အပိုင်း ၃၅
Viewers 9k

Chapter 35

စုန့်ရန်က အကြောင်းပြချက်အားမေးသည့်အခါ ပုပုခေါင်းလေးစောင်းလျှက် “အကုန်တူတူပဲဆိုရင် အရမ်းပျင်းစရာကောင်းမှာပဲ...အားလုံးမှာသာ အနီရောင်မျက်လုံးတွေ၊ အဖြူရောင်အမွှေးပွလေးတွေနဲ့ နားရွက်ထောင်ထောင်ကလေးတွေပဲရှိမယ်ဆိုရင် သား ဒီယုန်ကလေးကိုဘယ်လိုလုပ်ဝယ်လို့ရပါ့မလဲ...” 

သူကလေးက စုန့်ရန်ကိုပြန်မေးလာ၏။

 “ကိုကြီးရော...ကိုကြီးရောဘယ်အုပ်စုကိုကြိုက်လဲဟင်...”

စုန့်ရန်ကပြုံးလျှက်ပြောသည်။

 “ကိုကြီးက ဒုတိယအုပ်စုကိုကြိုက်တယ်...ဘာလို့ဆို ကိုကြီးက နားရွက်ကုပ်ယုန်ကလေးလေ...”

“လူညာကြီး...ဟုတ်လည်းမဟုတ်ပဲနဲ့...” ပုပုက ကိုယ်ကိုလိမ့်ရင်းမတ်တပ်ရပ်ကာ စုန့်ရန်၏နားရွက်ကလေးများကို ထိကိုင်ကြည့်လိုက်၏။ 

“ကြည့်လေ...ကိုကြီးနားရွက်ကဒီမှာမဟုတ်လား...အဲ့ဒါကတွဲလောင်းလေးမကျပဲနဲ့...” 

စုန့်ရန်က ပုပု၏လက်ပိစိလေးကိုဆွဲယူလိုက်ကာ သူ့ကိုရော အမွှေးဖွားယုန်ကလေးကိုပါ အတူတူပွေ့ဖက်လိုက်သည်။ 

၃၀ဂျင်လောက်လေးနေပြီဖြစ်သော လေးနှစ်သားဝဝကစ်ကစ်ကလေးက နွေးထွေးပြီးတည်ငြိမ်သောခံစားချက်ကို ပေးစွမ်းလျှက်ရှိသည်။ 

စုန့်ရန်ကပြောသည်။ 

“ကိုကြီးမှာ နားရွက်ကုပ်ကလေးတွေမရှိပေမယ့် လူအများစုနဲ့မတူတာတစ်ခုတော့ရှိတယ်...အရင်ကဆို ကိုကြီးက ဘယ်နေရာမှမဝင်ဆံ့ပဲ နှစ်သက်စရာနေရာတစ်ခုမှမရှိဘူးလို့တွေးမိတဲ့အတွက် မပျော်ရွှင်ခဲ့ဘူးလေ...ဒီနေ့တော့ ကိုကြီး သားပါပါးနဲ့ဖုန်းပြောခဲ့ရတယ်...သူ ကိုကြီးကိုမုန်းသွားလိမ့်မယ်လို့ ကိုကြီးကထင်ခဲ့တာ...ဒါပေမယ့် သူကအရမ်းကိုသဘောထားကြီးပြီး ကြမ်းတမ်းတဲ့စကားတစ်ခွန်းမှမပြောခဲ့ဘူး...အကျဥ်းချုပ်ရရင် ကိုကြီးကိုတစ်ချိန်လုံးနှစ်သိမ့်ပေးခဲ့တာ...” 

“ဒုတိယယုန်ကလေးတွေအုပ်စုလိုမျိုးလား...”

ပုပုက ခေါင်းကလေးစောင်း၍သူ့ကိုကြည့်လိုက်သည်။ 

စုန့်ရန် ခေါင်းညှိတ်လိုက်သည်။ “အင်း...”

