အပိုင်း ၃၉
Viewers 9k

Chapter 39

မေးလာရင် သူဘယ်လိုပြန်ဖြေရပါ့မလဲ...

သူက ဘယ်သူမှမလိုချင်တဲ့ကလေးတစ်ယောက်ဖြစ်ပြီးတော့ ဒီတစ်လျှောက်လုံးပြောသမျှက ညာခဲ့တာပါဆိုပြီးတော့လား... 

တစ်စုံတစ်ဦးထံမှဖော်ထုတ်ခြင်းခံလိုက်ရသည့် အဆိုပါရှက်ရွံ့မှုအား စုန့်ရန်ထပ်၍မကြုံချင်တော့ပါ။ 

မူလတန်းတက်စဥ်က သူ့ကို ကျောင်းလိုက်ပို့မည့်လူမရှိသလို၊ လာကြိုမည့်လူလည်းမရှိချေ။ အတန်းထဲရှိကလေးများက သူ့တွင်မိဘမရှိဟုပြောဆို၍ အနိုင်ကျင့်ကြသည့်အခါ စုန့်ရန်က သူ၏မိဘနှစ်ဦးလုံးက အဝေးတစ်နေရာတွင်သွားရောက်အလုပ်လုပ်နေခြင်းသာဖြစ်သည်ဟု ပြန်လည်ကြွားဝါလေ့ရှိသည်။ ထိုအလိမ်အညာအားမပေါ်စေရန် ကျောင်းဆင်းသည့်အခါတိုင်း စုန့်ရန်ခမျာ့ မိဘမဲ့ဂေဟာသို့ တန်းတန်းမတ်မတ်မပြန်ရဲချေ။ ဂေဟာနှင့်ဆန့်ကျင်ဘက်လမ်းသို့သာဦးတည်လျှက် ရှုပ်ထွေးသောလမ်းကြိုလမ်းကြားများအားကွေ့ပတ်ကာ ပြန်လေ့ရှိလေသည်။ ကလေးများကလည်း အညာမိသွားကာ သူ့ကိုထပ်၍အနိုင်မကျင့်တော့ချေ။  

ဤသို့ဖြင့် ရက်အနည်းငယ်အကြာ၌ စုန့်ရန်အားဆရာမက အတန်းရှေ့သို့ထွက်လာခိုင်းကာ ပန်းတစ်ပွင့်နှင့်ကိတ်မုန့်လေးတစ်ခုပေးခဲ့သည်။  

ဆရာမက စုန့်ရန်မှာ အတန်းထဲတွင်အထူးခြားဆုံးကလေးဖြစ်ကြောင်း၊ 'မျှော်လင့်ချက်ဂေဟာ' တွင်နေထိုင်သည့် မိဘမဲ့တစ်ဦးဖြစ်စေကာမူ စိတ်ဓာတ်ကြံခိုင်ပြီး အကောင်းမြင်တတ်ကာ သူ၏ဘဝအား တစ်ခါမှညည်းညူခဲ့ခြင်းမရှိဟူ၍ နွေးထွေးစွာပြောဆိုခဲ့လေသည်။ ယနေ့မှာ သူ့မွေးနေ့ဖြစ်သဖြင့် အတန်းဖော်များအားလုံးက မွေးနေ့သီချင်းဆိုပေးပြီး ဆုမွန်ကောင်းများတောင်းပေးသင့်သည်ဟူ၍လည်း သူမကဆိုခဲ့သည်။ 

ရလဒ်အနေဖြင့် အဆိုပါစည်းဝါးမကျသော ဟက်ပီဘက်ဒေးသီချင်းက ကျောင်းဆင်းချိန်များတွင် ဂေဟာသို့ပြန်ရာ၌ လနှင့်ချီ၍ တကွေ့တပတ်ကြီးပြန်ခဲ့ရခြင်းများကို အချည်းနှီးဖြစ်စေကာ သနားစရာကောင်းအောင်ကြိုးစားကာကွယ်ခဲ့ရသည့် သူ၏သိက္ခာကိုလည်း အဖတ်ဆည်မရဖြစ်စေခဲ့လေသည်။ 

