အပိုင်း ၃၀
Viewers 10k

Chapter 30

သူက လင်းဟွေ့ကို အငြှိုးအတေးထားကာ မျက်စိစုံမှိတ်ပြီး မုန်းတီးနေမိခြင်းမဟုတ်ပေ။ ဟယ်ကျစ်ယွမ်၏ အသက်အရွယ်ဖြင့်ဆိုလျှင် သည်းခံနိုင်စွမ်းက အလွန်မနိမ့်သည့်အပြင် ယခုမှ လူမှုပတ်ဝန်းကျင်ထဲ ဝင်ရောက်လာသည် မိန်းကလေးတစ်ယောက် အမှားပြုလုပ်မိခြင်းကို စိတ်ကွက်နေမည်မဟုတ်ပေ။ ထိုနေရာတွင် သူ မရှိနေခြင်းကြောင့်သာ စိတ်အဆင်မပြေဖြစ်သွားခြင်းပင်။ 

စုန့်ရန်က ပုပုကို ကစားကွင်းခေါ်သွားမည်ဖြစ်သည်။ အကယ်၍ သူတို့ကိုအဖော်ပြုပေးမည့် တတိယလူလိုအပ်လာပါက ထိုလူက ကျိန်းသေပေါက် သူတစ်ယောက်တည်းဖြစ်သင့်သည်။ သူက ပုပု၏အဖေဖြစ်သည့်အပြင် စုန့်ရန်၏မိတ်ဆွေလည်းဖြစ်၍ သူအဖော်ပြုပေးသည်က ပိုမှန်ပြီး သင့်တော်လိမ့်မည်ဖြစ်သည်။ လင်းဟွေ့ 'တစ်ခုခုပြန်လုပ်ပေးချင်သည်'က မှားသည်ဟု မဆိုနိုင်သော်လည်း သူ၏ 'နေရာ' ကို ကျူးကျော်လာသည်ဟု ခံစားရ၍ ခံပြင်းသွားမိသည်။ 

သူ့ကိုပို၍ ဒေါသထွက်စေသောအရာမှာ သူက သမုဒ္ဒရာတစ်ဖက်ခြမ်းတွင် ရှိနေ၍ နေရာနှစ်ခုတွင် တစ်ချိန်တည်းမရှိနိုင်သောကြောင့် လုယူခံလိုက်ရသည့် 'နေရာ'ကို ပြန်မရနိုင်မည်ကို စိုးရိမ်နေမိသည်။

" လူကြီးမင်းဟယ်..."

တစ်ဖက်မှစုန့်ရန်က သူကို အကြိမ်များစွာ ဆက်တိုက်ခေါ်နေသည်။ 

" ကျွန်တော် ပုပုဘေးကင်းအောင် ဂရုစိုက်ပေးပါ့မယ် အန္တရာယ်ရှိတဲ့အရာတွေ မကစားခိုင်းပါဘူး... လင်းဟွေ့ကလည်း သူ့ကို ကူကြည့်ပေးမှာပါ... အဲ့လိုဆို အဆင်ပြေမလားဟင်..."

စုန့်ရန်က မျှော်လင့်တကြီးဖြင့် ထပ်မေးလိုက်သည်။ 

ဟယ်ကျစ်ယွမ်က မနည်းအားတင်းပြီးပြောလိုက်သည်။

" အဆင်ပြေပါတယ်... ပျော်ပျော်ရွှင်ရွှင်နဲ့ပဲသွားလည်ကြပေါ့ ဓာတ်ပုံတွေအများကြီး ရိုက်ခဲ့ဖို့ မမေ့နဲ့ဦး..."

