အပိုင်း ၃၁
Viewers 9k

Chapter 31

သူမ လက်ချောင်းများကို ပွတ်နေပြီး ရိုးသားစွာဖြင့် မေးလိုက်သည်။ 

" စုန့်ရန် ဟိုဟာလေ... ကျွန်မရှင့်ကို တကယ်သဘောကျတာပါ... အရင်တစ်ခါက တွဲမလားလို့ပြောခဲ့တာကို ပြန်စဉ်းစားပေးနိုင်မလား..."

စုန့်ရန်က တောင်းပန်ဟန်ဖြင့် ပြုံးပြလိုက်သည်။

" ကျွန်တော် တောင်းပန်ပါတယ်..."

လင်းဟွေ့က ရိုက်ချက်ကြီးတစ်ခုကို ခံစားလိုက်ရပြန်သည်။ သူမ၏ မျက်လုံးအိမ်က နီရဲလာပြီး ငို‌တော့မည့်ပုံစံ ဖြစ်လာသည်။

" ကျွန်... ကျွန်မရဲ့ ဘာကို သဘောမကျတာလဲဟင်... ရှင် ပြောပြမယ်ဆိုရင် ကျွန်မ ပြင်ပါ့မယ်..."

စုန့်ရန် သက်ပြင်းချလိုက်သည်။

ဤမိန်းမပျိုလေးက ငယ်စဉ်ကတည်းက အလိုလိုက်ခံရပြီး ကြီးပြင်းလာပုံပေါ်သည်။ သူမက အသက်နှစ်ဆယ်ကျော်ရုံဖြစ်ကာ ယခုမှ ကျောင်းပြီးချိန်ဖြစ်၍ ခံစားချက်များက လတ်ဆတ်သန့်စင်နေပြီး လူကောင်းတစ်ယောက်နှင့် ဆုံလာသည်နှင့် အတူတူ ရှိနေချင်ပုံရသည်။ တဲ့တိုးဆန်သော စိတ်နေစိတ်ထားဖြင့် အလွယ်တကူ‌လက်လျှာ့ရမည်ကို အလိုမရှိကာ ရံဖန်ရံခါတွင် ပြင်းထန်သည့် ခံစားချက်ကို ထုတ်လွှတ်တတ်သည်။ သူက ဖွင့်ပြောခံရသည့်လူဖြစ်သော်လည်း သူမထက်မြင့်သောနေရာတွင်ရှိနေသူဟု သတ်မှတ်၍မရပေ။ ထိုမိန်းကလေးက နှိမ့်ချစွာဖြင့် သူ့အားလိုလိုလားလား တောင်းဆိုနေ၍ သူ ဂရုမစိုက်ပဲ မနေနိုင်တော့ပေ။ 

" လင်းဟွေ့... မင်းက ဘယ်နေရာမှ ချို့ယွင်းမနေပါဘူး... မင်းနဲ့ မတွဲနိုင်ဘူးဆိုတာ ကျွန်တော့်မှာ ပြဿနာရှိနေလို့ပါ..."

စုန့်ရန်က အာလူးချောင်းတစ်ချောင်းကို ယူလိုက်သည်။ တစ်ဖက်ကို ဘယ်ဘက်လက်ဖြင့် ကိုင်ထားပြီးနောက် ‌လင်းဟွေ့၏ရှေ့တွင် ညာဘက်လက်ဖြင့် ကွေးပြလိုက်သည်။ 

လင်းဟွေ့ စိတ်ရှုပ်ထွေးသွားပြီး မျက်တောင်ခတ်လိုက်သည်။ 

" ဟမ်..."

စုန့်ရန် : " ကျွန်တော်က လိင်တူပဲ သဘောကျတာ..."

