြောင်း သတိရသွားသည်။

အိုး... သွားပါပြီ... သူတော့ အမှတ်တွေ ထပ်လျော့ဦးမယ်...

စုန့်ရန် ပထမဦးစွာ လက်ကိုလှုပ်လိုက်သည်။ ထို့နောက် ခြေထောက်ကို အောက်ချကာ ကုတင်ပေါ်မှ ခိုးကြောင်ခိုးဝှက်ဖြင့် ဆင်းသွားပြီး ခါးကုန်း၍ အခန်းထဲမှ တိတ်တိတ်လေး ထွက်သွားသည်။ ကလေးလေး၏ဖုန်းက အိမ်တွင်းရုပ်ရှင်ရုံထဲတွင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ဖုန်းကိုင်၍ ခလုတ်ကိုနှိပ်လိုက်ချိန်တွင် ဖုန်းမချသွားသေးကြောင်း မြင်လိုက်ရသည်။ မျက်နှာပြင်ပေါ်မှ ဖုန်းခေါ်ဆိုချိန်က ၂နာရီ ၂၃မိနစ်အထိ တိုးသွားပြီဖြစ်သည်။ 

" ဟဲလို... လူကြီးမင်းဟယ် နားထောင်နေသေးလား..."

စုန့်ရန်က အသံချိုချိုလေးနှင့် မေးလိုက်သည်။

တစ်ဖက်မှ ပြန်ဖြေသံက အလွန်မြန်သည်။

" ကိုယ် နားထောင်နေပါတယ်..."

ထိုအသံတွင် စိတ်မရှည်မှုနှင့် ဒေါသထွက်ခြင်း တစ်စွန်းတစ်စမှ မပါဝင်နေပေ။ 

စိတ်သက်သာရာရသွားသည့်စုန့်ရန်က တောင်းပန်သံဖြင့် ပြောလိုက်သည်။

" လူကြီးမင်းဟယ် ကျွန်တော်တောင်းပန်ပါတယ်... ပုပုကို ခုနက သွားသိပ်နေရလို့ပါ... နောက်တစ်ခေါက်ကျမှ... အမ်... ဖုန်းပြောကြမယ်လေ..."

မူလက 'video call' ဟု ပြောချင်သော်လည်း သူ့ရင်ထဲတွင် မဖော်ပြနိုင်သည့် ရှက်ရွံ့မှုတစ်မျိုးကြောင့် ထိုစကားလုံးနှစ်လုံးက လည်ချောင်းထဲတွင် အချိန်အတန်ကြာအောင် တစ်ဆို့နေခဲ့ပြီး ထွက်မလာတော့ပေ။ 

ဟယ်ကျစ်ယွမ်က သူ့ထက်ဦးအောင်ပြောလိုက်သည်။

" Video call ဆိုလည်း အဆင်ပြေပါတယ်..."

စုန့်ရန်၏မျက်နှာက နီရဲသွားသည်။

" ဟုတ်..."

စကားဝိုင်းက ဤအနေအထားထိရောက်လာပြီဖြစ်၍ နောက်တစ်ဆင့်က ဖုန်းချရတော့မည်ဖြစ်သည်။ နှစ်ဖက်လုံးက ဘာတစ်ခွန်းမှ ဆက်မပြောသည့်အပြင် ဖုန်းလည်းမချသေး၍ ဖုန်းထဲတွင် ငြိမ်သက်နေခဲ့သည်။ စုန့်ရန်က စိတ်ပိုင်းဆိုင်ရာအရ ထိရှလွယ်သူတစ်ယောက်ဖြစ်၍ ဖုန်းကိုင်ထားစဉ် ပြောစရာစကားပျောက်ရှနေသည်။ ဟယ်ကျစ်ယွမ်က ပြုံးပြီးပြောလိုက်သည်။ 

" ကိုယ် ဒီနေ့မင်းကို ဒုက္ခပေးမိသွားပြီ... စောစောအနားယူတော့လေ အဲဒါမှ ပုပု အိပ်ရာနိုးလာရင် မင်းကို မရှာတော့မှာ... ကောင်းသောညပါ ..."

