အပိုင်း ၂၉
Viewers 9k

Chapter 29

၅ရက်မြောက်နေ့ ည ၉နာရီ ၂၈မိနစ် 🖌️

အရောင်ပေါင်းစုံနေသည့် ယုန်တစ်ကောင်ပုံစံကို အရောင်ခြယ်ပြီးသည့်အခါ ပုပုက မဟာအောင်မြင်မှုကြီးတစ်ခု ရရှိသွားသည့်သဖွယ် ဖြစ်နေသည်။ စာရွက်ကို စိတ်ကျေနပ်အားရစွာဖြင့် လေမှုတ်လိုက်ပြီး ဖုန်းလေးကို စုန့်ရန်၏လက်ထဲထည့်ပေးကာ လက်ဆေးရန် ရေချိုးခန်းသို့ ပြေးသွားသည်။ သူ၏ ပလ္လင်က နေရာလွတ်သွားသည်နှင့် ပုသို့သို့က တစ်စက္ကန့်မှ အချိန်ဆွဲမနေတော့ပဲ စုန့်ရန်၏ရင်ခွင်ထဲ ပြေးဝင်လာကာ အမွေးပွဘောလုံးကြီးတစ်လုံးကဲ့သို့ ကွေးနေသည်။ 

" လူ... လူကြီးမင်းဟယ်..."

စုန့်ရန်က ဖုန်းကိုင်လိုက်သည်နှင့် ပထမဆုံးစကားတစ်လုံးမှစ၍ အထစ်ထစ်အငေါ့ငေါ့ဖြစ်တော့သည်။ 

" ညက အိပ်လို့ကောင်းရဲ့လား..." 

ဟယ်ကျစ်ယွမ် ပြတင်းပေါက်လိုက်ကာများကိုဖွင့်လိုက်ပြီး မနက်ခင်းနေရောင်ခြည်ကို အခန်းထဲ ဝင်လာစေလိုက်သည်။ ခြံထဲတွင် သပ်သပ်ရပ်ရပ် မြက်ခင်းပြင်နှင့် ချုံပုတ်ကြီးများရှိ၍ ပန်းများအပြည့် ပွင့်နေသည်။ ခြံစည်းရိုးတစ်လျှောက် ပြေးလွှားကျက်စားနေသော ရှဉ့်တစ်ကောင်က လမ်းတစ်ဝက်တွင် ရပ်လိုက်ပြီး သူ့ဘက်ကို လှည့်ကြည့်လိုက်သည်။

သူ စိတ်ကြည်လင်နေသည်။

" ကိုယ် ကောင်းကောင်းအိပ်ခဲ့ရပါတယ် မင်းရော..."

စုန့်ရန်က ကြောင်လေး၏နားရွက်များကို ပွတ်သပ်နေသည်။ 

" ကျွန်... ကျွန်တော်လည်းကောင်းကောင်းအိပ်ခဲ့ရပါတယ်..."

အိမ်မက်မက်နေတုန်း တစ်ခုခုတော့ ဖြစ်ခဲ့တယ်... ခင်ဗျားကို အိမ်မက်မက်ခဲ့တာလေ... ကျောပြင်ကိုပဲ ဝါးတားတား မြင်လိုက်ရပေမယ့် တော်တော်လုံလောက်နေပါပြီ...

စုန့်ရန်က ဤစကားများကို စိတ်ထဲတွင်သာပြောနိုင်၍ ယားကျိကျိဖြစ်လာသည်။ သူ၏ လည်စေ့က တက်လိုက်ကျလိုက်ဖြစ်နေပြီး တံတွေးမျိုချလိုက်သံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရပေသည်။ ဟယ်ကျစ်ယွမ် ကြားသည့်အခါ ရယ်လိုက်မိသည်။

" ကြည့်ရတာ မင်း တစ်ခုခုစားနေရတာကို အိမ်မက်မက်တာထင်တယ်..."

" ဟုတ်... ဟုတ်တယ် ကျွန်တော် ဂဏန်းစားနေရတာကို အိမ်မက်မက်လို့..."