စကားဆုံးသည်နှင့် သူက ထိုနေရာတွင် မရှိခြင်းကြောင့် စိုးရိမ်မိ၍ မိဘတစ်ယောက်အနေဖြင့် စကားအနည်းငယ်ထပ်ပြောလိုက်သည်။

" မင်းလည်း အရမ်းအန္တရာယ်များတာတွေ မဆော့နဲ့ဦး... အထူးသဖြင့် ရေလွှာလျှောစီးနဲ့ ရိုလာကိုစတာပဲ... အဲ့က ပစ္စည်းတွေက အသစ်စက်စက်တွေမဟုတ်တော့ မတော်တဆဖြစ်လို့လွယ်တယ်... မနက်ဖြန်ကျရင် မင်းတို့ကို လာခေါ်ခိုင်းဖို့ ကုမ္ပဏီက ကားလွှတ်လိုက်မယ်... ပုပုကို ခေါ်သွားပြီးတော့ နေ့လယ်ခင်းကျ စောစောပြန်လာခဲ့ပါ... ပြန်ရောက်တာနဲ့ ကိုယ့်ကို ဖုန်းဆက်ဖို့ မမေ့နဲ့ဦး ဟုတ်ပြီလား..."

“…”

စုန့်ရန် ဖုန်းကိုကိုင်ထားလျက် သူ့နှလုံးသားထဲတွင် နွေးထွေးမှုအချို့ကို ခံစားလိုက်ရသည်။ 

' ပုပုကို ခေါ်သွားပြီးတော့ စောစောပြန်လာခဲ့ပါ... ပြန်ရောက်တာနဲ့ ကိုယ့်ကို ဖုန်းဆက်ဖို့ မမေ့နဲ့ဦး '

သူ့အတွက် ထိုစကားများက တီဗီဇာတ်လမ်းတွဲများထဲတွင်သာ ကြားရသော စကားများဖြစ်သည်။ ၎င်းက သရုပ်ဆောင်များ ဇာတ်ညွှန်းအရ ပြောရသည့်စကားများသာဖြစ်ပြီး လက်တွေ့ဘဝတွင် မည်သူမျှထိုသို့စိုးရိမ်တကြီး ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့ရာတွင် ဟယ်ကျစ်ယွမ်က သူ့အား ထိုစကားများ ပြောခဲ့သည်။ 

ရင်ထဲမှာ တကယ်ကို နွေးထွေးသွားတာပဲ...

စုန့်ရန်ခေါင်းငြိမ့်ပြပြီး ပြန်ဖြေလိုက်သည်။ 

" လူကြီးမင်းဟယ် ကျွန်တော် စောစောပြန်လာပါ့မယ်..."

............

၆ရက်မြောက်နေ့ မနက် ၈နာရီ 🖌️

Happy Valleyသို့ သွားရောက်လည်ပတ်ခြင်းက ပုပုအတွက် အပြည့်စုံဆုံးခရီးစဉ်ဖြစ်စေလိုသောကြောင့် စုန့်ရန်က တစ်ညတာလုံး လေ့လာစူးစမ်းနေခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ A4စာရွက်နှစ်ဖက်လုံးတွင် သူရေးဆွဲထားသည့် ရှု့ခင်းကြည့်နည်းဗျူဟာကို ရေးထားသည်။ အချိန်ကိုလည်း အတိအကျစီမံထားပြီး ကုန်ကျစရိတ်ကို နည်းနိုင်သမျှနည်းအောင်စီမံထား၍ သူ အားလုံးကို ပြင်ဆင်ထားခဲ့သည်ဟု ယုံကြည်နေမိသည်။ 

နောက်တစ်နေ့မနက်တွင်ဟယ်ကျစ်ယွမ်က အနက်ရောင် မာဆီဒီးဘန့်စ် SUV တစ်စင်းနှင့် သူတို့ကို လာကြိုခိုင်းထားသည်။ စုန့်ရန်က ကျောပိုးအိတ်တစ်လုံးလွယ်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပုပုနှင့်အတူ ကားထဲဝင်သွားသည်။ သူတို့ရောက်ရှိချိန်၌ ကားပေါ်မှ ဆင်းလာသည့်အခါ ချက်ချင်းပင် အံ့အားသင့်သွားသည်။ ပိတ်ရက်တွင် Happy Valley ၏အနေအထားကို တိုင်ဖွန်းမုန်‌တိုင်းကြောင့် ရေလွှမ်းမိုးမှုတစ်ခုနှင့် နှိုင်းယှဉ်နိုင်ပေသည်။ ဧည့်သည်များက အလွန်ထူထပ်နေပြီး ဖျော်ဖြေရေးစင်မြင့်၊ သရေစာဆိုင်နှင့် အမှတ်တရ ပစ္စည်းဆိုင်တိုင်းက အားလုံး၏ အာရုံစူးစိုက်မှုကို ရယူထားသည်။ စုန့်ရန် ခြေမချမီတွင်ပင် တန်းစီနေသော လူအုပ်ကြီးက မျက်စိတစ်ဆုံးမြင်နိုင်သည်အထိ ပြည့်နေသည်။