ထိုအချိန်မှစ၍ စုန့်ရန် သူ့မွေးနေ့ကိုကျင်းပချင်စိတ်မရှိတော့ချေ။ 

မိဘမဲ့ဟူသောစကားလုံးက အစွန်းအထင်းမမည်သောအစွန်းအထင်းတစ်ခု ဖြစ်လာခဲ့ရပုံအား စုန့်ရန်နားမလည်နိုင်ခဲ့ချေ။ မိဘများထံမှ စွန့်ပစ်ခံရခြင်းမှာ ကလေး၏အမှားမဟုတ်ကြောင်း လူတိုင်းသိသော်လည်း ထိုအသုံးအနှုံးမှာရှက်စရာဖြစ်နေဆဲဖြစ်၏။ ထို့ကြောင့် သူက အခြားလူများနှင့်စကားပြောသည့်အခါ အတိတ်အကြောင်းကို တတ်နိုင်သမျှရှောင်ရှားလေ့ရှိပြီး မဖြစ်မနေပြောဆိုရချိန်တွင်လည်း အသေးစိတ်ကျကျမပြောပဲ မိသားစုကြီးတစ်ခုအဖြစ်ဇာတ်အိမ်ဖွဲ့ကာ မောင်နှမငယ်များအများအပြားရှိသကဲ့သို့ ပြောဆိုလေ့ရှိလေသည်။  

၎င်းကအလိမ်အညာတစ်ဝက်၊ အမှန်တရားတစ်ဝက်ဖြစ်သော်လည်း အခြားလူများသနားသလိုအကြည့်ခံရမည့်ဘေးမှ လွတ်မြောက်စေခဲ့သည်။ 

လူကြီးမင်းဟယ်နှင့်လည်း ထိုအကြံမှာအလုပ်ဖြစ်ခဲ့သော်ငြား ပုပုက မမျှော်လင့်ထားပဲရေကျောက်ပေါက်လာရာ သူ၏အလိမ်အညာများက ပေါ်တော့မှာပင်။ 

စုန့်ရန် တစ်ခုခုဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ ယခုအချိန်တွင် အတန်းရှေ့၌ကြောင်အအရပ်ရင်း သူ့နှလုံးသားအနက်ရှိုင်းဆုံးနေရာတွင်ရှိသောလျှို့ဝှက်ချက်အား အားလုံးရှေ့တွင်ထုတ်ပြောနေသော ဆရာမ၏အသံအား နားထောင်နေရသည့်နှယ် ခံစားနေရလေသည်။  

ဆဲလ်ဖုန်းကလင်းနေဆဲဖြစ်ကာ သူ၏တုန်ယင်နေသောလက်ချောင်းကလေးများသည်လည်း ထုံကျင်၍နေလေသည်။ စုန့်ရန်က သူဤကိစ္စအားရှောင်လွှဲနိုင်မှာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိလေသည်။ ထို့ကြောင့် သူ့ကိုယ်သူအားပေးလိုက်ကာ ဖုန်းကိုင်လိုက်၏။ 

“ဆေးထိုးပြီးပြီလား...”

ရေချိုးခန်းဝတ်စုံနှင့်ဟယ်ကျစ်ယွမ်က စားပွဲကိုမီလျှက် လက်တစ်ဖက်ထောက်ရင်း ရပ်နေလေသည်။ သူက မျက်မှောင်ကြုတ်လျှက်ရှိကာ အသံသည်လည်း ခုနကလိုမပျော့ပြောင်းချေ။ 

တစ်ဖက်လူ၏ဒေါသကိုခံစားမိသဖြင့် စုန့်ရန်လည်ပင်းကလေးကျုံ့လိုက်မိသည်။ 

“ဟုတ်ကဲ့...”

“အပူချိန်ဘယ်လောက်ရှိလဲ...”

"၃၉ ဒီဂရီစင်တီဂရိတ်...”

“၃၉ ဒီဂရီစင်တီဂရိတ်ဖြစ်နေတာတောင် အခုထိညာချင်နေတုန်းလား...ကိုယ့်ကိုအပြင်လူအဖြစ်သတ်မှတ်ထားတာလား...” 

ဟယ်ကျစ်ယွမ်ရင်ထဲတွင် ဒေါသနှင့် စိုးရိမ်မှုများရောယှက်၍နေကာ ဖော်ပြရန်ခက်ခဲသည့်ခံစားချက်တစ်ခုက သူ့နှလုံးသားတွင်းမြင့်တက်လာပြီး အသံကိုမြှင့်၍ပြောလိုက်မိလေသည်။ စုန့်ရန်လည်ပင်းလေးထပ်ကျုံ့လိုက်မိကာ လည်ပင်းကိုမြင်ပါမမြင်ရတော့ချေ။ သူ၏မျက်နှာတစ်ခုလုံးသည်လည်း အပေါ်ထပ်အင်္ကျီထဲ၌နစ်မြုပ်လျှက်နှင့် မဝံ့မရဲပြောလိုက်မိ၏။

“မဟုတ်ပါဘူး...ကျွန်တော် ခင်ဗျားကိုအပြင်လူလို့မသတ်မှတ်ပါဘူး...ဒီတိုင်း ပြောပြရမှာကြောက်လို့ပါ....” 

