အပိုင်း ၃၈
Viewers 9k

Chapter 38

စုန့်ရန် အိပ်မောကျသွားသည်နှင့် သူ၏ခန္ဓာကိုယ်အပူချိန်သည်လည်း တင်းကုပ်တံခါးကိုဖွင့်ပေးခံလိုက်ရသည့် ဇက်ကြိုးတပ်မထားသောမြင်းဒါဇင်ပေါင်းများစွာကဲ့သို့ ကိုယ်တွင်း၌ ဒေါသတကြီးမွှေ့ယမ်းလေတော့သည်။  

မိုးမျှော်ငရုတ်သီးဂျင်တစ်ရာခန့်ကို အမှုန့်ကြိတ်ကာ လည်ချောင်းထဲသို့ အတင်းအကျပ်ထိုးထည့်ခံလိုက်ရသဖြင့် ငရုတ်ကောင်းရည်များက အဆုတ်ပေါ်ရှိဇကာပေါက်ငယ်များအားလုံးထံ စိမ့်ဝင်သွားသကဲ့သို့ ပူလောင်၍နေလေသည်။ အပူလှိုင်းများက လေထဲတွင်ပျံ့နှံ့နေကာ စုန့်ရန်၏ကျောပြင်တစ်ခုလုံး ချွေးများရွှဲနေပြီး S မြို့၏ခွေးလိုပူပြင်းသောနွေရာသီနေ့ရက်များတွင် ပိတ်မိနေသကဲ့သို့ ပဲစေ့အရွယ်ခန့်ချွေးသီးချွေးပေါက်များက လည်တိုင်မှလိမ့်ဆင်းလာလေသည်။ 

မီးဖုတ်ခံရသလိုပူလောင်နေ၍ စုန်ရန်မသက်မသာဖြစ်နေသော်လည်း သူ့ကိုယ်သူသတိမပြုမိသေးချေ။ သူက ပုပုအဖျားတက်သည်ဟုထင်လိုက်ကာ ပုပု၏အပူချိန်ကိုစမ်းသပ်ရန် လက်ဆန့်ထုတ်ချင်ခဲ့သည်။ သို့သော် သူ၏ခြေလက်များက ဖယောင်းတိုင်အရည်ပျော်ကျသကဲ့သို့ အိပ်ရာနှင့်ကပ်နေကာ အနည်းငယ်ပင်မ၍မရချေ။  

သူက ထထိုင်ရန်ပြင်လိုက်စဥ် မျက်စိရှေ့တွင်အပျောက်အပျောက်များပေါ်လာပြီး ပုံရိပ်များကယိုင်ထိုးနေလေသည်။ သူ၏အစာအိမ်ကပြောင်းဆန်လာကာ လည်ချောင်းထဲတွင်ပျို့တက်လာ၏။ သူက နံရံကိုမီ၍မတ်တပ်ရပ်ကာ ရေချိုးခန်းထံသို့သွားရန်စိတ်ကူးလိုက်သော်လည်း ဝါဂွမ်းဖြင့်ပြုလုပ်ထားသည့်ကြမ်းပြင်ပေါ် လမ်းလျှောက်နေရသကဲ့သို့ ရှေ့နောက်၊ဘယ်ညာယိုင်ထိုးနေလေသည်။ အဆုံးသတ်၌ ရေချိုးခန်းထံသို့မရောက်ချင်ရောက်ချင်ဖြင့်ရောက်သွားခဲ့ပြီး ကြမ်းပြင်ပေါ်ဒူးထောက်လျှက် အိမ်သာကြွေခွက်အားဖက်ကာ ရေထဲသို့ခေါင်းစိုက်ကျလုနီးနီး အပြင်းအထန်အန်တော့သည်။ 

