အပိုင်း ၃၇
Viewers 10k

Chapter 37

ကံမကောင်းစွာဖြင့် သူ၏အကြောင်းပြချက်က ဟယ်ကျစ်ယွမ်၏အမြင်၌ မလုံလောက်သော စိတ်ကူးသက်သက်သာဖြစ်နေချေသည်။  

ဟယ်ကျစ်ယွမ်က ထပ်မေးလိုက်၏။ “သေ ချာလား...”

စုန့်ရန်ပြုံးလိုက်၏။ “အရမ်းတော့မသေချာပေမယ့် အဲ့လိုဖြစ်ဖို့များပါတယ်...”

“ဖြစ်ဖို့များတယ်ဆိုတာမရှိဘူး...သေချာလား...မသေချာဘူးလားဆိုတာပဲပြောပါ...” 

အခြေအနေကတင်းမာလျှက်ရှိကာ မည်သည့်ပရိယာယ်ကိုမှ ဟယ်ကျစ်ယွမ်ကခွင့်မပြုချေ။ သူ့အသံ၌ ထူးဆန်းသောသတိပေးမှုအချို့ပါရှိနေ၏။ သူက အချိန်ကွာခြားချက်ကိုတွက်ကြည့်ကာ 

“အခုက ညဆယ်နာရီတောင်မရှိသေးပါဘူး...မင်းရဲ့မိသားစုကအိပ်ရာမဝင်လောက်သေးဘူးမဟုတ်လား...စုန့်ရန်...မင်းမိဘတွေကိုဖုန်းဆက်ပြီး အတည်ပြုကြည့်ပါ...မဟုတ်ရင် ကိုယ်အေးအေးဆေးဆေးအနားယူနိုင်မှာမဟုတ်ဘူး...” 

စုန့်ရန် ကြောင်အသွားသည်။ 

“ကျွန်တော့်...ကျွန်တော့်မိဘတွေကိုလား...”

ဟယ်ကျစ်ယွမ်က မူမမှန်သည့်တစ်စုံတစ်ခုအား သတိပြုမိသွားသည်။

 “ပြသနာရှိလို့လား...”

“မ...မရှိပါဘူး...” စုန့်ရန်က အလျှင်အမြန်ဖုန်းကွယ်လိုက်၏။

 “ဒါဆို...ကျွန်တော်အရင်ဖုန်းချနှင့်မယ်နော်...”

“ကောင်းပြီလေ...” ဟယ်ကျစ်ယွမ်က ဆိုသည်။

“မေးပြီးရင် ကိုယ့်ကိုပြန်ပြောဖို့သတိရနော်...”

ဖုန်းချပြီးသည့်အခါ စုန့်ရန်ဆိုဖာပေါ်တွင်ထိုင်လျှက် ဖုန်းကိုဒီအတိုင်းကိုင်ထားရင်း သူ၏လက်ဆစ်များကို တိတ်တဆိတ်ပွတ်သပ်နေမိသည်။  

လူတွေက မလိမ်ညာသင့်ချေ။ 

အစဦးလိမ်ညာမှုတစ်ခုက နောက်ထပ်အဆက်မပြတ်သောလိမ်ညာမှုများစွာကို ဖြစ်ပေါ်စေမှာဖြစ်ပြီး ပိုပြီးဖုန်းကွယ်လေလေ၊ အပြစ်အနာအဆာများပိုထွက်လာလေလေဖြစ်လိမ့်မည်။ ဖုံးကွယ်၍မရတော့သည့်အခါ အလိမ်အညာများက မျက်နှာဖုံးကွာကျသကဲ့သို့ ထွက်ပေါ်လာမှာဖြစ်၏။ 

