အပိုင်း ၃၆
Viewers 9k

Chapter 36

သူက အပူပေးစက်ကိုဖွင့်လိုက်ကာ ပုပုအားရေနွေးနွေးနှင့်ရေချိုးပေး၍ သန့်ရှင်းသောအင်္ကျီများလဲလှယ်ပေးလိုက်သည်။ ထို့နောက် အိပ်ယာခင်းများ၊ စောင်ဖုံးများ၊ ခေါင်းအုံးစွပ်များအားလုံးကိုလဲလှယ်ကာ ပိုးသတ်ဆေးနှင့်စိမ်လိုက်၏။ ပုပုက အနည်းငယ်ယားယံလာသည့် အနီစက်ကလေးများကို ကုတ်ချင်ခဲ့သည်။ သို့သော် စုန့်ရန်က သူ့ကိုလက်သည်းညှပ်ပေးကာ သူ၏လက်သေးသေးလေးကိုကိုင်လျှက်ပြောလာ၏။

 “သား ဒီအနီစက်ကလေးတွေကို ထိချင်တိုင်းထိလို့မရဘူးနော်...အရမ်းယားလာပြီး သက်တောင့်သက်သာမဖြစ်တော့ရင် ယုန်ကလေးကိုဖက်ထား၊ ဒါမှမဟုတ် ကိုကြီးကိုပြော...ကိုကြီးသားအတွက်ဆေးထည့်ပေးမယ်...ဟုတ်ပြီလား...” 

ပုပုက ချစ်စဖွယ်ပြန်ဖြေ၏။ “ဟုတ်...”

ကလေးငယ်က ရေကျောက်ပေါက်နေသည့်အတွက် နေ့လည်စာကိုလည်း အစာပျော့ပျော့သာကျွေးသင့်လေသည်။ စုန့်ရန်က ယာဂုဆန်ပြုတ်တစ်ပန်းကန် ကျိုချက်ကာ အသီးအရွက်အနည်းငယ်ထည့်၍ ပုပုအား တစ်ပန်းကန်လုံးကုန်သည်အထိ တစ်ဇွန်းပြီးတစ်ဇွန်းခွံ့ကျွေးလေသည်။ သူက လိုက်ကာများကိုပိတ်လိုက်ပြီး ပုပု အားပြန်ပြည့်လာစေရန် အခန်းထဲ၌အနားယူစေသည်။ ထို့နောက် မီးဖိုခန်းထဲရှိ မနက်ကပြင်ဆင်ထားခဲ့သောဝမ်ထုန်အား မိုက်ခရိုဝေ့ဖ်ထဲထည့်၍ အမြန်နွှေးကာ ခပ်သွက်သွက်စားလိုက်ပြီးနောက် ပုံဆွဲစရာရှိသည်များကို အပြီးသတ်ရန် ဧည့်ခန်းဆီသို့သွားလိုက်၏။  

ပုံကြမ်းများက တောင်လိုပုံထပ်၍နေလေသည်။ ကိစ္စရပ်များတစ်ခုပြီးတစ်ခုဖြစ်ပွားသွားသော်လည်း သူအလုပ်မနားဝံ့ချေ။  

သူ၏ဘဏ်ကဒ်ထဲတွင် ယွမ်လေးထောင်သာရှိပြီး ဆေးရုံစရိတ်ကလည်း ပေါ့သေးသေးမဟုတ်ပေ။ လာမည့်ဆယ်ရက်ကျော်တွင်လည်း အသုံးစရိတ်ကပိုပိုကုန်လာမှာဖြစ်ရာ အသက်ရှူချောင်ရန်အတွက် ပုံဆွဲသည့်အခကြေးငွေအား မြန်မြန်ရဖို့လိုအပ်လေသည်။ 

ယနေ့နေ့လည်တွင်ဆွဲရမည့်ပုံမှာ ရေတိမ်ကလေးရှိ သစ်သားတံတားနံဘေးတွင် ရွက်လွှင့်နေသောလှေကလေး၏ပုံဖြစ်၏။  

သစ်သားတံတား...