လင်းဟွေ့ : “…”

မိနစ်အနည်းငယ် ကျော်လွန်သွားသည်အထိ လင်းဟွေ့ စကားမပြောနိုင်သေးပေ။ 

သူမ ဟမ်ဘာဂါကို အကြီးကြီးကိုက်လိုက်ပြီး အမဲသား၊ ချိစ်၊ ခရမ်းချဉ်သီးအကွင်းနှင့်အတူ အောက်ပြုတ်ကျသွားသော မုန်ညှင်းရွက်များကို ပါ ပါးစပ်ထဲ ပြန်ထိုးထည့်နေသည်။ စုန့်ရန်၏ စကားများကို အစာစားခြင်းဖြင့် ချေဖျက်ရန် သူမအစာအိမ်က လှုံ့ဆော်နေသကဲ့သို့ ဖြစ်နေသည်။ 

စုန့်ရန် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။ 

ဒီကိစ္စက တော်တော်လန့်စရာကောင်းနေလို့ အဲ့လိုကြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ လိုသွားတာလား...

ငါက လိင်တူကြိုက်တဲ့သူလေ မိန်းမကြီးဖြစ်သွားတာမှ မဟုတ်တာ...

နင်းကန်စားနေသောကြောင့် သူမ နင်မတတ်ဖြစ်သွား၍ ကိုလာခွက်တစ်ဝက်နီးပါးကို ဒေါသတကြီး သောက်လိုက်သည်။ နောက်ဆုံးတွင် အသက်ဝဝရှုနိုင်သွား၍ စားပွဲပေါ်တွင် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ထားပြီး မျက်နှာထက်တွင်လည်း စိတ်ဓာတ်ကျမှုများဖြင့်ပြည့်လာသည်။ 

" ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ် လူကြီးမင်းစုန့်...ဒီနှစ်အတောအတွင်း ကျွန်မ ယောက်ျားလေးစုစုပေါင်း သုံးယောက်ကိုလိုက်ခဲ့တယ်... ရှင်က တတိယမြောက်ဂေးပဲ..."

စုန့်ရန် ရယ်ရမည် ငိုရမည်မသိဖြစ်သွားသည်။

" ဒါဆိုရင်တော့ မင်းမျက်လုံးတွေက တစ်ခုခုပဲ..."

လင်းဟွေ့ ဒေါသတကြီးနှင့် အာလူးချောင်းကိုကိုက်လိုက်ပြီး မခံမရပ်နိုင်စွာ ပြောလိုက်သည်။ 

" ကျွန်မရဲ့ တစ်ဘဝလုံး ဖြောင့်တဲ့ကောင်လေးတွေနဲ့တွေ့ရဖို့ မဖြစ်နိုင်တော့တာများလား... ‌ရှင့်မတိုင်ခင် နောက်ဆုံးတစ်ယောက်ကလည်းဂေး... အဲ့တစ်ယောက်ရဲ့ ရှေ့ကလူကလည်းဂေးပဲ... အဲဒါနဲ့ ကောင်းပြီပေါ့လေဆိုပြီး ကျွန်မထားလိုက်တယ် သူတို့က ဂေးဖြစ်ရတာ ကြောက်စရာကောင်းတယ်ဆိုပြီးတော့ ကျွန်မကို ရင်ဖွင့်ချင်တယ်ဆိုပြီး သုံးယောက်လုံးက ကျွန်မနဲ့ မိတ်ဆွေအဖြစ်နေကြဖို့ပြောတယ်... ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်သိတာ နှစ်ရက်တောင် မရှိသေးဘူး သူတို့နှစ်ယောက်က မမျှော်လင့်ပဲ ကောင်လေးရသွားကြပြီတဲ့... ကျွန်မကို နေ့တိုင်း ခွေးစာတွေကျွေးနေတယ်... ကျွန်မလည်း ကောင်လေးတစ်ယောက်ရှာပြီး သူတို့ကို ခွေးစာပြန်ကျွေးမလို့ပဲ... ဒါပေမဲ့... ဒါပေမဲ့ ရှင်ကပါ လိင်တူကြိုက်တဲ့လူ ဖြစ်နေတယ်..."

