အပိုင်း ၄၀
Viewers 10k

Chapter 40

“ကောင်းပြီ...ဒါကဒီလိုရှိတယ်...” 

ကျန်းယွီဝင့်က အကြိမ်အနည်းငယ်လည်ချောင်းရှင်းလိုက်ကာ အိတ်ကပ်ထဲသို့လက်နှစ်ဘက်လုံးပြန်ထည့်လျှက် ကိုယ်ကိုကိုင်းညွှတ်၍ စုန့်ရန်နားနားကပ်ကာတီးတိုးပြောလိုက်၏။

“အဲ့ဒီ့ လင်းမိန်းကလေးလေ...သူမရဲ့စိတ်ထားကတကယ့်ကိုချစ်စရာကောင်းတာ...ကျွန်တော်အခုတင်ပဲ သူမရဲ့အိမ်ချက်ထမင်းနဲ့ကြက်ဥမွှေကြော်စားခဲ့ပြီးပြီ...ဒါပေမယ့် ကျွန်တော် မဝသေးဘူးလေ...အဲ့တော့ နည်းနည်းလောက်ထပ်စားလို့ရဦးမလားလို့...” 

စုန့်ရန်၏မျက်နှာက အလန့်တကြားဖြစ်သွားကာ သာမိုမီတာကိုပင် ကိုက်မိလုနီးပါးဖြစ်သွားခဲ့၏။  

ရိုးဖြောင့်ပုံရပြီးတသီးတသန့်ဆန်သော ဆရာဝန်ကျန်းမှာ တကယ်တော့ သိုးရေခြုံထားသည့်မြေခွေးကြီးဖြစ်လေသည်။ 

ကျန်းယွီဝင့်က သူ၏သိုးရေကိုခွာချလိုက်ပြီး လှည့်ဖြားတတ်သောမြေခွေးမျက်ဝန်းများကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း စုန့်ရန်အားကြည့်လိုက်သည်။ 

“ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာပျော်ရွှင်မှုလေးအတွက် ဒီလျှို့ဝှက်ချက်ကိုထိန်းသိမ်းထားပေးဖို့ တောင်းဆိုချင်ပါတယ်...” 

စုန့်ရန် : “ဟုတ်...ဟုတ်ပါပြီ.”

မည်သို့ပင်ဖြစ်စေ ဆရာဝန်ကျန်းကအဖြောင့်တစ်ယောက်ဖြစ်သည်။ ဂေးသုံးဦးနှင့် ဆက်တိုက်တွေ့ဆုံခဲ့ရသူလင်းဟွေ့အတွက် သူမကိုစတင်၍စိတ်ဝင်စားမည့် အဖြောင့်တစ်ယောက်ကိုတွေ့ရန်မှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စတစ်ခုပင်။

သူ ထိုအချစ်ငှက်များကို မခွဲရက်ချေ။ သေချာပေါက်ကို မခွဲရက်ချေ။ 

ကျန်းယွီဝင့်အပေါ် စုန့်ရန်၏သဘောကျမှုက ၈၀ မှတ်အထိမြင့်တက်သွားကာ သံလွင်ခက်ကို ချစ်ခင်စွာကမ်းလိုက်၏။  

“ဆိုဖာက သက်တောင့်သက်သာမရှိပဲနေမှာပေါ့...ကျွန်တော့်ဘေးမှာပဲလာအိပ်ရင်ရော...”

ကျန်းယွီဝင့်၏နားထဲတွင် အချက်ပေးသံများမြည်သွားသလိုပင် ထင်လိုက်မိသည်။

ကျွန်တော်ဘယ်လိုလုပ် ခင်ဗျားနဲ့အိပ်ရာတစ်ခုထဒမျှဝေရဲမှာလဲ...ဥက္ကဌဟယ် ကျွန်တော့်ကိုသတ်လိမ့်မှာပေါ့... 