“ကြောက်တယ် ဟုတ်လား...” ဟယ်ကျစ်ယွမ်မျက်ခုံးပင့်လိုက်သည်။

 “ကိုယ်ကမိုင်ပေါင်းများစွာကနေ မင်းကိုဘာများလုပ်နိုင်မှာလဲ...” 

စုန့်ရန် အမြန်ခေါင်းခါလိုက်သည်။ အလျှင်အမြန်ခါယမ်းလိုက်မိသည့်အတွက် ကြယ်များကိုပင်မြင်ယောင်လာကာ ထပ်မံ၍ပျို့တက်လာ၏။ သူက အန်ချင်စိတ်ကိုဖိနှိပ်ရင်း အမောတကောပြောလိုက်သည်။ 

“ကျွန်တော်...ကျွန်တော် ပုပုဆီကရေကျောက်ကူးတာထင်တယ်...”

ဟယ်ကျစ်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။

 “မင်းအရင်ကရေကျောက်ပေါက်ဖူးတယ်မဟုတ်လား...”

“ကျွန်တော်...ကျွန်တော် ညာခဲ့မိတဲ့အတွက်စိတ်မကောင်းပါဘူး...” စုန့်ရန် အားယူရင်းဆက်ပြောသည်။

 “မနေ့က ကျွန်တော် မမေးခဲ့ဘူး...”

ဟယ်ကျစ်ယွမ်၏ဒေါသက ထပ်မံဆွပေးသလိုဖြစ်သွားကာ စားပွဲကိုထုလိုက်၏။ “ဘာလို့မမေးခဲ့တာလဲ...”

စုန့်ရန် လည်ပင်းကလေးထပ်ကျုံ့လိုက်မိသည်။ “ကျွန်တော့်မှာ...မေးစရာနေရာမှမရှိတာ...” 

“မင်းရဲ့မိဘတွေက ညဆယ်နာရီမှာအိပ်ရာမဝင်လောက်ဘူးမဟုတ်လား...”

“ကျွန်တော့်မှာ မိဘမရှိဘူး...” စုန့်ရန် ဆွယ်တာအနားစကိုဆုပ်ကိုင်လျှက် အံကလေးကြိတ်ကာ စိတ်အားငယ်စွာဝန်ခံလိုက်မိ၏။

 “အရင်ကပြောခဲ့တဲ့ မောင်နှမတွေနဲ့မိသားစုကြီးဆိုတာက အလိမ်အညာတွေပဲ...ကျွန်တော်ကလေးဘဝကတည်းက ဘယ်သူမှမလိုချင်ကြဘူး...မိဘမဲ့ဂေဟာမှာအပစ်ခံရတာ...ကျွန်တော်ခင်ဗျားနဲ့သိခွင့်ရတော့ အထင်သေးခံရမှာစိုးတဲ့အတွက် မုသားဆိုခဲ့မိတယ်...မနေ့က ခင်ဗျားကျွန်တော့်မိဘတွေဆီ ဖုန်းဆက်ဖို့ပြောတော့ ကျွန်တော်ထပ်ပြီးညာပြောခဲ့တာ...ဘယ်သူထင်မှာလဲ...အခုလိုအပြင်းအထန်ဖျားပြီး အနီစက်တွေထွက်လာလိမ့်မယ်လို့...”  

ဟယ်ကျစ်ယွမ်၏အကြည့်က ရုတ်တရက်အေးခဲသွားကာ မတ်မတ်ရပ်လိုက်မိသည်။ 

စုန့်ရန် ဤကဲ့သို့ အပူအပင်ကင်း၍ဂရုစိုက်တတ်သောလူတစ်ယောက်ဖြစ်နေရခြင်းမှာ အရင်က မည်သည့်အခက်အခဲကိုမှမကြုံခဲ့ရပဲ ချမ်းသာပြီးနွေးထွေးသည့်မိသားစုတစ်ခုမှ ဆင်းသက်လာခဲ့ခြင်းကြောင့်ဟု သူယူဆမိခဲ့၏။ 