ပုပု၏နှလုံးသားက ဂုဏ်ယူမှုများဖြင့်ပြည့်နှက်သွားခဲ့သည်။ သူက သူ့ရင်ဘတ်သေးသေးလေးအား ပင့်မလိုက်ကာ ယုံကြည်ချက်အပြည့်ဖြင့်ပြောလေသည်။ 

“ဒါပေါ့...သူက သားရဲ့ဖေဖေပဲလေ...သားက ကိုကြီးကိုအရမ်းသဘောကျတာ...ဒါ့ကြောင့်သူကလည်း ကိုကြီးကိုသေချာပေါက်သဘောကျတာပေါ့...ကိုကြီး...မစိုးရိမ်ပါနဲ့...ပါပါးနဲ့သားက ဒုတိယယုန်အုပ်စုပါ...ကိုကြီးက အရမ်းသဘောကောင်းတာကြောင့် သားတို့တစ်သက်လုံးကိုကြီးနဲ့တူတူရှိသွားမှာ...”

ကလေးလေး၏မျက်ဝန်းဝိုင်းများက ညကောင်းကင်တွင်နစ်မြုပ်နေသည့် ကြယ်ကလေးများသဖွယ် တလက်လက်တောက်ပလျှက်ရှိသည်။ ‘တစ်သက်လုံး...’ ဟူသည့်စကားကိုပြောချိန်၌ ပို၍ပင်စစ်မှန်လာခဲ့၏။ 

စုန့်ရန်၏မျက်လုံးများက မျက်ရည်များဖြင့်ပြည့်နှက်နေသော်လည်း အဆုံးအထိမျက်ရည်မကျအောင်တင်းထားလျှက်ရှိ၏။ သူက ပြုံးလျှက် “ကောင်းပြီ...ကိုကြီးတို့ တစ်သက်လုံးအတူတူရှိသွားကြမယ်...”

 

............

၇ရက်မြောက်နေ့ မနက် ၆နာရီ ၅မိနစ် 

ပိတ်ရက်က မျက်စိတစ်မှိတ်အတွင်းကုန်ဆုံးသွားကာ တင်္နလာနေ့သို့ပုံမှန်အတိုင်း ရောက်လာပြန်၏။ ပုပုက မူကြိုသို့သွားရန်လိုအပ်သလို စုန့်ရန်သည်လည်း တောင်လိုပုံနေသည့်ပုံဆွဲစရာများအား အမြန်အပြီးသတ်ရန်လိုအပ်နေကာ၊ ဝေးကွာသောနယ်မြေရှိလူကြီးမင်းဟယ်သည်လည်း မနက်စောစောထပြီး အချိန်ပိုအလုပ်ဆင်းကာ အရင်တစ်ပါတ်ကထက်ပို၍များပြားသည့် အလုပ်များနှင့်ရင်ဆိုင်ရန် လိုအပ်နေပေသည်။ 

ဤမြို့ထဲ၌ အဆောက်အဦးတိုင်း၏ ပြတင်းပေါက်များမှတဆင့်တွေ့ရသော မိသားစုတိုင်း၌ နေထိုင်မှုပုံစံသုံးမျိုးရှိလေသည်။ 

အလုပ်ရှုပ်ခြင်း၊ တည်ငြိမ်ခြင်းနှင့် ပျော်ရွှင်ခြင်း... 