နှစ်မိနစ်ခန့်အန်ပြီးသည့်နောက် သူ၏သက်တမ်းတစ်ဝက်ကုန်ဆုံးသွားသလို စုန့်ရန်ခံစားလိုက်ရသည်။ သူက ရေဆွဲချလိုက်ရင်း ခက်ခက်ခဲခဲမတ်တပ်ရပ်လိုက်ကာ ဘေစင်တွင်သူ့ကိုယ်သူဆေးကြောရင်း မှန်ထံအကြည့်ရောက်သွား၏။ 

အပူကြီးမှုကြောင့် သူ၏အမြင်က ဝေဝါးလျှက်ရှိသည်။ သူက မျက်နှာကိုမှန်နှင့်ကပ်၍ ဟိုဘက်သည်ဘက်စောင်းကြည့်လိုက်သည့်အခါ ညာဘက်ပါးပေါ်၌ အနီရောင်အစက်တစ်စက်ရှိနေကြောင်း တွေ့လိုက်ရလေသည်။  

၎င်းကိုထိလိုက်သည့်အခါ အနည်းငယ်ယားယံသွားခဲ့သည်။

စုန့်ရန်က အကြောင်သားနှင့်ခဏလောက်မတ်တပ်ရပ်နေမိသည်။ ထို့နောက် ရေပိုက်ကိုဖွင့်ကာ သူ၏မျက်နှာအား ရေခဲတမျှအေးစက်နေသောရေဖြင့် ဆေးကြောလိုက်၏။ 

အိပ်ခန်းထဲတွင် ခေါင်းအုံးအောက်ရှိဆဲလ်ဖုန်းက စိတ်မရှည်စွာတုန်ခါလျှက်ရှိသည်။ စုန့်ရန်သည်လည်း ရေချိုးခန်းထဲရောက်နေသည့်အတွက် ဖုန်းသံကိုမကြားတော့သလို အိပ်ရာတစ်ဖက်တွင် ယုန်ရုပ်ကလေးကိုဖက်လျှက် ငြိမ်းချမ်းစွာအိပ်စက်နေသည့် ပုပုသည်လည်း ဖုန်း၏တုန်ခါနေမှုကိုသတိမပြုမိချေ။ 

သုံးကြိမ်ခန်ထပ်မံ၍တုန်ခါပြီးနောက် တစ်ဖက်ရှိလူကလက်လျှော့သွားဟန်ဖြင့် ဖုန်းစခရင်ပိတ်ကျသွားလေသည်။  

ဟယ်ကျစ်ယွမ်က ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်ကာ တက္ကဆီ၏ခရီးသည်ထိုင်ခုံတွင်ထိုင်လိုက်သည်။ 

သူက အဘယ့်ကြောင့်စုန့်ရန်ကို ဖုန်းခေါ်ချင်လာခဲ့မှန်းမသိချေ။ ယခင်က တရုတ်ပြည်တွင်နေ့လည်ခင်းဖြစ်လောက်မည့်အချိန်မျိုး၌ စုန့်ရန်နှင့် တစ်ခါမှဖုန်းမပြောခဲ့ဖူးချေ။  

