အပိုင်း ၂၈
Viewers 9k

Chapter 28

ဟယ်ကျစ်ယွမ်က အမြဲတစေအလုပ်များနေသူဖြစ်၍ ထိုအသေးအဖွဲ့ကိစ္စလေးကို ကလေးထိန်းနှင့်သာ လွှဲထားခြင်းဖြစ်သည်။ သို့ရာတွင် ကလေးထိန်းကလည်း ထိုကိစ္စကို အတည်မယူပေ။ စုန့်ရန်ကသာ ၎င်းကို အရေးကြီးသည်ဟု ထင်နေခြင်းဖြစ်သည်။ 

အနည်းဆုံး ဤကိစ္စက ကလေးများအတွက် အရေးကြီးကိစ္စဖြစ်နေသည်။ 

ဤတစ်ပတ်အတွက်ပုပု၏ တာဝန်က 'လုံးဝန်းသည့်ဟင်းသီးဟင်းရွက်များ ဈေးတန်းတွင် ‌ဝယ်ယူရန်' ဖြစ်သည်။ သူက ပြန်လည်အသုံးပြုနိုင်သောအိတ်ကို လက်တွင်ချိတ်ထားပြီး အိတ်ထဲတွင် ယွမ်တစ်ရာထည့်ထားကာ စုန့်ရန်၏နောက်မှလိုက်၍ အသီးအရွက်ဈေးတန်းထဲ ဝင်လာပြီး ဟိုဟိုသည်သည် လျှောက်ကြည့်နေသည်။ ဈေးက အလွန်လူများပြီး ‌ဆူညံ့လွန်းလှသည့်အပြင် ဤနေရာသို့ တစ်ကြိမ်မှမရောက်ဖူး၍ စိတ်မသက်မသာဖြစ်နေသည်။ 

စုန့်ရန်က အသီးအရွက်များ ရွေးချယ်ပြီးနောက် ပိုက်ဆံပေးလိုက်သည့် လုပ်ငန်းစဉ်ကို အကြိမ်ကြိမ်အခါခါ လုပ်ပြနေသည်။ ပုပုက သင်ယူလွယ်သူဖြစ်၍ ယုန်လေးတစ်ကောင်ကဲ့သို့ ခုန်ဆွဆွဖြစ်နေပြီး ဈေးဆိုင်များရှိရာသို့ လှုပ်စိလှုပ်စိဖြင့် သွားနေသည်။

စုန့်ရန်က ဖုန်းကိုထုတ်လိုက်ပြီး ပုပုနောက်မှလိုက်ကာ အမှတ်တရအနေဖြင့် ဓာတ်ပုံရိုက်ပေးနေသည်။ 

" ကန်စွန်းဥခရမ်းရောင် ၃.၆၀ယွမ်ပါ..."

ပုပုက ကန်စွန်းဥနှစ်လုံးကို လက်တစ်ဖက်စီတွင်ကိုင်ထားပြီး ခေါင်းပေါ်ကို ကပ်လိုက်ရာ မစ်ကီးမောက်စ်ပုံစံ အရိပ်ဖြစ်သွားသည်။

ကလစ်...

စုန့်ရန် သူ့ပုံကို ဓာတ်ပုံရိုက်ယူလိုက်သည်။

" ပန်းဂေါ်ဖီက ၂.၈၀ယွမ်..."

ပန်းဂေါ်ဖီကို ရင်ထဲပိုက်ထားလိုက်သည့်အခါ အချစ်များဖြင့်ပြည့်နေသော သတို့သမီးပန်းစည်းနှင့် တူသွားသည်။

" ဖရုံသီးက ၅.၄၀ယွမ်ပါ..."

ပုပုက ဖရုံသီးကို ပခုံးပေါ်တင်လိုက်ပြီး လက်သီးတင်းတင်းဆုပ်ထကာ ခေါင်းမော့လိုက်ပြီး ဟာကြူလီအဖြစ် ဟန်ဆောင်နေသည်။ 

ကလစ်...

