အပိုင်း ၃၃
Viewers 9k

Chapter 33

ချောမောပြီး နှစ်လိုဖွယ်ကောင်းတဲ့ ချစ်စရာစုန့်ရန်သို့:  

ရှင် ကျွန်မကိုငြင်းလိုက်ပေမယ့် ရှင့်ကိုချစ်နေဆဲပါပဲ...ရှင့်ရဲ့အမူအရာမျိုးစုံကိုရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပို့ပေးလိုက်ပါတယ်...ဒါတွေကို သူငယ်ချင်းတွေဆီမျှဝေလိုက်တာနဲ့ အဖြောင့်ကောင်တွေတောင် ရှင့်အတွက်ဂေးသွားကြလိမ့်မယ်... 

ချစ်ရတဲ့ ခရမ်းချဥ်သီးဆော့စ်ကလေးက အာလူးချောင်းကြော်ကြီးကြီးကို မကြာခင်ရှာတွေ့ပါစေလို့ ဆုတောင်းပေးပါတယ်... 

လင်းဟွေ့


‘အဖြောင့်ကောင်တွေ’၊ ‘ဂေးဖြစ်သွားမယ်’၊ ‘ခရမ်းချဥ်သီးဆော့စ်’၊ ‘အာလူးချောင်းကြော်ကြီးကြီး...’

စာစုလေးခုက သူ့မြင်ကွင်းထဲတွင် ကွက်ကွက်ကွင်းကွင်း ဆက်တိုက်ပေါ်လာကာ ဟယ်ကျစ်ယွမ် ကြောင်အသွားခဲ့သည်။ သူက မသိစိတ်ဖြင့် နှာခေါင်းပွတ်လိုက်ရင်း မျက်လုံးများပွတ်သပ်ကာ အီးမေးလ်ကိုသုံးခါလောက်ပြန်ဖတ်ကြည့်မိ၏။ 

စုန့်ရန်က အမျိုးသားတွေကိုသဘောကျတယ်.

သူ့နှလုံးသားက ရုတ်တရက်ခုန်ပေါက်လာ၏။ ပိတ်ဆို့နေသောဆီးနှင်းများကို တူရွင်းနှင့်ကော်ချပစ်လိုက်သကဲ့သို့ သူ၏အတွေးများသည်လည်း ရှင်းလင်းသွားလေသည်။ 

စုန့်ရန်က အီးမေးလ်ထဲရှိစာအကြောင်းမသိသေးချေ။ ဟယ်ကျစ်ယွမ် အတန်ကြာသည်အထိတိတ်ဆိတ်နေသည်ကို သူစိတ်ဆိုးနေခြင်းဖြစ်ရမည်ဟု ယူဆလိုက်မိ၏။ သူက အမြန်ပြောလိုက်သည်။

 “တကယ်တော့လေ...ပုပုပုံတွေထပ်ရှိပါသေးတယ်...အကယ်၍လင်းဟွေ့ပို့တဲ့ပုံတွေက မလုံလောက်ဘူးဆိုရင်...ကျွန်တော့်ဖုန်းထဲကပုံတွေကိုပါ ပို့ပေးရမလားဟင်...”

သို့သော် ဟယ်ကျစ်ယွမ်က သူ၏မေးခွန်းအားမဖြေကြားခဲ့ချေ။

 “အဲ့ဒီ့ မိန်းမပျိုလေးက ဒီနေ့မင်းကိုထပ်ပြီးဝန်ခံပြန်ပြီလား...”

စုန့်ရန်အေးခဲသွားသည်။ “ဟုတ်...ဟုတ်ကဲ့...”

ခင်ဗျားဘယ်လိုသိတာလဲ...

“မင်း လက်ခံလိုက်လား...”

စုန့်ရန် အမြန်ခေါင်းခါလိုက်သည်။ “ဟင့်အင်း...”