ယနေ့ဆိုလျှင် ဖုန်းခေါ်ဖို့ပို၍ပင်မဖြစ်နိုင်သေးသည်။ 

လွန်ခဲ့သည့်နှစ်ရက်လုံးလုံး အားလပ်ချိန်ပင်မရှိအောင် ဟယ်ကျစ်ယွမ် အလုပ်များနေခဲ့၏။ သူက မနက် ၈နာရီမှ ည ၈နာရီအထိ မရပ်မနားအလုပ်လုပ်နေရကာ အစည်းအဝေးလေးခု တက်ရောက်ခဲ့ရသည်။ အလုပ်ဆင်းသည့်အခါ ဆန်ဂျို့စ်သို့ကားမောင်းသွား၍ လော့အိန်ဂျလိစ်ထံပျံသန်းမည့် ၉နာရီခွဲလေယာဥ်ချိန်မတိုင်ခင် ညစာအမြန်စားရလေသည်။ မနက်ဖြန်တွင် အချက်အလက်များလုံခြုံရေးနှင့်သက်ဆိုင်သည့် ဆွေးနွေးပွဲအားတက်ရောက်ရဦးမှာပင်။ ဆွေးနွေးပွဲကို သုံးရက်ကြာကျင်းပမှာဖြစ်သော်လည်း သူက မနက်ခင်းအချိန်ပိုင်းတစ်ခုကိုသာ SwordArc ၏ R&Dအဖွဲ့ကိုယ်စား ဟောပြောပို့ချမှာဖြစ်၏။ ထို့နောက် ပွဲသို့တက်ရောက်လာသော ပါရဂူများနှင့်နည်းပညာဆိုင်ရာ အမေးအဖြေများပြုလုပ်ပေးရမည်။ သို့မှသာ သူတို့က Sillicon Valley သို့ အထူးတလည်ခရီးထွက်ရမည့်အဖြစ်အား ရှောင်လွှဲနိုင်မှာဖြစ်၏။ အင်တာဗျူးများပြီးသည်နှင့် ပါလိုအယ်တိုထံ ရရာလေယာဥ်နှင့်ပြန်မှာဖြစ်ကာ ကျန်ရှိသည့်ဆွေးနွေးပွဲ၏ နှစ်ရက်နှင့်တစ်ပိုင်းကို သူ၏လုပ်ဖော်ကိုင်ဘက်များထံ လွှဲပြောင်းပေးခဲ့မှာဖြစ်သည်။ 

(T/N: Sillicon Valley မှာ မြောက်ပိုင်းကယ်လီဖိုးနီးယားရှိ ဒေသတစ်ခုဖြစ်ပြီး မြင့်မားသောနည်းပညာနှင့်ဆန်းသစ်တီထွင်မှုတို့၏ တစ်ကမ္ဘာလုံးဆိုင်ရာဗဟိုချက်တစ်ခုဖြစ်လေသည်။ 

ဆန်ဂျို့စ်မှာ အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ်ရှိ အဓိကမြို့တစ်မြို့ဖြစ်ပြီး Sillicon Valley ၏ ယဉ်ကျေးမှု၊ ငွေကြေးနှင့် နိုင်ငံရေးအချက်အချာဒေသဖြစ်ကာ လူဦးရေနှင့်အကျယ်အဝန်းတွင် မြောက်ပိုင်းကယ်လီဖိုးနီးယား၏အကြီးဆုံးမြို့ဖြစ်သည်။)

သူ့အလုပ်ကတစိုက်မတ်မတ်လှုပ်ရှားနေရခြင်းဖြစ်ရာ သူ၏အတွေးများသည်လည်း အလုပ်နှင့်သာဖိစီးနေသင့်သည်။ တွေ့ပင်မတွေ့ဖူးသည့်စုန့်ရန်အား တွေးမိစရာအကြောင်းမရှိသင့်ချေ။  

သို့သော် လေယာဥ်က မီးများလင်းထိန်လျှက်ရှိသည့် ပြေးလမ်းပေါ်သို့လေယာဥ်ဆင်းသက်ကာ ခရီးည်ပို့ဆောင်သည့်တံတားဆိုက်ကပ်သည့်အချိန်တွင် သူက ခရီးဆောင်အိတ်ကိုယူလျှက် တံတားပေါ်တက်လိုက်ပြီးနောက် ဖုန်းကိုထုတ်၍ Airplane mode ကိုပိတ်လိုက်သည်။ ထို့နောက် သူပထမဆုံးလုပ်မိသည်က ဖုန်းနံပါတ်မှတ်ထားသည့်စာရင်းကိုဖွင့်ကာ စုန့်ရန်၏အမည်အား နှိပ်လိုက်ခြင်းပင်။ 

သူ၏နှလုံးသားထဲရှိ မလွယ်ကူသောခံစားချက်က စုန့်ရန်အား တတ်နိုင်သမျှမြန်မြန်ဖုန်းခေါ်ရန်နှင့် ထိုလူငယ်လေး၏အသံကိုနားထောင်ကာ တစ်နေ့တာအား ကောင်းမွန်စွာဖြတ်သန်းနေခြင်းရှိမရှိအတည်ပြုရန် တွန်းအားပေးလျှက်ရှိသည်။