၎င်းက စုန့်ရန်အား တစ်စုံတစ်ဦးကိုသတိရစေသည်။

ကျောက်စိမ်းပင်လယ်အော် အဆောက်အဦးတွင်လည်း သစ်သားတံတားလေးတစ်ခုရှိလေသည်။ တစ်ခါက သူတံတားအစွန်းတစ်ဖက်တွင်မတ်တပ်ရပ်နေရင်း နောက်သို့ပြန်လှည့်လိုက်စဥ် လူတစ်ဦးကိုတွေ့လိုက်ရ၏။ အကွာအဝေးတစ်ခုကမြင်ရရုံနှင့်ပင် သူ့နှလုံးသားကို အကြည့်တစ်ချက်ထဲနှင့်ဖမ်းစားသွားခဲ့လေသည်။ သို့သော် ထိုအချိန်မှစ၍ ထိုပုဂ္ဂိုလ်က ကျယ်ပြောသောလူပင်လယ်ကြီးထဲ ပျောက်ဆုံးသွားခဲ့ကာ ထပ်မံ၍မတွေ့ရတော့ချေ။ 

စုန့်ရန်က ဘရက်ရှ်ကိုအသာချကာ အံဆွဲကိုဖွင့်၍ တန်ဖိုးထားရသောပုံကြမ်းတစ်ခုကို ထုတ်ယူလိုက်သည်။ 

သန့်စင်သောမှန်ဘောင်နောက်တွင် သူ၏နတ်ဘုရားက ထင်ရှားသောနှာတံ၊ နက်ရှိုင်းသောမျက်ဝန်းများ၊ ဓားတစ်စင်းသဖွယ် ချွန်မြနေသောမျက်ခုံးတန်းများနှင့် ပထမဆုံးတွေ့စဥ်ကအတိုင်းပင် တောက်ပလျှက်ရှိသည်။ ထိုသူပြုံးလိုက်သည့်အခါ သူ့နှုတ်ခမ်းထောင့်လေးက ကွေးညွှတ်သွားခဲ့၏။ စက္ကူပေါ်ရှိပုံကြမ်းသာဖြစ်သော်လည်း အံ့သြဖွယ်အမျိုးသားဟော်မုန်းများကို ထုတ်လွှတ်လျှက်ရှိသည်။ 

စုန့်ရန်က ပုံတူ၏နှုတ်ခမ်းများကိုနမ်းလိုက်ကာ မှန်ဘောင်ကိုဖက်ထားလိုက်၏။ 

ကျွန်တော့်ရဲ့အချစ်ကလေး...ခင်ဗျားတကယ်ပဲဒီမှာနေတာလား... 

မဟုတ်သေးဘူး...ကျွန်တော့်အတွက် အဲ့ဒါကအရမ်းအရေးပါတာတော့ မဟုတ်တော့ပါဘူးလေ....

ကျွန်တော်က ခင်ဗျားနဲ့နီးစပ်ချင်တဲ့အတွက် ဒီကိုလာခဲ့တာ...ကျောက်စိမ်းပင်လယ်အော်ရဲ့ နေရာအကုန်လုံးမှာ ခင်ဗျားကိုတွေ့ရနိုးနိုးနဲ့ နေ့နေညညလိုက်ရှာနေခဲ့တာလေ...ဒါပေမယ့်ကံကောင်းချင်တော့ ကျွန်တော် နတ်သားလေးထက်ပိုပြီးချစ်စရာကောင်းတဲ့ ဒီပေါက်စီလုံးလေးကိုရှာတွေ့ခဲ့တယ်...ကလေးကိုပျိုးထောင်တာကလွဲလို့ နေရာစုံမှာထူးချွန်တဲ့ သူ့ရဲ့မိုက်မဲတဲ့ဖခင်ကိုရောပေါ့... 