စုန့်ရန်က တတိယအကြိမ် ဓာတ်ပုံရိုက်လိုက်သည်။

သူတို့နှစ်ယောက်လုံး ဟင်းသီးဟင်းရွက်အဝိုင်းများ ဝယ်ပြီးသောအခါ အိတ်တစ်ဝက်ခန့် ပြည့်နေပြီဖြစ်သည်။ နောက်ဆုံးတွင် မုန်လာဥ၊ မုန်လာဥဖြူ၊ မုန်လာဥခရမ်းရောင်များရောင်းသည့် ဈေးတန်းများဘက်သွားကြသည်။ ပုပုက ခြေဖျားထောက်လျက် မည့်သည့်မုန်လာဥက ဝိုင်းသည်ကို နှုတ်ခမ်းလေးဆူလျက် ရွေးချယ်နေသည်။ စုန့်ရန်ကလည်း သူ့အတွက် ကူရွေးပေးနေပြီး ပျော်ရွှင်နေစဉ်တွင် ဦးခေါင်းအထက်တွင် ဖိအားတစ်ခု ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်သည့်အခါ အိုမင်းနေသော မျက်လုံးကျဉ်းများကို မြင်လိုက်ရ၍ နှလုံးခုန်သံများ မြန်ဆန်သွားသည်။ 

ဒီအဖွားကြီးက သူ့ကို အိမ်ထောင်မပြုပဲ ကလေးရတယ်ဆိုပြီး စွပ်စွဲခဲ့တဲ့သူမလား...

ထိုအဖွားအိုကြီးက အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း အကြည့်များကစူးရှနေဆဲဖြစ်သည်။ သူ စုန့်ရန်ကိုကြည့်ပြီး ပုပုကိုပါကြည့်နေကာ သူမ၏ အထင်လွဲမှုက ပိုနက်ရှိုင်းသွားသည်။ သူမ ဒယိမ်းဒယိုင်ဖြင့် ထလာပြီး မေးလိုက်သည်။ 

" ဟိုကလေးပေါက်စ မင်းဒီနှစ် ဘယ်နှနှစ်ပြည့်မှာလဲ..."

ပုပုက တက်ကြွနေသည်။

" မင်္ဂလာပါဖွားဖွား... သားက လေးနှစ်ပြည့်ပြီးပါပြီ..."

မိဘတစ်ယောက်တည်းပျိုးထောင်ထားသည့်မိသားစုမှ ကလေးလေးက ဤမျှ ပျော်ရွှင်တက်ကြွနေမည်ဟု သူမ မထင်ထားခဲ့ပုံရသည်။ သူမပုံစံက အံ့အားသင့်သွားသည်မှာ သိသာလှသည်။ ပုပု၏ မျက်နှာသေးသေးလေးကို စိုက်ကြည့်နေပြီး အလွန်ကြာမြှင့်လှသည့်အချိန်က မှတ်ဉာဏ်တစ်ခုကို သတိရသွားရန်ဖြင့် မျက်လုံးများနီရဲလာသည်။ သူမက ပလတ်စတစ်အိတ်တစ်လုံးကို ထုတ်လိုက်ပြီး လုံးဝန်းသည့် မုန်လာဥဖြူများကို ထည့်ပေးလိုက်ကာ ရေရွတ်နေသည်။

" ဖွားဖွား ကောင်းတာလေးတွေ ကူရွေးပေးမယ်... ပိုက်ဆံကို သိမ်းထားလိုက် အလကားယူသွား... အလကားယူသွား..."

မုန်လာဥများက အလွန်ဈေးမကြီးသော်လည်း ထိုအဖွားကြီးက ၎င်းတို့ကိုရောင်းပြီး အသက်မွေးဝမ်းကြောင်းပြုနေရခြင်းဖြစ်သည်။ စုန့်ရန်က အထင်လွဲမှုကို အသုံးချပြီး အခြားလူများကို အခွင့်အရေးမယူချင်၍ သူမကို တားလိုက်သော်လည်း သူမက သူ့လက်ကို ပြန်ရိုက်ချလိုက်သည်။

သူ့ကိုကြည့်နေသော အဖွားကြီး၏ အမူအရာက ခက်ထန်‌လွန်းသော်လည်း လေသံက နူးညံ့နေသည်။

" သားလေးတစ်ယောက်ကို မင်းတစ်ယောက်တည်း ပျိုးထောင်နေရတာဆိုတော့ အခက်အခဲတွေအများကြီးကျော်ဖြတ်ခဲ့ရမှာပေါ့... မင်း သူ့ကို ကောင်းကောင်းပျိုးထောင်ထားတာပဲ ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနဲ့ အသီးအရွက်တွေတောင် ထွက်ဝယ်နေပြီ... လွယ်တော့မလွယ်ဘူး အနာဂတ်မှာလည်း အဝေးကြီး ဆက်လျှောက်ရဦးမယ်..."