အချင်းချင်းတွေ့သည့်အချိန်မှာ နည်းလွန်းသော်လည်း သူတို့ကြားထဲတွင်ဆက်နွယ်နေသော မေတ္တာဓာတ်က ပျော်ရွှင်မှုကိုဆောင်ကြဥ်း၍ပေးနိုင်လေသည်။  

မနက်စောစောတွင် နေရောင်ခြည်အလင်းတန်းကလေး အိပ်ခန်းထဲသို့ကျဆင်းလာသည့်အခါ စုန့်ရန်က အေးချမ်းပြီးတည်ငြိမ်သောရက်သတ္တပတ်ဖြစ်ရမည်ဟု ယူဆလိုက်မိသည်။ သူနှင့်လူကြီးမင်းဟယ်ကြားတွင် ဝိုးတဝါးမရေရာသည့်ရင်းနှီးမှုတစ်ခု အစပျိုးနေပြီဖြစ်ကာ ပုပုသည်လည်း နာခံလွယ်၍အမှီအခိုကင်းလာခဲ့ပြီး အခြားလူများကို သူ့အတွက်စိတ်မပူစေတော့ချေ။ သူ၏ဘဝက မှန်ကန်သောလမ်းကြောင်းပေါ်သို့ ဦးတည်လာပြီဖြစ်ပြီး နောက်ထပ်ဆယ်ရက်ကျော်အထိ ပုံမှန်အတိုင်းဖြတ်သန်းလျှက် ပုပုကိုကြည့်ရှုစောင့်ရှောက်ရန်သာ လုပ်စရာရှိလေသည်။  

သို့သော် ဘဝကသူ့အား အေးအေးချမ်းချမ်းပေးမနေပဲ တွင်းကြီးကြီးတူးထားပေးလိမ့်မည်ဟု သူကြိုမသိခဲ့ချေ။ 

မနက် ၆နာရီတွင် စုန့်ရန်က နှိုးစက်ကိုပိတ်ကာ ပုပုအားနှိုးလိုက်သည်။ ထို့နောက် ကုတ်အင်္ကျီကိုထပ်ဝတ်လိုက်ပြီး မနက်စာပြင်ဆင်ရန် မီးဖိုခန်းအတွင်းသို့သွားလေသည်။  

ဖက်ထုပ်များကို လက်သည်းခွံအရွယ်ရှိအသားတုံးကလေးများဖြင့် အစာသွပ်ကာ ရေဆူဆူတွင်ထည့်၍ပြုတ်လိုက်သည်။ ဒယ်ပြားခပ်သေးသေးထဲရှိ ကြက်ဥကြော်က ရွှေအိုရောင်သမ်းလာသည့်အခါ ကြက်သွန်နီကလေးများကို ရိပ်ရိပ်လှီး၍ ကြက်ဥကြော်အလယ်တွင် တင်လိုက်လေသည်။ ထို့နောက် ယောက်မဖြင့်ထိုးကော်ကာ ကြက်ဥလိပ်အဖြစ်ဖန်တီးလိုက်ရင်း ပန်းကန်ပြားပေါ်မတင်ခင် သုံးပိုင်းပိုင်းလိုက်၏။ စုန့်ရန်က ကြွေထည်စွပ်ပြုတ်ပန်းကန်လုံးတစ်ခုကိုယူကာ ပုစွန်ခြောက်အနည်းငယ်နှင့် ဆားကိုထည့်လိုက်သည်။ ဖက်ထုပ်စွပ်ပြုတ်ကို အဆိုပါပန်းကန်လုံးအတွင်းလောင်းထည့်ကာ ကြက်ဥလိပ်နှင့်အတူ စားပွဲပေါ်သို့တင်ထားလိုက်လေသည်။ 

မနက်စာက အဆင်သင့်ဖြစ်ပြီဖြစ်သော်လည်း အိမ်ကတိတ်ဆိတ်နေဆဲဖြစ်၏။ အိပ်ခန်းတံခါးက စေ့ပိတ်လျှက်ရှိကာ သွားတိုက်သံ သို့မဟုတ် မျက်နှာသစ်နေသည့်အသံများသည်လည်း ရေချိုးခန်းအတွင်းမှ ထွက်ပေါ်လာခြင်းမရှိချေ။  

ငပျင်းလေးက ဒီနေ့ အရမ်းအိပ်ချင်နေတာများလား... 

မဟုတ်သေးပါဘူး...မနေ့ညက သူသေချာပေါက်စအိပ်ရာစောစောဝင်သွားတာပါ...