ဟယ်ကျစ်ယွမ် ခဏတိတ်ဆိတ်သွားကာ ဆက်လက်မေးပြန်၏။

 “သူမက မင်းကိုတကယ်အများကြီးသဘောကျပုံပဲနော်...ဘာလို့မင်းကမစဥ်းစားရတာလဲ...” 

စကားပြောနေရင်း လင်းဟွေ့အကြောင်းရောက်သွားပုံကို နားမလည်သော်လည်း စုန့်ရန်က သူ၏လက်ကလေးများကို စိုးရိမ်စွာပွတ်တိုက်လိုက်ကာ ရှင်းပြလေသည်။ 

“သူမက လှပပြီးတော့ ချစ်စရာကောင်းပါတယ်...ဘာတစ်ခုမှအပြစ်ပြောစရာမရှိဘူး...ကျွန်တော် သူမနဲ့ဒိတ်ဖို့သဘောမတူလိုက်တာက...ကျွန်တော်က....ကျွန်တော်...” 

စုန့်ရန်က 'ကျွန်တော်..' မှာတင်အကြာကြီးထစ်နေကာ စကားဆက်ရန်အားယူနေရပုံပေါ်သည်။ 

ဟယ်ကျစ်ယွမ် အဆိုပါမေးခွန်းကို စုန့်ရန်ကိုယ်တိုင်ထုတ်ပြောလာအောင် ဆွဲဆောင်လိုသော သူ၏ကိုယ်ပိုင်အတ္တဖြင့်မေးလိုက်ခြင်းဖြစ်သည်။ သို့သော် စုန့်ရန်အတွက်ခက်ခဲနေကြောင်း သတိပြုမိသည့်အခါ ထပ်မံတွန်းအားမပေးလိုတော့ချေ။ လူသိမခံချင်သောကိစ္စတစ်ရပ်ကို သူ့အားထုတ်ပြောရန် တစ်ဖက်သားအနေဖြင့် စိတ်ကိုမည်မျှပြင်ဆင်ရမည်နည်း...စုန့်ရန်အား လိမ်ညာခြင်းနှင့် ဂေးဖြစ်ကြောင်းဝန်ခံခြင်းအကြား ရွေးချယ်ခိုင်းသည်မှာ အလွန်ရက်စက်ရာကျသည်ဟု သူခံစားရ၏။ 

“စုန့်ရန်...ကိုယ်တောင်းပန်ပါတယ်...ဒါမင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ...မင်းရဲ့လွတ်လပ်ခွင့်ကို ကိုယ်စည်းမကျော်ခဲ့သင့်ဘူး...” 

ဟယ်ကျစ်ယွမ်က ပြောသည်။ “မင်းပြန်မဖြေချင်ရင်လည်း အဆင်ပြေပါတယ်...ကိုယ်တို့ ကစားကွင်းအကြောင်းပြောကြမယ်လေ...” 

သို့သော် စုန့်ရန်က ဗလုံးဗထွေးပြောလာ၏။ 

“ဟင့်အင်း...လူကြီးမင်းဟယ်...ဒါက...ကျွန်တော် အရင်ကတည်းက ပြောပြခဲ့သင့်တာပါ...” 

ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်လေးတောင့်တင်းသွားကာ လက်ချောင်းကလေးများက ခေါင်းအုံး၏ထောင့်စွန်းကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ အတန်ကြာထိတ်လန့်နေပြီးနောက် ကိုယ့်ကိုယ်ကိုယ်ရဲဆေးတင်သည့်အနေဖြင့် အံကလေးကြိတ်လိုက်၏။ 

“လင်းဟွေ့ရဲ့ဝန်ခံချက်ကို ကျွန်တော်လက်မခံခဲ့ရတဲ့အကြောင်းရင်းက ကျွန်တော်...မိန်းကလေးတွေကို စိတ်မဝင်စားလို့ပါ...” 