ကျန်းယွီဝင့်က စုန့်ရန်နှင့်ဟယ်ကျစ်ယွမ်၏ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းအထင်လွဲနေ၏။ သူက အခြားလူများ၏အိပ်ရာတွင် သက်တောင့်သက်သာမဖြစ်ကြောင်းပြောကာ မည်သည့်အရာကိုမှမထုတ်ဖော်ပဲ ယဥ်ကျေးစွာငြင်းလိုက်သည်။ စုန့်ရန်က ဖိတ်ခေါ်မှုကိုပြန်လည်ရုတ်သိမ်းကာ သာမိုမီတာကိုလျှာအောက်မှထုတ်ယူလိုက်ပြီးနောက် ဗီရိုအားညွှန်ပြလိုက်သည်။ 

“အဲ့ဒီ့အထဲမှာ ဂွမ်းကပ်နဲ့ခေါင်းအုံးရှိတယ်...ဆိုဖာကို နည်းနည်းပြုပြင်လိုက်ပါဦး...ညကျအေးလာရင် အပူပေးစက်ဖွင့်နိုင်ပါတယ်...ရီမုက ကော်ဖီစားပွဲရဲ့အံဆွဲထဲမှာပါ...စကားမစပ် မျက်နှာကိုသေချာကာထားဦးနော်...ကျွန်တော့်ကြောင်က နည်းနည်းစိတ်ဆတ်တယ်...သူ မနက်ရောက်လို့ ဗိုက်ဆာလာတာနဲ့ ခင်ဗျားမျက်နှာပေါ်တက်ပြီး လမ်းလျှောက်လိမ့်မယ်...”

“ဒါပေါ့...ဒါပေါ့...”

ကျန်းယွီဝင့်က တွေးပင်မတွေးပဲသဘောတူလိုက်ကာ အဆိုပါစိတ်ရင်းနှင့်အကြံပေးချက်အားထွေထွေထူးထူးအာရုံမစိုက်ခဲ့မိချေ။ သူက သာမိုမီတာကိုယူရင်း ဒီဂရီကိုဖတ်ကာ စုန့်ရန်ကိုတစ်ချက်ကြည့်လျှက် 'မစိုးရိမ်ပါနဲ့...ခင်ဗျားမသေနိုင်ပါဘူး...' ဟုပြောလိုက်သည်။

ထို့နောက် ဗီရိုထဲရှိအိပ်ယာခင်းများကိုထုတ်ယူကာ လက်တစ်ဖက်နှင့် ပုခုံးပေါ်ရှိအိပ်ယာခင်းအားထိန်းကာ ကျန်လက်တစ်ဖက်ကိုမူ ဘောင်းဘီအိတ်ကပ်ထဲထည့်လျှက် ကျော့ကျော့မော့မော့ထွက်သွားလေသည်။ 

ဖျားနာမှုက မြေပြိုသကဲ့သို့ရောက်လာတတ်သော်လည်း ပြန်လည်နာလန်ထူခြင်းက ပိုးချည်မျှင်ရက်လုပ်သကဲ့သို့ နှေးကွေးသည်ဟူသော ဆိုရိုးစကားရှိလေသည်။  

စုန့်ရန်ညနေက အဖျားပျောက်ဆေးထိုးခဲ့ပြီးနောက် ကိုယ်ပူချိန်မှာ တက်လိုက်ကျလိုက်ဖြစ်နေလေသည်။ သူက ရေခဲသေတ္တာထဲပစ်ချခံရလိုက်၊ မီးဖိုထဲပြန်ချခံရလိုက်နှင့် သံသရာလည်နေ၏။ တစ်ညလုံး ထိုကဲ့သိုဖြစ်နေလေရာ သူလုံးဝအားပြတ်သွားခဲ့ရှာသည်။  

ဒုတိယနေ့မနက်စောစော၌ စူးရှသောအော်သံက စုန့်ရန်၏နားစည်ကို ထိုးဖောက်သွားပြီး အိပ်နေရာမှပင်ထထိုင်စေခဲ့၏။ သူက ကြယ်တွေလတွေပါမြင်သွားကာ အိပ်ခန်းနံရံများတွင်လည်း တစ်ခုနှင့်တစ်ခုထပ်လျှက် ပုံသဏ္ဍာန်မျိုးစုံပြောင်းလဲနေသည့် အပျောက်အပျောက်များဖြစ်ပေါ်နေကာ သူ့အားပျို့တက်လာစေသည်။ 