အကယ်၍ ဝေဟင်ယံမှ ဓာတ်ပုံရိုက်ကူးထားမည်ဆိုပါက ဤလူအားလုံးက ရေဘဝဲကြီး ပစ်ထုတ်လိုက်သော မှင်လုံးကြီးတစ်လုံးနှင့် တူနေလိမ့်မည်။

ပုပုက ဤအခြေအနေကို သတိမပြုမိပဲ ဘေးပတ်ပတ်လည်မှ လူများကိုကြည့်နေပြီး တအံ့တဩဖြင့် လက်ခုပ်တီးလိုက်သည်။ 

" ဝိုး... လူတွေအများကြီးရှိတာပဲ..."

စုန့်ရန်က သူပြောသည်ကို သဘောတူလိုက်သည်။

" ဟုတ်ပါ့ ... လူတွေအများကြီးပဲ..."

ဒီလိုဆိုရင်တော့ အကြာကြီးတန်းစီစောင့်နေရတော့မှာပဲ...

ဤနေရာသို့လာရန် တစ်ယောက်တည်း မြေအောက်ရထားစီးလာသောလင်းဟွေ့က တွေ့ဆုံမည့်နေရာကို စုန့်ရန်အား စာပို့၍ပြောလိုက်သည်။ ပုပု တက်နင်းခံရမည်စိုး၍ စုန့်ရန်က သူ့ကိုပခုံးပေါ်တင်ထားပြီး သူ့လည်ပင်းကို ဖက်တွယ်ထားကာ လမ်းရှာစေလိုက်သည်။ သူတို့နှစ်ယောက်က ကြမ်းတမ်းစွာဖြင့် ဖြတ်သန်းလာရပြီး အခက်အခဲများစွာကို ကျော်ဖြတ်ပြီးသောအခါ လူအုပ်ကြီး၏အလွန်မှ ရုပ်တုတစ်ခုအနားတွင် စောင့်နေသည့် လင်းဟွေ့နှင့် တွေ့သွားခဲ့သည်။ 

ယနေ့တွင် မိန်းမပျိုလေးက မိတ်ကပ်ပါးပါးလိမ်းလာခဲ့သည်။ နှင်းဆီရောင်နှုတ်ခမ်းနှင့် သွားဖြူဖြူလေးများကြောင့် သူမပုံစံက အလွန်လှပပြီး ဆွဲဆောင်မှုရှိနေသည်။ 

ဧပြီလ၏ နေ့ရက်တစ်ရက်ဖြစ်သော်လည်း သူမက အအေးဒဏ်ကို မကြောက်ရွံ့ပဲ ပန်းရောင်နှင့် အဖြူရောင် ဇာအင်္ကျီလေး ဝတ်လာသည်။ သူမဆံပင်အကောင်လေးများကို ပုံသွင်းလာပုံရ၍ ပါးပြင်အနားတွင် လှုပ်စိလှုပ်စိဖြစ်နေသည်။ ထို့အပြင် သူမဦးခေါင်းထက်တွင် ကြောင်နားရွက်နှစ်ခုလည်း ရှိနေသည်။

သူတို့သုံးယောက်ဆုံသည်နှင့် လင်းဟွေ့က မှော်ပညာဖြင့် ပြုလုပ်လိုက်သကဲ့သို့ ကြောင်နားရွက်ဘီးကုပ်နှစ်ခုကို ထပ်ထုတ်လိုက်သည်။ အကြီးတစ်ခုကို စုန့်ရန်၏ခေါင်းပေါ်တပ်ပေးပြီး အသေးတစ်ခုကို ပုပုပေါ်တွင် တပ်ပေးလိုက်သည်။

" ကြောင်နားရွက်လေးတွေကိုမြင်ရင် ကျွန်မတို့သုံးယောက် တူတူလာတယ်ဆိုတာ သိကြမှာပဲ... လူချင်းကွဲသွားမှာ မပူရတော့ဘူး..."