၎င်းကိုကြားသည့်အခိုက် ဟယ်ကျစ်ယွမ် လက်ချောင်းတင်းတင်းဆုပ်လိုက်မိသည်။ “စုန့်ရန်...မင်းဆိုလိုတာက...မင်းသဘောကျ...” 

“ကျွန်တော်က လိင်တူနှစ်သက်သူပါ...လူကြီးမင်းဟယ်...”

ပြောပြီးသွားသည်နှင့် စုန့်ရန်၏ခန္ဓာကိုယ်တစ်ခုလုံး ကျိုးပျက်သွားသောရာဘာကြိုးကဲ့သို့ အားလျော့သွားကာ သူ၏မျက်ဝန်းများကိုလည်း စိတ်ဓာတ်ကျစွာ လက်ဖြင့်အုပ်လိုက်မိ၏။ 

ဒီလို ထပ်ဖြစ်ပြန်ပြီ...

သူထပ်ပြီး မလိုအပ်တာတွေပြောမိပြန်ပြီ... 

လူကြီးမင်းဟယ်နှင့်သူသိကျွမ်းသည်မှာ နှစ်ရက်သာရှိသေးသော်လည်း သူ၏အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်အား တစ်ဖက်လူကိုထုတ်ပြောမိလိုက်ချေပြီ။ ပထမကိစ္စမှာ စိတ်ရှုပ်ထွေးသွားခြင်းသာဖြစ်နိုင်၍ လူကြီးမင်းဟယ်က နားလည်ပေး၍ရနိုင်သော်ငြား လိင်တူချစ်သူတစ်ဦးကိုတော့ သည်းခံနိုင်မှာမဟုတ်ချေ။ 

(T/N: ဘယ်သည်းခံမလဲ...သူတင်းမာနေပြီ...)

သူဘာလို့ အမှန်အတိုင်းပြောခဲ့မိတာလဲ...

မိန်းကလေးတစ်ဦးအား ငြင်းပယ်ရသည့်အကြောင်းများစွာရှိလေသည်။ မျက်ဝန်းချင်းမဆုံချင်ခြင်း၊ စိတ်သဘောထားမညီမျှခြင်း၊ ပန်းတိုင်များကွဲပြားခြင်း အစရှိသည်ဖြင့်သူပြော၍ရသည်။ တစ်ယောက်က ချိုမြိန်သည့်မုန့်များကိုနှစ်သက်ကာ နောက်တစ်ယောက်ကမူ စပ်သည့်အရသာကိုနှစ်သက်သည်ဟူသည့် အကြောင်းပြချက်ကပင် အလုပ်ဖြစ်နိုင်သည်။ ဒါကိုရှောင်လွှဲဖို့ ဘယ်အကြောင်းပြချက်မဆို သုံးလို့ရတာပဲမဟုတ်ဖူးလား... 

စုန့်ရန်က သူ့လက်မောင်းကြားထဲရှိ ခေါင်းအုံးကိုတင်းတင်းဖက်လိုက်ကာ လက်ချောင်းထိပ်ကလေးများသည်လည်း တုန်ယင်၍နေလေသည်။ အလွန်စိုးရိမ်ပြီးပျာယာခတ်နေသဖြင့် ဟယ်ကျန့်ယွမ်၏အဖြေကိုပင် မနားထောင်ဝံ့တော့ချေ။ သို့သော် ခဏအကြာ၌ သူ့ကိုယ်သူတွန်းအားပေးကာ ဖုန်းကိုပြန်ကိုင်လိုက်ပြီး နားနားသို့ကပ်လိုက်သည်။  