စုန့်ရန်က အချဉ်ရည်တစ်ထုတ် ကမ်းပေးပြီးပြောလိုက်သည်။

" မင်းအဲ့လိုပြောလိုက်တော့ ငါတောင် စိတ်မကောင်းဖြစ်သွားပြီ..."

" စိတ်မကောင်း မဖြစ်ပါနဲ့..."

လင်းဟွေ့ က သူမကိုယ်ကို လက်လျှော့လိုက်ပြီဖြစ်သည်။

" ကျွန်မကိုက ဖြောင့်တဲ့ယောက်ျားနဲ့တွေ့ဖို့ ကံကြမ္မာဖန်မလာတာပါ... ဒါဆိုရင် ကျွန်မက အနာဂတ်မှာ ဂေးတွေအများကြီးနဲ့ သိလာဦးမှာပေါ့... ရှင့်ကို သူတို့နဲ့ မိတ်ဆက်ပေးပြီး ပါတနာရှာဖို့ ကူညီခိုင်းလိုက်ပါ့မယ်..."

စုန့်ရန် ပြုံးပြီး လက်ကာပြလိုက်သည်။ 

" မလိုပါဘူး... ကျွန်တော့်အတွက် နတ်ဘုရားတစ်ပါးရှိတယ်..."

" ဟုတ်သားပဲ ရှင့်မှာ သူရှိတာပဲ..."

လင်းဟွေ့ ပို၍ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ သူမက သူ့ကို ဘဝအတွေ့အကြုံများ ဝေမျှလိုက်ရန် စားပွဲပေါ် မေးထောက်လိုက်သည်။

" စုန့်ရန် ကျွန်မပြောပြမယ်... ရှင် သူ့ကိုမလိုက်ခင် သိအောင်လုပ်ရမယ့် အရေးကြီးကိစ္စတစ်ခုရှိတယ်... သု့ရဲ့ လိင်စိတ် တိမ်းညွတ်မှုကို ရှာဖို့ပဲ... ကျွန်မလိုမျိုး မဖြစ်စေနဲ့... လူတစ်ယောက်ကို သဘောကျလို့ ‌လိုက်ပြီးတော့မှ သူရဲဲ့ တိမ်းညွှတ်မှုက ကိုယ်နဲ့မတူရင် မသိရင် လုံးဝပျက်စီးသွားတာပဲ..."

လင်းဟွေ့ထံမှ စကားများကြောင့် စုန့်ရန် အရှိုက်ထိသွားသည်။ "တိမ်းညွှတ်မှုက ကိုယ်နဲ့မတူရင်" ဟူသောစကားများက သူ့နှလုံးသားတည့်တည့်ကို မြှားတစ်စင်းပစ်လိုက်သည်နှင့် တူပေသည်။ သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိထားလိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် မေးထောက်ထားလိုက်သည်။

သူ့ရဲ့နတ်ဘုရားက အဖြောင့်ကလွဲပြီး တခြားဟာ ဖြစ်နိုင်မယ်တဲ့လား...

သူက စောစောစီးစီးလက်ထပ်ထားတဲ့အပြင် ကလေးကလည်း ပဲငံပြာရည်တောင် ဝယ်နိုင်တဲ့အရွယ်ဖြစ်နေပြီ... 

( T/N - ပဲငံပြာရည်ဝယ်တယ်ဆိုတာ ကလေးက ကိုယ်တိုင်ကိုယ်ကျ တစ်ခုခုကိုလုပ်နိုင်တဲ့အထိ ကြီးပြင်းလာပြီဆိုတဲ့သဘောပါ )

သူတို့နှစ်ယောက်လုံး စားပွဲပေါ် မေးထောက်ထားလိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် နုံအစွာကြည့်နေသည်။ စုန့်ရန်၏ စိတ်မသက်မသာဖြစ်သွားသောအမူအရာကို လင်းဟွေ့က သတိပြုမိသွားသည်။ နောက်ဆုံးတွင် သူမမျက်လုံးများ ပြူးကျယ်လာသည်။

" မဟုတ်လောက်ပါဘူးနော်... သူက တကယ်အဖြောင့်လား..."