တစ်ယောက်ယောက်က ယခုအချိန် ပန်းချီဆေးစပ်သည့်ဘုတ်ပြားလာပေးလျှင်ပင် အနီရောင်နှင့်အစိမ်းရောင်အား သူခွဲတတ်မှာမဟုတ်ချေ။ 

အခန်းတံခါးကပွင့်သွားကာ လေပွေကလေးပုပု အခန်းထဲဝင်လာ၏။ သူက ဘောလုံးလေးတစ်လုံးလို ကုတင်ပေါ်ခုန်တက်လာကာ စုန့်ရန်၏လက်မောင်းကြားထဲပြေးဝင်လျှက် နှုတ်ခမ်းလေးစူ၍ပြောလာ၏။ 

“ကိုကြီး...သား ကိုကြီးကိုတစ်ညလုံးမတွေ့ရတော့ အရမ်းလွမ်းနေတာသိလား...”

ကလေးငယ်၏မျက်နှာပေါ်တွင် အနီစက်ကလေးများနည်းနည်းသာကျန်တော့ပြီး အဖြူရောင်ဆေးအနှစ်အုံထားသည့်အတွက် အစက်အပြောက်များပါရှိသည့် ချွဲတတ်လွန်းသောခွေးပေါက်လေးသဖွယ် ဖြစ်နေလေသည်။ 

စုန့်ရန်ကသူ့အား ညှင်သာစွာပွေ့ဖက်လိုက်ကာ ပြုံးလျှက်ပြောလေသည်။ 

“ကိုကြီးလည်း သားကိုအရမ်းလွမ်းနေတာ...” 

ဧည့်ခန်းထဲရှိ ကျန်းယွီဝင့်၏ကျယ်လောင်သောအော်သံက ရပ်တန့်မသွားသည့်အပြင် လေသံပါမဆက်တော့ပဲ အသက်ရှူပင်အနိုင်နိုင်ရှူနေရပုံပေါ်၏။ နံဘေးတွင် လင်းဟွေ့က သူ၏ကံခေမှုအပေါ်ပျော်ရွှင်နေပုံရကာ နှလုံးသားမဲ့စွာဖြင့် ကျယ်လောင်စွာရယ်မောနေ၏။ 

မနက်စောစောတွင် ပုသို့သို့ ဗိုက်ဆာလာသည့်အတွက် ကျန်းယွီဝင့်၏မျက်နှာပေါ် ဒေါသတကြီးတက်နင်းခြင်း၊ သို့မဟုတ် တက်ထိုင်နေခြင်းဖြစ်ရမည်ဟု စုန့်ရန်ယူဆလိုက်သည်။

အဆိုပါကိစ္စမျိုးက အရင်ကလည်းဖြစ်ဖူးလေသည်။

သူထိုသို့တွေးနေမိချိန်တွင် တရားခံက အိပ်ရာပေါ်ခုန်တက်လာကာ ခေါင်းအုံးပေါ်သို့တစ်လှမ်းချင်းလှမ်းလာရင်း သူ့နံဘေးတွင်ထိုင်လိုက်၏။ ၎င်း၏မိုးပြာရောင်မျက်ဝန်းတစ်စုံက မာနကြီးစွာဖြင့်သူ့ကိုစိုက်ကြည့်နေကာ အပြစ်ရှိစိတ်စိုးစဥ်းမျှထင်ဟပ်မနေချေ။ စုန့်ရန်မလှုပ်သည်ကိုတွေ့ချိန်၌ ပုသို့သို့က မြှောင် ဟု နှစ်ကြိမ်အော်လိုက်ကာ ခေါင်းကလေးကိုငုံ့လျှက် အပြင်းအထန်စွဲချက်တင်တော့မည့်နှယ် ပြုမူ၍နေလေသည်။  