ဟယ်ကျစ်ယွမ်က အလွန်ပင်ပန်းနေသော်လည်း အာရုံခံစားမှုရှိသောအသံဩရှရှနှင့် ပြောလိုက်သည်။ စုန့်ရန်၏နားထဲ ယားကျိကျိဖြစ်သွားပြီး ထိုပထိအတွေ့က ကျောရိုးမှတစ်ဆင့် ဗိုက်အထိ ရောက်သွားပြီး သူဝတ်ထားသောဂျင်းဘောင်းဘီကိုပင် တင်းကြပ်သွားစေသကဲ့သို့ ခံစားလိုက်ရသည်။ 

" ကောင်း... ကောင်းသောညပါ..."

ထိတ်ထိတ်ပျာပျာဖြင့် ဖုန်းချလိုက်ပြီးသည့်နောက်တွင် အသက်ရှုသံများ မြန်ဆန်လာသည်။

.....

အနာဂတ်နေ့ရက်တစ်ခုတွင် ဤအခန်းထဲ၌ပင် စုန့်ရန်က လူကြီးမင်းဟယ်၏ပခုံးကိုမှီပြီး ရုပ်ရှင်အဟောင်းတစ်ကားကိုကြည့်နေသည်။ ရုပ်ရှင်ပြီး၍ စာတန်းထိုးသောအခါ စုန့်ရန်က မေးလိုက်သည်။

" အဲ့နေ့လေ... ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်သိတာ လေးရက်မြောက်နေ့ကသာ ကျွန်တော်က ခလုတ်နှိပ်လိုက်ပြီး ခင်ဗျားမျက်နှာက်ို မြင်သွားမယ်ဆိုရင် ကျွန်တော်တို့ကြားမှာ တစ်ခုခု ကွဲပြားသွားမှာများလား..."

ဟယ်ကျစ်ယွမ်က ခေါင်းငုံပြီး တစ်ဖက်လူကို သု့မျက်ဝန်းနက်များဖြင့် ကြည့်လိုက်သည်။ ထိုမျက်ဝန်းများထဲမှ ပါဝင်သောအချစ်များက ညအချိန်တွင် စီးဆင်းနေသော သမုဒ္ဒရာရေများသဖွယ်ဖြစ်သည်။ 

" မင်းသာ ခလုတ်ကိုနှိပ်ခဲ့မယ်ဆိုရင် ကိုယ်တို့က သမားရိုးကျအဆန်ဆုံးပုံစံနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းမျိုး ဖြစ်ခဲ့မှာ...ကိုယ်က ညဝတ်အင်္ကျီဝတ်ထားမယ်၊ သွားလည်းမတိုက် မျက်နှာလည်းမသစ်ရသေး‌ဘူး၊ မုတ်ဆိတ်လည်းမရိပ်ရသေးတော့ ဖိုသီဖတ်သီဖြစ်နေမှာ... မင်း အဲ့ပုံစံကိုသာ တွေ့သွားရင် မင်းရဲ့နှလုံးသားထဲက နတ်ဘုရားက ဘာဆွဲဆောင်မှုမှမရှိတဲ့ သာမန်လူလို့ထင်သွားမှာ... နောက်ပိုင်းကျရင်လည်း ကိုယ့်ကို စွဲမက်စရာကောင်းတဲ့လူလို့ ထင်တော့မှာမဟုတ်ဘူး..."

စုန့်ရန်က သူ့လက်မောင်းကို တစ်ဖက်လူ၏ လည်ပင်းတွင်ချိတ်ထားပြီး သူ၏ အဖိုးတန်သောအချစ်ဦးဘက်မှ ကာကွယ်ပြောနေသည်။

" ကျွန်တော် အဲ့လိုမထင်ပါဘူး..."

" တကယ်လား..."

စုန့်ရန်က ခေါင်းမာစွာဖြင့်ပြောသည်။

" တကယ်ပေါ့..."

" ဒါဆိုရင်တော့ အဲ့ထက် ပိုဆိုးသွားမှာပဲ..."

ဟာ်ကျစ်ယွမ်က စုန့်ရန်၏ မေးစေ့ကိုမော့လိုက်ပြီး လူငယ်လေး၏ နှုတ်ခမ်းများကို ဖြည်းညင်းစွာ ပွတ်သပ်လိုက်သည်။ 