ဒါတွေအားလုံးက ခင်ဗျားကိုချစ်မိတဲ့အချိန်မှာ စပြီးဖြစ်ပေါ်လာရတာတွေပါပဲ...  

ခင်ဗျား ကျွန်တော့်အတွက်ဆောင်ကြဥ်းပေးခဲ့တာတွေလေ...

ဒါ့ကြောင့် ကျွန်တော် ခင်ဗျားကိုအနာဂတ်မှာထပ်တွေ့ဖို့ အခွင့်အလမ်းမရှိတော့ရင်တောင်...ကျွန်တော် နောင်တရမှာမဟုတ်တော့ပါဘူး...ခင်ဗျားကိုသဘောကျရတာဟာ နှစ်သက်ပျော်ရွှင်စရာကိစ္စလေးတစ်ခုပါပဲ...လေတိုက်ရင်တချွင်ချွင်မြည်တဲ့ ဟိုဘက်အိမ်ပြတင်းပေါက်က အဆင်တန်ဆာလေးလိုပဲ...တစ်ခုကိုထိလိုက်တာနဲ့ ကျန်တဲ့ခေါင်းလောင်းလေးတွေကပါ ပတ်ပတ်လည်ဝေ့ယမ်းပြီး တစ်ခုနဲ့တစ်ခုပွတ်တိုက်ရင်း တချွင်ချွင်အသံလေးတွေဖြစ်ပေါ်စေတာလေ... 

ခင်ဗျားဆီလာတဲ့လမ်းတစ်လျှောက် သူတို့နဲ့တွေ့ခဲ့ရတာ... 

ဒါက မျှော်လင့်ထားတာထက်ကျော်လွန်နေတဲ့ ကံကောင်းမှုတစ်ခုပါပဲ...

စုန့်ရန်က နတ်ဘုရား၏ပုံတူကို အံဆွဲအတွင်းပြန်သိမ်းကာ သူ၏သစ်သားလှေကလေးနှင့်လှော်တက်များကို တစိုက်မတ်မတ်ရေးဆွဲတော့သည်။ 

သူပုံဆွဲသည့်အရှိန်ကပုံသေဖြစ်ကာ တစ်နေ့လျှင် ပျမ်းမျှသုံးပုံလောက်ရေးဆွဲနိုင်၏။ သို့သော် ယနေ့တွင်မူ ပုပု၏အခြေအနေကိုစစ်ဆေးရန် ပန်းချီဆွဲခြင်းကိုရပ်၍ ခဏခဏထကြည့်နေရလေရာ အနည်းငယ်ကြန့်ကြာ၍နေလေသည်။ ပုံနှစ်မျက်နှာရေးဆွဲပြီးနောက် သူက ကျန်ရှိသည့်အလုပ်များကို ညဥ့်နက်အထိနေ၍လက်စသတ်ရန် စိတ်ကူးလိုက်၏။ 

ညစာစားချိန်တွင် ပုပု၏နဖူးကလေး၌ ချွေးအနည်းငယ်စို့နေသည်။ သူ၏ကိုယ်ပူသည်လည်း ကျဆင်းသွားပြီဖြစ်ကာ အဖျားကသိပ်မပြင်းထန်တော့ချေ။ 

စုန့်ရန်က စောင်များကိုဖယ်ရှားလိုက်ပြီး စိုထိုင်းစပြုနေသောဖျံကလေးကို ရေချိုးခန်းထဲသို့ပွေ့ချီသွားပြီး ကြက်သီးနွေးရေကလေးဖြင့် ရေချိုးပေးလိုက်သည်။ ထို့နောက် သူ့အား ပိုးသတ်ထားသောပုဝါဖြင့် ခြောက်အောင်သုတ်ပေးလိုက်၏။ နာရီအနည်းငယ်အကြာ၌ အနီစက်ကလေးများက အစုလိုက်ပြုံထွက်လာကာ ပုပု၏လက်မောင်းများ၊ ခြေထောက်များ၊ မျက်နှာနှင့် ဝမ်းဗိုက်ကလေးအထိပျံ့နှံ့သွားပြီး နူးညံ့ဖြူဖွေးသောအရုပ်ကလေးအား ဆေးစက်ချထားသည်နှယ်ဖြစ်စေ၏။ 

