အပိုင်း ၂၇
Viewers 9k

Chapter 27

၎င်းက ကြောက်မက်ဖွယ်ကောင်းရုံသာမက ဝမ်းနည်းဖွယ်ရာများ ဖြစ်လာစေလိမ့်မည်။

စုန့်ရန်က ထိုအကြောင်းကို စဉ်းစားမိသောအခါ ကြောက်ရွံ့သွားမိ၍ ‌ရှပ်အင်္ကျီကော်လံကို တဖြည်းဖြည်းကိုက်လိုက်ပြီး တစ်ဖက်လူ၏ ပူနွေးလှသော ရင်ခွင်ထဲ တိုးဝင်သွားသည်။ ဟယ်ကျစ်ယွမ်က သူ့ကို ပွေ့ဖက်ထားသည်။ သူတို့နှစ်ယောက်က အလွန်နီးကပ်နေသည့်အပြင် လက်ချောင်းများယှက်နွယ်ထားကာ သူတို့၏ ခန္ဓာကိုယ်အပူချိန်များကလည်း ဆွယ်တာချည်စ၏ လစ်လပ်နေသော နေရာများမှတစ်ဆင့် စိမ့်ဝင်သွားစေပုံရသည်။ မျက်နှာကျက်မှ မီးဆိုင်းနှင့် ဖယောင်းပန်းနီရောင်ဆိုဖာက သူတို့၏ အရေပြားပေါ်တွင် ရောင်ပြန်ဟပ်နေ၍ ပန်းရောင်ဖျော့ဖျော့အကွက်များ ကိုယ်ပေါ်တွင် ပေါ်လာသည်။ 

ဟယ်ကျစ်ယွမ်၏လက်ဖမိုးကို ပွတ်သပ်နေစဉ်တွင် စုန့်ရန်က မေးလိုက်သည်။

" ကျွန်တော်သာ ကိုယ့်ကိုကိုယ် ဖုံးကွယ်ထားမယ်ဆိုရင် ကျွန်တော့်ကို ချစ်ဦးမှာလား..."

ဟယ်ကျစ်ယွမ်က သဘောတကျဖြစ်သွားသည်။

" ဘာလဲ... ယုန်လေးတစ်ကောင်က တွင်းထဲမှာ ပုန်းနေတာနဲ့ပဲ ကိုယ်က လိုက်မဖမ်းနိုင်တော့ဘူး ထင်နေတာလား..."

ထိုစကားကြောင့် စုန့်ရန်၏ မျက်တောင်များက ပို၍ပို၍ တုန်ယင်လာသည်။ သူက ခေါင်းမမော့ပဲ ဟယ်ကျစ်ယွမ်၏ လက်ချောင်းသွယ်သွယ်များကို ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ခဏအကြာတွင်မှ အားပါးတရရယ်လိုက်ပြီး ဒူးကွေးညွတ်လိုက်ကာ ဟယ်ကျစ်ယွမ်၏ခါးကိုတို့ပြီး ပြောလိုက်သည်။ 

" ခင်ဗျားကမှ ယုန်လေ..."

(အနာဂတ်မှာ ဖြစ်လာမယ့်အကြောင်း တစ်ခန်းရပ်)

.....

လူကြီးမင်းဟယ်နှင့် သိကျွမ်းခဲ့ပြီးသော ၄ရက်မြောက်ညတွင် စုန့်ရန်က သူ၏လူကြီးမင်းဟယ်နှင့် မတွေ့ဆုံခဲ့ရပေ။