" ခဲတံလိုမျိုးကို ဖြောင့်စင်းနေတာ..."

ထိုအကြောင်းပြချက်ကြောင့် လင်းဟွေ့က စုန့်ရန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ဆိုးတူကောင်းဖက်ကို မျှဝေသည့် မိတ်ဆွေအဖြစ် သတ်မှတ်လိုက်သည်။

" ကြည့်ရတာ ရှင်လည်း လွယ်မနေဘူးပဲ..."

သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကာ စကားလုံးဝမပြောပဲ အာလူချောင်းကြော်များကိုသာ တစ်ခုပြီးတစ်ခု ယူစားနေသည်။ 

မကြာမီအချိန်တွင် ပန်းကန်ပြားပေါ်၌ အာလူးတစ်ချောင်းသာ ကျန်တော့သည်။ 

လင်းဟွေ့က အာလူးချောင်းကို ဆတ်ခနဲယူပြီး ခရမ်းချဉ်သီးဆော့စ်ထဲ နှစ်လိုက်သည်။ ထို့နောက် ညာဘက်က ဆော့ကိုညွှန်ပြနေပြီး ဘယ်ဘက်က အာလူးချောင်းကို ကိုင်ထားကာ စုန့်ရန်ကို မေးလိုက်သည်။ 

" ရှင်က ဘယ်ဟာလဲ..."

စုန့်ရန်က မျက်နှာတစ်ခုလုံး နီရဲနေလျက် မျက်လုံးကိုအုပ်ထားပြီး ခရမ်းချဉ်သီးဆော့စ်ကို လက်ညှိုးထိုးပြလိုက်သည်။

လင်းဟွေ့က သနားသွားသည့်ပုံဖြင့် စုန့်ရန်၏ပခုံးကိုပုတ်ပြီး နှစ်သိမ့်ပေးနေသည်။ 

" ထင်တဲ့အတိုင်းပါပဲလား... ဂေးဆယ်ယောက်မှာ ကိုးယောက်က bottomပဲ... ပြီးတော့ topတစ်ယောက်ကို ရှာတွေ့ဖို့ကလည်း ခက်ခဲတယ်... အမှန်တရားက ရက်စက်လွန်းတယ်ဆိုပေမယ့် ရှင်က ထူးချွန်တဲ့လူဆိုတော့ ရှင့်အတွက် topတစ်ယောက် ရှာတွေ့မှာပါ... ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိလိုက်ပါ..."

စုန့်ရန်က ယုံကြည်ချက်တစ်စက်မှ မရှိ၍ ရေရွတ်လိုက်ရုံသာ တတ်နိုင်သည်။

" မင်းပြောသလို ဖြစ်ပါစေ..."

သူတို့ စားသောက်ဆိုင်ထဲ ဝင်သွားချိန်က ချစ်သူစုံတွဲဖြစ်ရန် အလားအလာရှိသော လူနှစ်ယောက်ဖြစ်သည်။ စားသောက်ဆိုင်ထဲမှ ပြန်ထွက်လာချိန်တွင်မူ နာကျင်ဖော်နာကျင်ဘက်များ ဖြစ်ကုန်ကြသည်။ 

စုန့်ရန်နှင့် လင်းဟွေ့တို့နှစ်ယောက်လုံး၏ ဇာတ်လမ်းမှာ ဇာတ်ညွှန်းကြောင့် ဦးတည်ချက် လွှဲသွားခဲ့ရခြင်းဖြစ်သည်။ သူတို့ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ရဲကြပေ။ ပုပုတစ်ယောက်တည်းကသာ တစ်ချိန်လုံး ပျော်ရွှင်နေပြီး ရိုလာကိုစတာ၊ ပင်လယ်ဓားပြလှေစီးရန်နှင့် အခြားသရုပ်ပြမှုများ ကြည့်ရန် သူတို့ကို ဆွဲခေါ်သွားသည်။ သူ့ပုံစံက ရိုက်ကွင်းတစ်နေရာမှတစ်နေရာကို ကူးနေသော A-listသရုပ်ဆောင်တစ်ယောက်နှင့် တူနေသည်။ 