သူက မိဘမဲ့ဂေဟာမှအတွေ့အကြုံများကို အနည်းငယ်မွမ်းမံ၍ လူကြီးမင်းဟယ်ရှေ့တွင် အသက်ဝင်ပြီးပျော်စရာကောင်းသော မိသားစုကြီးတစ်ခုမှလာသည့်နှယ် ဟန်ဆောင်နေခဲ့တာဖြစ်၏။ ယခုမူ ညဆယ်နာရီ၌ သူကထိုအရှုပ်အထွေးများထဲ ပိတ်မိနေခဲ့ပြီဖြစ်၏။ T မြို့မိဘမဲ့ဂေဟာရှိဝန်ထမ်းက အိမ်ပြန်သွားလောက်ချေပြီ။ မည်သူ့အား ဖုန်းခေါ်ရပါတော့မည်နည်း။ ထို့အပြင် သူဖုန်းခေါ်ခဲ့လျှင်ပင် လွန်ခဲ့သောခုနစ်နှစ်က မိဘမဲ့ဂေဟာမှထွက်သွားခဲ့သည့်ကလေးတစ်ဦး ရေကျောက်ပေါက်ဖူးခြင်း၊ မပေါက်ဖူးခြင်းကို မည်သူကမှတ်မိနိုင်ပါမည်နည်း။ 

မည်သူမှမှတ်မိမှာမဟုတ်ချေ။

မှတ်သားထားမည့်လူလည်း ရှိမှာမဟုတ်။

ဆယ်မိနစ်က ဖြတ်ကနဲ့ကုန်ခမ်းသွား၏။ ဆက်လက်အချိန်ဆွဲ၍မရတော့သည့်အတွက် စုန့်ရန်၏လက်ချောင်းများက ဖုန်းခလုတ်များပေါ်ရွေ့လျားသွားကာ စာတစ်စောင်ပေးပို့လိုက်သည်။ 

“ကျွန်တော် မားကိုမေးကြည့်တော့ ကျွန်တော်ငယ်ငယ်ကရေကျောက်ပေါက်ဖူးတယ်တဲ့...”

ထိုစာဘေးရှိမြှားကလေးက 'ပေးပို့သည်' မှ 'ဖတ်ရှုသည်' ဟုပြောင်းသွားသည်အထိ သူ ဒီအတိုင်းစိုက်ကြည့်နေမိသည်။ ဆယ်စက္ကန့်ကျော်အကြာ၌ ပြန်စာတစ်စောင်ရောက်လာ၏။

 "ကောင်းပြီ...ကိုယ်အခုစိတ်ချသွားပြီ...”

စုန့်ရန်က ဖုန်းကိုဘေးဘက်သို့ချကာ သက်ပြင်းမောကြီးတစ်ခုချလိုက်သည်။ 

ဒုတိယနေ့တွင် ပုပုအဖျားကျသွားကာ ၃၇ ဒီဂရီစင်တီဂရိတ်သို့ ကိုယ်အပူချိန်ကျဆင်းသွားပြီဖြစ်ပြီး အစာစားချင်စိတ်သည်လည်း ပုံမှန်ပြန်ဖြစ်လာ၏။ မနက်စာစားပြီးနောက် စုန့်ရန်က သူ့အားနေပူဆာလှုံခြင်းဖြင့် ရောဂါပိုးများကိုတိုက်ထုတ်ရန် ဝရန်တာသို့ပွေ့ချီသွား၏။ ကတ္တီပါကူရှင်ပေါ်တွင် ပုပုက ဘဲရုပ်ဝတ်စုံကလေးကိုဝတ်ဆင်ထားကာ ရုပ်ပြစာအုပ်များကိုကြည့်လိုက်၊ ပုသို့သို့နှင့်ဘောလုံးကစားလိုက်နှင့် တစ်ယောက်အမြှီးတစ်ယောက်တက်နင်းမိရင်း အလုပ်ရှုပ်လျှက်ရှိသည်။   

ဘဲမြှီးကတိုတိုလေးဖြစ်ကာ ကြောင်အမြှီးက လျားလေသည်။ ပုပုက သူ၏သာလွန်ကောင်းမွန်သော မျိုးစိတ်အားအခွင့်ကောင်းယူကာ သွက်လက်စွာဉာဏ်ဆင်လျှက် အောင်ပွဲခံနိုင်နေသဖြင့် စိတ်အခြေအနေမှာကောင်းမွန်လျှက်ရှိသည်။  