ယခုချိန်က နွေဦးရာသီဖြစ်သော ဧပြီလ၏ ညချမ်းအချိန်ဖြစ်နေ၍ လေထဲတွင် အေးစိမ့်မှုအနည်းငယ်ကို သယ်ဆောင်လာနေဆဲဖြစ်ပြီး အက်စ်မြို့၏ တတိုင်းမွှေးပန်းများ စတင်ဖူးပွင့်လာချိန်လည်းဖြစ်သည်။ ပန်းရနံ့များက ပြင်းလွန်း၍ လူသူကင်းမဲ့နေသည့် လမ်းမကြီးများနှင့် လမ်းဘေးမီးရောင်များအောက်အထိပါ ရနံ့များ စိမ့်ဝင်ပျံ့နှံ့နေသည်။ ကျောက်စိမ်းပင်လယ်အော်အဆောက်အဦးငါး၏ ၁၂ထပ်မြောက်တွင် စုန့်ရန်က နွေးထွေးသောဂွမ်းကပ်အောက်တွင် လှဲနေပြီး ပုပုကိုဖက်ထားကာ ရေဆေးပန်းချီသဖွယ် အိမ်မက်တစ်ခုကို မက်နေသည်။

အိမ်မက်ထဲတွင် အရောင်များစွာ ရောယှက်နေ၍ တက်ကြွသောစိတ်အခြေအနေတစ်ခုကို ဖြစ်ပေါ်လာစေသည်။ ပြင်သစ်စတိုင်ပြတင်းပေါက်မှတဆင့် နေရောင်ခြည် စိမ့်ဝင်လာပြီး ဧည့်ခန်း၏ ထောင့်နေရာတိုင်းကို ပြည့်လျှံသွားစေသည်။ ကြောင်လေးတစ်ကောင်က ခြေတံလက်တံများကို ဆန့်ထုတ်ထားပြီး ၎င်း၏ ဝဝကစ်ကစ်ကိုယ်လုံးလေးကို ပျင်းရိပျင်းတွဲဖြင့် လှုပ်နေကာ နေပူဆာလှုံနေသည်။ 

သူ၏ နားရွက်အနီးတွင် music boxတစ်လုံးရှိပြီး သာယာနာပျော်ဖွယ် တီးလုံးသံလေးများ ထွက်ပေါ်နေလျက် ဘူးအတွင်းမှ ဘဲလေးကချေသည်အရုပ်လေးကလည်း ခြေဖျားထောက်ပြီး ကပြဖျော်ဖြေနေသည်။ 

ဧည့်ခန်းထဲရှိ ကော်ဖီစားပွဲပေါ်တွင် စက္ကူကြယ်များ၊ နတ်သမီးပုံပြင်စာအုပ်နှစ်အုပ်၊ ချစ်စဖွယ်တိရစ္ဆာန်လေးများပုံစံ ကော်ဖီခွက်သုံးခွက် ရှိနေသည်။ ထိုခွက်များက တစ်စုံတည်းဖြစ်ပြီး ဝဝဖိုင့်ဖိုင့်နှင့် ရှဉ့်ကျားမိသားစုံသုံးကောင်၏ပုံစံ ဒီဇိုင်းဖော်ထားခြင်းဖြစ်သည်။ တခြားအရုပ်များနှင့် ထင်းရှူးသီးပုံစံအရုပ်များက ကော်ဇောပေါ်တွင် ပြန့်ကျဲနေသည်။ စုန့်ရန်က အားလုံး၏ အလယ်တွင် ဒူးထောက်ထိုင်နေပြီး ပုပုကို ရဲတိုက်ရုပ် အတူတူဆောက်ပေးနေသည်။ မလှမ်းမကန်းမှ မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးစက်၏ အသံမြည်နေသည်။ အရပ်ရှည်ရှည်၊ ဖြောင့်တန်းနေသော ကျောပြင်နှင့် ပခုံးကျယ်ကျယ်ရှိသော ထူးဆန်းသည့်လူတစ်ယောက်က မီးဖိုကောင်တာရှေ့တွင် ရပ်နေကာ ကော်ဖီဖျော်ပြီး ကြက်ဥကြော်နေသည်။ 

သူက စုန့်ရန်ကို ကျောပေးထားသဖြင့် သူ့မျက်နှာကို မမြင်ရပဲ ကွယ်နေသည်။ သို့ရာတွင် ထိုလူတစ်ဖက်သို့လှည့်လိုက်ပါက သူ့မျက်နှာကို စုန့်ရန် သေချာပေါက် သဘောကျမည်ကိုသိသည်။

