အပိုင်း ၃၄
Viewers 9k

Chapter 34

စုန့်ရန် မယုံနိုင်စွာဖြင့် ရှက်ရွံ့သွားခဲ့ကာ သူ၏လက်များကိုအမြန်လှုပ်ရှားရင်း လည်နေသည့်ဖုန်းကို အမြန်ကယ်ဆယ်လိုက်ရ၏။ ထိုစဥ် ဟယ်ကျစ်ယွမ်၏စကားသံကို သူကြားလိုက်ရသည်။

 “ကိုယ် သီအိုရီတစ်ခုသိထားတယ်...လိင်စိတ်ဆန္ဒမှာ အဖြူအမဲမရှိဘူးတဲ့...၁၀၀ ရာခိုင်နှုန်း အဖြောင့်၊ ဒါမှမဟုတ် ၁၀၀ ရာခိုင်နှုန်းဂေးဖြစ်နေတာမျိုးက မြင်နေကျပဲဆိုပေမယ့် အချို့လူတွေရဲ့စိတ်ဆန္ဒကတော့ နှစ်ခုစလုံးကိုတိမ်းညွှတ်နေတတ်တယ်လေ...ဒီတိုင်း အချိုးတွေမတူရုံပဲ...” 

“အာ....ဒါဆို...ခင်ဗျား...ခင်ဗျားရဲ့အချိုးကရော...”

သူ၏လျှာကို ကြိုးတစ်ထောင်လောက်ဖြင့်ချည်ထားသကဲ့သို့ စုန့်ရန် ခံစားနေရ၏။ 

ဟယ်ကျစ်ယွမ်က အေးဆေးစွာပြန်ဖြေသည်။ “ဆယ်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်လောက်တုန်းက ကိုယ့်ရဲ့လိင်စိတ်ဝင်စားမှုအပေါ် ယုံကြည်ချက်အပြည့်အဝရှိတဲ့အချိန်တွေရှိခဲ့ဖူးတယ်...ကိုယ်က ဂေးမဖြစ်နိုင်ဘူး ဆိုပြီးတော့ပေါ့...နောက်တော့...လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ကျောင်းသားအသင်းမှာ Kelin Grid စစ်ဆေးကြည့်လိုက်တော့ ရလဒ်ကြောင့်ကိုယ်နည်းနည်းလန့်သွားခဲ့တယ်လေ...ဆန့်ကျင်ဘက်လိင်ကိုစိတ်ဝင်စားတာထင်ရှားပေမယ့် လိင်တူဆက်ဆံရေးကိုလည်း လက်ခံနိုင်တယ်လို့ စစ်ဆေးချက်မှာပြထားတာကိုး...မနှစ်ကတော့ ကိုယ်ဆရာဝန်နဲ့တိတိကျကျစစ်ဆေးခဲ့တယ်...ရလဒ်ကအတူတူပဲ...ဒါ့ကြောင့် အတိအကျပြောရမယ်ဆိုရင် လုံးဝဖြောင့်နေတဲ့ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ကိုသတ်မှတ်လို့မရဘူး...”  

စုန့်ရန်၏ဘယ်ဘက်လက်တွင် စွပ်ပြုတ်မွှေသည့်ယောက်ချိုရှိနေကာ သူ၏ညာဘက်လက်တွင် ဆဲလ်ဖုန်းကိုင်ထားလေသည်။ သူ၏ယောင်နနအမူအရာကိုကြည့်ခြင်းဖြင့် သတိလက်လွတ်ဖြစ်သွားသည်မှာ ထင်ရှားလှသည်။ 

ဒီ...ဒီ အခြေအနေကဘာလဲ...

ဟယ်ကျစ်ယွမ်က သူ့ဆီမှာအမိအရ တိုက်ရိုက်ထုတ်ပြောနေတာလား...ဒါပေမယ့် လူကြီးမင်းဟယ်က ဘာလို့ဒါကိုပြောရတာလဲ...နှစ်ဦးနှစ်ဖက်က လိင်စိတ်တိမ်းညွှတ်မှုအကြောင်း အတူတူထုတ်ပြောရာကျမသွားဘူးလား...  