ဧည့်ခန်းထဲရှိ ပြတင်းပေါက်နားတွင်ရပ်ကာ စုန့်ရန်က T မြို့၏မိဘမဲ့ဂေဟာကို ဖုန်းခေါ်လိုက်သည်။  

သူ သူ၏ကျန်းမာရေးမှတ်တမ်းအား အတည်ပြုရန်လိုအပ်ပေသည်။  

T မြို့တော်က ကုန်းတွင်းပိုင်းပြည်နယ်များထဲတွင် စတုတ္ထ သို့မဟုတ် ပဥ္စမအဆင့်ပြည်နယ်ဖြစ်၏။ မိဘမဲ့ဂေဟာမှာလည်း ခပ်ကျဥ်းကျဥ်းသာဖြစ်ပြီး ကလေးများ၏အသုံးအဆောင်များမှာလည်း နည်းပါးလှကာ ခန့်အပ်ထားသောဝန်ထမ်း၏အရည်အသွေးမှာလည်း နိမ့်ကျလှချေသည်။ မော်ကွန်းထိန်းက အလုပ်သို့ မိနစ် ၅၀ နောက်ကျ၍ရောက်လာခဲ့သည်။ သူက လက်ဖက်ရည်ကြမ်းတစ်အိုးတည်၍ မဂ္ဂဇင်းစာအုပ်ကိုလှန်လိုက်ကာ ကြော်ငြာစာမျက်နှာအားဖြဲစုတ်၍ သူ၏ပန်ကိတ်ကိုပတ်လိုက်ပြီး စတင်စားသောက်လေသည်။ မကြာခင်မှာပင် ထိုစာအုပ်တွင်ပါဝင်သော အဆင့်မြင့်အရာရှိကြီးနှင့်ဇနီးတို့ကြားရှိ ကိလေသာဇာတ်လမ်း၌မျောပါ၍နေစဥ် ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် နှောင့်ယှက်ခံလိုက်ရသဖြင့် ဝန်ထမ်းက မကျေမနပ်လျှာတောက်လိုက်၏။   

စုန့်ရန်က သူ၏အကြောင်းကိစ္စအား ယဥ်ကျေးစွာရှင်းပြလေသည်။ ဝန်ထမ်းက ပါးစပ်အပြည့်ပန်ကိတ်နှစ်ကိုက်စားရင်း ဒေသိယသံလေးလေးကြီးဖြင့်ပြောလာ၏။ 

“ဒါပေါ့...ဒါပေါ့...ငါတို့ကလေးတွေထဲက ဘယ်သူကများရေကျောက်မပေါက်ဖူးလို့လဲ...”

သူက ထိုသို့ပြောပြီးနောက် ဖုန်းချရန်ပြင်လိုက်သည်။

“ခဏလေး...ကျေးဇူးပြုပြီး အဲ့ဒါလေးစစ်ဆေးပေးလို့ရမလား...” စုန့်ရန်က တုံ့ဆိုင်းစွာတောင်းဆိုလိုက်၏။ 

“ဆရာကျန်းက ကျွန်တော်တို့ရဲ့ဆေးမှတ်တမ်းတွေကို ဖိုင်တစ်ခုနဲ့သိမ်းထားတယ်လို့ပြောဖူးတယ်...အဲ့ဒီ့ဖိုင်က ရုံးမှာရှိမယ်ထင်တယ်...” 

ဝန်ထမ်း၏အမူအရာက ချက်ချင်းပျက်ယွင်းသွားလေသည်။  

သူက ပန်ကိတ်ကို မင်းသမီးတစ်ဦး၏ပုံပါဝင်သော မဂ္ဂဇင်းဘေးသို့ချလိုက်ရင်း စာရင်းစာအုပ်ကိုလှန်၍ အလွန်အမင်းစိတ်မရှည်သောအသံဖြင့်ဆိုလိုက်၏။

 “မျိုးရိုးနာမည်၊ အသက်၊ လာရောက်တဲ့ခုနှစ်...” 