စုန့်ရန်က အိမ်မက်ထဲ နစ်မြုပ်နေစဉ်တွင် ပစိဖိတ်သမုဒ္ဒရာ၏ တစ်ဖက်ခြမ်းတွင် နေ့သစ်တစ်နေ့ အစပျိုးနေပြီဖြစ်သည်။ Swordarc လုပ်ငန်းစုမှ ဝန်ထမ်းများမှာ သူတို့၏ နည်းပညာခေါင်းဆောင်က ယနေ့တွင် ထူးထူးခြားခြား စိတ်ကြည်လင်နေပုံရ၍ အံ့ဩနေကြသည်။ 

မနက် ၉နာရီအချိန်တွင် ကားတာယာက ဘိလပ်မြေကြမ်းခင်းကို ပွတ်တိုက်မိသွားသော စူးခနဲအသံနှင့်အတူ ကားတစ်စီးက ဂိုထောင်ထဲကို ခမ်းနားစွာဝင်လာသည်ကို မြေညီထပ်မှ ဝန်ထမ်းအားလုံး မြင်လိုက်ရသည်။ ၎င်း၏ အနက်၊ အနီနှင့် ရွှေရောင်လိုဂိုက တောက်ပနေသော နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်မှာ နှိုင်းယှဉ်၍ မရလောက်အောင် ထင်ပေါ်နေသည်။ အမှန်တွင် ကားဂိုထောင်ထဲသို့ ကားကို လှစ်ခနဲထည့်လိုက်သည်က ဤကုမ္ပဏီတွင် ထူးဆန်းသော မြင်ကွင်းတစ်ခုမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းက ကားလ်ကရောက်စ်၏ နေ့စဉ်နေ့တိုင်းရုံးကို ဝရုန်းသုန်းကား ရောက်ရှိလာသည့်ပုံစံ ဖြစ်သောကြောင့်ပင်။ သို့သော် ဤတစ်ကြိမ်တွင် ကားထဲမှ ထွက်လာသူက ဟယ်ကျစ်ယွမ်ဖြစ်နေ၍ အနည်းငယ် မယုံကြည်နိုင်စရာဖြစ်နေသည်။ 

ဟယ်ကျစ်ယွမ်က ကားလ်ကိုကျော်ဖို့ကြိုးစားနေတယ်ဆိုတဲ့ ကောလဟာလတွေက အတုမဟုတ်ဘူးထင်တယ်...

မစ္စတာကားလ်က မနက် ၉နာရီ ၈မိနစ်တွင်မှ ရောက်လာခဲ့သည်။ သူ့ဘေးနားပတ်ပတ်လည်မှ ပုံမှန်မဟုတ်သည့် တီးတိုးပြောနေသံများကြောင့် သူ၏သစ်အယ်သီးညိုရောင်ဆံပင်က အနည်းငယ်အရောင်မှိုင်းသွားပုံပေါ်သည်။ ဟယ်ကျစ်ယွမ်အကြောင်း ပြောနေသည်များကို ကြားလိုက်သည့်အခါ R&Dဌာန ( ‌သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန ) သို့အမြန်သွားလိုက်သည်။ အတွင်းသို့ဝင်လိုက်သည်နှင့် ထိုလူက ခုံတွင်မှီထိုင်နေပြီး လက်ထဲတွင် ကော်ဖီခွက်ကိုကိုင်ထားလျက် လက်တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲတွင်ရှိနေကာ လက်အောက်ငယ်သားအချို့နှင့် ပျော်ရွှင်စွာ စကားစမြည်ပြောနေသည်။ 

ထိုဝန်ထမ်းများ ထွက်သွားသည့်အခါမှသာ ကားလ်က ဝမ်းသာအားရပုံစံဖြင့် ဟယ်ကျစ်ယွမ်၏ပခုံးကို ဆွဲလိုက်သည်။

" ကြည့်ပါရစေဦး... ကော်ဖီစေ့၊ သကြားခဲနှစ်ခဲ၊ ပျားရည်ကိတ်မုန့်လုံး၊ အလုပ်မစခင်မှာ တခြားလူတွေနဲ့ အေးအေးဆေးဆေးပဲ စကားစမြည်ပြောနေတယ်... မင်းရဲ့ ဝိညာဉ်က ငါ့အဖွားနဲ့ နေရာချင်းလဲသွားတယ်ဆိုတာ လောင်းရဲတယ်..."