သူက ရင်ဘတ်နားတွင် လက်ဖြင့် အသဲပုံလုပ်ပြကာ စုန့်ရန်ကို ပရောပရည်အကြည့်ဖြင့် ကြည့်လိုက်သည်။

စုန့်ရန်က လိင်ကွဲများအပေါ်စိတ်ဝင်စားသည့် အင်တာနာက အလုပ်မလုပ်တော့၍ ထိုအချက်ပြမှုကို လက်ခံရန် ကျရှုံးသွားသည်။ သူမက ကြောင်မလေးပုံစံ သရုပ်ဆောင်နေသည်ဟု ထင်လိုက်၍ သူက စိတ်အားထက်သန်စွာဖြင့် ချီးကျူးလိုက်သည်။

" မင်း လုပ်လိုက်တဲ့ပိုစ့်က ချစ်စရာကောင်းသားပဲ..."

လင်းဟွေ့မှာ သူပစ်လိုက်သည့် boomerang(သစ်သားဒလက်ကွေး) က သူ့ထံသို့ ပြန်ရောက်လာ၍ ချီးကျူးခံရသည်ကို သဘောကျနှစ်သက်သွားသည်။

ပုပုက ကြောင်နားရွက်လေးကို အလွန်သဘောကျနေသည်။ သူက စုန့်ရန်၏ခေါင်းအထက်မှ ကြောင်နားရွက်နှင့် သူ့ခေါင်းပေါ်မှ ကြောင်နားရွက်လေးများကို လက်ညှိုးထိုးပြီး ရေတွက်နေသည်။ 

" ပုသို့သို့တစ်ကောင်၊ ပုသို့သို့နှစ်ကောင်၊ ပုသို့သို့သုံးကောင်..."

ပုပုက ခေါင်းမော့လိုက်ပြီး ဦးခေါင်းထက်မှ ကြောင်နားရွက်ကို ကြည့်ချင်သော်လည်း အကြိမ်ပေါင်းများစွာ ကြိုးစားပြီးသည့်နောက်တွင် မဖြစ်နိုင်ကြောင်းသိသွား၍ နောင်တရစွာဖြင့် မျက်ခုံးများ ပြေလျော့သွားသည်။

စုန့်ရန်က သူ့ကျောပိုးအိတ်ထဲမှ မှန်အသေးလေးကိုထုတ်ပြီး ပုပုရှေ့တွင် ဖွင့်ပြလိုက်သည်။

ပုပုက မှန်ကိုကြည့်ပြီး စိတ်အားတက်ကြွသွားသည်။

" ဝိုး... သားက ချစ်စရာလေးပဲ..."

ချစ်စရာကောင်းသော ပုသို့သို့သုံးကောင်က လက်ချင်းတွဲလျက် ကစားကွင်းထဲ တူတူဝင်သွားကြသည်။ 

ကစားကွင်းထဲတွင် ဝင်ထွက်သွားလာနေသည့် ဧည့်သည်များဖြင့် ပြည့်နေသည်။ စုန့်ရန်က ပုပုနှင့် လူချင်းကွဲသွားမည်စိုး၍ အိတ်ထဲမှ အဖြူရောင်ရွက်တစ်ရွက်နှင့် တိတ်ကိုထုတ်ကာ ခေါက်လိုက်ပြီး သူ့နာမည်နှင့် ဖုန်းနံပါတ်ကိုထည့်ကာ လက်ပတ်ပုံစံလေးပြုလုပ်၍ ပုပု၏လက်ကောက်ဝတ်တွင် ပတ်ပေးလိုက်သည်။ 

လင်းဟွေ့က တအံ့တဩဖြစ်သွားသည်။

" တိတ်ခွေပါ ယူလာတာလား..."