စုန့်ရန်က စိတ်ထဲပေါ်လာသည်ကို လျှောက်ပြောလိုက်သည်။

ဟယ်ကျစ်ယွမ် : " မင်းက ဂဏန်းစားရတာကို ကြိုက်တာလား..."

" ဟုတ်..."

ထိုစကားက အမှန်ဖြစ်ပေသည်။ စုန့်ရန်က အခွံပါသည့်ပင်လယ်စာအားလုံးကို နှစ်သက်ပေသည်။ 

ဟယ်ကျစ်ယွမ်က ထပ်မေးလိုက်သည်။

" ဘယ်လိုအမျိုးအစားလဲ hairy crab လား king crabလား..."

" မဟုတ်ဘူး ပုံမှန်ရေချိုဂဏန်းမျိုးပါပဲ... Hairy crabတွေက အဆီများလွန်းတယ် အဲဒါတွေစားရတာ ကျွန်တော်မကြိုက်ဘူး..."

သူ့ထံတွင် ထိုဂဏန်းများစားရန် အခွင့်အရေးလည်းမရှိပေ။ 

ဆောင်းဦးရာသီတိုင်းက ဂဏန်း၏ရာသီချိန်ဖြစ်သည်။ သို့ရာတွင် "ကီလိုဝက်ကို ယွမ်တစ်ရာ" ဟူသည့်ဈေးကြောင့် စုန့်ရန်က ‌နောက်သို့ဆယ်လှမ်းခန့်ဆုတ်သွားလေ့ရှိသည်။ တစ်လတွင် ယွမ်သုံးလေးထောင်သာရသည့် ပန်းချီဆွဲသောလူငယ်လေးအတွက် ဝမ်းဖြည့်ရန်က မလွယ်ကူလှပေ။ ထိုကဲ့သို့ဂဏန်းမျိုးကို သူ ကြည့်ရုံသာ ကြည့်နေနိုင်သည်။ 

သို့ရာတွင် ဟယ်ကျစ်ယွမ်က သူ့အကြိုက်ကိုမှတ်ထားပြီး အကြံပြုလိုက်သည်။

" ခုနောက်ပိုင်း ဟယ်ရှန့်ဟွေမှာ ဂဏန်းဟင်းရောင်းတဲ့ဆိုင်တစ်ဆိုင်အသစ်ဖွင့်ထားတာရှိတယ်... ကိုယ်ပြန်ရောက်လာရင် တစ်ရက်လောက် အလုပ်ကနေ နားရက်ယူပြီး မင်းကိုထမင်းတစ်နပ်လိုက်ကျွေးမယ်လေ..."

" ဟင်..."

စုန့်ရန် ရင်ခုန်သွားမိသည်။

" မဟုတ်တာ မဟုတ်တာ... ကျွန်တော့်အတွက်နဲ့ ပိုက်ဆံမသုံးပါနဲ့ အားနာစရာကြီး..."

ဟယ်ကျစ်ယွမ်က သူ့အတွက်ငွေသုံးရသည်ကိုစိတ်ထဲမထားပေ။ ဂဏန်းဟင်းဖြင့် ထမင်းတစ်နပ်က ယွမ်တစ်ထောင်ကျော်မှသာကုန်ကျမည်ဖြစ်၍ ငွေဖြုန်းလိုက်သည်ဟု သတ်မှတ်၍မရနိုင်ပေ။ သူက ဤကိစ္စကို စကားအနည်းငယ်သာပြော၍ ဆုံးဖြတ်ချက်ချလိုက်ပြီး စုန့်ရန်က ငြင်းဆန်ခွင့် မပြုလိုက်ပေ။ စုန့်ရန် မည်သည့်အရာများကြိုက်သည်ကို မေးမြန်းမည့်အချိန်တွင် တစ်ဖက်မှ ခြေညှပ်ဖိနပ်အသံနှင့်အတူ ပုပု၏ ချစ်စဖွယ်ကောင်းသော အသံ နူးနူးညံ့ညံ့လေးကို ကြားလိုက်ရသည်။ 

" ကိုကြီး... သား ပန်းသီးနှစ်လုံး ရေဆေးလာတယ် တစ်လုံးကအကြီး... နောက်တစ်လုံးကအသေး... ဘယ်ဘက်ကတစ်လုံးကို လိုချင်လား... ညာဘက်ကတစ်လုံးကို လိုချင်လား..."