သူမ စကားပြောနေလျက် ပလတ်စတစ်အိတ်ကိုချည်ပြီး ပုပုလက်ထဲထည့်ပေးလိုက်သည်။ 

ပုပုက အိတ်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး နားမလည်ဟန်ဖြင့် ပြောလိုက်သည်။

" ဖွားဖွား... ဘာလို့ ပိုက်ဆံမယူတာလဲ..."

အဖွားအိုကြီးက အပြုံးဖြင့် ပြောလိုက်သည်။

" ဖွားဖွားက ကလေးလေးကိုချစ်လို့လေ..."

ပုပုက ဤအကြောင်းပြချက်ကို လက်ခံလိုက်ပြီး တွေးတွေးဆဆဖြင့်ပြောလိုက်သည်။

" ဆရာမက သားတို့အားလုံးကို အဝိုင်းပုံ ဟင်းသီးဟင်းရွက်တွေ ဝယ်ခိုင်းလိုက်တာ... ဖွားဖွားရဲ့ မုန်လာဥ‌တွေက အဝိုင်းတွေဆိုတော့ အတော်ပဲ... ကျေးဇူးတင်ပါတယ် သားလည်း ဖွားဖွားကိုချစ်တယ်..."

အဖွားအိုကြီးက သူ့စကားကြောင့် ဝမ်းသာဝမ်းနည်းဖြစ်သွားပြီး မျက်ရည်ဝဲလာသည်။ သူမ စုန့်ရန်၏လက်ကိုဆွဲပြီး မျက်နှာချင်းဆိုင်မှ ဝက်သားဆိုင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ 

" ကလေးလေးက ကြီးထွားနေတဲ့အရွယ်ဆိုတော့ အာဟာရပြည့်ဝမှဖြစ်မှာ... မာစတာကောရဲ့ဆိုင်က ဝက်နံရိုးတွေက လတ်ဆတ်တယ်... နည်းနည်း ဝယ်သွားပြီးတော့ အိမ်ရောက်ရင် မုန်လာဥစွပ်ပြုတ်ချက်လိုက် ဟုတ်ပြီလား..."

ပုပုက စုန့်ရန်၏ အင်္ကျီစကို လာဆွဲပြီး မျှော်လင့်တကြီးဖြင့် ပြောလိုက်သည်။ 

" မုန်လာဥစွပ်ပြုတ်..."

စုန့်ရန်က အဖွားအိုကြီးကို ကျေးဇူးတင်စကားပြောလိုက်ပြီး မုန်လာဥများကို ပြန်လည်အသုံးပြုနိုင်သည့်အိတ်ထဲထည့်လိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ ပြုံး၍ ပြောလိုက်သည်။ 

" ‌ဟုတ်ပါပြီ ကိုကြီး ပုပုအတွက် မုန်လာဥစွပ်ပြုတ်ချက်ပေးမယ်..."

အိမ်ရောက်သောအခါ မုန်လာဥစွပ်ပြုတ်ချက်ရန် ဝက်နံရိုး၊ မုန်လာဥ၊ လှီးထားပြီးသားဂျင်းနှင့် နွေဦးကြက်သွန်နီ၊ ဟင်းချက်ဝိုင်နှစ်ဇွန်းကို အိုးထဲထည့်ပြီး အချိန်သုံးနာရီခန့် မီးပြင်းပြင်းဖြင့် တည်ထားလိုက်သည်။ အချိန်ကြာသောအခါ မုန်လာဥများက ဟင်းရည်ပေါ်ဝဲတက်လာပြီး တပွက်ပွက်ဆူလာသည်။ ၎င်းက နူးညံ့ပြီး စားချင်စဖွယ်ဖြစ်နေသည့်အပြင် ကြည်လင်နေသောအရောင်ရှိကာ နွေဦးကြက်သွန်နီကွင်းများကို အပေါ်မှ ဖြူးထား၍ စွပ်ပြုတ်၏ ‌ဆွဲဆောင်မှုရှိသောရနံ့က ဧည့်ခန်းတစ်လုလုံးကို ပျံ့နှံ့လာသည်။ 