နိမိတ်တစ်ခုခုအား ခံစားမိလိုက်သည်နှင့် စုန့်ရန်က အိပ်ခန်းတံခါးကိုအမြန်တွန်းဖွင့်ကာ အခန်းထဲဝင်လိုက်သည်။ သူက ပြတင်းပေါက်လိုက်ကာများအားဆွဲဖွင့်ကာ နေရောင်ခြည်များဝင်စေလျှက် အခန်းကိုလင်းထိန်စေလိုက်ချိန်တွင် ငှက်မွှေးဂွမ်းကပ်အောက်၌ တိတ်ဆိတ်စွာကွေးနေသော ပုပုအားတွေ့လိုက်ရသည်။ သူ့မျက်နှာပိစိကလေးက အနီရောင်သမ်းလျှက်ရှိကာ အသားအရည်မှာလည်း စိုစွတ်၍ပူပြင်းလျှက်ရှိသည်။ ချွေးစိုနေသောဆံပင်အချို့က သူ့နဖူးလေးထက် စေးကပ်နေလေ၏။ သူက နေရောင်ဖြင့်ခြောက်သွေ့သွားသော သစ်ရွက်လေးတစ်ရွက်လို နုံးခွေ့၍နေလေသည်။ စုန့်ရန်က ကလေးငယ်၏နဖူးကို သူ့လက်ခုံဖြင့်စမ်းသပ်လိုက်သည့်အခါ သူကလေး၏ကိုယ်အပူချိန်မှာ ထိတ်လန့်ဖွယ်မြင့်တက်နေကြောင်း သိလိုက်ရလေသည်။ ထို့ကြောင့် သူက အိပ်ရာနံဘေးရှိအံဆွဲကိုအမြန်ဖွင့်ကာ သာမိုမီတာကိုထုတိယူလိုက်သည်။ 

ပြဒါးက မြန်ဆန်စွာမြင့်တက်သွား၏။ ၎င်းက ၃၆ ဒီဂရီစင်တီဂရိတ်၊ ၃၇ ဒီဂရီစင်တီဂရိတ်၊ ၃၈ ဒီဂရီစင်တီဂရိတ် မှတဆင့် ၃၉ ဒီဂရီစင်တီဂရိတ် အထိမြင့်တက်သွားလေသည်။ စုန့်ရန်က ပြဒါးကိုကြည့်ရင်း အသက်ရှူဖို့ပင်မေ့အောင် စိတ်ပူသွားခဲ့သည်။ 

အဆုံးသတ်တွင် ပြဒါးက ၃၉ ဒီဂရီစင်တီဂရိတ်မရောက်ခင် အနည်းငယ်အလို၌ ရပ်တန့်သွားလေသည်။

၃၈.၉ ဒီဂရီစင်တီဂရိတ် 

စုန့်ရန်က သာမိုမီတာကိုပြန်ယူလိုက်ကာ ခေါင်းအုံးနံဘေး၌ထားလိုက်ပြီးနောက် အကြီးအကျယ်နောင်တရဟန်ဖြင့် ဆံပင်များကိုလက်ချောင်းနှင့်ထိုးဖွလိုက်လေသည်။ 

အကုန် သူ့အမှားတွေ...

သူ ဂရုမစိုက်၍ဖြစ်သွားခဲ့ခြင်းပင်။ ရေခဲမုန့်အတွက်တန်းစီခြင်း၌ အာရုံရောက်နေခဲ့ကာ ပုပုကိုရေစိုအောင်ထားလိုက်မိသည်။ နောက်ပိုင်းတွင် ပုပုအား ခြောက်သွေ့အောင်သုတ်ပေးကာ အဝတ်များလဲလှယ်ပေးခဲ့သော်ငြား ကလေးငယ်၏ဆံပင်ကို လေမှုတ်ပေးရန်မေ့လျော့သွားခဲ့လေသည်။  