စုန့်ရန်၏ခေါင်းထဲတွင် စိတ်ကူးယဥ်အတွေးများစွာပြည့်နှက်လာ၏။ သူက သူ၏ဂန္နမာပန်းလေးအား လိုချင်တပ်မက်နေသော လူကြီးမင်းဟယ်၏နောက်ကျောပုံရိပ်ကိုပင် ခဏတာမြင်ယောင်လိုက်မိ၏။ သူအရမ်းအရှက်မဲ့လွန်းသည်ဟု ခံစားလိုက်ရသော်လည်း လူကြီးမင်းဟယ်နှင့်ပတ်သတ်သောအတွေးများကို ဆက်တိုက်တွေးနေမိလေသည်။ ထိုအချိန်တွင် သူဘယ်လိုတုံ့ပြန်ရမည်မှန်းမသိတော့သဖြင့် ခေါင်းစဥ်ပြောင်းရန်သာ သနားစဖွယ်ကြိုးစားရှာသည်။ သူက ဟယ်ကျစ်ယွမ်နှင့်အတူ ယနေ့ည၏ညစာအကြောင်းဆွေးနွေးပြီးနောက် ညစာအဆင်သင့်ဖြစ်သဖြင့် ပုပုအားနှိုးရမည်ဟုအကြောင်းပြကာ ဖုန်းကိုအလျှင်အမြန်ချသွားလေသည်။   

အလုပ်ရှုပ်နေဟန်အပြည့်ထည့်ထားသော အသံစာစာလေးကြောင့် ဟယ်ကျစ်ယွမ် မရယ်ပဲမနေနိုင်ခဲ့ချေ။ 

စုန့်ရန်...ဘာကမင်းကိုပျာယာခတ်စေတာလဲ... 

ကိုယ်သိပ်မသေချာပေမယ့် တစ်စုံတစ်ခုကိုဖမ်းမိလိုက်သလိုပဲ... 

ကိုယ်တို့က မျက်စောင်းထိုးမှာနေကြတဲ့ အိမ်နီးချင်းတွေဆိုတော့ အနာဂတ်မှာတစ်ယောက်နဲ့တစ်ယောက် တွေ့ရမယ့်အခွင့်အလမ်းအများကြီးရှိပါသေးတယ်လေ...ကိုယ် မင်းဆီကို အစစ်အမှန်ခြေတစ်လှမ်းတိုးလာတဲ့အခါကျမှ ထိတ်လန့်ရင်လည်းနောက်မကျပါဘူး...  

ယနေ့တွင် ညစာစားပြီးနောက် ပုပုက စုန့်ရန်အနားတွင် အားယားလေးမှောက်လိုက်ကာ ပုံပြောပြရန်ပူဆာတော့သည်။ 

စုန့်ရန် စာအုပ်စင်မှ စာအုပ်တစ်အုပ်ကိုယူလိုက်သော်လည်း ပုပုက စာအုပ်ကို သူ၏မေးဖျားကလေးဖြင့် တွန်း၍ပိတ်လိုက်ကာ ကစားစရာအသစ်တစ်ခုအား ချစ်စဖွယ်ကမ်းပေးလာ၏။ 

“ကိုကြီး...သား ဒီယုန်ကလေးရဲ့ပုံပြင်ကိုမသိသေးဘူး...ဒီနေ့သားကို ဒီပုံပြင်အရင်ပြောပြနော်...”