ပုပုက စားချင်စိတ်များနေ၍ ကြောင်ကိုပင် မ‌စနောက်တော့ပေ။ ပဝါကို သူ့လည်ပင်းတွင် ကိုယ်တိုင်ပတ်ထားလိုက်ပြီး ထမင်းစားပွဲမှ ခုံပေါ်သို့ ပြေးတက်လာကာ စားရမည့်အချိန်ကို စောင့်နေသည်။

နေ့လယ်စာစားပြီးသည့်အခါ နေ့လယ်ခင်းတစ်ရေးတစ်မောအိပ်ချိန်ဖြစ်သည်။ စုန့်ရန်က ပုပုကိုချီထားပြီး မုန်လာဥ၏စွန့်စားခန်းပုံပြင်ကို လက်တန်းပြောပြလိုက်သည်။ ပုံမှန်ဆိုလျှင် ပုံပြင်အဆုံးသတ်သွားချိန်၌ ပုပုက အိပ်ပျော်သွားလေ့ရှိသော်လည်း သူက ယခုမှ မုန်လာဥစွပ်ပြုတ်သောက်ပြီးထားခြင်းဖြစ်၍ ပုံပြင်ထဲမှမုန်လာဥက အိုးနှင့်တွေ့သွားခြင်းဟုတ်မဟုတ်ကို အဆက်မပြတ်မေးနေသည်။

" အိုးက ပေါ်လာတာလား... အိုးနဲ့ မုန်လာဥက တွေ့သွားတာလားဟင်..."

စုန့်ရန်၏ပုံပြင်ထဲမှ မုန်လာဥက ‌ခက်ခက်ခဲခဲဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်။ သို့ရာတွင် သူ၏ကံကြမ္မာက အညှာအတာကင်းမဲ့လွန်းလှသည်။ အချိုးအကွေ့ပေါင်းများစွာကို ကျော်ဖြတ်ပြီးသည့်နောက်တွင် စွပ်ပြုတ်အိုးထဲသို့သာ ရောက်ရှိသွားခဲ့သည်။ ပုံပြင်တစ်ပုဒ်လုံးကို နှစ်နာရီခန့်ပြောလိုက်ရ၍ စုန့်ရန်က အိပ်ငိုက်ပြီး မျက်ရည်များကျလာသည်။ 

ဟယ်ကျစ်ယွမ် ညနေဘက်တွင် ဖုန်းခေါ်သောအခါ ပုပုက စုန့်ရန်၏ပေါင်ပေါ်ထိုင်နေပြီး သူ့လက်ထဲတွင် စုတ်တံအကြီးကြီးကို ကိုင်ထား၍ အရောင်ခြယ်နေသည်။

ဤတစ်ကြိမ်တွင်မူ ရောင်စုံခဲတံများ မဟုတ်တော့ပဲ ရေဆေးအစစ်များနှင့်ဖြစ်သည်။ 

သူ၏ဘယ်ဘက်လက်က ဖုန်းကိုကိုင်ထားပြီး ညာဘက်လက်ကို စုန့်ရန်က အပေါ်မှထပ်၍ ကိုင်ပေးထားသည်။ စုတ်တံကို ဆေးထဲနှစ်လိုက်ပြီးနောက် ရေထည့်ကာ အရောင်ကို ချိန်ဆနေပြီးနောက် စုတ်တံဖြင့် တစ်ချက် ရေးဆွဲလိုက်သည်။ 