“စုန့်ရန်ပါ...ချီးကျူးခြင်းရဲ့ စုန့်ဖြစ်ပြီး သဘာဝကျခြင်းရဲ့ ရန် ပါ...၂၀၀၁ ခုနှစ်ဖေဖော်ဝါရီလမှာ ဝင်ခွင့်ရခဲ့တာပါ...”

ထိုလူက ဘေးဘက်ရှိဘောပင်ကိုယူကာ ခပ်မြန်မြန်ရေးချလိုက်၏။ 

“ကျွန်တော် အခုပဲစစ်ဆေးကြည့်လိုက်ပါ့မယ်...”

ထိုသို့ပြောလိုက်သော်လည်း တကယ်တမ်းသူလုပ်သည်က မဂ္ဂဇင်းကိုဖွင့်ကာ (အဆင်မြင့်အရာရှိကြီးနှင့်မိန်းမလှလေး: သွေးလွှမ်းသောနှင်းဆီထောင်ချောက်) ဟူသည့်ဝတ္ထုအား ရှာဖွေခြင်းသာဖြစ်၏။ ငါးမိနစ်အကြာတွင် အဆိုပါခွေးသွေးဝတ္ထုအားဖတ်ပြီးသွားသည်နှင့် သူက မဂ္ဂဇင်းကိုချကာ ဖုန်းပြန်မကိုင်ခင် အနည်းငယ်ကျိန်ဆဲလိုက်သေးသည်။ ထို့နောက် ဖုန်းခွက်ကိုကိုင်ကာ အမှတ်မထားပဲပြန်ဖြေလိုက်၏။ 

“ကျွန်တော် စစ်ဆေးကြည့်ပြီးပြီ...ခင်ဗျား ရေကျောက်ပေါက်ဖူးတယ်...”

စုန့်ရန်က ကုလားထိုင်နှင့်စားပွဲများရွေ့လျားသွားသည့်အသံကိုရော၊ ခြေသံကိုရောမကြားမိချေ။ ဖုန်းတစ်ဖက်မှ သူကြားနေရသည်မှာ စာရွက်လှန်သံများသာဖြစ်၏။ သူက မသင်္ကာမှုကိုခံစားလိုက်ရကာ မေးလိုက်၏။

 “ကျွန်တော် ဘယ်နှစ်က ရေကျောက်ပေါက်တာလဲခင်ဗျ...”

တစ်ဖက်လူက သည်းခံနိုင်စွမ်းကုန်ခမ်းသွားပုံပေါ်ကာ ကြမ်းတမ်းစွာပြောဆိုတော့သည်။ “ခင်ဗျား ဘာဖြစ်နေတာလဲ...ခင်ဗျား ဖြစ်ဖူးတယ်လို့ကျွန်တော်ပြောပြီးပြီလေ...ကျွန်တော် တစ်ခါပဲစစ်ဆေးပေးနိုင်မယ်...ယုံချင်ယုံ မယုံချင်နေ...” 

ထို့နောက် ဖုန်းချပစ်လိုက်လေသည်။ 

စုန့်ရန်က ဆဲလ်ဖုန်းကိုပြန်လည်ချလိုက်ကာ အနက်ရောင်ဖုန်းမျက်နှာပြင်ကိုငေးနေမိသည်။ ထို့နောက် သရော်ဟန်ဖြင့်ခေါင်းယမ်းလိုက်ရင်း ရယ်မောလိုက်၏။ ၇နှစ်ပင်ကြာသွားပြီဖြစ်သော်လည်း မိဘမဲ့ဂေဟာက အရင်အတိုင်းနည်းနည်းလေးပင်မပြောင်းလဲချေ။ ဖုန်းတစ်ဖက်ကနေပင် အေးစက်စက်နိုင်မှုနှင့်ဂရုမစိုက်မှုများကို ခံစားရစမြဲဖြစ်၏။  