ကြယ်တံခွန်ကြီးကကမ္ဘာသို့လာရောက်မတိုက်ခိုက်ခင် စုန့်ရန်အချိန်မီတုံ့ပြန်လိုက်ရင်း တူနာဘူးကိုဖွင့်ရန် ပုပုအား အလျှင်အမြန်ညွှန်ကြားလိုက်၏။ 

နှာသီးဖျားလေးကိုတရှုံ့ရှုံ့လုပ်လျှက် ပုသို့သို့က ဘူး၏ရနံ့နောက်သို့ လေးညှို့မှပစ်လွှတ်လိုက်သော မြှားတစ်စင်းပမာ အမြန်ပြေးလိုက်သွားလေသည်။ 

ကပ်သီးလေးပဲ...

အဆိုပါကြယ်တံခွန်ကြီးက ၁၂ဂျင်ခန့်လေးလံလေရာ လက်ရှိနာလန်ထအခြေအနေတွင် ၎င်း၏တိုက်ခိုက်ခံရပါက အတော်နာကျင်မှာပင်။

ဆယ်မိနစ်အကြာ၌ ကျန်းယွီဝင့်၏ သနားစဖွယ်အော်သံမှာ လင်းဟွေ့ကိုရယ်မောစေရန်အတွက် သက်သက်ဟန်များခြင်းသာဖြစ်ကြောင်း စုန့်ရန်သိရှိသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းယွီဝင့်တစ်ယောက် မုန့်ညက်ချောင်းကြော်စားရင်းတန်းလန်းနှင့် အိပ်ခန်းထဲသို့ဝင်လာချိန်၌ အစာစားနေသည့်ပုသို့သို့အားတွေ့ချိန်တွင် သူ၏မျက်နှာကလုံးဝတည်ငြိမ်နေကာ ကြောင်ကိုမရှိသည့်လေကဲ့သို့ လျစ်လျူရှုထားပုံပေါ်နေခဲ့၏။ 

အေးလေ...အလောင်းကောင်တွေကိုတောင် ခွဲနေရတဲ့ဆရာဝန်က ကြောင်ကိုဘယ်လိုလုပ်ပြီးကြောက်မှာလဲ... 

ဆရာဝန်ကျန်း၏တွေးခေါ်ပုံအရ သူ၏ရာသီခွင်သင်္ကေတမှာလည်း ကြောင်တစ်ကောင်ဖြစ်ပုံရသည်။ .

ကြောင်နှင့်တူသောကျန်းယွီဝင့်က စုန့်ရန်အား ရိုးရှင်းသည့်စစ်ဆေးမှုအချို့ပြုလုပ်ပေးကာ ရေကျောက်မဟုတ်ပဲ ရိုးရိုးတန်းတန်းအအေးမိခြင်းသာဖြစ်နိုင်သော်လည်း စုန့်ရန်အနေဖြင့်မပေါ့ဆသင့်ချေ။ ကျန်းယွီဝင့်က အိပ်ရာဘေးတွင်ထိုင်ကာ သူ့ကို ပြောပြ၏။  

“ခင်ဗျား ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက ရေကျောက်ပေါက်ဖူးတယ်...ခင်ဗျားကကိုယ်ခံအားမကောင်းပေမယ့် ပုပုရဲ့လက္ခဏာတွေကအစပျိုးကာစပဲရှိသေးတဲ့အတွက် ကူးစက်နိုင်ချေသိပ်မမြင့်မားပါဘူး...” 

စုန့်ရန်က ဝေခွဲ၍မရဟန်ဖြင့် “ခင်ဗျား ဘယ်လိုသိတာလဲ...” 

ကျန်းယွီဝင့် ပုခုံးတွန့်လိုက်သည်။

 “ကျွန်တော်မဟုတ်ပါဘူး...ခင်ဗျားမိသားစုရဲ့ ဥက္ကဌဟယ်ကသိတာပါ...သူမနေ့ကခင်ဗျားအတွက် စစ်ဆေးပေးခဲ့တာ...” 