စာရွက်ပေါ်တွင် ဝဝတုတ်တုတ် မုန်လာဥဖြူကြီးတစ်လုံးရှိပြီး တစ်ဝက်ခန့်က မြေကြီးအထဲတွင် မြုပ်နေကာ တစ်ဝက်က မြေပေါ်ထွက်နေသည်။ ဘေးနားတွင် နားရွက်ကြီးကြီးနှင့် မီးခိုးရောင် ယုန်တစ်ကောင်က ဆောင့်ကြောင့်ထိုင်နေပြီး မုန်လာဥကိုဆောင့်ဆွဲကာ ဒေါသထွက်နေသည်။ 

" ပါပါး... သား မုန်လာဥပုံဆွဲနေတာ... ဆွဲပြီးသွားရင် အတန်းထဲက တခြားကလေးတွေကိုပြပြီး မုန်လာဥဖြူလေးရဲ့ပုံပြင်ပြောပြမယ်..."

ပုပုက ချိုသာစွာပြောလိုက်သည်။

ဟယ်ကျစ်ယွမ်က သဘောတကျဖြစ်သွားပြီး မေးလိုက်သည်။ 

" မုန်လာဥဖြူလေးက ဘယ်လိုလုပ် ဇာတ်လမ်းရှိရတာလဲ..."

ပုပုက ရှင်းပြလိုက်သည်။

" မုန်လာဥဖြူလေးမှာလည်း ဇာတ်လမ်းရှိတယ် ပါပါးရဲ... အစပိုင်းမှာတော့ သူက မုန်လာစေ့လေးပဲ နောက်မှ တဖြည်းဖြည်းကြီးလာကာ... တစ်နေ့ကျတော့ မုန်လာဥကြီးဖြစ်သွားလို့ ယုန်တစ်ကောင်က လာဆွဲနှုတ်တယ်၊ ဒါပေမဲ့ ယုန်က မုန်လာဥကြီးကို မစားနိုင်တော့ ဖွားဖွားကိုပေးလိုက်တာ...ဖွားဖွားက သားကို ပြန်ပေးလိုက်တယ်... ကိုကြီးက သူ့ကို စွပ်ပြုတ်ချက်ပစ်လိုက်လို့ နောက်ဆုံးမှာ သားက အကုန်သောက်ပစ်လိုက်တယ်..."

ပုပု၏အသံက တက်ကြွပြီး ချစ်စရာကောင်းနေသည်။ ဟယ်ကျစ်ယွမ်က ရယ်မောလိုက်ပြီး မေးလိုက်သည်။

" သားက အခု မုန်လာဥပုံပါ ဆွဲတတ်နေပြီလား..."

ပုပုက ရှက်သွားပြီး ခေါင်းခါလိုက်သည်။ 

" မဆွဲတတ်သေးပါဘူး..."

" ဒါဆိုရင် ကိုကြီးစုန့်ရန် ဆွဲပေးတာလား..."

" ဟုတ်..."

ပုပု ခေါင်းငြိမ့်ပြလိုက်သည်။ 

" မုန်လာဥနဲ့ ယုန် အကုန်လုံးကို ကိုကြီးပဲဆွဲပေးတာ... သားက အရောင်ခြယ်ရုံပဲခြယ်ရတာ... ပါပါးကိုပြောပြမယ် အရောင်ခြယ်ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ... ဆေးထဲ စုတ်တံကို နှစ်လိုက်ပြီး လေးထောင့်ကွက်လေးထဲရောလိုက်ပြီးတော့ ရေထည့်ရတာ ပြီးတော့ စုတ်တံနဲ့ တစ်ချက်ဆွဲလိုက်ရုံပဲ... စုတ်တံ... ဟာ သွားပါပြီ..."

သူ စကားပြောနေစဉ်တွင် စိတ်လှုပ်ရှားလွန်း၍ လက်က အထိန်းအကွပ်မဲ့သွားပြီး ပန်းရောင်ဆေးများက မုန်လာဥ၏အပြင်ဘက်ရောက်ကုန်သည်။

အနီရောင်အတန်းကြီးကိုကြည့်နေလိုက်ပြီး ပုပုစိတ်ထဲ အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။ မျက်ဝန်းနက်များဖြင့် ခေါင်းမော့ပြီး စုန့်ရန်ကိုကြည့်လိုက်သည်။

" ကိုကြီး သားအရောင်ခြယ်တာ မတော်တဆ အပြင်ကိုပေသွားတယ် တောင်းပန်ပါတယ်..."