စုန့်ရန်က ခဏစဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။ 

" ညာဘက်ကတစ်လုံးယူမယ်..."

ပုပုက တခစ်ခစ်ရယ်လိုက်သည်။

" ညာဘက်ကတစ်လုံးက သေးသေးလေး... ဘယ်လက်က အလုံးက ပိုကြီးတာ... ကိုကြီး ကံမကောင်းလိုက်ဘူး ထပ်မှန်းကြည့်ပါဦး..."

စုန့်ရန်က အမှန်ပြန်ပြင်ပြောလိုက်သည်။

" ဒါဆို ဘယ်ဘက်ကတစ်လုံး..."

" မှန်းတာ မှန်သွားပြီ ကိုကြီးကိုပေးမယ်... ကိုကြီးက အကြီးကိုစား ပုပုက အသေးကိုစားမယ် အဲ့လိုမှမှန်မှာပေါ့..."

ပုပုက ပျော်ပျော်ရွှင်ရွှင်နှင့် ပြောလိုက်သည်။

ထို့နောက်တွင် ဟယ်ကျစ်ယွမ်က ပန်းသီးကိုတဂျွတ်ဂျွတ်ဝါးနေသည့် အသံများကို ကြားလိုက်ရသည်။ အစက မပီမသဖြစ်နေသောအသံက တဖြည်းဖြည်း ပိုကျယ်ပြီး ရှင်းလင်းလာသည်။ တစ်ယောက်ယောက်က ဖုန်းစပီကာနားသို့ တမင်တကာကပ်ပြီး ပန်းသီးချိုချိုလေးကို ဝါးပြနေသည့်ပုံဖြစ်သည်။ 

" ပါပါး ကြားရလား... သားနဲ့ကိုကြီးနဲ့ ပန်းသီးစားကြနေကြတယ်... ပါပါးက အိမ်မှာမရှိတော့ ပါပါးဖို့မရှိဘူး..."

ပုပုကို မတွေ့ရသည်မှာ ရက်အနည်းငယ်သာရှိသေးသော်လည်း သူက အခြားလူများကို မည်သို့ရန်စရမည်ကို သိလာပြီဖြစ်သည်။

ဟယ်ကျစ်ယွမ်က ရယ်စရာကောင်းသည်ဟု ထင်နေမိသည်။ စုန့်ရန်က အလွန်သဘောကျလွန်း၍ သည်းမခံနိုင်တော့ပေ။ သူ ပုပု၏ပါးပြင်ကို လက်ဖြင့်တို့လိုက်သည်။ 

" ပါပါးကို အနိုင်မကျင့်ရဘူးလေ..."

" အိုး..."

ပုပုက ခေါင်းငြိမ့်ပြလိုက်ပြီး ပန်းသီးကိုထပ်ကိုက်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို ရှေ့နောက်လှိမ့်နေပြီး ပုသို့သို့ကို သူ၏ပလ္လင်ကြီးပေါ်မှ တွန်းချရန် ပြင်လိုက်သည်။ ဒေါသထွက်သွားသည့်ဧကရာဇ်ပုသို့သို့က ၎င်း၏ချွန်ထက်သောလက်သည်းများကို ထုတ်လာပြီး စုန့်ရန်၏ ညဝတ်အင်္ကျီကို ကုတ်ထားကာ အသံတိုးတိုးဖြင့် အော်လိုက်သည်။ သို့ရာတွင် နောက်ဆုံး၌ ကိုယ်လုံးချင်းယှဉ်သောတိုက်ပွဲတွင် ကျရှုံးသွားပြီး ပုပု၏ တွန်းထုတ်ခြင်းခံလိုက်ရ၍ ကူရှင်အပုံလိုက်ကြီးအပေါ် လိမ့်ကျသွားသည်။ 