စုန့်ရန်ကသူ၏ပူခြစ်နေသောနဖူးကို ထိလိုက်မိကာ ပို၍ပင်နားမလည်နိုင်ဖြစ်သွားခဲ့၏။ 

သူက သူ့တွင်မိဘမရှိကြောင်းနှင့် မိဘမဲ့ဂေဟာမှလာခဲ့ကြောင်းကိုသာပြောခဲ့ကာ မည်သည့်အရာကိုမှထုတ်မပြောခဲ့ချေ။ 

လူကြီးမင်းဟယ်က သူဘယ်ကလာမှန်းမှမသိတာ...သူ့ရဲ့ဆေးမှတ်တမ်းကိုဘယ်လိုလုပ်ပြီးရှာနိုင်မှာလဲ... 

ကျန်းယွီဝင့်က သူတွေဝေနေပုံကိုကြည့်ရင်း သဘောတကျပြုံးရယ်လိုက်သည်။ 

 “ခင်ဗျားက ဥက္ကဌဟယ်ရဲ့အင်အားကို သံသယဝင်နေတာလား...ဒါကိုထားလိုက်ဦး...ကွန်ပြူတာနဲ့အင်တာနက်ရှိနေသရွေ့ သူရှာလို့မရတာဘာမှမရှိဘူးလေ...ခင်ဗျားရဲ့ဆေးမှတ်တမ်းအပါအဝင်ပေါ့...” 

“ကျွန်တော့်ရဲ့...ကျွန်တော့်ရဲ့ဆေးမှတ်တမ်းလား...”

စုန့်ရန်၏မျက်ဝန်းများဝိုင်းစက်သွားကာ သူ့မျက်နှာမှာဖြူစုတ်သွားခဲ့ပြီး ဦးနှောက်တစ်ခုလုံးချာချာလည်သွားသလို ခံစားလိုက်ရသည်။ 

ကျန်းယွီဝင့်က သူ၏အမူအယာပြောင်းလဲသွားပုံကို သတိမပြုမိခဲ့ချေ။ 

“ဥက္ကဌဟယ်က အချက်အလက်တွေရဲ့လုံခြုံရေးပိုင်းမှာ အထူးကျွမ်းကျင်တယ်...တခြားနည်းနဲ့ပြောရရင် သူသိချင်တဲ့ဘယ်အရာမဆို အလွယ်တကူဟက်ခ်နိုင်တာပေါ့...မနေ့ညက သူဖုန်းချပြီးတာနဲ့ ခင်ဗျားရဲ့ဆေးမှတ်တမ်းကိုရှာကြည့်ခဲ့တယ်လေ...စိတ်လျှော့ပါ...ခင်ဗျားက ရေကျောက်ဖြစ်ပြီးသားဆိုတော့ ထပ်ပြီးကူးစက်နိုင်ချေအရမ်းနည်းပါတယ်...”

“… အိုး.”

စုန့်ရန် ထုံထိုင်းစွာခေါင်းညှိတ်လိုက်ကာ နှုတ်ဆိတ်သွားတော့သည်။ 

သူက စကားတစ်ခွန်းမှမဆိုတော့ချေ။ အိပ်ယာခင်းကိုဆုပ်ကိုင်ကာ နွေးထွေးနူးညံ့၍မှောင်မိုက်သောအိပ်ယာထက် သူ့ကိုယ်သူနစ်မြုပ်စေလိုက်၏။ ဒူးနှစ်ဖက်ကိုဖက်၍ မျက်နှာကိုဖုံးအုပ်လိုက်ကာ ဘောလုံးတစ်လုံးနှယ်ကွေးလိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အနည်းငယ်တုန်ယင်နေ၏။ 