သို့သော် ထိုစကားလုံးများက သူ့ကိုနာကျင်စေမည့်အဓိပ္ပါယ်များမပါဝင်ချေ။

ဟယ်ကျန့်ယွမ်က ညှင်သာစွာပြောသည်။ “စုန့်ရန်...အနည်းဆုံး လူဦးရေရဲ့ ၇ ရာခိုင်နှုန်းလောက်က လိင်တူချစ်ကြိုက်သူတွေလို့ ကိုယ်သိထားပါတယ်...ဒါပေမယ့် ကိုယ့်အနားမှာတော့ အဲ့ဒ်ီ့လောက်မကဘူးလို့ကိုယ်ထင်တယ်...ကိုယ်တက္ကသိုလ်တက်တုန်းက ကိုယ့်ရဲ့အခန်းဖော်၊ တီအေနဲ့ အကြံပေးက လိင်တူချစ်ကြိုက်သူတွေပဲ...နောက်ပိုင်း ကိုယ်စွန့်ဦးတီထွင်သူအသင်းဖွဲ့တော့ အသင်းထဲကလူ ၅ယောက်မှာ ၃ယောက်ကဂေးတွေလေ...အခု...ကိုယ်တရုတ်ကိုပြန်ပြောင်းတော့ ကိုယ်နဲ့အရမ်းအဆင်ပြေနေတဲ့ အိမ်နီးချင်းလေးကလည်း ဂေးပဲတဲ့...ပြောပါဦး...ကိုယ်တို့ရဲ့ကံကြမ္မာက မဆန်းကြယ်ဘူးလား...” 

သူက ထိုစကားလုံးများကို မသက်မသာဖြစ်မှုတစ်စွန်းတစ်စပင်မပါပဲ ချောမွေ့စွာပြောသွားခဲ့ခြင်းဖြစ်သည်။ 

လူကြီးမင်းဟယ်က သူ့ကိုနှစ်သိမ့်နိုင်ရန် အစွမ်းကုန်ကြိုးစားနေကြောင်း စုန့်ရန်နားလည်လိုက်သဖြင့် ငိုချင်လာသည်အထိပင် ရင်ထဲထိသွားခဲ့ရ၏။ သူ့အသံက ငိုသံလေးစွက်နေသဖြင့် စကားအများကြီးမဆိုဝံ့ပဲ အသံတိုးတိုးဖြင့်သာတုံ့ပြန်လိုက်သည်။

 “အင်း...”

ဟယ်ကျစ်ယွမ် ရယ်မောလိုက်သည်။ “ဘာလဲ...ကြားရတာ မင်းငိုတော့မယ့်ပုံပဲ...ကိုယ်ကမင်းကို ဒါ့ကြောင့်ရွံရှာသွားမှာစိုးရိမ်နေခဲ့တာလား...”

“အင်း...နည်းနည်း...”

ဟယ်ကျစ်ယွမ်က ထပ်မံ၍ရယ်မောပြန်၏။

 “ကြည့်ရတာ...ကိုယ်မင်းကို တစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးရမယ့်ပုံပဲ...သူ့နာမယ်က ကားလ်ကရောက်စ်တဲ့...သူနဲ့ကိုယ်က ဘာကယ်လီမှာကတည်းကသိလာတာ ခုဆို၉နှစ်တောင်ရှိပြီ...သူလည်းမင်းလိုပဲ လိင်တူနှစ်သက်သူတစ်ဦးလေ...သူက နွေရာသီကိုရောက်တိုင်း ဆန်ဖရန်စစ္စကိုက လိင်တူချစ်သူများ စီတန်းလှည့်လည်ကြခြင်း မှာပါဝင်လေ့ရှိတယ်...ပထမနှစ်တုန်းကရော၊ ဒုတိယနှစ်တုန်းကရော သူကစင်ဂယ်လေ...ဒါ့ကြောင့် ကိုယ့်ကို သူ့ပါတနာအဖြစ် သွားလေရာခေါ်သွားလေ့ရှိတယ်...အဲ့ဒီ့မှာ ကိုယ်က LGBT လှုပ်ရှားမှုတော်တော်များများကို ပါဝင်ဖူးသွားရုံတင်မဟုတ်ဖူး...တစ်ချို့လူတွေနဲ့ မိတ်ဆွေတောင်ဖြစ်ခဲ့တယ်လေ...” 