ရေစိုဆံပင်နှင့် ခဏတာလေတိုက်ခံနေမိသလို ဖြစ်သွားခဲ့သဖြင့် ဤကဲ့သို့အဖျားဝင်သွားရခြင်းဖြစ်လေသည်။ 

ပုပု၏အားနည်းသော သနားစဖွယ်အခြေအနေကိုကြည့်ရင်း စုန့်ရန်၏ရင်ထဲတွင် အပြစ်ရှိစိတ်များတရိပ်ရိပ်တိုးတက်လာခဲ့သည်။ သူက ဧည့်ခန်းအတွင်းအမြန်ပြေးသွားကာ ပိုက်ဆံအိတ်၊ သော့တွဲ၊ နှင့်ရေဆွတ်ထားသည့်မျက်နှာသုတ်ပုဝါများကို အမြန်ကောက်ယူလိုက်၏။ ရေနွေးတစ်ဘူးအမြန်ဆုံးအရှိန်ဖြင့်ကြိုချက်ကာ ကြက်ဥလိပ်ကိုလည်း နေ့လည်စာဘူးအတွင်းသို့ထည့်လိုက်သည်။ ထိုအရာအားလုံးအား လွယ်အိတ်ထဲထိုးသိပ်ထည့်လိုက်ပြီး ပုပုကိုဆေးရုံသို့ခေါ်သွားတော့သည်။ 

ဟယ်ကျစ်ယွမ်က ဤအိမ်အားဝယ်ယူရာတွင် နည်းနည်းမှပင်နှမြောတွန့်တိုခြင်းမရှိပဲ X ဒေသ၏ အကောင်းဆုံးနေရာအား မဆိုင်းမတွရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မူကြိုနှင့်နီးရုံသာမက F တက္ကသိုလ်နှင့်တွဲဖက်၍ဖွင့်ထားသော ဆေးရုံနှင့်လည်း အဆောက်အဦးတစ်ခုစာသာ ကွာဝေးလေသည်။ 

စုန့်ရန်က ဆဲလ်ဖုန်း၏မြေပုံတွင်ပေါ်နေသော အနီရောင်အစက်ကလေးကိုကြည့်ရင်း မျက်ရည်ကျမတတ်ဝမ်းသာသွားခဲ့ရသည်။ 

သူက ပုပုကို ဂျက်ကတ်ထူထူဝတ်ပေးကာ လေတိုက်ခြင်းမှကာကွယ်ရန် ခေါင်းစွပ်ကလေးစွပ်ပေးလျှက် ဆယ်မိနစ်ကြာအကွာအဝေးရှိ ဆေးရုံသို့အပြေးသွားခဲ့ပြီး ကလေးဆရာဝန်အားစာရင်းပေးရန် အကြာကြီးတန်းစီခဲ့ရသည်။ ကလေးများမှာ မိသားစု၏ရတနာများဖြစ်သည့်အလျှောက် စာရင်းပေးရန်အတွက် မိသားစုတစ်ခုလုံးတန်းလာစီခြင်းပင်ရှိလေသည်။ မနက် ၇နာရီသာရှိသေးသော်လည်း တန်းစီနေသူမှာလူတစ်ရာကျော်လောက်ရှိသဖြင့် ဆရာဝန်နှင့်တွေ့ဖို့ပင် နာရီအနည်းငယ်ကြာစောင့်ရဦးမှာဖြစ်သည်။ စုန့်ရန်ကကိုယ်တွင်းတွင်လောင်မြိုက်နေသောမီးကို ဖိနှိပ်လျှက် စိတ်ရှည်လက်ရှည်သာ စောင့်ဆိုင်းနေရလေသည်။  