သူ့မျက်လုံးတွင် မျက်ရည်များဝဲလာပြီး အသံက တိုးညှင်းလာသည်။

စုန့်ရန်က သူ့ကို အမြန် နှစ်သိမ့်ပေးလိုက်သည်။

" ရပါတယ် ကိုကြီးလည်း တစ်ခါတစ်လေ အဲ့လိုဖြစ်တတ်တာပဲ... အဲ့အခါကျ ‌နည်းနည်းပြောင်းလိုက်ရင် ရသွားပြီ..."

သူစကားပြောနေစဉ် စုတ်တံအသေးတစ်ချောင်းကိုယူလိုက်ပြီး စုတ်ချက်အနည်းငယ်ဖြင့် မုန်လာဥကြီး၏ဘေးတွင် မုန်လာဥနောက်တစ်လုံး ရေးဆွဲလိုက်၍ အတော်တဆ အပြင်ဘက်တွက်ပေသွားသော ပန်းရောင်စုတ်ချက်က ထိုမုန်လာဥ၏အလယ်တွင် ရောက်သွားသည်။ 

" ဒီမှာကြည့် အဆင်ပြေသွားပြီမလား..."

" ဝိုး... ကိုကြီးက အရမ်းတော်တာပဲ..."

ပုပုက မုန်လာဥအသစ်တစ်လုံးကိုကြည့်ပြီး တအံ့တဩဖြင့်ပြောလိုက်သည်။

စုန့်ရန်က ပြုံးလိုက်ပြီး သူ၏လက်သေးသေးလေးများကိုအုပ်ကိုင်ကာ ပုံဆက်ဆွဲစေလိုက်သည်။ ပုပုက လက်နှစ်ဖက်လုံးမအားသော်လည်း ပါးစပ်က အလုပ်မရှုပ်နေ၍ ပုံဆွဲသည့်လုပ်ငန်းစဉ်တစ်ခုလုံးအား ဟယ်ကျစ်ယွမ်ကို အသေးစိတ်ပြောပြနေသည်။ ခဏအကြာတွင် မုန်လာရွက်များကို အစိမ်းရောင်ခြယ်လိုက်ပြီး ယုန်မျက်လုံးများကို အနီရောင်ခြယ်လိုက်သည်။ 

ဖုန်ထဲမှတစ်ဆင့်ဖြစ်သော်လည်း ဟယ်ကျစ်ယွမ်က ပုပုဘဝ၏ ပထမဆုံး ရေဆေးပန်းချီဆွဲခြင်းကို အစမှအဆုံး အဖော်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ 

ကလေးတစ်ယောက် စိတ်လှုပ်ရှားလာပါက ဆူဆူညံညံအသံများမပြုလုပ်ရန် ခက်ခဲလှပေသည်။ ယခင်ကမူ ဟယ်ကျစ်ယွမ်က သူ့အသံကို အနည်းငယ် နားမခံနိုင်ဖြစ်မိ၍ သူ တိတ်တိတ်နေရန် မျှော်လင့်မိသော်လည်း ယခုချိန်တွင်မူ ပုပု ပျော်ရွှင်ပြီး ခုန်ဆွခုန်ဆွလုပ်နေသည်က အတော်လေးချစ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။

ဤကလေးလေးက အရောင်နှင့်ပုံသဏ္ဍာန်များကို သဘောကျပြီး စကားပြောရသည်ကို နှစ်သက်သူဖြစ်သည်။ သူ့ရယ်သံက အေးအေးဆေးဆေးဖြစ်လွန်းပြီး တက်ကြွနေသည်။ ရံဖန်ရံခါတွင် အမှားသေးသေးလေးများပြုလုပ်မိပြီး စိုးရိမ်ပူပန်သွားကာ စုန့်ရန်ထံမှ အကူအညီတောင်းလေ့ရှိသည်။ ထိုကိစ္စကို ဖြေရှင်းပြီးသွားသည့်အခါ ပျော်ရွှင်သွားပြီး လူလည်ကျတတ်သော အချစ်ခံရသည့် ကလေးတစ်ယောက်သဖွယ် ပြန်ဖြစ်သွားတတ်သည်။