နာရီက ၉နာရီ ၅၀မိနစ်သို့ ရောက်ရှိလာချိန်တွင် ပုပုနှင့် ပုသို့သို့တို့ ပြန်လည်သင့်မြတ်သွားကြသည်။ သူတို့က ကောဇောပေါ်တွင် အတူတကွလှိမ့်နေကြပြီး ခေါင်းလောင်းတစ်လုံးကို ဟိုလက်သည်ဘက်လှိမ့်နေကြ၍ အခန်းထဲတွင် တချွင်ချွင်အသံများဖြင့်ပြည့်နေသည်။ 

စုန့်ရန်က ပုံဆွဲစာရွက်တစ်ခုကို ဖြန့်ထားကာ လူကြီးမင်းဟယ်နှင့် အကြောင်းအရာအသစ်တစ်ခုအကြောင်း ပြောနေသည်။ ၎င်းက သူ၏ အသက်မွေးဝမ်းကြောင်းအကြောင်းဖြစ်သည်။

သူ၏ အတွေ့အကြုံအရဆိုလျှင် ကလေးပြုစုစောင့်ရှောက်ခြင်းနှင့် ပန်းချီဆွဲတော်သည့် ကောင်လေးက မူလတန်းမှ အနုပညာဆရာတစ်ယောက်ဖြစ်မည်ဟု ဟယ်ကျစ်ယွမ် ထင်လိုက်မိသည်။ ကြောငြာအိပ်ထားသည်ကို ပုံကြမ်းဆွဲလိုက်ပြီးနောက် စုန့်ရန်က ပြုံး၍ ပြောလိုက်သည်။

" အဲ့လို အ‌တည်တကျဖြစ်တဲ့ အလုပ်မျိုးရှိရင်တော့ကောင်းတာပေါ့... ကံဆိုးတာက ကျွန်တော့်အလုပ်က အဲ့လိုမဟုတ်ဘူး... ကျွန်တော်က ကလေးရုပ်ပြစာအုပ်နဲ့ ကလေးလေးတွေဖတ်တဲ့ နတ်သမီးပုံပြင်လေးတွေမှာ ပုံဆွဲရတာပါ... ကျွန်တော့်လစာကလည်း အခြေတကျမရှိဘူး... တစ်ခါတစ်လေ လောက်တောင်မလောက်ဘူး... အလွတ်တမ်းအလုပ်လို့ ပြောလည်းရပါတယ်..."

" အလုပ်က စိတ်ဝင်စားဖို့ကောင်းပြီး တော်တော် နွေးထွေးမယ့်ပုံစံပဲ..."

ဟယ်ကျစ်ယွမ်က သိချင်စိတ် ဖြစ်ပေါ်လာသည်။

" မင်း ဒီအလုပ်လုပ်ဖို့ ဘယ်လိုစတွေးဖြစ်ခဲ့တာလဲ..."

ယခင်မှတ်ဉာဏ်များကို ပြန်တွေးမိသွား၍ စုန့်ရန်၏ ခဲတံကိုင်ထားသောလက်က ရပ်တန့်သွားသည်။

" ကျွန်တော့်မိသားစုက ညီလေးညီမလေးတွေ အများကြီးရှိတယ်လို့ ပြောဖူးတယ်မလား... ကလေးငယ်လေးတွေ အများကြီးရှိတော့ စည်ကားနေပေမယ့် ပြဿနာတွေကလည်း မသေးဘူး... ကလေးတွေက ရုပ်ပြစာအုပ်လေးတွေဖတ်ရတာ သဘောကျပေမယ့် မိဘတွေက အများကြီးမဝယ်ပေးနိုင်ဘူး... အားလုံးက ဖတ်ပြီးသားစာအုပ်တွေကိုပဲ အလှည့်ကျဖတ်ဖို့ တန်းစီစောင့်နေရတာ... တော်တော်သနားစရာကောင်းတယ်... တစ်ခါတစ်လေ ရန်တောင်ဖြစ်ကြတယ်... အဲ့အချိန်ဆို ကျွန်တော်က မိသားစုထဲမှာ အကြီးဆုံးဆိုတော့ စာအုပ်ဆိုင်ကို ကိုယ့်ဘာသာသွားပြီးတော့ သူတို့ဖတ်ဖို့ ပုံလေးတွေ ကူးဆွဲလာလိုက်တယ်... အိမ်ပြန်ရောက်ရင် သူတို့က ကျွန်တော့်နားမှာ ဝိုင်းထိုင်ကြပြီး ကျွန်တော်ဆွဲပြပေးတဲ့ပုံကို ကြည့်ကြတယ်... အချိန်ကြာလာသော ဒီပညာရပ်မှာ နည်းနည်း အရည်အချင်းရှိတယ်လို့ ကိုယ့်ကိုကိုယ်ခံစားလာရလို့ပါ... အဲဒါကြောင့်မို့ အသက်မွေးဝမ်းကြောင်းအဖြစ် ရွေးခဲ့တာ..."