ယားယံလာသဖြင့် ပုပုတွန့်လိမ်နေကာ စုန့်ရန်၏လက်မောင်းကို ရေချိုငါးကလေးသဖွယ်တိုးဝှေ့လိုက်သည်။ သူက တိတ်တိတ်ကလေးအကြိမ်အနည်းငယ်ခန့် ကုတ်ချင်သော်လည်း သူ၏လက်ပိစိကလေးမှာ ဖမ်းမိသွားလေသည်။  

သူက စုန့်ရန်အား စူပုပ်ပုပ်ကလေးကြည့်ကာ “ကိုကြီး...အနီစက်တွေကယားတယ်လို့...”

စုန့်ရန်က ဆိုသည်။ “အဲ့ဒီ့လိုဆိုရင်တောင် သားကအကောင်းဆုံးသည်းခံရမယ်လေ...သားပိုပြီးကုတ်လေလေ အနီစက်တွေပိုပြီးထွက်လာလေလေပဲ...သားအဲ့ဒါကိုသည်းခံနေသရွေ့ ရက်နည်းနည်းလောက်ကြာတာနဲ့သက်သာသွားမှာပါ...ထပ်ပြီးယားတော့မှာမဟုတ်ဘူး...”

“ဒါပေမယ့်...ဒါပေမယ့်…” ပုပုက သူ၏ဝမ်းဗိုက်ပေါ်ရှိအနီရောင်အစက်လေးများကို ညွှန်ပြလိုက်သည်။ “အဲ့ဒါတွေက အရမ်းရုပ်ဆိုးတယ်...”

စုန့်ရန် ပြုံးလိုက်သည်။ “ရုပ်မဆိုးပါဘူးကွာ...ရုပ်မဆိုးပါဘူး...ပုပုကချစ်စရာကောင်းနေတုန်းပါပဲ...သားနေပြန်ကောင်းတာနဲ့ ဒါတွေကအမာရွတ်တောင်မထင်ပဲပျောက်သွားမှာ...”

“တကယ်လား...”

“တကယ်ပေါ့...”

ပုပုက သက်တောင့်သက်သာမရှိစွာဖြင့် တွန့်လိမ်၍နေသည်။

 “ဒါဆို သားကသည်းမခံနိုင်တော့ရင်ရော ဘယ်လိုလုပ်ရမလဲ...” 

“သားသည်းမခံနိုင်ရင် ကိုကြီး အခုပဲ ဆေးလိမ်းပေးမယ်လေ...”

သူက ပုပုကိုချီကာ ဆိုဖာပေါ်တွင်ထိုင်လိုက်၏။ ထို့နောက် Aciclovir ပြွန်ကလေးကိုထုတ်ကာ အနီစက်များပေါ်နေသည့်နေရာများအား ဂရုတစိုက်လိမ်းပေးလိုက်၏။ ခြောက်သွားသည့်အခါမှ ပုပုအား ညအိပ်ဝတ်စုံပြန်လည်ဝတ်ဆင်ပေးလိုက်သည်။  

(T/N: Aciclovir ကို ရေကျောက်၊ရေယုန်နှင့် မွေးကင်းစကလေးများ၏ ရေယုန်ဗိုင်းရပ်စ်ပိုးကူးစက်မှုလက္ခဏာများကို ကုသရန်အသုံးပြုသည်။) 

ဝတ်စုံမှာ အပေါ်အောက်တစ်ဆက်ထဲဖြစ်သောကြောင့် ပုပု ကုတ်နိုင်မည့်နေရာ များများစားစားမရှိချေ။ 