စုန့်ရန်မှတ်ဉာဏ်ထဲတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မိဘမဲ့ဂေဟာ၏ဂိတ်အပေါက်ဝတွင်ချိတ်ဆွဲထားသည့် "ကလေးများအားလုံးနှင့်သက်ဆိုင်သော မိသားစုကြီး" ဟူသောစာတန်းကို မြင်ယောင်လိုက်မိသည်။ လူကြီးများက 'ဒါက မင်းရဲ့အိမ်ပဲ၊ မင်းတို့အားလုံးကမောင်နှမတွေ၊ ဆရာ၊ဆရာမတွေက မင်းတို့ရဲ့မိဘတွေလေ၊ ပျော်စရာမကောင်းဘူးလား၊" အစရှိသည်ဖြင့်ပြောဆိုရသည်ကို အလွန်နှစ်သက်ကြလေသည်။ အားလပ်ရက်များတွင် ရုပ်မြင်သံကြားအစီအစဥ်များနှင့် သတင်းစာများမှ လာရောက်အင်တာဗျူးလေ့ရှိသည်။ ကလေးများအား ကင်မရာကိုကြည့်စေ၍ 'မိဘမဲ့ဂေဟာက ကျွန်တော်တို့ရဲ့အိမ်ပါ' ဟုပြောဆိုစေခြင်းဖြင့် အစီအစဥ်ကိုနိဂုံးချုပ်လေ့ရှိသည်။  

သို့သော် မိဘမဲ့ဂေဟာက သူတို့၏အိမ်အစစ်အမှန်မဟုတ်မှန်း ကလေးအားလုံးရှင်းရှင်းလင်းလင်း နားလည်ထားကြသည်။  

'အိမ်'ဟူသည့်ဝေါဟာရက အလွန်တရာနူးညံ့ကာ ကျိုးပဲ့လွယ်၏။ ကတ္တီပါကူရှင်ပေါ်ရှိ ဖန်ပန်းပုရုပ်ကလေးကဲ့သို့ပင် အနည်းငယ်မျှသောထိခတ်မှုကပင် အစိိတ်စိတ်အမွှာမွှာကွဲကြေစေနိုင်လေသည်။ တစ်ခါတစ်ရံ ကလေးများက ၎င်းကိုအိမ်ဟုယုံကြည်လုဆဲဆဲအချိန်မျိုးတွင် ရှက်ရွံ့စရာကောင်းသည်အထိ သနားစရာကောင်းအောင်လုပ်ပြရခြင်းမျိုး၊ လူမြင်ကွင်းရှိကြင်နာမှုများနှင့်ကွဲပြားလှသည့် သီးသန့်ရှိချိန်၌အေးစက်စက်နိုင်မှုမျိုး၊ ယနေ့ကဲ့သို့ ဖျားနာနေချိန်၌မည်သူ့ကိုမှအကူအညီတောင်း၍မရခြင်းမျိုးက မိဘမဲ့ဂေဟာမှာ အိမ်မဟုတ်ကြောင်း သူတို့ကိုခံစားရစေ၏။   

နံရံပေါ်တွင် မည်မျှအလှဆင်ထားစေကာမူ၊ စားပွဲပေါ်တွင် ပန်းစည်းများမည်မျှရှိစေကာမူ ၎င်းမှာအိမ်မဟုတ်ချေ။ 