သို့သော် မည်သူကမှဖုန်းမကိုင်ခဲ့ချေ။ 

လေဆိပ်မှထွက်လာကတည်းက ဟယ်ကျစ်ယွမ် စုန့်ရန်အား သုံးကြိမ်ဆက်တိုက်ဖုန်းခေါ်နေခဲ့ခြင်းဖြစ်သည်။ သူက ယခုအချိန်မှာ စုန့်ရန်နှင့်ပုပုတို့ နေ့လည်ခင်းတစ်ရေးတစ်မောအိပ်ချိန်ဖြစ်သဖြင့် ဖုန်းမကိုင်ခြင်းဖြစ်ကြောင်း သူ့ကိုယ်သူနှစ်သိမ့်လိုက်၏။ မနက်ဖြန်မနက်မှခေါ်ရန်စဥ်းစားလိုက်ကာ အဆိုပါကိစ္စအား ဘေးဖယ်ထားလိုက်လေသည်။ သန်းခေါင်ယံ၌ ညီလာခံကျင်းပမည့်ဟိုတယ်သို့ရောက်သည့်အချိန်တွင် သူက စိတ်ရောလူပါပင်ပန်းနေပြီဖြစ်၏။ နက်ခ်တိုင်နှင့်အင်္ကျီအားချွတ်ပြီးနောက် ရေပူနှင့်ရေချိုးလိုက်ကာ ပုံမှန်အတိုင်း ဝိုင်နီတစ်ခွက်သောက်လိုက်သည်။ ထို့နောက် အဝတ်လဲကာအိပ်ရာဝင်တော့၏။  

မနက်သုံးနာရီတွင် သူ၏ချစ်စဖွယ်အိမ်မက်ကလေးက ရုတ်တရက်နှောင့်ယှက်ခံလိုက်ရလေသည်။ 

ဟယ်ကျစ်ယွမ် မျက်လုံးများကိုဖွင့်လိုက်၏။ ပြတင်းပေါက်အပြင်ဘက်တွင် ညကနက်ရှိုင်းလျှက်ရှိကာ အဆောက်အဦးများ၏ မီးခိုးရောင်ပုံရိပ်များက တစ်ခုနှင့်တစ်ခုထပ်လျှက်တည်ရှိနေပြီး ဆိတ်သုဥ်းသောခံစားချက်အား ပေးစွမ်းနေလေသည်။ သူ၏အနားမရသေးသောစိတ်အစဥ်ကြောင့် ဟယ်ကျစ်ယွမ်ဖုန်းကိုထုတ်ကာ စုန့်ရန်အားခေါ်ဆိုလိုက်လေသည်။  

ဤတစ်ကြိမ်၌ ဖုန်းကချောမွေ့စွာဝင်သွား၏။

ဖုန်း၏အခြားတစ်ဖက်မှ ချောင်းသံသဲ့သဲ့က အရင်ဆုံးထွက်ပေါ်လာကာ စုန့်ရန်၏အက်ကွဲနေသောအသံလေးကို ကြားလိုက်ရသည်။

 “လူကြီးမင်းဟယ်...ကျွန်တော့်ကိုရှာနေတာလား...”

ဟယ်ကျစ်ယွမ်က စုန့်ရန်၏အသံမှာ တစ်စုံတစ်ခုမှားယွင်းနေကြောင်း သိလိုက်ရသည်။ သူက ထထိုင်လိုက်ရင်း “စုန့်ရန်...အဆင်ပြေရဲ့လား...”