ပုပု အဆင်ပြေပြေရှိနေသည်ကို မြင်ရသည့်အခါ စုန့်ရန်က လတ်လတ်ဆတ်ဆတ်နွားနို့ကိုကျိုချက်၍ နို့ဘူးထဲထည့်လိုက်ကာ သူအဝတ်လျှော်နေတုန်း ပုပု နို့သောက်ရန်ရည်ရွယ်၍ ပေးထားခဲ့လိုက်၏။ သို့သော် ရေချိုးခန်းထဲမှပြန်ထွက်လာချိန်၌ ပုပု သူ့မျက်နှာလေးကိုကုတ်နေကြောင်း တွေးလိုက်ရလေသည်။ 

သူက ပုပုကိုအမြန်တားလိုက်ရ၏။ “မကုတ်ရဘူးလေ...”

“သား...သား မကုတ်ပါဘူး....”

အပြစ်ရှိစိတ်ဖြင့် ပုပုက သူ့လက်ကလေးနှစ်ဖက်ကို နောက်တွင်ဖွက်ထားလိုက်လေသည်။ 

...........

၇ရက်မြောက်နေ့...ည ၉နာရီ

ပုပု၏ဖျားနာမှုအကြောင်း သူတို့ပုံမှန်ဖုန်းခေါ်သည့်အချိန်၌ ဟယ်ကျစ်ယွမ်သိရှိလိုက်ရ၏။

အစက စုန့်ရန် ၎င်းကိစ္စအားဖုန်းကွယ်ထားချင်ခဲ့တာဖြစ်သည်။ ဟယ်ကျစ်ယွမ်က ချက်ချင်းလေယာဥ်နှင့်ပျံသန်းလာ၍မဖြစ်နိုင်ရာ ပုပုအားစိုးရိမ်နေရလိမ့်မည်။ သို့သော် သူက သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ခိုင်မာမှုအား အထင်ကြီးခဲ့မိပုံရ၏။ ဟယ်ကျစ်ယွမ်၏ သံလိုက်ကဲ့သို့ညှို့ဓာတ်ပြင်းသောအသံကိုကြားသည်နှင့် အပေါက်၇ပေါက်၊ ၈ပေါက်ပါရှိသည့်ရေနွေးကြိုအိုးကဲ့သို့ သူ၏လျှို့ဝှက်ချက်အားလုံးကို တသီတတန်းကြီးထုတ်ပြောမိတော့လေသည်။ 

ထိုကဲ့သို့ဝန်ခံပြီးသည့်နောက်တွင် သူက ပုပုအဖျားပျောက်ကင်းသွားပြီဖြစ်၍ ဟယ်ကျစ်ယွမ်အားစိတ်မပူရန်ပြောရင်း အခြေအနေကိုပြန်၍ထိန်းလိုက်လေသည်။  

ဒါက အလိမ်အညာတစ်ခုမဟုတ်ချေ။

ပုပုက ပြန်၍လန်းဆန်းနေပြီဖြစ်သည်။ သူက စုန့်ရန်၏ရင်ခွင်ထဲတွင် ဘေးစောင်းလေးလှဲ၍ ဖခင်ဖြစ်သူနှင့်စကားပြောနေပြီး သူ၏စကားလုံးများမှာလည်း ကြည်လင်ပြတ်သားကာ အသက်ဝင်လျှက်ရှိသည်။ ကလေးများနေမကောင်းဖြစ်လျှင် ပို၍ချွဲနွဲ့လေ့ရှိရာ သူတို့သားအဖနှစ်ဦးစကားပြောနေကြရင်း ပုပု၏နှုတ်ခမ်းလေးကစုဝိုင်းသွားပြီး ပါးဖောင်းဖောင်းလေးပေါ်သို့ မျက်ရည်နှစ်ကြောင်းစီးကျလာတော့သည်။ 

“ပါပါး...သား ပါပါးကိုအရမ်းလွမ်းတယ်...” ပုပု တစ်ချက်ရှိုက်လိုက်၏။

 “သား ပါပါးကိုမတွေ့ရတာ အရမ်းအရမ်းကြာနေပြီ...”