သူတို့ မပြန်မီအချိန်တွင် လက်ဆောင်ပစ္စည်းဆိုင်ကို ဝင်ကြည့်ကြသည်။ ပုပုက နားရွက်တွဲကျနေသောယုန်လေးကို သဘောကျသွားပြီး ရင်ခွင်ထဲပိုက်ထားကာ လက်ထဲမှ မချချင်အောင်ဖြစ်နေသည်။ အရုပ်ကို လိုချင်နေသော်လည်း မပြောရဲဖြစ်နေသည်။ ရလဒ်အနေဖြင့် သူက အရုပ်လေးကိုပိုက်ပြီး စုန့်ရန်၏အရှေ့တွင် ရှေ့နောက် လျှောက်ပြနေသည်။ စုန့်ရန်က သူ့ကိုဝယ်ပေးရန်လည်း မျှော်လင့်နေမိသည်။

စုန့်ရန်က ခါးကိုင်းပြီး မေးလိုက်သည်။

" ယုန်ရုပ်လေး လိုချင်လို့လား..."

ပုပုခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်..."

"ဒါဆိုရင် ကိုကြီးကို ဘယ်လိုပြောပြရမလဲ... စကားကို ပြည့်ပြည့်စုံစုံပြောကြည့်..."

ပုပု ခဏတာ စဉ်းစားလိုက်ပြီးနောက် သတ္တိမွေးကာ ပြောလိုက်သည်။

" ကိုကြီး... သား... သား ‌ယုန်ရုပ်လေး လိုချင်လို့..."

" ဟုတ်ပြီ ကိုကြီးဝယ်ပေးမယ်နော်..."

အပြုံးလေးတစ်ပွင့်ဖြင့် ပြန်ဖြေပြီးနောက် စုန့်ရန်က ပုပုလက်ကိုဆွဲပြီး ငွေသွားရှင်းပေးလိုက်သည်။

စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအားနည်းသော ကလေးများက အမွေးပွရုပ်များကို အနည်းနှင့်အများ လိုချင်ကြသည်။ စုန့်ရန် ငယ်ရွယ်စဉ်က သူ့ထံတွင် မိဘနှစ်ပါးမရှိသည့်အပြင် အိပ်ရာပေါ်တွင်လည်း အရုပ်တစ်ရုပ်မှမရှိ၍ အထိအတွေ့ကိုဆာလောင်သော ပြဿနာတစ်ခုဖြစ်လာပြီး တစ်ယောက်ယောက်က သူ့ကို အမြဲတမ်းဖက်ထားရန် မျှော်လင့်နေမိသည်။ ယနေ့အထိတိုင်အောင် Poohအရုပ်အကြီးကြီးကိုမြင်လျှင် လိုချင်စိတ် ရှိနေဆဲဖြစ်သည်။ ပုပုက အမွေးပွယုန်‌ရုပ်လေးကို လိုချင်သည့်စိတ်ကို အခြားလူများထက် သူက ပိုနားလည်သည်။

အဘယ့်ကြောင့်ဆိုသော် သူ့နှလုံးသားထဲတွင်လည်း ထိုစိတ်နှင့် ကလေးလေးတစ်ယောက် ရှိနေသည်။

ငွေကိုင်က အရုပ်ကိုယူ၍ ဘားကုဒ်ကို စကင်န်ဖတ်ပြီးသောအခါ ယဉ်ကျေးစွာပြောလိုက်သည်။

" ၁၉၉ယွမ်ကျပါတယ်ရှင့်... ဝယ်ယူအားပေးတာ ကျေးဇူးတင်ပါတယ်..."