စုန့်ရန်၏အတိတ်သည် ဤကဲ့သို့ဖြစ်နေလိမ့်မည်ဟု သူ မထင်ခဲ့မိချေ။ 

ဖျားနာမှုကြောင့် စုန့်ရန်၏အဆင့်မြင့်ထိုးထွင်းသိမြင်နိုင်စွမ်းကင်းမဲ့သွားကာ ကလေးဆန်မှုအားထုတ်ဖော်ပြသလိုက်မိသည်။ သူ၏ခံစားချက်များထွက်ပေါ်လာသည်နှင့် ပြန်လည်မထိန်းသိမ်းနိူင်တော့ချေ။ သူက မကျေမနပ်ပြောလိုက်မိသည်။

“ကျွန်တော် အဲ့ဒီ့ကိစ္စကိုပေါ့ပေါ့လေးသဘောမထားပါဘူး...မိဘမဲ့ဂေဟာကိုတောင် ဖုန်းခေါ်ခဲ့သေးတယ်...အဲ့ဒီ့ဝန်ထမ်းက ကျွန်တော် အရင်ကရေကျောက်ပေါက်ဖူးတယ်လို့ပြောတယ်လေ...အဲ့ဒီ့တော့ အဆင်ပြေလောက်မယ်ထင်တာပေါ့...ဒါပေမယ့် အခုလိုကူးစက်ခံရမယ်လို့ဘယ်ထင်ပါ့မလဲ...ကျွန်တော် အခုဘယ်လိုလုပ်ရမလဲ...နေမကောင်းဖြစ်နေတော့ ပုပုကိုဂရုစိုက်နိုင်မှာမဟုတ်တော့ဘူး...သူ့ကိုမပြောပြရသေးတဲ့ပုံပြင်တွေ အများကြီးရှိသေးတာ....အရမ်းလွန်တာပဲ...ဘုရားသခင်က ကျွန်တော့်မှာရှိတဲ့အရာတွေကို တစ်ခုပြီးတစ်ခုလုယူနေတယ်...” 

သူဘာလို့စိတ်ဆိုးသွားရတာလဲ...

စုန့်ရန်က အလွန်ပင်ဆန်းကြယ်လှသည်ဟု ဟယ်ကျစ်ယွမ်ခံစားလိုက်ရသည်။ အပြင်ပိုင်းတွင် အကောင်းမြင်ဟန်ပေါ်သော်လည်း တကယ်တမ်းတွင်မူ သူကအလွန်ခံစားလွယ်လွန်း၏။ ယခုလည်း ဖျားနာရခြင်းအတွက် သူ့ကိုယ်သူအပြစ်တင်နေကာ တစ်စုံတစ်ဦးကို သူ့အားပြင်းပြင်းထန်ထန်ဆူချင်စိတ်များ ဖြစ်ပေါ်လာစေ၏။ 

 

ဟယ်ကျစ်ယွမ် စိတ်လျှော့ကာမေးလိုက်၏။ “ရောဂါစစ်ဆေးချက်ရပြီလား...”

“မသိသေးဘူး...” စုန့်ရန်က ဗလုံးဗထွေးပြောသည်။ “အရေပြားဌာနကပိတ်ထားတယ်...မနက်ဖြန်ပြဖို့ပဲစာရင်းပေးခဲ့ရတယ်...” 

“ဒါဆို အခုထိဆေးစစ်ချက်မရသေးဘူးပေါ့...အဲ့ဒါကိုအရမ်းစိတ်ပူမနေနဲ့လေ...မင်းညာခဲ့တာတွေအတွက်တော့ ကိုယ်မင်းကိုအပြစ်မတင်ပါဘူး...လျှောက်မတွေးနဲ့တော့...အနားယူပြီးနေပြန်ကောင်းလာဖို့က အဓိကဦးစားပေးပဲ...”

 ဟယ်ကျစ်ယွမ်သူ့ကိုနှစ်သိမ့်လိုက်သည်။ 

 “အခုမှ ဆေးထိုးပြီးထားတာမဟုတ်လား...အဲ့ဒီ့မှာပဲမလှုပ်ပဲထိုင်နေ...ငါးမိနစ်လောက်နေရင် ကိုယ်မင်းကိုအိမ်ပြန်ပို့ဖို့်လူတစ်ယောက်လွှတ်လိုက်မယ်...”  