စုန့်ရန်က ထိုကိစ္စကို အထူးအဆန်းသဖွယ် မေးနေသည်ဟု ထင်လိုက်သည်။

" မဖြစ်မနေ ယူသင့်တာပဲလေ..."

လင်းဟွေ့ ဘာပြောရမည်မသိဖြစ်သွားသည်။

အစောပိုင်းက မှန်အသေးလေးမှာ နေ့စဉ်လိုအပ်သောပစ္စည်းဟု သတ်မှတ်နိုင်ပေသည်။ သူမအိတ်ထဲတွင်လည်း မှန်တစ်ချပ်ရှိ၍ အံ့ဩစရာကိစ္စမဟုတ်ပေ။ သို့ရာတွင် တိတ်ခွေလိပ်ကြီးကို အပြင်ထွက်ချိန်တွင်ယူလာခြင်းက...

သူ၏ စဉ်းစားပုံစဉ်းစားနည်းကို သူမ နားမလည်နိုင်ဖြစ်သွားသည်။ 

လင်းဟွေ့မှာ ကျန်ရှိနေသော နေ့ရက်တစ်ချိန်လုံးတွင် စုန့်ရန်၏ ကလေးပြုစုစောင့်ရှောက်သည့်စွမ်းရည်များကို ကျေးဇူးတင်လာရမည်ဟု ထိုအချိန်က မထင်ခဲ့မိပေ။ 

ဆက်သွယ်ရန် သတင်းအချက်အလက်ကို ရေးချပြီးသည့်နောက်တွင် စုန့်ရန်က ပုပုကို ဘေးကင်းစေရန် ဗဟုသုတအနည်းငယ်ကို ပြောပြပေးလိုက်သည်။

" ပုပု ကိုကြီးနဲ့ မမကိုရှာမတွေ့ရင် ဘာလုပ်ရမလဲ..."

ပုပုက လက်ပိစိလေးတစ်ဖက်ကို မြှောက်ပြီးဖြေလိုက်သည်။ 

" ယူနီဖောင်းဝတ်ထားတဲ့ ရဲဦးဦးကြီးတွေကိုလိုက်ရှာပြီး လက်ကောက်လေးကို ပြရပါမယ်..."

" မှန်တယ်... ပုပုက အရမ်းတော်တာပဲ... "

စုန့်ရန်က သူ့မျက်နှာကို ပွတ်လိုက်သည်။

" ကဲ အခု အထဲဝင်လို့ရပြီ..."

အမှန်တွင် ဤသို့သောအရံအစီအစဉ်မျိုးက မလိုအပ်ခြင်းမဟုတ်ပဲ လက်ဝင်ခြင်းမျိုးသာဖြစ်သည်။ 

ယခုနောက်ပိုင်းတွင် ပုပု၏ သဘာဝအလျောက် အလိုလိုသိစိတ်က အလုပ်မလုပ်တော့ပေ။ ပန်းခြံထဲသို့ရောက်သည်နှင့် ရွံ့အိုင်ထဲ ကျသွားသည့် ငါးကလေးတစ်ကောင်နှင့်တူပြီး မျောက်ကလေးတစ်ကောင်ထက်ပို၍ ဆော့ကစားပြေးလွှားနေသည်။ စုန့်ရန်ကလည်း မျက်လုံးနှစ်လုံးရှိလျှင်ပင် သူ့ကို သေချာမကြည့်နိုင်ပေ။ တချို့အချိန်များတွင် သူ ခဏတာ အာရုံလွင့်သွားသည်နှင့် ပြေးလွှားနေသာ ကလေးလေးက လူကြားထဲ ပျောက်လုနီးပါးဖြစ်သွားသည်။ ကံကောင်းသည်မှာ လင်းဟွေ့ပေးထားသော ကြောင်နားရွက်များက အဖြူရောင်ဖြစ်၍ ပုပု လူကြားထဲ ခုန်ဆွခုန်ဆွလုပ်နေလျှင် ထင်ထင်ရှားရှားဖြစ်နေသည်။ ထိုနားရွက်လေးနောက်သို့လိုက်ရသည်မှာ မြွေဂိမ်းကစားသကဲ့သို့ဖြစ်နေ၍ စုန့်ရန်မှာ ရဲများထံမှ ခေါ်ယူသတိပေးမခံရရန် ဂရုစိုက်နေရသည်။