သူ၏ဆေးမှတ်တမ်းထဲတွင် မည်သူ့ကိုမှမပြသချင်သည့် လျှို့ဝှက်ချက်တစ်ခုပါရှိလေသည်။ 

၎င်းမှာပြင်းထန်သောဖျားနာခြင်းမဟုတ်ချေ။

စုန့်ရန်က သူအပြင်းအထန်ဖျားပြီးနောက်ပိုင်း သေချာပြန်၍နာလန်မထူနိုင်သေးသဖြင့် ခဏတဖြုတ်ဒေါသကြီးသွားကာ သူ့ဘဝအားအနည်းငယ်တိမ်းစောင်းစေခဲ့ခြင်းဖြစ်သည်ဟု အကြိမ်များစွာပြောရင်း ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခဲ့သည်။ သို့သော် သူက ၎င်းကိုအဆုံးအစွန်ထိဖုံးကွယ်ထားရမည်ကို သေချာနားလည်ထားကာ ဂရုတစိုက်လေ့ကျင့်ထားလေသည်။ အခြားလူများဘယ်တော့မှသိရှိမသွားမှာဖြစ်ပြီး စပ်စုသည့်အကြည့်များနှင့်အကြည့်ခံရခြင်းမှလည်း ကင်းလွတ်နိုင်မှာဖြစ်လေသည်။  

သို့သော် အထူးသဖြင့်လူကြီးမင်းဟယ်အား အဆိုပါလျှိို့ဝှက်ချက်ကို မသိစေချင်ပါ။ 

သူက ယခုကဲ့သို့လူကောင်းတစ်ယောက်ဖြစ်နိုင်မှာမဟုတ်တော့ချေ။

ပြီးပြည့်စုံသောကလေးတွင် သေးငယ်သည့်ပြစ်ချက်များရှိစေကာမူ အချစ်ခံရဦးမှာဖြစ်၏။ အခြားတစ်ဖက်တွင်မူ လက်ခံနိုင်လောက်ခြင်း၏အဆုံးကိုရောက်နေပြီဖြစ်သော အပြစ်အနာအဆာများပြည့်နှက်နေသည့်ကလေးတစ်ဦး၌ ရေတွက်မရသောအမှားများ ထပ်မံပေါ်ပေါက်လာပါက....

မည်ကဲ့သို့အဆုံးသတ်မည်မှန်း ဘယ်သူမှမသိနိုင်ချေ။

စုန့်ရန်က သူ့ကိုယ်သူ မက်ထရိုရှကာ(matryoshka) အရုပ်ကလေးကဲ့သို့ယူဆကာ အခွံခုနစ်ခုရှစ်ခုအောက်တွင် ပုန်းကွယ်နေခဲ့၏။ ပုပုကိုတွေ့လိုက်ရချိန်၌ သူ့ကိုယ်သူမထိန်းချုပ်နိုင်ဖြစ်သွားခဲ့ကာ တစ်ရုပ်ပြီးတစ်ရုပ် ဖွင့်ဟပြသလျှက် သူ၏ပုံရိပ်အစစ်အမှန်အား ဖုန်းကွယ်မထားနိုင်တော့ချေ။ 

(T/N Matryoshka ဆိုသည်မှာ ရုရှားဘာသာဖြင့် အမေကိုခေါ်ဆိုခြင်းဖြစ်သည်။ လက်တစ်ဝါးအရွယ်အရုပ်ကိုလှည့်ဖွင့်လိုက်လျှင် အရုပ်နောက်တစ်ရုပ်ပေါ်လာ၏။ ၎င်းထပ်မံလှည့်ဖွင့်ပါက နောက်ထပ် နောက်ထပ်အရုပ်များထပ်ပေါ်လာရင်း ခုနစ်ရုပ်ရှစ်ရုပ်အထိထွက်ပေါ်လာတတ်၏။ မိခင်ဝမ်းတွင်းရှိ ကလေးမှတဆင့် မိသားစုအမွေကိုအဆင့်ဆင့်သယ်ဆောင်သွားပုံအားပြသသည့် သင်္ကေတဖြစ်သည်။ ကြီးရာမှတဖြည်းဖြည်းသေးငယ်သွားသဖြင့် nesting doll ဟုလည်းခေါ်ဆိုကြ၏။)

ထိုနေ့လည်ခင်းတွင် စုန့်ရန်ကောင်းကောင်းအနားမယူနိုင်ခဲ့ချေ။

  

 

ထင်ရှားပြီးထူးဆန်းသည့်အိပ်မက်ဆိုးများက တစ်ခုပြီးတစ်ခုပေါ်ပေါက်လာကာ အသက်ပင်မနည်းရှူနေခဲ့ရ၏။ 