သူက လိမ္မာပြီး တိတ်ဆိတ်သည်ဟု ဖော်ညွှန်းပြ၍ မရသော်လည်း အမှန်ပင် ချစ်စရာကောင်းနေသည်။

သူ ပုပုကိုချီလိုက်ပြီး ပွေ့ဖက်လိုက်ကာ ပုပု၏ပါးပြင်ကို မုတ်ဆိတ်မရိတ်ရသေးသောပါးပြင်ဖြင့်ပွတ်၍ နောက်ပြောင်ကျီစယ်ချင်စိတ် ဖြစ်ပေါ်လာသည်။ ထို့‌အချိန်တွင် ပုပုကလည်း သူ့ရင်ခွင်ထဲတွင် အလိုလိုက်ခံရသော ကလေးတစ်ယောက်သဖွယ်ပြုမူပြီး အသံကျယ်ကျယ်ဖြင့် ရယ်မောနေမည်ကို တွေ့ချင်လာသည်။ 

သူနှင့်ပုပု ဖုန်းပြောနေစဉ်တွင် စုန့်ရန်က ဝင်မနှောင့်ယှက်သည်ကို ဟယ်ကျစ်ယွမ် သတိပြုမိသည်။ ပုပုက မေးခွန်းများမေးလျှင်လည်း တိုတိုတုတ်တုတ်သာပြန်ဖြေပြီး သူတို့သားအဖနှစ်ယောက်၏ ရှားရှားပါးပါး တုံ့ပြန်မှုလေးများကို နှောင့်ယှက်မိမည်ကို ကြောက်နေပုံပေါ်သည်။ 

သူက စကားများများမပြောသော်လည်း စကားအခွန်းတိုင်းက စိတ်ရှည်လက်ရှည်ဖြစ်သည်။ စုန့်ရန်၏ ကလေးများအပေါ် သည်းခံနိုင်စွမ်းက မွေးရာပါဖြစ်ပြီး အဆုံးအစမဲ့လှသည်ကို ဟယ်ကျစ်ယွမ် သတိပြုမိသည်။ ပုပုက ခေါင်းမာပြီး သက်တံ့ရောင်ယုန်ကို ဆွဲချင်သည်ဟု ပြောလိုက်ချိန်တစ်ချိန်ရှိသည်။ စုန့်ရန်က နွေးထွေးနူးညံ့စွာဖြင့် သက်တံ့ရောင်ယုန်မရှိကြောင်း စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြသည်။ သို့သော်ပုပုက သူနှင့် ငြင်းဆန်နေပြီး ဘာပြောပြော လက်မခံပေ။ စုန့်ရန် စိတ်ဆိုးသွားမည်ဟု ဟယ်ကျစ်ယွမ် ထင်လိုက်သော်လည်း စုန့်ရန်ု ရယ်ရုံသာရယ်လိုက်ပြီး အလှပဆုံးအရောင်များကိုသုံး၍ ကြည့်အကောင်းဆုံး သက်တံ့ရောင်ယုန်တစ်ကောင်ကို အတူတူဆွဲမည်ဟု ပြောလိုက်သည်။ 

ကလေး၏ရှေ့တွင် စုန့်ရန်က နူးညံ့ညင်သာသော်လည်း ဟယ်ကျစ်ယွမ်၏ရှေ့တွင်မူ စုန့်ရန်က သူ၏ စိုးရိမ်မှု အသေးအမွှားလေးများကို လက်မလွှတ်နိုင်ပဲ စကားကို အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောကာ တစ်ခါတစ်ရံ လျှာပါကိုက်မိတတ်သည်။ 

သူ၏ မည်သည့်ဘက်အခြမ်းကို ပိုသဘောကျမိသည်ကို ဟယ်ကျစ်ယွမ် မပြောတတ်တော့ပေ။ 

တကယ်တော့ သူ အားလုံးကို သဘောကျနေတာလေ...

Xxxxxxx