ဟယ်ကျစ်ယွမ်က ပြုံးလိုက်သည်။ 

" ဒါဆိုရင် မင်းအဖွားရဲ့ driftingနည်းလမ်းတွေကလည်း အရမ်းမိုက်နေမှာပေါ့..."

ကားလ်က အပျော်လွန်သွားပြီး လက်မထောင်ကာ ပြောလိုက်သည်။ 

 " စိတ်မထိန်းနိုင်တော့ဘူး ဟုတ်တယ်မလား... သတင်းစာရှင်းလင်းပွဲပြီးရင် တစ်ပွဲလောက် ပြိုင်မောင်းမယ်လေ အရင်လိုပဲ ဆိုနိုမာပြေးလမ်းမှာပေါ့..."

ဟယ်ကျစ်ယွမ်က ခေါင်းခါလိုက်သည်။ 

" ဒီတစ်ခါတော့ တကယ်မရဘူး... ပုပုက ငါအိမ်ပြန်လာမှာ စောင့်နေတာ တစ်ရက်ထပ်နေလို့ မဖြစ်တော့ဘူး..."

ကားလ်က စိတ်ပျက်လက်ပျက်ဖြင့် ပခုံးတွန့်ပြလိုက်သည်။

ပုပုက နို့စို့အရွယ်ကတည်းက အလွန်စိုးရိမ်စရာမရှိခဲ့သော ကလေးဖြစ်သည်။ ဟယ်ကျစ်ယွမ်၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သောကြောင့် ကားလ်က ပုပု၏ သေးစိုအင်္ကျီပေါင်းများစွာကို လွှင့်ပစ်ခဲ့ပေးရ၍ သူ့စိတ်ထဲတွင် အရိပ်မည်းကြီးဖြစ်သွားခဲ့ပြီး ကလေးတစ်ယောက်ကို ကိုယ်တိုင် ပြုစုပျိုးထောင်ရမည့်စိတ်ကူးကို စွန့်ပယ်လိုက်သည်။ သို့ရာတွင် သူတို့ကြားမှ ကျောင်းနေဘက်သူငယ်ချင်းဆက်ဆံရေးကြောင့် ဟယ်ကျစ်ယွမ်၏ ကလေးပေါက်စလေးကို သူချစ်သည်။ 

" ကိစ္စမရှိပါဘူး... ဖခင်ကောင်းကြီးကို ကျဉ်းထဲကြပ်ထဲရောက်အောင်လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ... "

ကားလ်က ထိုအကြောင်းကို ဆက်မပြောတော့ပဲ သူစစ်စစ်ဆေးမေးမြန်းခြင်းကို ဆက်လုပ်နေသည်။ 

" မင်း ဒီနေ့ တော်တော်ပျော်နေပါလား... စတော့ရှယ်ယာတွေကနေ အမြတ်ရလာလို့လား..."

ဟယ်ကျစ်ယွမ်က ပခုံးတွန့်ပြလိုက်သည်။

" ALဘက်က စတော့တွေက တဖြည်းဖြည်းများလာတာ တစ်လခွဲလောက်ရှိပြီပဲလေ..."

ကားလ်၏အတွေးများက တခြားနေရာရောက်သွားပြီး ဖြစ်နိုင်ချေနောက်တစ်ခုကို ထပ်တွေးလိုက်သည်။

" နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်သွားလို့လား... ကျွတ် ကျွတ် ငါတော့ အဲ့လိုမထင်ဘူးနော်..."

သူတစ်ဖက်သို့လှည့်ပြီး ဘေးပတ်ဝန်းကျင်မှဝန်ထမ်းများကို ကြည့်လိုက်သည့်အခါ ယခင်ကဲ့သို့ပင် အလုပ်ရှုပ်နေကြဆဲဖြစ်သည်ကို မြင်လိုက်ရသည်။

" လောကငရဲပဲ..."