သူ့အိမ်မက်ထဲတွင် မိဘမဲ့ဂေဟာ၏အကွေ့အကောက်များသောစင်္ကြများနှင့် မှိန်ဖျော့ဖျော့တံခါးများက ရုပ်စုံမှန်ပြောင်းအဖြစ်ပြောင်းလဲသွားကာ သူ၏ခေါင်းအစခြေအဆုံး ဖုံးအုပ်လျှက်ရှိလေသည်။ သူ့မျက်ဝန်းများက အဆုံးမရှိသောမျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်၍နေလေသည်။ မည်သည့်နေရာသို့သွားရမည်မသိပဲ အလင်းရောင်တစ်ခုအားဖမ်းဆုပ်မိသည်အထိ သူကဦးတည်ရာမဲ့ပြေးထွက်သွားခဲ့၏။ 

အဆိုပါအလင်းရောင်ကလေးထံရောက်သည့်အခါ သူ၏ခြေလှမ်းများရပ်တန့်သွားခဲ့ရသည်။  

သူ့မျက်ဝန်းများက 'ပန်းသီးကလေးများသရုပ်ပြခန်း' ဟူသည့်စာတန်းထံကျရောက်သွားသည်။ အဆိုပါအခန်းမှာ မိဘမဲ့များနှင့် မွေးစားချင်သည့် မိဘများ ဆုံတွေ့ရာနေရာဖြစ်၏။ သူက ဤနေရာသို့ အကြိမ်အနည်းငယ်လာရောက်ဖူးသော်လည်း နောက်ဆုံးအကြိမ်အငြင်းပွားခဲ့ပြီး ဆိုးဝါးသည့်မှတ်တမ်းအားချန်ခဲ့မိကတည်းက အခန်းထဲသို့ဘယ်တော့မှထပ်မဝင်ရတော့ချေ။  

................

 

၉ရက်မြောက်နေ့ ည ၉နာရီ

စုန့်ရန်နိုးလာသည့်အခါ ကောင်းကင်မှာ မှောင်စပျိုးနေပြီဖြစ်သည်။

အိမ်ရာအတွင်းရှိ လမ်းမီးတိုင်များ၏အရိပ်က အဆောက်အအုံ၏အောက်ခြေတွင်ရှိသည့် လျှို့ဝှက်သောရေညှိများနှင့်ပင် ဆင်တူနေ၏။ မှိန်ဖျော့သောအလင်းက ကျိုးတို့ကျဲတဲကျဆင်းနေသော်ငြား ဆယ့်နှစ်ထပ်အထိမူ မတောက်ပနိုင်ချေ။ တင်းကျပ်စွာစေ့ပိတ်ထားသည့် အိပ်ခန်းလိုက်ကာများက အလင်းအနည်းငယ်မျှပင် အိပ်ခန်းထဲသို့မထိုးဖောက်နိုင်အောင် ကာကွယ်လျှက်ရှိပြီး အခန်းတစ်ခုလုံးအား သိရခက်သောအလွှာများပါရှိသည့် ကြီးမားသောလှောင်ချိုင့်သဖွယ်ဖြစ်စေလျှက် ပိန်းပိတ်အောင်မှောင်မဲနေစေကာ အထဲရှိပုဂ္ဂိုလ်အား လှောင်ပိတ်ခံထားသကဲ့သို့ ခံစားရစေသည်။

အိမ်မက်ဆိုးမက်ပြီးသည့်အခါ ဆေးဖြင့်ဖိနှိပ်ခံလိုက်ရသည့် ကိုယ်အပူချိန်က ထိန်းမနိုင်သိမ်းမရဖြစ်သွားပြန်သည်။ 