သူ့ဘဝအတွေ့အကြုံများက အလွန်ခက်ခဲခဲ့ပြီးနွေးထွေးမှုနှင့် ဝေးကွာလှလွန်းသည်။ အချိန်ကြာလာသည်နှင့် သူက အခက်အခဲအများစုကို ပုံမှန်အိမ်တွင်းရေးပြဿနာတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

စုန့်ရန်ကို ကလေးပေါက်စလေးများ ဝန်းရံနေသည့်ပုံကို စိတ်ကူးယဉ်ကြည့်လိုက်သောအခါ သဘာဝကျသည်ဟု တွေးမိလိုက်သည်။ ဤလူငယ်လေးက ပရုတ်သုတ်ခနိုင်သော ကလေးလေးများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မွေးဖွားလာပုံပေါ်သည်။ သူ သိချင်စိတ်ပိုများလာပြီးမေးလိုက်သည်။

" အဲဒါပြီးတော့ရော ပန်းချီဆွဲတာကို ဘယ်မှဆက်သင်ခဲ့တာလဲ... အက်စ်မြို့ အနုပညာအကယ်ဒမီမှာလား..."

" ကျွန်တော်..."

စုန့်ရန် တောင့်တင်းသွားပြီး မည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ။ 

အနုပညာအကယ်ဒမီတဲ့...

ထိုကဲ့သို့ မြင့်မြတ်သော အနုပညာနှင့် ပတ်သတ်ပြီး ခိုလှုံရာရာတစ်ခုက သူကြည့်ရုံသာ ကြည့်နိုင်ပြီး လက်လှမ်းမမီနိုင်သော နေရာတစ်ခုဖြစ်သည်။

စုန့်ရန်က အလယ်တန်းအထိသာ ပညာသင်ယူခဲ့ခြင်းဖြစ်သည်။ သူ၏ ပန်းချီပညာနှင့်ပတ်သက်သောအခြေခံက ယိမ်းယိုင်နေပြီး သီအိုရီဆိုင်ရာ အသိပညာပမာဏကလည်း သုညအနားသို့ကပ်နေပြီဖြစ်သည်။ ဂေဟာမှကလေးများ တန်ဖိုးထားသော အနုပညာစွမ်းရည်များက လုပ်ငန်းနယ်ပယ်တွင် တန်ဖိုးမရှိပေ။ အသက်မွေးဝမ်းကြောင်းပြုရန် ကြိုးစားခဲ့သည့် ပထမ ၂နှစ်အတွင်းတွင် ကျွမ်းကျင်သောပန်းချီပညာရှင်များက သူ့အနားတွင်ဝိုင်းနေ၍ သူ၏အလုပ်လျှောက်လွှာများက အက်ြိမ်ကြိမ်ပယ်ချခံခဲ့ရသည်။ ယခုတွင်မူ သူ့အခြေအနေက အနည်းငယ်တိုးတက်လာခဲ့၍ အချိန်အများစုတွင်မူ သူ့စကားများကို ခွန်အားအစစ်ဖြင့် ကျောထောက်နောက်ခံပြုနိုင်သည်။ သို့သော် အချို့သောအခြေအနေများတွင်မူ သူ၏ ပညာအရည်အချင်းက ပြန်ပြင်မရသော ချို့ယွင်းချက်ဖြစ်နေသည်။ မိဘမဲ့ဖြစ်နေသည့်အပြင် ဤအရာက သု့ကိုယ်သူ မလုံလောက်ဟု ခံစားရစေသောအရာဖြစ်သည်။