စုန့်ရန်က ပိုက်ဆံအိတ်ကိုထုတ်လိုက်သည့်အခါ အထဲတွင် ငွေစက္ကူအနီသုံးရွက်သာ ရှိတော့သည်ကို မြင်လိုက်ရသည်။ 

သူ အလွန် အံ့ဩသွားရသည်။ အကြိမ်အနည်းငယ် ရေကြည့်ပြီးသောအခါတွင်လည်း ငွေက သုံးရွက်သာကျန်တော့၍ စိတ်ဓာတ်ကျစွာဖြင့် မေးစေ့ကို ပွတ်နေလိုက်သည်။ နောက်ပိုင်းတွင် သူ၏ အသုံးစရိတ်များက ယခင်ထက် ပိုတိုးလာသည်။ 

သူ ဘယ်လောက်တောင် သတိလက်လွတ်နေမိလို့ ဒီလောက်အထိ ချွတ်ခြုံကျသွားတာလဲ...

စုန့်ရန်က ငွေနှစ်ရွက်ဖြင့် ရှင်းလိုက်သည်။ ငွေကိုင်က စက္ကူအိတ်တစ်အိတ်ထုတ်ပြီး အရုပ်ကိုပတ်ပေးရန်ပြင်လိုက်သော်လည်း ပုပုက ခြေဖျားထောက်ထားပြီး စိတ်မရှည်ဟန်ဖြင့် လက်နှစ်ဖက်ကို ကားထားသည်။

စုန့်ရန် အမြန်ပြောလိုက်ရသည်။

" မထုတ်ပေးရင်လည်းရပါတယ် သူက ကိုင်သွားချင်တာ..."

ထိုသို့ဖြင့် နားရွက်တွဲကျနေသောယုန်လေးက ပုပု၏ရင်ခွင်ထဲ တစ်ဖန်ပြန်လည်ရောက်ရှိလာသည်။ 

ပုပုက သူ့မျက်နှာသေးသေးလေးကို ယုန်ရုပ်၏ နူးညံ့သော အမွေးကြားထဲနှစ်ထားပြီး ပွေ့ဖက်နမ်းရှုံ့နေသည်။ ခဏအကြာတွင် ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ၏မျက်ဆံနက်များက ကြယ်လေးများသဖွယ် တောက်ပလင်းလက်နေသည်။

" ကိုကြီး ကျေးဇူးတင်ပါတယ်..."

စုန့်ရန်က သူ့ကို ပြုံးပြလိုက်သည်။

" ပုပု သဘောကျရင်ပြီးရောလေ ကျေးဇူးတင်စရာမလိုပါဘူး..."

အပြန်လမ်းတွင် ပုပုနှင့် လင်းဟွေ့နှစ်ယောက်လုံး အိပ်ငိုက်နေကြသည်။ သူတို့က ‌အနောက်ခုံတွင်ထိုင်ကာ ခါးပတ်ပတ်ပြီးသည်နှင့် တစ်ယောက်ကိုတစ်ယောက်မှီပြီး အိပ်ငိုက်နေတော့သည်။

စုန့်ရန်က သူ့ငွေလက်ကျန်အကြောင်း တွေးတောနေဆဲဖြစ်၍ ဖုန်းထုတ်ပြီး ဘဏ်ကတ်ထဲမှ လက်ကျန်ငွေစုစုပေါင်းကို စစ်ဆေးလိုက်သည်။ လက်ရှိပမာဏက ယွမ်လေးထောင်သာရှိတော့၍ သူထင်ထားသည်ထက် အလွန်နည်းနေသည်။ နောက်လ အိမ်လခနှင့် လျှပ်စစ်ခွန်ရေခွန်များ ဖယ်လိုက်ပါက ပုပုကို စောင့်ရှောက်ရန်မဆိုနှင့် သူတစ်ယောက်တည်း စားသောက်ရုံသာ လောက်ငှတော့သည်။

သူက လူကြီးမင်းဟယ်ထံမှ ငွေတောင်းခံနိုင်သော်လည်း သူ့ကိုယ်သူလေးစားမှုက ပိတ်ပင်ထားဆီးထားသည်။