ယနေ့အတွက် ခေါင်းဆောင်က ပုပုဖြစ်သည်။ စုန့်ရန်နှင့် လင်းဟွေ့ကိုယ်တိုင်ကပင် များများစားစား မဆော့ဖြစ်ကြပေ။ Ocean Park နှင့် Gold Mine Townကဲ့သို့သော အချိန်ကုန်ဆုံးခဲ့ကြသည်။ ပုပုက နေရာတစ်ခုချင်းစီကို အလွန်အာရုံစိုက်နေပြီ ရေပန်းရှိသောရင်ပြင်တစ်ခုထဲရောက်သွားသည်။ စုန့်ရန်နှင့် လင်းဟွေ့တို့ ရေခဲမုန့်သွားဝယ်နေသည်ကို အခွင့်ကောင်းယူကာ အတွင်းသို့ တစ်ဟုန်ထိုးဝင်သွားပြီး ရေများစိုရွှဲကုန်သည်။ 

" ပုပု ဘာတွေလုပ်နေတာတုန်း..."

စုန့်ရန်က သူ့ကို သိမ်းငှက်မျက်လုံးများဖြင့် မြင်သွား၍ ယခုလေးတင်ဝယ်လာသည့် ရေခဲမုန့်ကို လင်းဟွေ့၏လက်ထဲ ထိုးထည့်ပြီး အမြန်ပြေးလာသည်။ 

ရလဒ်အနေဖြင့် လင်းဟွေ့က ရေခဲမုန့်များကို လက်နှစ်ဖက်အပြည့်ကိုင်ထားပြီး ရေများစိုရွှဲနေသည့်ပုပုကို စုန့်ရန်က ရေထဲမှ ဆွဲခေါ်လာသည်ကို ကြည့်နေရသည်။ စုန့်ရန်က ပုပုကို ဆူပူရမည့်အစား သူ၏ လိုတာရ ဒိုရေမွန်အိတ်ထဲမှ တာဝါတစ်ထည်ထုတ်လိုက်ပြီး ကလေးလေး၏ တစ်ကိုယ်လုံးကို ပတ်ပေးလိုက်ပြီး ရေသုတ်ပေးနေသည်။ 

သူ့ကို သုတ်ပေးပြီးသောအခါ စုန့်ရန်က ပုပုကို စစ်ဆေးနေသည်။ ထို့နောက် မျက်ခုံးများတွန့်သွားပြီး လင်းဟွေ့ကို ပြောလိုက်သည်။ 

" ဒီမှာ ဆယ်မိနစ်လောက် စောင့်နေနော်...

“…”

သူတို့နှစ်ယောက် အများသုံးသန့်စင်ခန်းထဲ ဝင်သွားသည်ကို လင်းဟွေ့ကြည့်နေသည်။

ဆယ်မိနစ်အကြာတွင် ပုပုက သန့်စင်ခန်းထဲမှ ထွက်လာသည်။ သူက သန့်ရှင်းသောအဝတ်အစားတစ်စုံ လဲလိုက်ပြီး ဖိနပ်နှင့် ခြေအိတ်များပါ အသစ်လဲထားသည်။ ဆံပင်တစ်ခုတည်းသာ မခြောက်သေးပဲ ရေစလေးများက နှဖူးပေါ်ကပ်နေသည်။