" မင်း ကိုယ့်ကိုသာ တွေ့သွားခဲ့ရင် ကြွက်လေးတစ်ကောင်လိုမျိုး ရှို့တို့ရှန်းတန်းဖြစ်သွားမှာ... တကယ့်စုန့်ရန်က ဘယ်လိုလူဆိုတာလည်း ဖုံးကွယ်ထားပြီး ထူးချွန်ပြီး လိမ္မာရေးခြားရှိတဲ့ ကျောင်းသားလေးစုန့်ရန်ဖြစ်သွားမှာ.... အဲ့နောက်ပိုင်းကျရင် ကိုယ့်ကိုကိုယ်ပုံစံခွက်တစ်ခု သတ်မှတ်လိုက်ပြီး အဲ့တိုင်းနေမယ်၊ ကြောက်လန့်ပြီး တုန်ယင်နေမယ်၊ ကိုယ့်ဆီကနေ အထင်ကြီးခံရအောင်ပဲ တစ်နေ့လုံးစဉ်းစားနေတော့မှာပေါ့... မင်းရဲ့ စောဒကတက်သံလေးတွေ၊ ကိုယ် လူလည်ကျမိတိုင်းကျိန်ဆဲတဲ့အသံလေးတွေ၊ မင်း တီတီတာတာပြောတာလေးတွေကို ကြားရတော့မှာမဟုတ်ဘူး... အဲ့လိုတွေးလိုက်မိရင် တော်တ်ောလေး ကြောက်ဖို့ကောင်းတယ်မလား..."

စုန့်ရန်က သူနှင့် ငြင်းခုံလိုသော်လည်း စကားလုံးများက လျှာဖျားသို့ရောက်လာချိန်တွင် ဟယ်ကျစ်ယွမ်ပြောသည်များက မှန်ကန်သည်ဟု တွေးလိုက်မိသည်။ ထိုအချိန်က သူကိုယ်တိုင်ကလည်း " ထိုလူကြီးမင်းဟယ်"နှင့်တွေ့ရန် အလှမ်းဝေးကွာလွန်းနေသေးသည်။ 

အသွင်အပြင်နှင့်ပတ်သတ်ပြီး သူမည်မျှ ရူးသွပ်နေသည်ဖြစ်စေ၊ အစမှ အဆုံးအထိ အပေါ်ယံစွဲလန်းမှုအပေါ် မူတည်သည့် သဘောကျနှစ်သက်ခြင်းများက မနက်ရှိုင်းလှပေ။ သူက ရင့်ကျက်မှု မရှိခဲ့သည့်အပြင် သိမ်ငယ်မှုနှင့် စိတ်ရှုပ်ထွေးမှုကိုလည်း မဖယ်ရှားနိုင်ခဲ့သည့်အချိန်ဖြစ်သည်။ "ထိုလူကြီးမင်းဟယ်" က ရုပ်ရည်သွင်ပြင်တစ်ခုတည်းဖြင့် သူ၏ဆင်ခြင်ဉာဏ်ကို ဖျက်ဆီးပစ်နိုင်သည်။ အကယ်၍ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ကာ စကားပြောရမည်ဆိုပါက မည်သို့သောတုံ့ပြန်မှုမျိုး ပြုလုပ်မိမည်ဟု သူ့ကိုယ်သူ မသိပေ။

သူက ဒူးထောက်ကာ ဟယ်ကျစ်ယွမ်ကို မျှော်ကြည့်နေမိခြင်း သို့မဟုတ် ဟယ်ကျစ်ယွမ်၏နှစ်သက်မှုများကို မျက်စိစုံမှိတ်ကာ ခန့်မှန်းမိနေခြင်းလည်း ဖြစ်နိုင်သည်။ ထို့နောက် သူ့ကိုယ်သူ စံနမူနာပုံစံအဖြစ် ရုပ်လုံးသွင်းကာ "အရည်အချင်းပြည့်မီပြီး သင့်တော်သူ" ဟု ယူဆရသည့် အခန်းကဏ္ဍမှ သရုပ်ဆောင်သွားမည်ဖြစ်သည်။ သူက အမှားပြုလုပ်မိမည်ကို ကြောက်သော်လည်း အမှားများကိုသာ ထပ်ခါထပ်ခါ ပြုလုပ်နေမိမည်ဖြစ်သည်။ အဆုံးတွင်မူ သူ့လုပ်ရပ်များက သူရည်ရွယ်ထားခဲ့သည်နှင့် ဆန့်ကျင်ဘက်သက်ရောက်မှုများ ဖြစ်လာလိမ့်မည်။

၎င်းက ကြောက်မက်ဖွယ်ကောင်းရုံသာမက ဝမ်းနည်းဖွယ်ရာများ ဖြစ်လာစေလိမ့်မည်။

Xxxxx