စုန့်ရန်က ယုန်ကလေးကိုကြည့်ကာ အနည်းငယ်စိုးရိမ်သလိုခံစားလိုက်ရသည်။ 

သူက နတ်သမီးပုံပြင်များစွာကို ပုံဖော်ရေးဆွဲခဲ့သော်လည်း ပုံပြောကောင်းသူတစ်ဦးမဟုတ်ချေ။ သို့ရာတွင် ပုပု၌ ထူးခြားသောခံယူချက်တစ်ခုရှိသည်။ သူက သူ့တွင်ရှိသောအရုပ်အားလုံး အသက်ရှိနေကာ မိဘများ၊ ညီအကိုများနှင့် တောက်ပပြီးအံ့သြစရာကောင်းသော အတိတ်များရှိကြသည်ဟု ယုံကြည်ထားလေသည်။ အရုပ်များ၏ပုံပြင်ကိုနားထောင်ရမှသာ သူကသူတို့၏သူငယ်ချင်းကောင်းတစ်ဦး အမှန်စင်စစ်ဖြစ်လာလိမ့်မည်ဟု ယူဆထား၏။ 

စုန့်ရန်က ပုပု၏အပြစ်ကင်းမှုအား ကာကွယ်လိုသည့်အတွက် ဤသို့သောအခြေအနေကိုကြုံရတိုင်း ဦးနှောက်အားအလုပ်ပေးကာ ၇ကြောင်း၊ ၈ကြောင်းသာထွက်လာစေကာမူ ပုံပြင်တစ်ပုဒ်ရအောင်ကြိုးစားရလေ့ရှိသည်။  

ယခုအခါတွင်လည်း သူကခဏတွေးလိုက်ပြီး စတင်၍ပြောလိုက်သည်။

 “ခုလေးတင် ကိုကြီးက သားရဲ့ပါပါးနဲ့ဖုန်းပြောခဲ့တယ်လေ...သား ပါပါးက ယုန်ကလေးရဲ့ဇာတ်လမ်းအကြောင်း ကိုကြီးကို ပြောပြခဲ့တယ်...ကိုကြီး သားကိုပြောပြမယ်...ဟုတ်ပြီလား...” 

“အာ...” ပုပု၏မျက်ဝန်းကလေးများ တောက်ပသွားကာ အဓိကအချက်ကိုဖမ်းဆုပ်လိုက်၏။

 “ကိုကြီးက ပါပါးကို တိတ်တိတ်ကလေးဖုန်းခေါ်ခဲ့တာပဲ...”

“တိတ်တိတ်လေးတဲ့လား...ကိုကြီးတို့က ပွင့်ပွင့်လင်းလင်းစကားပြောခဲ့ကြတာပါနော်...”

 စုန့်ရန် မျက်ခုံးပင့်ကာ ပုပုအားခြိမ်းခြောက်လိုက်သည်။ “သား တစ်နေ့လုံးအဝတ်ရေစိုကြီးနဲ့ လျှောက်ပြေးနေခဲ့တာလေ...ကိုကြီးက သားရဲ့ပါပါးကိုဒီအကြောင်း တိုင်မပြောသင့်ဘူးလား...” 

ပုပုက မပျော်မရွှင်ဖြစ်သွားခဲ့၏။ သူက နှုတ်ခမ်းလေးစူကာ ဆန္ဒပြတော့သည်။ 

“ကိုကြီးနော်...အတင်းပြောတာမကောင်းဘူးဆို...” 

စုန့်ရန်ပြုံးလိုက်သည်။

 “ကိုကြီးက စတာပါကွာ...ကိုကြီး ဘယ်လိုလုပ်အတင်းပြောမှာလဲ...ကိုကြီးက ပုပုကို အကြိမ်တစ်ရာလောက်ချီးကျူးပေးခဲ့တာလေ...သားရဲ့ပါပါးက အရမ်းကိုပျော်သွားပြီးတော့ သားကိုဆုချတဲ့အနေနဲ့ ပုံပြင်ပြောပြချင်တယ်တဲ့...ကံမကောင်းချင်တော့ သားကအိပ်ပျော်နေတယ်လေ...အခုသားနိုးလာပြီဆိုတော့ ကိုကြီးက သူ့အစား သားကိုပုံပြင်ပြောပြပေးရမှာပေါ့...” 