" ကဲ တော်သင့်ပြီ... လျှောက်မှန်းနေတာတွေ ရပ်လိုက်ပြီး ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပါ... သတင်းကောင်းရှိလာရင် ငါမင်းကို အရင်ဆုံးပြောပြပါ့မယ်..."

ဟယ်ကျစ်ယွမ်က သူ့ကော်ဖီခွက်ကို ချထားလိုက်ပြီး သူ့ပခုံးပေါ်မှ ကားလ်၏လက်ကို ရိုက်ချလိုက်သည်။ 

" အစည်းအဝေးခန်း၂ မှာ နောက်ဆယ်မိနစ်နေရင် တွေ့မယ်... အရင်တစ်ခေါက်က ပြောရမယ့် မိန့်ခွန်းထဲက မသင့်တော်တဲ့ ဟာသနှစ်ခုကို ဖျက်ထားပြီးပြီလို့ ငါ အရိုးသားဆုံးမျှော်လင့်ထားပါတယ်... မဟုတ်ရင်တော့ ကုမ္ပဏီရဲ့ပုံရိပ်ကို အဖတ်ဆယ်ဖို့ မင်းကိုဟာသလုပ်ရုံကလွဲပြီး ငါ့မှာ ရွေးချယ်စရာမရှ်ိဘူး..."

ကားလ်က အကြီးအကျယ် စိတ်ညစ်သွားသည်။

" မင်း တကယ်ပဲ ဒီမှာ နည်းနည်းထပ်နေလို့ မရဘူးလား..."

ဟယ်ကျစ်ယွမ်က ယဉ်ကျေးစွာ ပြုံးလိုက်သည်။

" မရဘူး..."

..............

၅ရက်မြောက်နေ့ မနက် ၇နာရီ ၁၉မိနစ် 🖌️

နောက်တစ်နေ့က စနေနေ့ဖြစ်သည်။‌ အိပ်ရာပေါ်သို့ နေရောင်ခြည်ဖြာကျနေချိန်တွင် စုန့်ရန်နိုးလာခဲ့ပြီး နောက် နီတာရဲခြေချောင်းငါးချောင်းက သူ့ရင်ဘတ်ပေါ်ရောက်နေသည်ပြီး ဟိုဟိုသည်သည် ရွေ့လျားနေသည်ကို မြင်လိုက်ရသည်။ 

ပုပုက စိတ်လွတ်ကိုယ်လွတ် အိပ်နေခြင်းဖြစ်သည်။ ညတစ်ညလုံး သူက ၉၀ဒီဂရီခန့်လှည့်အိပ်နေ၍ အိပ်ရာပေါ်မှပင် ပြုတ်ကျလုနီးပါးဖြစ်နေသည်။ စုန့်ရန်က ကလေးလေးကို ပြန်ဆွဲခေါ်ထားလိုက်ပြီး စောင်ပြန်ခြုံပေးထားလိုက်သော်လည်း ပုပုက နိုးမလာသေးပေ။ ထိုအစား အိမ်မက်မက်နေသကဲ့သို့ နှုတ်ခမ်းသပ်နေသည်။ ထို့နောက် ဂွမ်းကပ်ကိုတင်းကြပ်စွာဖက်ထားလိုက်ပြီး ဝါးနေကာ သွားရည်များစီးကျလာသည်။

သူ ငြိမ်သွားအောင်လို့ အရုပ်တစ်ရုပ်ပေးထားမှဖြစ်မယ်ထင်တယ်...