၅စက္ကန့်မျှတုံ့ဆိုင်းနေပြီးနောက် စုန့်ရန်ကပြန်ဖြေ၏။ 

“ကျွန်တော်...ကျွန်တော် အဆင်ပြေပါတယ်...ကျွန်တော် နေကောင်းပါတယ်...ပုပုရောပဲ...ဒီနေ့...ကျွန်တော်သူ့ကိုသေချာဂရုစိုက်ထားတယ်သိလား...အပူကန်ထွက်တာမျိုးရှိသေးပေမယ့် အရမ်းကြီးမပြင်းထန်တော့ဘူး...နောက်ပြီး အဖျားလည်းကျသွားပြီ...ကျွန်တော်သူ့ကို ဆရာဝန်ညွှန်းပေးတဲ့ဆေးလည်းတိုက်ထားတယ်...” 

မည်သို့ပင်ဖုံးကွယ်ရန်ကြိုးစားစေကာမူ စုန့်ရန်၏အသံလေးမှာ နှေးကွေးသောစကား၊ မရှင်းလင်းသောပြောဆိုမှု၊ ရိုးရှင်းသောဝေါဟာရ၊ ကွဲလွဲနေသောအကြောင်းအရာများနှင့် အရေးကြီးအချက်များကို အပြည့်အဝဆုပ်ကိုင်နိုင်စွမ်းမရှိခြင်းတို့ဖြင့် အားနည်းဖျော့တော့လျှက်ရှိလေသည်။ အဆိုပါလက္ခဏာဏာများကိုကြည့်၍ ဟယ်ကျစ်ယွမ်က စုန့်ရန်၏စိတ်အခြေအနေမှာ ဖရိုဖရဲဖြစ်နေကြောင်း သတိပြုမိသွားခဲ့လေသည်။   

ဆူဆူညံညံအသံများက ဖုန်း၏အခြားတစ်ဖက်မှ ဆက်တိုက်ထွက်ပေါ်၍လာလေသည်။ 

ဟယ်ကျစ်ယွမ် သိချင်စိတ်ဖြင့်မေးလိုက်သည်။ “မင်းအခုဘယ်မှာလဲ...”

“အမ်...ဆေးရုံမှာ...” စုန့်ရန်က ခဏမျှတုံ့ဆိုင်း၍နေကာ သူ၏အသံမှာလည်း မကြားနိုင်လောက်အောင်တိုးတိတ်သွားခဲ့သည်။ “အိမ်နားက...F တက္ကသိုလ်နဲ့ပူးပေါင်းပြီးဖွင့်ထားတဲ့ဆေးရုံမှာပါ...”  

တစ်ချိန်ထဲမှာပင် ဆေးရုံ၏အသံလွှင့်စက်မှ အသံထွက်ပေါ်လာသည်။ ဟယ်ကျစ်ယွမ် ဂရုတစိုက်နားထောင်လိုက်ပြီးနောက် အရေးပေါ် ဟူသည့်စကားလုံးကို ဖမ်းဆုပ်မိလိုက်၏။ 

စုန့်ရန်က ဘာလို့အရေးပေါ်ဌာနကိုရောက်နေတာလဲ... 

သူ၏သံသယက ပို၍ပင်နက်ရှိုင်းလာ၏။ “မင်းတစ်ယောက်ထဲလား...ပုပုရောပါလား...” 

၎င်းမှာ ရိုးရှင်းသောမေးခွန်းသာဖြစ်သဖြင့် စုန့်ရန်က သုံးစက္ကန့်အတွင်းပြန်ဖြေနိုင်ခဲ့သည်။

 “ကျွန်တော်တစ်ယောက်ထဲပါ...” 

“ဘာလို့ ဆေးရုံကိုလာတာလဲ...”

“အာ...ကျွန်တော်…” စုန့်ရန် ခဏမျှအထစ်ထစ်အငေါ့ငေါ့ဖြစ်သွားကာ ဗလုံးဗထွေးပြောလာ၏။

 “ကျွန်တော်...ပုပုဖို့ဆေးလာယူတာ...”