သို့သော် စုန့်ရန်ကခေါင်းမာစွာပင် ကျေးဇူးမတင်ချင်ခဲ့ချေ။ “ရပါတယ်...အိမ်က နှစ်လမ်းပဲဝေးတာ...ကျွန်တော်ကိုယ့်ဟာကိုယ်လမ်းလျှောက်သွားရင် ဆယ်မိနစ်လောက်နဲ့ရောက်တယ်...”  

“ပြန်ရဲပြန်ကြည့်လေ...” ဟယ်ကျစ်ယွမ်က အသံကိုဖိ၍ပြောလိုက်သည်။ 

“ကိုယ့်အပြုအမူကိုယ်သုံးသပ်ရင်း အဲ့ဒီ့ထိုင်ခုံမှာဆက်ထိုင်နေ...မင်းကိုလာကြိုမယ့်လူမလာမချင်း အဲ့ဒီ့ကနေခြေတစ်လှမ်းမှမရွှေ့နဲ့...” 

* * * * *

၈ရက်မြောက်နေ့ ည ၉နာရီခွဲ

ဟယ်ကျစ်ယွမ်ထိုသို့ပြောပြီးသည်နှင့် အရေးပေါ်ဌာန၏စောင့်ဆိုင်းခုံပေါ်၌ ဆင်ကော်တစ်လွှာအလိုလိုဖုံးအုပ်သွားကာ စုန့်ရန်၏ဘောင်းဘီက ခုံနှင့်မြဲမြံစွာကပ်သွားပြီး ဟိုဘက်ဒီဘက်ပင်ရွှေ့၍မရတော့ချေ။ အလွန်အမင်းငြိမ်သက်စွာဖြင့် စုန့်ရန်ထိုင်စောင့်နေတော့သည်။ ၅မိနစ်အကြာ၌ ဟယ်ကျစ်ယွမ်စေလွှတ်လိုက်သူတစ်ဦးက သူ့ကိုလာခေါ်၏။  

လာကြိုသူမှာ ငယ်ရွယ်သောဆရာဝန်ကလေးဖြစ်ပြီး ကျန်းယွီဝင့်ဟုအမည်ရသည်။  

ဆရာဝန်ကျန်းက သူ၏နာမည်နှင့်အညီနေထိုင်ပုံရသည်။ ယဥ်ကျေးသိမ်မွေ့သောရုပ်ရည်ရှိကာ အသေးစိတ်အလုပ်လုပ်ကိုင်တတ်ပြီး စည်းစနစ်ကျ၍ တာဝန်ယူမှုအပြည့်ရှိလေသည်။ သူ၏တစ်ခုထဲသောအားနည်းချက်မှာ ခံစားချက်များကိုထုတ်ဖော်၍မပြတတ်ခြင်းဖြစ်သည်။ လမ်းလျှောက်သည့်အခါ ဘောင်းဘီအိတ်ထဲလက်ထည့်ထားတတ်ပြီး ကားမောင်းသည့်အခါတွင်လည်း စကားတစ်ခွန်းမှမဆိုပဲ သီချင်းကိုသာဖွင့်ထားလေသည်။ စုန့်ရန်၏ရင်ထဲတွင် အမည်တပ်၍မရသောဒေါသစိတ်ကလေးများ ပြည့်နှက်လာကာ လူကြီးမင်းဟယ်အကြောင်း အတင်းပြောချင်ခဲ့သည်။ သို့သော် ဆရာဝန်ကျန်းမှာ ရန်သူ့ဘက်ကသူ့အားလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်လွှတ်လိုက်သည့် လက်ထောက်ဖြစ်နေလေရာ သူ၏စကားများကိုပြန်လည်မြိုချလိုက်ရင်း ကြက်ဥသားပေါက်ရန်ပင်လုံလောက်သည့် ကိုယ်အပူချိန်ဖြင့် ထိုင်ခုံနောက်မှီကိုမှီကာ အနားယူလိုက်လေသည်။  

လမ်းဘေးတစ်လျှောက်ရှိလမ်းမီးတိုင်များက သူတို့ကားဖြတ်သန်းသွားသည့်တစ်လျှောက် လင်းထိန်လာကာ အကွာအဝေးတစ်ခုသို့ရောက်သည်နှင့်ပြန်လည်၍မှောင်ကျသွားပြီး ပြတင်းပေါက်မှန်များတွင် ပုံရိပ်ထင်လျှက်ရှိသည်။ 

စုန့်ရန်ကခေါင်းကိုငုံ့ကာ ရင်ဘတ်ကိုကန့်လန့်ဖြတ်၍ခါးပတ်ပတ်ပြီးသည်နှင့် စတင်ငိုက်မြည်းလာတော့သည်။ သူ့အိမ်မက်ထဲတွင် တစ်စုံတစ်ဦးက သူ့အားနှိုးကာ ကားအပြင်ဘက်ထွက်ရန်ကူညီ၍တွဲပေးနေလေသည်။ သူသတိပြန်ဝင်ချိန်၌ အိပ်ယာထဲတွင်လှဲလျောင်းနေပြီဖြစ်၏။  

“နိုးပြီလား...အန်ချင်သေးလား...”