ကလေးမဂ္ဂဇင်းအေဂျင်စီ၏အနီးတွင် အထက်တန်းကျောင်းတစ်ကျောင်း ရှိသည်။ စုန့်ရန် ပန်းချီပုံများကို သွားအပ်သည့်အချိန်တိုင်းတွင် အထက်တန်းကျောင်းဝတ်စုံဝတ်ထားသော ဆယ်ကျော်သက်များ ‌ပြုံးရယ်လျက် စကားစမြည်ပြောပြီး ဖြတ်သွားချိန်တွင် သူ့နှလုံးသားထဲမှ မနာလိုဖြစ်မှုကို မဖိနှိပ်ထားနိုင်ပေ။

" ကျွန်...ကျွန်တော်က အနုပညာအကယ်ဒမီက ဘွဲ့ရမဟုတ်ပါဘူး... ပန်းချီဆွဲဖို့ကိုတောင် ကျောင်းမှာ သေချာသင်ခဲ့ရတာ မဟုတ်ပါဘူး..."

စုန့်ရန် ပျာယာခတ်သွားမိသည်။ 

" အရင်ကတော့ ပန်းချီဆရာဟောင်းတစ်ယောက်ဆီမှာ သင်ဖူးပါတယ်...အဲဒါကြောင့်မို့ ကိုယ့်ဘာသာကိုယ် လေ့လာထားတယ်လို့ပဲ ပြောရမှာပေါ့..."

ဖုန်းဖြင့် ကွာခြားနေ၍ ဟယ်ကျစ်ယွမ်က သူ၏ ခံစားချက်အပြောင်းအလဲဖြစ်သွားသည်ကို အာရုံမခံမိပေ။ စုန့်ရန်က သူ့ဝါသနာနောက်ကို လိုက်ခဲ့သူဟုသာ ယူဆပြီး စာသင်ကြားချိန်များမှအချိန်ခွဲထုတ်ပြီး ပန်းချီပညာကို ကိုယ်တိုင်သင်ယူခဲ့သည်ဟု ထင်လိုက်၍ သူ့ကို သတ္တိရှိသူဟု‌ပြောပြီး စကားလုံးအနည်းငယ်ဖြင့် ချီးမွမ်းလိုက်သည်။

စုန့်ရန် ခြောက်ကပ်စွာရယ်လိုက်သည်။

" ကျွန်တော်လည်း အဲ့လိုပဲထင်ပါတယ်..."

သို့ရာတွင် သူ့ရင်ထဲ၌ ဗလာကျင်းသွား၍ ပုံကြမ်းဆက်မဆွဲနိုင်တော့ပေ။ စုတ်တံကိုချထားရုံမှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ 

လူကြီးမင်းဟယ်က သူ မဖြေနိုင်သည့်မေးခွန်းများ ထပ်မေးမည်စိုး၍ စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် သူ့ကို အပြန်အလှန်မေးလိုက်သည်။ 

" ဒါဆိုရင် လူကြီးမင်းဟယ်ကရော... ရှောင်ကျူလိုမျိုးစက်ရုပ်ကိုတောင် တီထွင်နိုင်တယ်ဆိုတော့... အမ် အနည်းဆုံး မာစတာဘွဲ့လောက်တော့ ရထားတယ်မလား..."

သူက စိတ်ထဲတွင် အတော်အတန်မြင့်သည်ဟုထင်လိုက်သော ဘွဲ့ဒီဂရီတစ်ခုကိုသာ ပြောလိုက်ခြင်းဖြစ်သည်။ 

ဟယ်ကျစ်ယွမ်ပြုံးလိုက်သည်။ 

" အင်း အနည်းနဲ့အများပေါ့... ကိုယ်က မှတ်ဉာဏ်တုလုပ်တဲ့နယ်ပယ်မှာ Ph.Dရထားတာ..."

" အာ... တကယ်... အမ် တော်တော်လေး အံ့ဩစရာကောင်းလိုက်တာ..."