လူကြီးမင်းဟယ် စီးပွားရေးခရီးထွက်သွားသည်မှာ တစ်လခန့်ကြာမြင့်ပြီဖြစ်သဖြင့် လေးနှစ်အရွယ်ကလေးတစ်ဦးအတွက် ရှည်ကြာသောခွဲခွာမှုအဖြစ် ပြော၍ရလေသည်။ စုန့်ရန်က ပုပုကိုတင်းတင်းကျပ်ကျပ်ဖက်လိုက်ကာ သူ၏ကိုယ်ငွေ့ဖြင့်နှစ်သိမ့်လိုက်ရင်း မျက်နှာပိစိလေးအား ငုံ့နမ်းလိုက်၏။ 

အဖေနှင့်သားကိုအချိန်ပေးရန်လိုအပ်သဖြင့် စုန့်ရန်က သူတို့အနားတွင် နားထောင်ရုံသာထောင်နေပြီးစကားဝင်မပြောချေ။ ဟယ်ကျစ်ယွမ်က ပုပုအား စကားချိုချိုကလေးများဖြင့်နှစ်သိမ့်လျှက်ရှိကာ ရံဖန်ရံခါတွင်လည်း ဆိုဆုံးမလျှက်ရှိလေသည်။ 

ဟယ်ကျစ်ယွမ်က အေပရယ်လ ၁၈ ရက်နေ့တွင် သူပြန်ရောက်မည်ဟုပြောလာသည်။ ထိုအခါ စုန့်ရန်က ပြက္ခဒိန်ပေါ်တွင် ခြေရာသဏ္ဍာန်ပုံကလေးများအားဆွဲထားပေးမည်ဖြစ်ကြောင်းနှင့် ထိုပုံကလေးများကို ရောင်စုံခဲတံဖြင့် ပုပုကနေ့စဥ်အရောင်ခြယ်နိုင်မှာဖြစ်ပြီး အားလုံးအရောင်ခြယ်ပြီးသွားသည့်အခါ သူ၏ပါပါး အိမ်ပြန်ရောက်လာမှာဖြစ်ကြောင်းပြောကာ ချော့မော့လေသည်။။ ဟယ်ကျစ်ယွမ်က သူခရီးမှပြန်ရောက်လာလျှင် ပုပုအား ညတိုင်းပုံပြောပြမည်ဟုပြောသည့်အခါ ပုပုနှစ်သက်သောပုံပြင်စာအုပ်များကို စုန့်ရန်ကအစဥ်လိုက်ရွေးချယ်ထားပေးမည်ဟု ချော့မော့လေသည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ကလေးများက စစ်မှန်သောဂရုစိုက်မှုအား တိတိကျကျဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်းဖြစ်သည်။ ထို့အပြင် ဂရုစိုက်ချစ်ခင်ခြင်းကိုခံယူရသော ကလေးတစ်ဦးသည်လည်း ကြာကြာငိုယိုလေ့မရှိချေ။  

ပုပုက ခဏအကြာ၌အငိုတိတ်သွားကာ “ပါပါး...မြန်မြန်ပြန်ခဲ့ရမယ်နော်...သားနဲ့ကိုကြီးက...အင်း....သားတို့နှစ်ယောက်လုံး ပါပါးကိုစောင့်နေမယ်နော်...”

“ဟုတ်ပါပြီ...” ဟယ်ကျစ်ယွမ်က ပြောသည်။ “ကိုကြီးရဲ့စကားကိုသေချာနားထောင်ပြီး နေကောင်းအောင်နေရမယ်နော်...တစ်ခုခုမသက်သာတာရှိရင် ကိုကြီးကိုပြော...နားလည်ပြီလား...” 

ပုပု ခေါင်းလေးညှိတ်လိုက်၏။ “ဟုတ်...”