ပုပု၏မျက်ဝန်းကလေးများက ဝိုင်းစက်လာလေသည်။ “ပါပါးလည်း ပုံပြင်ပြောတတ်တာလား...”

စုန့်ရန် ခေါင်းညှိတ်လိုက်၏။ 

“ဒါပေါ့...သားရဲ့ပါပါးက အားလုံးလုပ်နိုင်တယ်လေ...ဒီတစ်ခါ သူပြောပြတဲ့ပုံပြင်က...အင်း...နားရွက်ထောင်ယုန်ကလေးတွေနဲ့ နားရွက်ကုပ်ယုန်ကလေးလို့ ခေါ်တယ်...” 

ပုပုက အမြန်လေးဘက်တွားကာ မီးဖိုးရောင်အမွှေးပွယုန်ရုပ်ကလေးကို လက်နှစ်ဖက်ဖြင့်ကမ်းပေးလာ၏။ 

“ဒီမှာ...ဒီမှာ...အဓိကဇာတ်ဆောင်ကဒီမှာ...ကိုကြီး...မြန်မြန်ပုံပြင်ပြောပြပါနော်...သားနားထောင်ချင်တယ်...” 

စုန့်ရန်က ယုန်၏နူးညံ့သောနားရွက်နှစ်ဖက်ကို ထိတွေ့လျှက် ပုပုအားစတင်၍ပုံပြင်ပြောပြလေသည်။ 

၎င်းပုံပြင်က တောအုပ်ကြီးတစ်ခုထဲ၌ ဖြစ်ပွားခဲ့လေသည်။ 

ယုန်ပိစိကလေးများက တောအုပ်ထဲတွင် အုပ်စုဖွဲ့၍နေထိုင်ကြ၏။ သူတို့တွင် ပတ္တမြားရောင်ဝိုင်းစက်စက်မျက်ဝန်းများ၊ နှင်းဘောလုံးနှင့်ဆင်တူသောအမြှီးတိုကလေးများ၊ ကောင်းကင်သို့ညွှန်ပြနေဟန် နားရွက်ရှည်ရှည်များရှိလေသည်။ အရေးအကြီးဆုံးအရာမှာ စာရွက်တစ်ရွက်ပေါ်တွင် တူညီသည့်ဖယောင်းနှင့်ရိုက်နှိပ်ထားသော တံဆိပ်ခေါင်းများကဲ့သို့ သူတို့အားလုံး၏ပုံစံမှာ အတိအကျတူညီနေကြခြင်းဖြစ်သည်။ ထို့ကြောင့် ယုန်ကလေးများက တစ်ကောင်နှင့်တစ်ကောင်မျက်နှာချင်းဆိုင်ကာ လှုပ်ရှားမှုများကိုအတူတကွတစ်ထပ်တည်းပြုလုပ်ရင်း မှန်တွင်အရုပ်ထင်နေဟန် သရုပ်ဆောင်ကြသည့်ကစားနည်းကို အလွန်နှစ်သက်ကြလေသည်။  

သို့သော် ယုန်ကလေးတစ်ကောင်မှာ ထိုကစားနည်းကိုမကစားနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် သူက အားလုံးနှင့်ကွဲပြားသောကြောင့်ဖြစ်၏။ 

အဆိုပါယုန်ကလေးက နားရွက်ကုပ်ကုပ်ကလေးဖြင့် မွေးဖွားလာခဲ့ခြင်းပင်။ အမွေးဖွားနားရွက်ရှည်နှစ်ဖက်က သူ့မျက်နှာလုံးလုံးလေး၏ တစ်ဖက်တစ်ချက်စီတွင် တွဲလောင်းကျလျှက်ရှိကာ မည်သည့်နည်းနှင့်မှထောင်မတ်လာမည့်ပုံမရချေ။ အခြားယုန်များက သူ၏နားရွက်ရှည်တစ်စုံမှာ ကျိုးနေသည်ဟုလှောင်ပြောင်ကြသဖြင့် ယုန်ကလေးသည်လည်း သူ့နားရွက်များမှာကျိုးနေခြင်းဖြစ်သည်ဟု ထင်မှတ်လာခဲ့လေသည်။  