စုန့်ရန် ထိုသို့တွေးလိုက်ပြီးနောက် သူ့ပါးပြင်လေးကို လက်တစ်ဖက်ဖြင့် ဖိထားလိုက်သည်။ 

လင်းဟွေ့က ယမန်နေ့ညက အချိန်နောက်ကျသွားသောကြောင့် အိမ်မပြန်လိုက်ရ၍ ဘေးချင်းကပ်လျက်မှ ဧည့်သည်အခန်းတွင် ယာယီအိပ်လိုက်ရသည်။ မနက်ရောက်၍ သူမ သမ်းဝေပြီးထွက်လာသည့်အခါ ဧည့်ခန်းရှေ့ရှိတံခါးက ပွင့်နေပြီး စင်္ကြန်တစ်ခု ခြားထားသော အခန်း8012A၏တံခါးကလည်း ပွင့်နေသောကြောင့် အတွင်းပိုင်းအပြင်အဆင်များကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ဒေါသတကြီးနှင့် ကြောင်အော်သံတစ်သံက ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာပြီး ထိုအသံက တစ်ယောက်ယောက်ကို ဆဲဆိုနေသည်နှင့်ပင် တူလှသည်ကို ကြားလိုက်ရသူတိုင်း သိနိုင်ပေသည်။ 

" စုန့်ရန် ရှင့်ကြောင်ဘာဖြစ်နေတာလဲ..."

လင်းဟွေ့က ထိုနေရာသို့သွားပြီး တံခါးခေါက်လိုက်သည်။ 

စုန့်ရန်က ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး ညာဘက်လက်က ပုသို့သို့လက်ထဲရောက်နေကာ ဘယ်ဘက်လက်မှ စည်သွပ်ဘူးတစ်ဘူးကိုကိုင်ပြီး ပါးစပ်နှင့် ကိုက်ဖွင့်နေရသည်။ သူက ဝမ်းနည်းနေပုံဖြင့် ရှင်းပြလိုက်သည်။ 

" ကျွန်တော် ညက အိမ်မပြန်ဖြစ်တော့ ဒီဘိုးဘေးလေးက ဒေါသထွက်ပြီး ပေါက်ကွဲနေတာလေ..."

လင်းဟွေ့က သူ့အစား စည်သွပ်ဘူးကို ဖွင့်ပေးလိုက်ပြီး ပန်းကန်လုံးလေးထဲ ထည့်ပေးလိုက်သည်။

ကြက်သားရနံ့မွှေးမွှေးလေးကြောင့် ပုသို့သို့က စုန့်ရန်ကိုလွှတ်ပေးလိုက်သော်လည်း ဒေါသတကြီးနှင့် အမြီးများ ဖွာနေဆဲဖြစ်သည်။ သူက အစားအစာကိုလျက်နေသော်လည်း မာန်ဖီနေ၍ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားကြောင်း ပြ‌သနေသည်။ 

ပိတ်ရက်တွင် အားလပ်ချိန် ပိုများနေသောကြောင့် မနက်စာက ပုံမှန်နေ့ရက်များထက်ပိုပြီး ဝေဝေဆာ‌ဆာဖြစ်နေသည်။ ပဲပိစပ်အနှစ်နှင့် အသီးအရွက်ကြော်၊ ဆားငန်ရေစိမ်ထာသည့် ပဲပိစပ်ပြုတ်နှင့် အမဲစားအစပ်ချက်တို့ဖြစ်သည်။ အိုး‌ငယ်လေးထဲမှ ဆန်ပြုတ်ကို ပန်းကန်လုံး သုံးပန်းကန်ထဲ ခွဲထည့်ထားပြီး ပန်းကန်လုံးတိုင်၏အလယ်တွင် အသားမျှင်၊ ကြက်ဥပြုတ်၊ မုန်ညှင်းချဉ်တို့ဖြင့် အလှဆင်ထားသည်။ ပုပုက VIPဖြစ်၍ နွားနို့လတ်လတ်ဆတ်ဆတ်တစ်ခွက်ကို ရရှိထားသည်။ 

လင်းဟွေ့က ထမင်းစားပွဲကူပြင်ပေးနေချိန်တွင် သူမအကြည့်များက သွားလိုက်လာလိုက်ဖြင့် အလုပ်ရှုပ်နေသော စုန့်ရန်ထံတွင်သာ ရှိသည်။ သူက ဧပရွန်ဝတ်ထားချိန်တွင်သာမက စားပွဲပေါ်တွင် တူနှင့်ပန်းကန်လုံးများ လာချပေးနေချိန်တွင်လည်း ချောမောနေပြီး ပုပု၏လည်ပင်းတွင် ပဝါစလေးချည်ပေးနေချိန်တွင်လည်း ‌ခံ့ညားလွန်းနေသည်။ သူမ သူ့ကိုပိုပြီးမြင်တွေ့ရလေ သဘောကျလေဖြစ်သည်။ လေထဲတွင် အချစ်နှင့်ပြည့်နေသော ပူစီဖောင်းများ ပျံဝဲနေသည်။ 