ပုပု ရေဆာသည်ဟုဆိုလျှင် သူက ဓာတ်ဘူးကိုထုတ်ကာ ကြက်သီးနွေးရေကလေးငှဲ့တိုက်၏။ ပုပု ဗိုက်ဆာကြောင်းပြောလျှင် ကြက်ဥလိပ်အား တူဖြင့်အပိုင်းသေးသေးတုံးကာ ခွံ့ကျွေးလေသည်။ အချိန်အများစုတွင် ပုပုကအိပ်၍သာနေလေရာ စုန့်ရန် သူ့ကိုယ်သူအိပ်ရာသဖွယ်ပြင်ဆင်လျှက် တစ်လက်မပင်မလှုပ်ဝံ့ချေ။ 

ထိုအချိန်အတွင်း ပုပု၏ကိုယ်အပူချိန်ကိုတိုင်းကြည့်သည့်အခါ ၀.၁ ဒီဂရီစင်တီဂရိတ်တိုးသွားပြီး ၃၉ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ 

စုန့်ရန် တစ်ကိုယ်လုံးပူထူလာကာ လျှပ်စစ်ဘုတ်ပြားကနံပါတ်ကိုတစ်လှည့် နာရီကိုတစ်လှည့် တကြည့်ကြည့်လုပ်နေမိသည်။ သို့သော် ထိုနှစ်ခုစလုံးကပျက်နေသလိုပင်၊ သူဘယ်နှစ်ခါကြည့်ကြည့် အနည်းငယ်မျှရွေ့လျှားခြင်းမရှိဟု ထင်ရလေသည်။  

စက္ကန့်များက နှစ်ချီ၍ကြာနေလေသည်။

မူကြိုက ၈နာရီတိတိတွင် စဖွင့်မှာဖြစ်၏။ စုန့်ရန် ဆရာမကိုဖုန်းဆက်ကာ ပုပုဖျားနေကြောင်းပြောရင်း ခွင့်တိုင်လိုက်လေသည်။ ၉ နာရီထိုးသည့်အခိုက် သူက ဆရာမထံမှဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိကာ သတင်းဆိုးတစ်ခုကိုပါသိလိုက်ရသည်။ 

ပုပုအပါအဝင် အတန်းထဲရှိကလေး ၅ဦးသည်လည်း နေမကောင်းကြသဖြင့် ခွင့်တိုင်ထားကြလေသည်။ 

၎င်းမှာ ရေကျောက်ရောဂါဖြစ်လေသည်။ 

ရေကျောက်က နွေဦးရာသီတွင်အဖြစ်များကာ သူတို့အားလုံးသည်လည်း အိပ်အတူ၊စားအတူနှင့် အတူတကွကစားကြသူများဖြစ်ကြသည့်အတွက် တစ်ဦးနှင့်တစ်ဦးအလွယ်တကူကူးစက်နိုင်လေသည်။ ရလဒ်အနေဖြင့် မူကြိုမှကူးစက်လာသော ရေကျောက်ရောဂါမှာ အလွန်ပြင်းထန်လေ့ရှိ၏။ ဆရာမက စုန့်ရန်အား ပုပု၏နေမကောင်းဖြစ်မှုမှာ ရိုးရိုးအအေးမိခြင်းသာမဟုတ်ပဲ သေချာဂရုစိုက်ရန်လိုသော ရေကျောက်ရောဂါ၏လက္ခဏာများဟုတ်မဟုတ် သတိထားကြည့်ရန် အကြံပြုလေသည်။  

စုန့်ရန်က ပုပုကို ရေကျောက်ပေါက်ခြင်းထက် ဒီအတိုင်းရိုးရိုးဖျားနာခြင်းဖြစ်ရန်သာ မျှော်လင့်မိ၏။