ကလေးတစ်ယောက်ကို စုပြုစောင့်ရှောက်ရာတွင် စုန့်ရန်နှင့်သူမက မတူညီသောအခြေအနေဖြစ်နေသည်ဟု တွေးမိပြီး လင်းဟွေ့စိတ်ထဲ ဖြေသိမ့်လိုက်ရသည်။ သူမ တစ်လကို ယွမ်သုံးထောင်ဖြင့် ကလေးထိန်းလုပ်ခြင်းက သူမဘက်မှ ဓားပြတိုက်နေသည်နှင့်တူပြီး စုန့်ရန် တစ်လကို ယွမ်တစ်သောင်းဖြင့် ကလေးထိန်းလုပ်ခြင်းမှာ အလုပ်ရှင်က သူ့ကိုကပ်စေးနှဲပြီး လခနည်းနည်းသာပေးသည်ဟု သတ်မှတ်၍ရနိုင်သော အခြေအနေဖြစ်သည်။ 

မိန်းကလေးတိုင်းတွင် သူတို့၏စိတ်ဝင်စားမှုကို နှိုးစွစေသည့် စံသတ်မှတ်ချက်တစ်ခုရှိသည်။ အချို့က မျက်နှာချောချောများကိုသဘောကျပြီး အချို့က စံဩဇာကောင်းသည်ကို ကြိုက်သည်။ လင်းဟွေ့သဘောကျသည်ကမူ အံ့ဩဖွယ်ရာဖြစ်သည်။ သူမက ဂရုစိုက်မှုကို နှစ်သက်သောလူဖြစ်သည်။ ကလေးများကို ကောင်းကောင်းဂရုစိုက်တတ်သည့် ယောက်ျားများကို သူမ သဘောကျသည်။ သို့ဖြစ်၍ စုန့်ရန်အပေါ် သူမ၏ အကောင်းမြင်မှုများက တစ်ဟုန်ထိုး မြင့်တက်လာသည်။ သူမ မျက်လုံးထဲတွင် စုန့်ရန်က နတ်သားတစ်ယောက်နှင့် တူလာသည်။ သူ ဆောင့်ကြောင့်ထိုင်ပြီး ကျောပိုးအိတ်ကြိုးကို ပြန်ချည်နေသည့်ပုံကပင် သန့်စင်သောအလင်းတန်းများ ဖြာထွက်နေသည်။

ထိုနတ်သားလေးက သူ့ကို စိတ်မဝင်စားသည်မှာ နှမျောစရာကောင်းလှသည်။

လင်းဟွေ့ကို စိတ်သက်သာရာရစေသည့် တစ်ခုတည်းသောအရာက တစ်ခုသာရှိသည်။ သူမက ချောမောသောအသွင်အပြင်ရှိပြီး စုန့်ရန်ကလည်း ဆွဲဆောင်မှုရှိပေသည်။ သို့ဖြစ်၍ သူတို့က လိုက်ဖက်သည်ဟု ထင်ရစေသည်။ ပုပု အလယ်တွင် ရပ်နေလျှင် သူတို့နှစ်ယောက်က ကလေးကို ကစားကွင်းခေါ်လာသည့် လူငယ်လင်မယားနှင့်တူသည်။ ပတ်ဝန်းကျင်မှလူများ၏ မနာလိုသောအကြည့်များကြောင့် သူမ စိတ်တည်ငြိမ်သွားပြီး ပြန်လည်ပျော်ရွှင်နေခဲ့သည်။

နေ့လယ်ရောက်သောအခါ သူတို့အားလုံး ကလေးစားသောက်ဆိုင်တွင် နေ့လယ်စာစားကြသည်။ သူမက သည်းမခံနိုင်တော့၍ နောက်ဆုံးတစ်ကြိမ် ကြိုးစားကြည့်ရန် တွေးလိုက်သည်။ 

ထိုအချိန်တွင် ပုပုက အခြားကလေးများနှင့်အတူ လေထိုးရုပ်ရဲတိုက်တွင် ဆော့နေသည်။ လင်းဟွေ့နှင့် စုန့်ရန်က ပြတင်းပေါက်နားမှ စားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်ပြီး ဟမ်ဘာဂါနှင့် အာလူးချောင်းကြော် စားနေကြသည်။

Xxxxxxxx