(T/N: ဘာကယ်လီက ကယ်လီဖိုးနီးယားမှာရှိတဲ့ တက္ကသိုလ်နာမည်ပါ...)

“ကိုယ် အဲ့ဒီ့အုပ်စုအကြောင်း အစကသေချာမသိပေမယ့် သူငယ်ချင်းတွေဖြစ်သွားတဲ့နောက်မှာတော့ အားလုံးရဲ့သဘာဝရွေးချယ်မှုတွေတိုင်းဟာ လေးစားခံသင့်တယ်လို့ သဘောပေါက်ခဲ့ရတယ်...ဘယ်လိုသဘောကျမှုမျိုးကိုမှ ကိုယ်မုန်းတီးရွံရှာမှာမဟုတ်ဘူး...” 

“လိင်တူချစ်သူများ စီတန်းလှည့်လည်ပွဲတဲ့လား...ကျွန်တော်ကြားဖူးတယ်...” 

စုန့်ရန်ကဆိုသည်။

 “သူတို့တစ်ဦးချင်းစီက အရမ်းရဲရင့်ပြီးတော့ အခြားလူတွေရဲ့အကြည့်ကို မကြောက်ရွံပဲ ကိုယ်သဘောကျတဲ့လိင်ကို သတ္တိရှိရှိလက်ခံလိုက်ဖို့ တစ်ဦးနဲ့တစ်ဦးအားပေးကြတယ်မဟုတ်လား...”  

ဟယ်ကျစ်ယွမ် ပြုံးလျှက်ပြောသည်။ “စုန့်ရန်...မင်းလည်းအရမ်းသတ္တိရှိတယ်လေ...”

“မဟုတ်တာ...ကျွန်တော်က သတ္တိမရှိပါဘူး...” စုန့်ရန် အဆက်မပြတ်ခေါင်းယမ်းလိုက်သည်။

 “တကယ်တော့ ကျွန်တော်ပြောပြီးပြီးချင်း နောင်တရနေခဲ့တာ...အမှန်အတိုင်းမပြောပဲ တခြားအကြောင်းပြချက်တစ်ခုနဲ့ ညာလိုက်သင့်တာဆိုပြီးတော့ပေါ့...ကျွန်တော်က သူရဲဘောကြောင်တဲ့လူပါပဲ...” 

ဟယ်ကျစ်ယွမ်က ခေါင်းယမ်းကာစိတ်ထဲရှိသည့်အတိုင်းပြောလိုက်၏။ 

“မင်းကိုယ်မင်းကာကွယ်တာက သတ္တိရှိတာထက်ပိုပြီးအရေးပါပါတယ်...ဒါက တွေးတတ်တာလေ...သူရဲဘောကြောင်တာမဟုတ်ပါဘူး...လူတိုင်းရဲ့ပုခုံးပေါ်မှာရှိတဲ့ဝန်တွေက ကွဲပြားကြတယ်မဟုတ်လား...တစ်ချို့လူတွေ ရဲရဲဝံ့ဝံ့ဝန်ခံရဲကြတယ်ဆိုတာ သူတို့ရဲ့ပတ်ဝန်းကျင်က ဒါကိုလက်ခံနိုင်မှန်းနားလည်နေခဲ့လို့ပါ...မင်းရဲ့အခုလိုဝန်ခံချက်က နာကျင်စရာတွေကိုပဲ သယ်လာခဲ့မယ်လို့ထင်ရင် မင်းကိုယ်မင်းတွန်းအားပေးစရာမလိုပါဘူး...အထူးသဖြင့် မင်းရဲ့မိသားစုမဟုတ်တဲ့လူတွေဆီကိုပေါ့...မင်းရဲ့လုံခြုံရေးကသာ ပထမဦးစားပေးပဲ...နားလည်ရဲ့လား...”  