သူက ဖုန်းချလိုက်ပြီးနောက် ပုပုအား ပြတင်းပေါက်နားသို့ချီသွားကာ ဖြူဖျော့နေသောမျက်နှာပိစိလေးကို စေ့စေ့စပ်စပ်ကြည့်ရှုလိုက်သည်။ ကံမကောင်းစွာပင် ကလေးငယ်၏မျက်ခုံးနှစ်ဖက်ကြား၌ အနီဖျော့ဖျော့အစက်ကလေးတစ်စက်အား တွေ့ရှိသွားလေသည်။ ပုပု၏ဆံစများကို ဖယ်ရှားကြည့်လိုက်သည့်အခါ နောက်ထပ်အစက်နှစ်စက်ကိုပါ ထပ်တွေ့လိုက်ရ၏။ 

စုန့်ရန်၏နှလုံးသားက နစ်မြုပ်သွားလေသည်။ ပုပုအား ထိုအစက်ကလေးက ယားယံခြင်းရှိမရှိမေးမြန်းရာတွင် ပုပုက ခေါင်းညှိတ်ပြလာပြီး ကုတ်ရန်လက်ကလေးမြှောက်လိုက်၏။ စုန့်ရန်က ထိုလက်ကလေးအားအမြန်ဖမ်းလိုက်ကာ နှစ်သိမ့်လိုက်သည်။

 “အဆင်ပြေသွားမှာပါ...ခဏသည်းခံရအောင်နော်...ဦးဦးဆရာဝန်က ဆေးညွှန်းပေးလိုက်ရင် သားထပ်ပြီး ယားယံနေမှာမဟုတ်တော့ဘူး...” 

ပုပုတွင် အစက်ကလေးများထွက်လာပြီဖြစ်ရာ ရောဂါရှာဖွေခြင်းပြုလုပ်ရန် မလိုအပ်တော့ချေ။ သူတို့၏နံပါတ်စဥ်အားခေါ်သည့်အခါ၌ ဆရာဝန်ရုံးခန်းထဲတွင် ၅မိနစ်ပင်ပြည့်အောင်မထိုင်လိုက်ရပဲ ပြန်၍ထွက်လာခဲ့ကြသည်။ 

ရေကျောက်မှန်းသေချာသွားခဲ့ပြီဖြစ်၏။

ကံကောင်းစွာဖြင့် သတင်းဆိုးအပြင် စုန့်ရန်အားစိတ်သက်သာရာရစေသော သတင်းကောင်းတစ်ခုလည်းရှိနေသည်။ ပုပု အရင်ကရေကျောက်ကာကွယ်ဆေးထိုးထားသဖြင့် ပြင်းပြင်းထန်ထန်ဖျားနာမှာကို စိုးရိမ်ရန်မလိုအပ်ပဲ သုံးလေးရက်အတွင်း နေပြန်ကောင်းမှာဖြစ်သည်။ ဆရာဝန်က အံ့သြဟန်ပင်မရှိပဲ သန့်ရှင်းစွာသီးခြားထားရှိရန်နှင့် ရှောင်ရမည့်အစားအစာများကို ညွှန်ကြားကာ ဆေးဘူးအနည်းငယ်ပေး၍ အနားယူရန်အိမ်ပြန်ခွင့်ပြုလိုက်လေသည်။  

စုန့်ရန်က ဆေးပေးခန်းတွင်ဆေးအတွက်ငွေချေကာ သူ့လွယ်အိတ်ထဲထည့်လိုက်ပြီးနောက် ပုပုကို ကျောက်စိမ်းပင်လယ်အော် အဆောက်အဦးသို့ ပြန်လည်ခေါ်ဆောင်လာခဲ့လေသည်။ 

ဟယ်ကျစ်ယွမ် အိမ်တွင်မရှိသည့်အတွက် ပုပုအားဂရုစိုက်ရန် စုန့်ရန်သာလျှင်ရှိလေသည်။ 

ဤကလေးငယ်က အခုလောလောဆယ်တွင် သူနှင့်သက်ဆိုင်နေသည့်အတွက် နာဖျားသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ စုန့်ရန်က ၁၁၀ ရာခိုင်နှုန်းဂရုစိုက်ပေးမှာဖြစ်သည်။ 

Xxxxxxx