လူကြီးမင်းဟယ်က သူ့ကို လစာ ယွမ်တစ်သောင်းလေးထောင်ပေးမည်ဆိုသည်မှာလည်း သူအိမ်ပြန်ရောက်ပြီးမှ ထိုငွေကို ရှင်းပေးမည်ဟု ဆိုလိုခြင်းဖြစ်သည်။ စုန့်ရန်က ကလေးကိုဂရုစိုက်ပေးသည့် ပထမဆုံးနေ့တည်းက ငွေကိုမတောင်းချင်ခဲ့ပေ။ ထိုအပြုအမူက အမှန်ပင် သည်းမခံနိုင်စရာကောင်းသောကြောင့်ဖြစ်သည်။ 

Wechatကိုဖွင့်လိုက်ပြီး စာအုပ်တိုက်မှ အစ်မချိုး၏ profileကိုဖွင့်ကာ ကူညီပေးရန် သွားတောင်းဆိုလိုက်သည်။

[ စုန့်ရန် ] : " အစ်မချိုးရေ ကျွန်တော့်ကို ကြောငြာပုံကြမ်းလေးတွေပေးပါဦးလို့ တောင်းဆိုချင်လို့ပါ... ဘယ်ပုံကို တောင်းဆိုတာပဲဖြစ်ဖြစ် ကျွန်တော်ဆွဲပေးပါ့မယ်... "

[ ချိုးမီ ] : " ငွေလိုနေပြန်တာလား..."

[ စုန့်ရန် ] : " ‌ဒိီတစ်ခါ တော်တော်ဆိုးတယ်... အရင်ကတောင် အဲ့လိုမဖြစ်ဖူးဘူး... "( ငိုနေတဲ့အီမိုဂျီ ) 

[ ချိုးမီ ] : အစ်မမှာ ကြော်ငြာပုံကြမ်းတွေ ရှိပါသေးတယ်... ဒါပေမဲ့ စုန့်ရန်က ဒီလအတွက် ဆယ်ပုံလောက်ယူထားပြီးပြီလေ အသစ်ထပ်ယူရင် ဒီလအတွင်းပြီးပါ့မလား..."

[ စုန့်ရန် ] : " အချိန်မီပြီးဖို့တော့ အာမခံပါတယ်...သေချာပေါက် အချိန်မဆွဲပါဘူး..."

[ ချိုးမီ ] : ဒါဆိုလည်း ရတယ်လေ... မင်းက ယုံကြည်လို့ရတယ်ဆိုတော့ ချန်ထားပေးလိုက်ပါမယ်..."

[ စုန့်ရန် ] : " ကျေးဇူးတင်ပါတယ် အစ်မချိုး... အစ်မချိုးက အစ်မရင်းထက်တောင် ‌ပိုကောင်းသေးတယ်..."

[ ချိုးမီ ] : " စကားတတ်လိုက်တာ... လာပါဦး အစ်မကြီးကိုအာဘွားပေးပါဦး..."

[ စုန့်ရန် ] : " မွ..."

အလုပ်အတွက် တောင်းဆိုပြီးသည့်အခါ စုန့်ရန် WeChatထဲမှ ထွက်လိုက်ပြီး တုံးအသော်လည်း ချစ်ဖို့ကောင်းသည့် home screen ပေါ်မှ ရှဉ့်အကြားလေးကို စက္ကန့်အနည်းငယ်ကြာအောင်ကြည့်လိုက်သည်။ သူပြုံးလိုက်ပြီး စွမ်းအင်အပြည့်ဖြစ်အောင် အားတင်းထားလိုက်သည်။ သူ ပုံများများဆွဲမှ နေထိုင်စရိတ်အတွက် ငွေများများရနိုင်မည်ဖြစ်သည်။

သူ့မှာ ချစ်စရာကောင်းတဲ့ ပုပုလေးကို စောင့်ရှောက်ပေးဖို့ ရှိသေးတယ်လေ...

Xxxxxxx