ရေနွေးတစ်ခွက်ကိုကိုင်လျှက် အိပ်ယာဘေးတွင်ရပ်နေသည့် ကျန်းယွီဝင့်က ပလတ်စတစ်အိတ်ကိုလှုပ်ယမ်းပြသည်။ 

စုန့်ရန်က မအန်ချင်ကြောင်းပြောလိုက်၏။ ကျန်းယွီဝင့်က ရေခွက်ကိုစားပွဲပေါ်တွင်ချထားလိုက်ကာ ပလတ်စတစ်အိတ်ကိုဘေးဖယ်လိုက်ပြီး တောက်ပသောအပူချိန်တိုင်းကိရိယာအား ထုတ်ယူလာခဲ့သည်။ 

“ရေကျောက်ရဲ့လက္ခဏာလို့ အတိအကျပြောလို့မရသေးပါဘူး...ဒီတိုင်းအအေးမိသွားတာလည်းဖြစ်နိုင်တယ်...အရင်အပူချိန်တိုင်းရအောင်...” 

စုန့်ရန်က “ပုပုရော...”

ထိုစဥ် သူ၏လျှာဖျားအောက်သို့ သာမိုမီတာကလျှောခနဲ့ဝင်လာသဖြင့် ညှင်သာစွာဖိထားလိုက်၏။  

ကျန်းယွီဝင့်က ပြန်ဖြေသည်။ “ပုပု ဒီညသူ့အိမ်မှာပြန်အိပ်လိမ့်မယ်...လင်းဟွေ့ကသူ့ကိုဂရုစိုက်ပေးမှာပါ...ခင်ဗျား ရေကျောက်ဖြစ်တာဟုတ်မဟုတ် အတည်ပြုမပြီးသရွေ့ သူဒီကိုပြန်လာလို့မရဘူး...” 

“အိုး...” စုန့်ရန် အနည်းငယ်စိတ်ဓာတ်ကျသွားကာ စောင်အောက်သို့လျှောဝင်လိုက်သည်။

“ဆရာဝန်ကျန်း...ဒီနေ့အတွက်ကျေးဇူးပါ...” 

ကျန်းယွီဝင့်က ပုံမှန်အတိုင်းပုခုံးတွန့်လိုက်၏။ 

“ကိစ္စမရှိပါဘူး...ကျွန်တော်က ဥက္ကဌဟယ်ရဲ့မိသားစုဆရာဝန်ပဲလေ...ခင်ဗျားနဲ့ပုပုကိုဂရုစိုက်ရမှာပါ ကျွန်တော်လုပ်သင့်တဲ့အလုပ်ပါ...” 

သူပြောသည်မှာ သဘာဝကျသော်လည်း စုန့်ရန်နေရခက်စွာ မျက်နှာလွှဲလိုက်သည်။ 

ဒီစကားက ဘာလို့ထူးဆန်းနေပါလိမ့်...

စုန့်ရန်၏ရှက်သွားသည်ကို မမြင်ချင်ယောင်ဆောင်ကာ ကျန်းယွီဝင့်ကမေးလိုက်၏။ 

“ခင်ဗျားရဲ့ဆိုဖာပေါ်မှာ အိပ်ခွင့်ရှိမလား...” 

ဆရာဝန်ကျန်းက ညအိပ်၍လူနာစောင့်ရန်ရည်ရွယ်နေကြောင်း စုန့်ရန်သိရှိသွားကာ အမြန်ပြောလိုက်၏။

“ရပါတယ်ခဗျ...ခင်ဗျားအိမ်မှာပြန်နားပါ...ကျွန်တော်နေကောင်းပါတယ်...တစ်ခုခုထူးခြားရင် ခင်ဗျားကိုဆက်သွယ်လိုက်ပါ့မယ်...”

“ကောင်းပြီ...ဒါကဒီလိုရှိတယ်...” 

Xxxxcxcc