အဘယ်ကြောင့်ဆိုသော် သူ့နားရွက်များမှလွဲ၍ သစ်တောထဲရှိယုန်တိုင်း၏နားရွက်များမှာ ထောင်မတ်နေသည်မဟုတ်ပါလော။ 

ထို့ကြောင့် တစ်ရက်တွင် နားရွက်ကုပ်ယုန်ကလေးက သူ့ကိုယ်သူပြောင်းလဲရန် ဆုံးဖြတ်လိုက်လေသည်။ 

ပထမနေ့တွင် သူက ကြိုးနှစ်ကြိုးရှာကာ သူ့နားရွက်နှစ်ဖက်၏ ထိပ်ဖျားတွင်ချည်လျှက် သစ်ပင်၏သစ်ကိုင်းတစ်ခုတွင် တွဲချည်ထားလေသည်။ ၎င်းက ဒန်းတစ်ခုသဖွယ် ရှေ့နောက်လွှဲယမ်းလျှက်ရှိ၏။

(ဒီလိုတနေကုန်ချည်ထားလိုက်ရင် သူ နားရွက်ကလေးနှစ်ဖက်က ထောင်ထောင်လေးဖြစ်သွားမှာပဲ)ဟု ယုန်ကလေးကပျော်ရွှင်စွာတွေးလိုက်သည်။ 

တစ်နေ့တာကုန်လွန်သွားပြီးနောက် နားရွက်ကုပ်ယုန်ကလေးက ကြိုးများကိုပြန်၍ဖြည်ကာ စိတ်လှုပ်ရှားစွာခေါင်းခါယမ်းလိုက်သည်။ သို့သော် သူ၏နားရွက်ကလေးများက တွဲလောင်းကျနေဆဲဖြစ်၏။ ယုန်ကလေးက ယုန်စုန်းမလေးထံပြေးသွားသည့်အခါ စုန်းမလေးက “တုံးလိုက်တဲ့ကလေးရယ်...နားရွက်တွေက အရိုးအကြောနဲ့ဆိုင်တယ်လေ...ကြိုးချည်ထားရုံနဲ့ ဘယ်လိုလုပ်ထောင်မတ်လာပါ့မလဲ...” 

ထို့ကြောင့် ဒုတိယနေ့တွင် နားရွက်ကုပ်ယုန်ကလေးက သစ်သားချောင်းနှစ်ခုကိုယူကာ သူ၏နားရွက်များနှင့် တွဲ၍ချည်လိုက်သည်။ ထိုသို့ ချည်ထားလိုက်ခြင်းဖြင့် နောက်ဆုံးတော့ သူလည်း နားရွက်ထောင်ယုန်ကလေးဖြစ်သွားပြီဟု ယူဆလိုက်ကာ ယုန်ကလေးက ပျော်ရွှင်စွာခုန်ပေါက်နေတော့သည်။ သို့သော်ထိုသို့ခုန်ပေါက်လိုက်သည်နှင့် တုတ်ချောင်းနှင့်ချည်ထားသောနားရွက်များက အောက်သို့ပြန်လည်တွဲလောင်းကျလာပြန်၏။  

ယုန်တစ်ကောင်က မပြေးပဲ၊ မခုန်ပဲ ဘယ်နေနိုင်မှာလဲ... 