ထိုအကြောင်းကို သူယခင်ကတစ်ကြိမ်မှ မကြားဖူးခဲ့ပေ။ 

သူ၏လေးစားအားကျမှုကို ကိုးရို့ကားယားပုံစံဖြင့် ဖော်ပြပြီးသည့်နောက်တွင် စုန့်ရန် ဘာပြောရမည်မသိတော့ပေ။ သူ့ရင်ထဲတွင် စိတ်ဓာတ်ကျမှုများသာ ပိုတိုးလာသည်။ သူထင်မှတ်ထားသည့်အတိုင်း သူနှင့် လူကြီးမင်းဟယ်အကြားမှ အကွာအဝေးက ကြီးမားလွန်းလှသည်။ 

သူတို့၏ အသက်မွေးဝမ်းကြောင်းများအကြောင်းပြောပြသည့် စကားဝိုင်းက ချောချောမွေ့မွေ့မဖြစ်နေသည်ကို ဟယ်ကျစ်ယွမ်က အတန်ကြာမှ သတိပြုမိသွားသည်။

" ကိုယ်တို့ တခြားအကြောင်း ပြောကြမလား... ဥပမာ မင်းနဲ့ ပုပုတို့ ဒီတစ်ပတ်ပိတ်ရက်အတွက် ဘာအစီအစဉ်ရှိကြလဲ... မနက်ဖြန်ရော ဘာလုပ်ဖို့စဉ်းစားထားကြလဲ..."

" ကျွန်တော့်မှာ အစီအစဉ်ရှိတယ်... ကျွန်တော် ပုပုကို Happy Valleyကစားကွင်း ခေါ်သွားချင်တယ် ရမလားဟင်..."

စုန့်ရန်၏ စိတ်ဝိညာဉ်က ချက်ချင်းတက်ကြွသွားသည်။ 

ဟယ်ကျစ်ယွမ်က သူ့ကို ‌ဝမ်းမြောက်စွာဖြင့်ပင် ခွင့်ပြုချက်ပေးလိုက်သည်။ 

ပုပုကို သူ အပန်းဖြေဥယျာဉ်သို့ မခေါ်သွားဖြစ်သည်မှာ အလွန်ကြာလှပြီဖြစ်သည်။ စုန့်ရန်က မိဘတာဝန်များကို စိတ်ပါလက်ပါဆောင်ရွက်ပေးနေပြီး ပုပု တစ်နေ့လုံးပျော်ပျော်ရွှင်ရွှင်ကစားရန် အဖော်ပြုပေးနေမည်ဖြစ်၍ သူ ပျော်သွားမိသည်။

" ခဏနေဦးလေ... ကိုယ် မင်းတို့အတွက် လက်မှတ်ဝယ်ပေးမယ်..."

စုန့်ရန် အမြန်ပြောလိုက်သည်။

" ရတယ် ရတယ် လင်းဟွေ့က လက်မှတ်တွေဝယ်ထားတယ်တဲ့..."

" လင်းဟွေ့ကလား..."

ဟယ်ကျစ်ယွမ် သူကိုယ်တိုင်ပင်မသိလိုက်ပဲ မျက်မှောင်ကြုတ်မိသွားသည်။ 

" အမ် အဲဒါ... ဒီလိုပါ သူက မနေ့ညကအမှားအတွက် တစ်ခုခု ပြန်လုပ်ပေးချင်လို့ ကျွန်တော်တို့အတွက် လက်မှတ်ဝယ်ထားပေးတာတဲ့...မနက်ဖြန် သူက အဖော်လုပ်ပေးမယ်ဆိုလို့ အတူတူသွားကြမှာ အဆင်ပြေရဲ့လား..."

စုန့်ရန်က ရှင်းပြနေသည်။ 

ဟယ်ကျစ်ယွမ် အနည်းငယ် သုန်မှုန်သွားပြီး စိတ်မသက်မသာဖြစ်သွားသည်။

ပွင့်ပွင့်လင်းလင်းပြောရရင် အဆင်မပြေဘူးပေါ့...

Xxxxxxxxx