ဟယ်ကျစ်ယွမ် တိတ်ဆိတ်သွားခဲ့သည်။

စုန့်ရန် ညာနေမှန်းသူပြောနိုင်၏။

အဆိုပါတိတ်ဆိတ်မှုက အလွန်ပင်ကသိကအောက်နိုင်လှသည်။ စုန့်ရန်က စောင့်ဆိုင်းခုံ၏ အေးစက်မာကျောသောနောက်မှီကိုမှီလိုက်ရင်း နဖူးပေါ်လက်ဖမိုးတင်လျှက် လူကြီးမင်းဟယ် တစ်စုံတစ်ခုအားသတိပြုမိသွားသည်လားဟု တွေးနေမိလေသည်။ 

သူဘာလို့ ညာပြီးရင်းညာနေရတာလဲ...

သူ၏ လောလောလတ်လတ်စိတ်အခြေအနေဖြင့် ပြည့်စုံသောအလိမ်အညာတစ်ခုကို တွေး၍မရချေ။ သို့သော် သူက လူကြီးမင်းဟယ်အားဖုံးကွယ်၍ရနိုင်မည်ဟူသော မျှော်လင့်ချက်အမျှင်ကလေးကိုဆုပ်ကိုင်လျှက် နှစ်ဆပိုမိုကြိုးစားခဲ့ခြင်းဖြစ်သည်။  

သူအရမ်းတုံးတာပဲ...ကိုယ့်ကိုယ်ကိုယ်တောင်ရယ်ချင်လာပြီ...

စုန့်ရန်က သူ၏ပူခြစ်နေသောနဖူးပေါ်ကိုလက်တင်လိုက်သည်။ ခေါင်းထဲတွင်အတွေးပေါင်းစုံပျံ့ကျဲနေကာ အရေးမပါသောအချက်ကလေးများအား ရောက်တတ်ရာရာတွေးနေမိ၏။ 

လူကြီးမင်းဟယ် ဘယ်လိုလုပ်ပြီးသိသွားတာလဲ...ဆေးရုံရဲ့ဆေးပေးခန်းက ဒီအချိန်မဖွင့်မှန်းသိနေတာလား...ဒါမှမဟုတ် သူ့အသံကမူမမှန်လို့များလား... 

သူခုဏက...ဘယ်လိုပြောလိုက်မိတာပါလိမ့်... 

ဘာမှကိုမမှတ်မိတော့ဘူး... 

ကိုယ်အပူချိန်က ၃၉ ဒီဂရီစင်တီဂရိတ်ထိမြင့်တက်လာကာ ခေါင်းထဲတွင်အတွေးများရှုပ်ထွေးလာပြီး ခုနကဘာပြောလိုက်မှန်းပင် မမှတ်မိတော့ချေ။ စုန့်ရန်က စကားပြန်စရန်အချိန်အတော်ကြာကြိုးပမ်းနေခဲ့သော်လည်း ဟယ်ကျစ်ယွမ်၏သတိပေးမှုကိုကြားလိုက်ရ၏။

“မင်းအလှည့်ရောက်ပြီ...”

“ဟမ်...”

စုန့်ရန် တဆစ်ဆစ်ထိုးကိုက်လာသည့်ဦးခေါင်းကို ခါယမ်းလိုက်၏။

ဟယ်ကျစ်ယွမ်က “အသံလွှင့်စက်ကမင်းနာမည်ကိုခေါ်သွားပြီ...အဖျားပျောက်ဆေးသွားထိုးလိုက်...ကိုယ်ပြီးရင်ဖုန်းပြန်ဆက်မယ်...” 