နားရွက်ကုပ်ယုန်ကလေးသည်လည်း ပြေးလွှားခုန်ပေါက်၍ကစားလေ့ရှိလေရာ ထိုအကြံအစည်ကို လက်လျှော့လိုက်ရလေသည်။ 

တတိယနေ့တွင်မူ စိတ်ပျက်အားလျော့နေသော နားရွက်ကုပ်ယုန်ကလေးက ရွေးချယ်စရာမရှိတော့ပဲ ယုန်နားရွက်ထောင်ကလေးများပါဝင်သည့် ခေါင်းစည်းတစ်ခုကိုဝယ်ယူလိုက်တော့သည်။ သူက သူ့နားရွက်ကုပ်ကလေးများကို အမွှေးလုံးလေးအဖြစ်စုချည်လိုက်ကာ ခေါင်းစည်းအတွင်းထိုးသိပ်၍ထည့်လိုက်သည်။ ၎င်းက မျက်ရည်ကျရသည်အထိနာကျင်ရသော်လည်း အနာခံရသည်မှာထိုက်တန်သည်ဟု ယုန်ကလေးယုံကြည်လေသည်။ နောက်ဆုံးတော့ သူသည်လည်း နားရွက်ထောင်ယုန်ကလေးဖြစ်သွားခဲ့ပြီဖြစ်ရာ အားလုံးနှင့်အတူတကွကစားနိုင်တော့မှာပင်။

သူက ယုန်အုပ်စုအတွင်းသို့ဝင်ရောက်လိုက်ကာ ပုံတူကူးကစားနည်းအား အားလုံးနှင့်အတူတကွကစားရန်ပြင်လိုက်၏။ သို့သော် မျက်စိလျှင်သောယုန်များက သူ၏ပြစ်ချက်ကိုရှာတွေ့သွားကြကာ သူ့အားအယောင်ဆောင်အဖြစ်သတ်မှတ်လျှက် အုပ်စုအတွင်းမှ မောင်းထုတ်ကြတော့သည်။ 

နားရွက်ကုပ်ယုန်ကလေးက စိတ်ပျက်အားငယ်စွာဖြင့် သစ်တောအတွင်းပြေးဝင်ခဲ့လေသည်။ သူက သူ၏နားရွက်များ၊ မျက်ဝန်းဝိုင်းဝိုင်းလေး၊ အမြှီး အရာအားလုံးကို မုန်းတီး၍နေလေသည်။

သူ သူ့ကိုယ်သူလုံးဝမနှစ်သက်တော့ချေ။ 

နောက်ဆုံးတွင် အလွန်အေး၍ဆာလောင်၍နေသော နားရွက်ကုပ်ယုန်ကလေးက အခြားယုန်အုပ်စုတစ်စုအား ရှာတွေ့သွားသည့်နေ့သို့ ရောက်ရှိလာခဲ့၏။ 

အဆိုပါယုန်အုပ်စုမှာ အလွန်ထူးဆန်းလှပြီး ဆင်တူနှစ်ကောင်ပင်မရှိချေ။ အချို့ယုန်များ၌ အနီရောင်တောက်တောက် မျက်ဝန်းများရှိကာ အချို့ယုန်များ၌မူ တောက်ပသောအနက်ရောင်မျက်ဝန်းများ ရှိကြလေသည်။ ယုန်အချို့၏အမွှေးများမှာ ဆွတ်ဆွတ်ဖြူနေကြရှိပြီး အချို့ကမူ လှပသောမီးခိုးရောင်အမွှေးနုများရှိကြ၏။ အချို့ယုန်များမှာ သစ်ပင်ပင်စည်ကဲ့သို့ ကြီးမားကြပြီး အချို့ကမူ မှိုလုံးလေးကဲ့သို့ သေးငယ်လှလေသည်။ သူတို့၏နားရွက်များမှာလည်း သေချာပေါက်ကွဲပြားကြလေသည်။ အချို့တွင် နားရွက်ထောင်ထောင်ကလေးများပါရှိပြီး အချို့ယုန်ကလေးများ၏ နားရွက်များကမူ မြေပေါ်တွင်လှည်းကျင်းသည့်တံမြက်စည်းကဲ့သို့ တွဲလောင်းကျနေလေသည်။ .