ဖုန်းခေါ်ပြီးချိန်တွင် သူတို့အိပ်ချ်ိန်သို့ရောက်နေပြီဖြစ်၏။ စုန့်ရန်က ပုပု၏အနီစက်ကလေးများကို စစ်ဆေးလိုက်သည့်အခါ အရမ်းပြင်းထန်ပုံမပေါ်တော့ချေ။ အိပ်ရာ၏ခေါင်းရင်း၌ ရေကျက်အေးတစ်ခွက်ကိုတင်ထားလိုက်ကာ စုန့်ရန်က ပုပု၏လက်မောင်းအောက်တွင် ခေါင်းအုံးသေးသေးတစ်လုံးကိုထည့်ပေးလျှက် နောက်ကျောလေးကိုအသာအယာပုတ်၍ ချော့သိပ်လိုက်လေသည်။ 

ထိုစဥ် ကော်ဖီစားပွဲပေါ်ရှိဆဲလ်ဖုန်းက တုန်ခါလာခဲ့သည်။ 

၎င်းက ဟယ်ကျစ်ယွမ်ခေါ်ဆိုနေခြင်းပင်။ 

စုန့်ရန် အထိတ်တလန့်နှင့် ကိုယ်ကိုကိုင်းလျှက်ဆဲလ်ဖုန်းကိုယူကာ လက်ခံဖြေကြားလိုက်၏။

 “လူကြီးမင်းဟယ်...” 

“စုန့်ရန်...ကိုယ်မင်းကိုအတည်ပြုဖို့လိုတာတစ်ခု တွေးမိသွားလို့ပါ...”ဟယ်ကျစ်ယွမ် ဝေ့ဝိုက်မနေတော့ပဲ တန်းပြောလိုက်၏။ 

“မင်းရော အရင်ကရေကျောက်ပေါက်ဖူးလား...”

“ဗျာ...”

ဟယ်ကျစ်ယွမ် စိတ်ပူသွား၏။ 

“ရေကျောက်ကအရမ်းကူးစက်လွယ်တယ်နော်...ကလေးဘဝတုန်းက ရေကျောက်မပေါက်ဖူးရင် ပုပုနဲ့ဝေးဝေးမှာနေသင့်တယ်...မဟုတ်ရင်မင်းကိုကူးလိမ့်မယ်...” 

“ဒါ...ဒါကကိစ္စမရှိပါဘူး...”စုန့်ရန် ဆိုဖာပေါ်ထိုင်ချလိုက်ကာ ပေါ့ပေါ့လေးပြန်ဖြေလိုက်၏။

 “ကျွန်တော် အရင်ကမပြောဖူးဘူးလား...ကျွန်တော့်မှာ ငယ်ရွယ်တဲ့မောင်နှမတွေအများကြီးရှိတယ်လို့...တစ်ယောက် စ ဖြစ်တာနဲ့ အားလုံးကူးစက်ခံရတာပဲကို...ကျွန်တော်သေချာပေါက် ရေကျောက်ပေါက်ဖူးမှာပါ...” 

အရိုးသားဆုံးဆိုရပါက စုန့်ရန်ကလေးဘဝကတည်းက ကံကောင်းသည်ဟူသောအသုံးအနှုန်းနှင့် တစ်ခါလေးပင်မသက်ဆိုင်ခဲ့ဖူးချေ။ 

သူက မိဘမဲ့ဂေဟာ၌ အခြားကလေးများနှင့်အတူ ဆယ်နှစ်ကျော်ကြီးပြင်းခဲ့ရကာ ကံကြမ္မာဖန်လာသမျှအရာအားလုံးကို ရင်ဆိုင်ခဲ့ရသည်။ သူ ငယ်ငယ်ကရေကျောက်မပေါက်ဖူးပါဟု တစ်စုံတစ်ယောက်မှပြောလာလျှင်ပင် သူယုံနိုင်မှာမဟုတ်ချေ။  

Xxxxxxx