စုန့်ရန်က ခေါင်းမော့ကာ ဆယ့်နှစ်ထပ်မြောက်၏ပြတင်းပေါက်မှတဆင့် အပြင်ကိုငေးကြည့်ရင်း ဆင်တူသည့်ပြတင်းပေါက်များအတန်းလိုက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ဝရန်တာအား လှည့်ကြည့်လိုက်မိ၏။ နေရောင်ခြည်တန်းက တိမ်တိုက်များကိုဖြတ်သန်းလျှက် အခန်းအတွင်းသို့ဖြာကျလျှက်ရှိသည်။ ခြေပြောင်ကလေးနှင့်ပုပုက အမွှေးဖွားအလုံးတစ်လုံးကိုဖက်လျှက် တွဲလွဲကျနေသောခေါင်းလောင်းပန်းများအောက်တွင် အိပ်မောကျလျှက်ရှိသည်။ 

သူက ထိုနေရာသို့လျှောက်သွားပြီး ကလေးလေး၏အနားတွင်ထိုင်လိုက်ကာ မွှေးပွစောင်ကလေးကိုခြုံလွှားပေးလိုက်၏။ 

ဒါဆို...အိမ်ကဘယ်လိုနေရာမျိုးပါလိမ့်...

အိမ်က ဤကဲ့သို့နေရာမျိုးဖြစ်သင့်လေသည်။ တစ်ဦးနှင့်တစ်ဦးအတူတူနေထိုင်လျှက် တစ်စုံတစ်ဦး၏ဘဝက အခြားလူများ၏မှတ်ဉာဏ်တွင် ပြတ်သားစွာထင်ဟပ်နေသင့်သည်။ မိသားစုဝင်များက သူ မည်သည့်ခုနှစ်၊ မည်သည့်လတွင် ရေကျောက်ပေါက်ခဲ့ကြောင်း၊ အဖျားကြီးခဲ့ကြောင်း၊ အနီစက်များကြောင့်ယားယံသဖြင့်ငိုခဲ့ကြောင်း စသည့်အကြောင်းအရာများနှင့် ပြန်လည်ကောင်းမွန်လာသည်အထိ မည်မျှကြာခဲ့ကြောင်း မှတ်မိနေကြလိမ့်မည်။ သင် ကြီးပြင်းလာပြီး ဟိုတစ်စဒီတစ်စငယ်ဘဝအမှတ်တရများကို ဝိုးတဝါးဖြစ်သွားသည့်အခါ မိသားစုဝင်များကသာလျှင် ထိုအမှတ်တရများကို သင့်အတွက်ဂရုတစိုက်ပြန်၍ပြောပြပေးကြမှာဖြစ်သည်။  

သူတို့က တစ်ဦးနှင့်တစ်ဦးအမှတ်ရနေကြသည့်အတွက် မည်သည့်နေရာသို့ရောက်ပါစေ၊ လမ်းပျောက်ခြင်း၊ အကူအညီမဲ့ခြင်းမျိုးကို ခံစားရမှာမဟုတ်ချေ။ 

စုန့်ရန်က လက်ဆန့်ကာ ပုပု၏မျက်နှာဝိုင်းဝိုင်းလေးကိုထိလိုက်၏။ 

ဒါက အရေးမကြီးတော့ပါ...

မည်သူကမှ သူနှင့်ပတ်သတ်သောအမှတ်တရများကို မမှတ်မိစေကာမူ၊ သူ ရေကျောက်ပေါက်ဖူးခြင်း၊ မပေါက်ဖူးခြင်းအပေါ် မသေချာစေကာမူ သူနှင့်ပုပုက ရက်အကြာကြီး နီးကပ်စွာအတူတူရှိခဲ့ပြီးပြီဖြစ်သည်။ အကယ်၍ သူသာကူးစက်ခံရပါက အချိန်အတော်ကြာကတည်းက ကူးစက်ပြီးနေပြီဖြစ်ရာ စိတ်ပူရန်မလိုအပ်တော့ချေ။  

အခုအချိန်တွင် ပုပုအားဂရုစိုက်ရန်ကသာလျှင် အရေးအကြီးဆုံးဖြစ်လေသည်။

..............