“ဟုတ်....” စုန့်ရန်နှုတ်ခမ်းအသာကိုက်ကာ သူ၏မျက်နှာအား ဆဲလ်ဖုန်းကိုတိုးဝှေ့နေမိခြင်းမှ မရပ်တန့်နိုင်ခဲ့ချေ။ သူက ခပ်တိုးတိုးလေးပြောလာသည်။

 “လူကြီးမင်းဟယ်...ခင်ဗျားက အရမ်းကိုကောင်းမွန်တဲ့လူပဲ...”

ထိုစကားလေးက အဆုံးမရှိသောချိုမြိန်မှုများစွာကို သယ်ဆောင်လာခဲ့ကာ ဟယ်ကျစ်ယွမ်၏စိတ်အလျဥ်အား လောင်စာထည့်ပေးသကဲ့သို့ဖြစ်သွားခဲ့သည်။ သူ၏နားရွက်များထုံကျဥ်သွားပြီး ခန္ဓာကိူယ်၏တုံ့ပြန်မှုက ပို၍ပြင်းထန်လာခဲ့၏။ ဟယ်ကျစ်ယွမ်က သူ့မျက်ခုံးများ၏အလယ်ကိုဖိလိုက်ကာ အကူအညီမဲ့ဟန်ပေါ်နေသောမျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ထွန်းလာခဲ့သည်။ 

သူက စုန့်ရန်၏ မရည်ရွယ်သောအခရာစကားလေးကိုပင် ခံနိုင်ရည်မရှိခဲ့ချေ။ 

စုန့်ရန်သည်လည်း အဆင်ပြေပြေမရှိနေချေ။

သူက ခြေထောက်ဗလာနှင့် ဆိုဖာပေါ်တွင်ကွေးကွေးလေးလှဲရင်း တစ်ခုခုလစ်ဟာနေသလို ခံစားနေရ၏။ ခေါင်းအုံးကိုတင်းတင်းဖက်လိုက်သော်လည်း သူ့စိတ်ထဲကျေနပ်သည်ဟုမခံစားခဲ့ရချေ။ 

ဟယ်ကျစ်ယွမ်၏နှစ်သိမ့်စကားများက နွေးထွေးပြီးအားကိုးချင်စရာဝက်ဝံကြီးနှင့်တူသည်။ သူ့အတွက် ထိုစကားများက ယုံကြည်ရသောနိဗ္ဗာန်ငယ်ကလေးနှင့်ဆင်တူသော ခွင့်လွှတ်၊ကာကွယ်မှုကို ခံစားရစေသည်။ 

လူကြီးမင်းဟယ်နှင့် ဖုန်းပြောနေရခြင်းသာဖြစ်သည်မှာ ဆိုးလေသည်။

လူကြီးမင်းဟယ်ကိုသာ သူအခုအချိန်တွေ့လိုက်ရပါက ခေါင်းအုံးကိုချက်ချင်းလွှတ်ချပြီး နှစ်သိမ့်သောပွေ့ဖက်မှုတစ်ခုကိုတောင်းခံလျှက် အသားချင်းထိတွေ့မိမှာပင်။ 

သူ့နှလုံးသားတစ်ခုလုံး ပြည့်နှက်သွားသည်အထိပေါ့...။

..........

 

၆ရက်မြောက်နေ့...ညနေ ၆နာရီခွဲ...

သူ၏လိင်စိတ်ခံယူမှုနှင့်ပတ်သတ်သော ဝန်ထုပ်ဝန်ပိုးကြီးကိုလွှတ်ချနိုင်သည့်နောက် စုန်ရန်က လူကြီးမင်းဟယ်ကို ဂေးတစ်ယောက်အနေဖြင့် ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ပြီဖြစ်သည်။ သူ၏စိတ်အခြေအနေက အလွန်မြင့်မားလျှက်ရှိကာ ရလဒ်အနေဖြင့် ရွှင်လန်းတက်ကြွစွာစကားပို၍ဆိုတော့သည်။ 