သူမအကြည့်များက အလွန်စူးရှလွန်းလှသည်။ စုန့်ရန်က စိုက်ကြည့်ခံနေရသောကြောင့်ရှက်လာ၍ သူမကို ဆန်ပြုတ်တစ်ဇွန်းပိုထည့်ပေးမိသွားသည်။

 

" ဆန်ပြုတ်သောက်လေ ကြည့်မနေနဲ့တော့..."

လင်းဟွေ့က ခေါင်းခါလိုက်သည်။

" ကြည့်မှာပဲ..."

စုန့်ရန်က ယောက်ချိုနှင့်အိုးကို ကိုင်ထားသည်။

" ကျွန်တော်က အဲ့လောက်ကြည့်ကောင်းလို့လား..."

လင်းဟွေ့က ပြုံးလိုက်ပြီး ပုပုဘက်သို့လှည့်ကာ မေးလိုက်သည်။

" ကိုကြီးစုန့်ရန်က ကြည့်ကောင်းလား မကောင်းဘူးလား..."

" ကြည့်ကောင်းတယ်..."

ပုပုက ကျယ်လောင်စွာဖြင့် ပြန်ဖြေလိုက်သည်။ 

ထို့နောက်တွင် စုန့်ရန်ကို စိုက်ကြည့်နေသည့်လူက နှစ်ယောက်ဖြစ်သွားသည်။ 

လင်းဟွေ့၏ ရဲတင်းသောပရောပရည်လုပ်နည်းကို ရင်ဆိုင်လိုက်ရသောအခါ စုန့်ရန် လုံးဝ အရှုံးပေးလိုက်ရသည်။ ရှက်ရွံ့သွား၍ နီရဲနေသော‌မျက်နှာဖြင့် ဆံပင်တိုတိုကို လက်တစ်ဖက်ဖြင့် ကုတ်နေလိုက်ပြီး နေရခက်စွာဖြင့် မီးဖိုချောင်ထဲတွင် ပြန်ပုန်းနေလိုက်သည်။ 

မနက်စာစားပြီးသောအခါ လင်းဟွေ့က သူတို့ကို နှုတ်ဆက်ပြီး တက္ကသိုလ်သို့ပြန်သွားပြီး စုန့်ရန်က ပုပုကို 'လက်တွေ့ဘဝမြင်ကွင်း' များကို တွေ့မြင်နိုင်ရန်အတွက် ဟင်းသီးဟင်းရွက်ဈေးကို ခေါ်သွားသည်။ 

'လက်တွေ့ဘဝမြင်ကွင်း'က သူငယ်တန်း၏ ပုံမှန်မိဘ-ကလေး လှုပ်ရှားမှုဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေတိုင်းတွင် မိဘများနှင့် ၎င်းတို့၏ ကလေးများ အတူတကွ အချိန်ကုန်ဆုံးကြပြီး တာဝန်ငယ်လေးများပြုလုပ်ရသည်ကို ဆိုလိုသည်။ ဥပမာအားဖြင့်ဆိုရသော် တနင်္လာနေ့တွင် ကျောင်းမှ ကလေးများအတွက် ကွတ်ကီးများဖုတ်ပြီး ယူလာပေးခြင်း သို့မဟုတ် အပင်ငယ်လေးများ၊ မြက်ပင်လေးများ အပင်ပေါက်ဘဝမှ ကြီးထွားလာသည်ကို စောင့်ကြည့်ခြင်းနှင့် ရုပ်ပုံဂျာနယ် ဖန်တီးခြင်းတို့ ပြုလုပ်ရသည်။

Xxxxxx