နားရွက်ကုပ်ယုန်ကလေးက နှုတ်ဆက်ရန်အတွက် ချက်ချင်းပြေးသွားသည့်အခါ ယုန်အုပ်စုက သူ့အားပျော်ရွှင်စွာကြိုဆိုကြလေသည်။  

နားရွက်ကုပ်ယုန်ကလေးကို ထူးဆန်းသည်ဟု မည်သူကမှမတွေးကြချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့အားလုံး၌ ကွဲပြားခြားနားမှုများရှိနေခြင်းကြောင့်ဖြစ်၏။ သူတို့က ပုံတူကူးသည့်ကစားနည်းမှာ အလွန်ပျင်းစရာကောင်းသည်ဟုယူဆကြသဖြင့် မည်သည့်အခါမှမကစားကြချေ။ ၎င်းအစား တွင်းတူးခြင်း၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်းနှင့်၊ အပြေးပြိုင်ခြင်းကဲ့သို့သော ကစားနည်းများကိုသာ ယုန်အုပ်စု၏ကစားနည်းများအဖြစ် သတ်မှတ်ထားကြလေသည်။  

ဤနေရာတွင် နားရွက်ကုပ်ယုန်ကလေးက ချစ်ခင်မှုများစွာကို တွေ့ကြုံခံစားရလေသည်။ 

အနက်ရောင်မျက်ဝန်းနှင့်ယုန်ကလေးက သူ့အတွက် မုန်လာဥဖြူကိတ်တစ်လုံးကို လက်ဆောင်ပေးသည်။ ကြီးမားသောယုန်က မိုးစက်များမကျအောင်ပိတ်ကာရန်တွက် သစ်ရွက်ကြီးကြီးတစ်ရွက် လက်ဆောင်ပေးကာ မီးခိုးရောင်အမွှေးပွယုန်ကမူ နူးညံ့သောကောက်ရိုးဆိုဖာတစ်ခု လက်ဆောင်ပေးလေသည်။ သူတို့၏မျက်ဝန်းများက အနီရောင်ဖြစ်ခြင်းမဖြစ်ခြင်း၊ သူတို့၏အမွှေးများက အဖြူရောင်ဖြစ်ခြင်းမဖြစ်ခြင်း၊ သူတို့၏နားရွက်များက ထောင်ခြင်းကုပ်ခြင်းတို့မှာ ဘာမှအရေးမကြီးချေ။ ယုန်ကလေးများအားလုံးက သူငယ်ချင်းကောင်းများဖြစ်ကာ တစ်ကောင်နှင့်တစ်ကောင် ကူညီရိုင်းပင်းကြလေသည်။ 

နားရွက်ကုပ်ယုန်ကလေးက သူ၏နားရွက်များကြောင့် ထပ်မံ၍သိမ်ငယ်သလိုမခံစားရတော့ချေ။ 

ယခု သူသည် လှပပြီး ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော ယုန်ကလေးတစ်ကောင်ဖြစ်လာခဲ့ပြီဖြစ်သည်။

ထိုပုံပြင်ကိုကြားသည့်အခါ ပုပုက ယုန်ကလေးကိုအမြန်ပွေ့ဖက်လိုက်ကာ သူ၏နားရွက်ကုပ်ကလေးများအားညှင်သာစွာပွတ်ပေးရင်း နှစ်သိမ့်လိုက်၏။

 “ဝမ်းမနည်းပါနဲ့...မင်းက အကောင်းဆုံးယုန်ကလေးပါ...ပုပု မင်းကိုအမြဲတမ်းသဘောကျသွားမယ်နော်...” 

စုန့်ရန်က သူ့ကိုမေးလိုက်သည်။ “ပုပုက ဘယ်ယုန်အုပ်စုကိုသဘောကျလဲ...ပထမတစ်ခုလား...ဒုတိယတစ်ခုလား...” 

ပုပုက တွေဝေခြင်းမရှိပဲ ချက်ချင်းပြန်ဖြေလေသည်။ “ဒုတိယတစ်ခု....”

Xxxxxcxx