ဟယ်ကျစ်ယွမ်က စုန့်ရန်ပြောသမျှနားထောင်ရသည်ကို နှစ်သက်လေသည်။ သူက ခြေချိတ်ထိုင်ခြင်းကိုစွန့်လွှတ်လိုက်ပြီး ဆိုဖာပေါ်နောက်ပြန်လှဲချရင်း တစ်ဖက်လူပြောနေသည့် အကြောင်းကိစ္စလေးများထံ အာရုံစိုက်လိုက်သည်။ ထိုကဲ့သို့စိတ်ပြောင်းလိုက်လျှင်၏ဘောင်းဘီအောက်မှအခြေအနေသည်လည်း ငြိမ်ကျသွားလိမ့်မည်ဟု မျှော်လင့်လျှက်ရှိ၏။

သနားစရာကောင်းစွာပင် ၎င်းကအလုပ်မဖြစ်ချေ။

စုန့်ရန်က ဟယ်ကျစ်ယွမ် နေရခက်သောအခြေအနေသို့ရောက်နေမှန်း မသိခဲ့ချေ။ သူက စကားပြောနေရင်း ဂျင်းနံ့မွှေးမွှေးနှင့်ဘဲသားစွပ်ပြုတ်ကို ဆက်လက်ချက်ပြုတ်ရန် မီးဖိုခန်းအတွင်းပြန်လျှောက်သွားလိုက်၏။ တစ်ဝက်စားပြီးသည့်ပန်းသီးကိုပြန်ကိုင်၍ ဂြွတ်ကနဲ့ တစ်ကိုက်ကိုက်လိုက်ကာ ဂေါ်ဂျီဘယ်ရီသီးအချို့ကို ဖြည်းညှင်းစွာအိုးထဲထည့်လိုက်သည်။ 

 “အာ ဒါနဲ့ လူကြီးမင်းဟယ်...အဖြောင့်တစ်ယောက်အနေနဲ့ အခန်းဖော်နဲ့တူတူ LGBT ပွဲတွေကိုလိုက်တက်ရတော့လေ...သက်တံ့ရောင်အလံတွေမျက်နှာပေါ်မှာခြယ်ရတာမျိုး၊ ဆောင်ပုဒ်တွေရွတ်ရတာမျိုး၊ ဘန်နာတွေကိုဝေ့ယမ်းပြီး သင်္ကေတတွေကိုင်ရတာမျိုးတို့ကျတော့ တံခါးအသစ်တစ်ချပ်ပွင့်သွားသလို ခံစားရဖူးလားဟင်...”  

ဟယ်ကျစ်ယွမ် ထောက်ခံလိုက်သည်။ “အင်း...နည်းနည်းပေါ့...”

စုန့်ရန်ကဆက်မေးသည်။ “ဒါဆို...တခြားလူတွေအထင်လွဲမှာကို မစိုးရိမ်ဘူးလားဟင်...”

“ကိုယ်ကဘာလို့စိုးရိမ်ရမှာလဲ...လိင်တူနှစ်သက်တာက ကြောက်စရာကောင်းတဲ့အရာတစ်ခုမှမဟုတ်တာ...” ဟယ်ကျစ်ယွမ်က ပြုံးလျှက် “စုန့်ရန်...မင်းကိုယ့်ကို နည်းနည်းနားလည်မှုလွဲနေသလိုပဲ...ကိုယ်ကမင်းထင်သလောက် အရမ်းမဖြောင့်ပါဘူး...” 

ဘုတ်...

ဆဲလ်ဖုန်းက စုန့်ရန်၏လက်ချောင်းများကြားမှ ချော်ထွက်သွားကာ ဘဲတစ်ကောင်နှင့်အတူ အိုးထဲတွင်ရေအတူချိုးရမည့်အဖြစ်သို့ ရောက်ကာနီးဖြစ်သွားခဲ့ရသည်။

Xxxxxx