၈ရက်မြောက်နေ့ ညနေ ၃နာရီ ၁၅မိနစ် 

အဆိုးဆုံးအခြေအနေကို ကြိုတင်ပြင်ဆင်ထားလျှက် စုန့်ရန် အင်တာနက်ပေါ်တွင် ရေကျောက်ရောဂါအကြောင်းရှာဖွေလိုက်သည်။ ရောဂါလက္ခဏာများက အနည်းဆုံးဆယ်ရက်ကြာမှ စတင်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရချိန်မှသာ သူ စိတ်သက်သာရာရသွားခဲ့သည်။ 

ဆယ်ရက်က လုံလောက်ပေသည်။

အကယ်၍ ကံမကောင်းစွာဖြင့် ကူးစက်ခြင်းခံရစေကာမူ လူကြီးမင်းဟယ် ခရီးမှပြန်ရောက်လာချိန်အထိ ရောဂါလက္ခဏာပြဦးမှာမဟုတ်ချေ။ အလွန်ဆုံးမှ အိမ်တွင်နားနေ၍ သူ၏ခုခံကာကွယ်ရေးစနစ်ကိုအဆင့်မြှင့်တင်ရင်း အားမွေးနေရရုံသာရှိလိမ့်မည်။ မိဘရော၊ ချစ်သူပါမရှိသည့် တစ်ကိုယ်တည်းနေထိုင်သော ၂၃နှစ်အရွယ်အမျိုးသားတစ်ဦးအနေဖြင့် စုန့်ရန်က သူဖျားနာသည့်အခါတိုင်း သူ၏ကိုယ်ခံအားကိုသာအားပြုကာ ခေါင်းမာမာနှင့်အဆုံးထိတောင့်ခံလေ့ရှိ၏။ 

ပြင်းထန်သည့်ဖျားနာမှုမဟုတ်သရွေ့ သူကျော်ဖြတ်နိုင်မှာပင်။ ရက်နည်းနည်းလောက် မသက်မသာဖြစ်ရုံသာရှိလိမ့်မည်။ 

၎င်းက နှစ်ပေါင်းများစွာ သူအသုံးပြုခဲ့သည့် ကုသနည်းဖြစ်လေသည်။  

ပုပုနှင့်တစ်လျှောက်လုံးကပ်နေခဲ့ခြင်းကြောင့်ပေလားမသိ။ အွန်လိုင်းပေါ်တွင် ဖော်ပြထားသော ဆယ်ရက်ကြာမှရောဂါလက္ခဏာပြသမည်ဟူသည့်အချက်က အစအနပင်မမြင်ရပဲ ပျောက်ကွယ်သွားကာ တူညီသောနေ့၏နေ့လယ်ခင်း၌ပင် စုန့်ရန်အပြင်းအထန်ဖျားလေတော့သည်။ 

အချိန်မှာ နေ့လည်ခင်းအိပ်စက်ရန်အသင့်ပြင်နေသောပုပုအတွက် စုန့်ရန်က အိပ်ရာဝင်ပုံပြင်ဖတ်ပြနေချိန်ဖြစ်သည်။ ပုံပြင်ဖတ်ရင်းပုပုအားချော့သိပ်ပြီးသည်နှင့် မပြီးပြတ်သေးသော ပန်းချီကိုအပြီးသတ်ရန် စုန့်ရန် စဥ်းစားထားခဲ့၏။ သို့သော် သူ၏မျက်ခွံများက ပုံပြင်ပြောနေရင်းလေးသထက်လေးလာကာ အလွန်အမင်းအိပ်ငိုက်လာခဲ့သည်။ ခဏအကြာ၌ ဆက်လက်၍တင်းမခံနိုင်တော့ပဲ တစ်ဖက်သို့လဲကျသွားပြီး ကုတင်ခေါင်းရင်းကိုမီလျှက် ထုံထိုင်းထိုင်းနှင့်မူးဝေလာခဲ့ကာ ရုပ်ပြစာအုပ်သည်လည်း သူ့လက်အတွင်းမှပြုတ်ကျသွားခဲ့သည်။  

 

Xxxxxxxx