“အိုး...ကောင်းပါပြီ...ကျွန်တော်အခုသွားယူလိုက်မယ်…”

ဤအခြေအနေပင်ရောက်လာပြီဖြစ်ရာ စုန့်ရန်ဆက်လက်၍ ဟန်ဆောင်ဖုံးကွယ်မထားရဲတော့ချေ။ သူနာပြုက ဆေးခန်းတံခါးဝတွင် ကိုယ်တစ်ဝက်အပြင်ထွက်လျှက် သူ့နာမည်ကိုခေါ်နေ၏။ စုန့်ရန်ထရပ်လိုက်ကာ အထဲသို့မဝင်ခင်ထပ်မံပြောလိုက်သည်။

 “လူကြီးမင်းဟယ်...အိမ်မှာပုပုတစ်ယောက်ထဲမဟုတ်ပါဘူး...ကျွန်တော်ထွက်မလာခင် လင်းဟွေ့ကိုအကူအညီတောင်းခဲ့ပါတယ်...သူမက ပုပုကိုကြည့်ထားပေးမယ်လို့ပြောတယ်...” 

ဟယ်ကျစ်ယွမ် သူ့အားဖြတ်ပြောလိုက်သည်။

 “ဆေးအရင်ထိုးလိုက်ဦး...”

“… အင်း”

စုန့်ရန် သူ့မျက်နှာသူ အမှတ်တမဲ့ပွတ်သပ်လိုက်သည့်အခါ မျက်ရည်ပူပူများက လက်ချောင်းကြားမှကျဆင်းလာခဲ့သည်။ ငယ်စဥ်ကတည်းက ပင်ပန်းဆင်းရဲမှုများစွာကိုခံစားခဲ့ရသဖြင့် အဆိုးမြင်အတွေးများလေ့ရှိရာ နေမကောင်းဖြစ်နေချိန်၌ မျက်ရည်အလိုလိုကျလာခဲ့ခြင်းဖြစ်လေသည်။ 

တင်ပါးသို့အဖျားပျောက်ဆေးထိုးရန် မိနစ်အနည်းငယ်သာကြာမြင့်လေရာ မျက်စိတစ်မှိတ််အတွင်း၌ ပြီးသွားလေသည်။ 

အပေါ်အင်္ကျီရှည်ထပ်ဝတ်ထားသည့် စုန့်ရန်က လျှောက်လမ်းနံရံကိုမီလျှက်ရှိကာ သူ့ခန္ဓာကိုယ်၏အပူချိန်မှာလည်း ပူတစ်လှည့်အေးတစ်လှည့်ဖြစ်နေလေသည်။ အေးလျှင်လည်း အရိုးအဆစ်များပင်တုန်လာကာ၊ ပူလျှင်လည်း ချွေးသီးချွေးပေါက်များစွာကျလာလေသည်။ သူက ဟယ်ကျစ်ယွမ်ကို ဖုန်းစမခေါ်ရဲချေ။ သူ၏ဆဲလ်ဖုန်းကို စခရင်အားကွဲကြေစေတော့မတတ် တင်းတင်းဆုပ်ကိုင်ထားလေသည်။ စုန့်ရန်က အခြားလူများ၏အမြင်တွင် ဖုန်းပင်မကိုင်နိုင်လောက်အောင် အားနည်းနေပုံပေါ်နေပြီး လက်ချောင်းများသည်လည်းတုန်ယင်နေကာ အချိန်မရွေးလျှောကျသွားတော့မလို ဖြစ်နေလေသည်။  

သူက ခဏကြာရှေ့တိုးနောက်ဆုတ်လုပ်နေမိ၏။ အဆုံးသတ်၌ ဖုန်းစခေါ်လာသူမှာ ဟယ်ကျစ်ယွမ်သာဖြစ်လေသည်။

ညနေခင်းတိုင်းစကားစမြည်ပြောကြသည်မှလွဲ၍ စုန့်ရန်အား ဟယ်ကျစ်ယွမ် သီးသန့်ဖုန်းခေါ်သည်မှာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်လေသည်။  

ရုတ်တရက် မိဘများကိုမေးခဲ့ပါလျှက်နှင့် ရေကျောက်ပေါက်လာရသည့်အကြောင်းရင်းအား ဟယ်ကျစ်ယွမ်သူ့အား မေးမြန်းမှာကိုစိုးရိမ်လာခဲ့သည်။

မေးလာရင် သူဘယ်လိုပြန်ဖြေရပါ့မလဲ...

Xxxxxxxxx