စုန့်ရန် ခက်ခက်ခဲခဲထထိုင်လိုက်၏။ သူက တောက်လောင်နေသည့်မီးလုံးကြီးထံမှ မီးသင့်သကဲ့သို့ခံစားနေရလေသည်။ ၎င်းက သူ၏ရင်တွင်းမှတဆင့်ဖြတ်သန်းသွားပြီး အူလမ်းကြောင်းတစ်လျှောက်အဆက်မပြတ်မွှေ့ယမ်းနေသလိုပင် သေးငယ်သောလှုပ်ရှားမှုလေးတစ်ခုလုပ်လိုက်သည်နှင့် အပြင်းအထန်အန်ချင်လာ၏။ သူ၏ညဝတ်အင်္ကျီနှင့်ဆံပင်များတွင် ချွေးများနစ်နေကာ အရေပြားပေါ်တွင် ကပ်စေးစေးခံစားနေရပြီး အသက်ရှူရသည်မှာလည်း မခံစားနိုင်လောက်အောင်ပူလောင်၍နေလေသည်။  

သူက အိပ်ရာဘေးရှိစားပွဲကိုစမ်းလိုက်ကာ ကျန်းယွီဝင့်ထားခဲ့သည့်ရေကျက်အေးကိုယူ၍ တကျိုက်ကျိုက်မော့သောက်လိုက်သည်။ ရေအေးအေးက သူ၏လည်ချောင်းတစ်လျှောက်စီးဆင်းသွားပြီး အရိုးများအတွင်းထိအေးခဲသွားစေကာ ရှူထုတ်လိုက်သောလေ၏အပူချိန်အား ခဏတာကျဆင်းသွားစေခဲ့သည်။  

အိပ်ခန်းမှာတိတ်ဆိတ်နေသော်ငြား အခန်းတံခါးကိုဖြတ်၍ ဧည့်ခန်းအတွင်းမှပျော်ရွှင်စွာရယ်မောသံများကို စုန့်ရန်ကြားနေရလေသည်။ 

ကျန်းယွီဝင့်နှင့်လင်းဟွေ့တို့က ပုပုနှင့်အတူ စိန်ပြေးတမ်းကစားနေခြင်းဖြစ်နိုင်၏။ ကလေးငယ်က ပြေးလွှားဆော့ကစားနေကာ ရယ်မော၍နေလေသည်။ စုန့်ရန်ရေခွက်ကိုကိုင်လျှက်သားနှင့် ဒူးနှစ်ဖက်ကိုထောင်လိုက်ကာ ခေါင်းကလေးအနည်းငယ်ငုံ့သွားခဲ့သည်။ 

မမျှော်လင့်ထားစွာပင် မနာလိုခြင်းနှင့် ထိတ်လန့်ခြင်းအား တစ်ချိန်တည်းခံစားလိုက်ရ၏။ 

အိပ်ခန်းကအလွန်မှောင်မိုက်နေကာ သူ၏အိပ်မက်ဆိုးထဲရှိ အကျဥ်းခန်းငယ်နှင့်ပင်တူ၏။ အိပ်မက်ဆိုးက လက်တွေ့ဘဝထဲသို့ရောက်လာသလိုပင်။ အပြင်ဘက်ရှိ ပျော်ရွှင်ဖွယ်အသံများကိုကြားသော်လည်း သူ၏ဖျားနာမှုကြောင့် သူတို့နှင့်အတူရောနှောပျော်ပါး၍မရချေ။ အဖျားက သူ့အားစိတ်ပိုင်းဆိုင်ရာဆတ်ဆတ်ထိမခံဖြစ်စေကာ သူ့အတွေးများကိုလည်း အစွန်းရောက်စေခဲ့သည်။ စုန့်ရန်၏ ဖန်ကဲ့သို့နှလုံးသားကတုန်လှုပ်သွားကာ ကျန်းယွီဝင့်နှင့်လင်းဟွေ့တို့တွင် တစ်ဦးကလူကြီးမင်းဟယ်ခန့်အပ်ထားသည့် မိသားစုဆရာဝန်ဖြစ်ကာ၊ ကျန်တစ်ဦးက စနစ်တကျလေ့ကျင့်ပေးသောပရိုဂရမ်တစ်ခုမှ ဘွဲ့ရလာခဲ့သည့် နေ့ကလေးထိန်းဆရာမဖြစ်ကြောင်း မတွေးမိပဲမနေနိုင်ချေ။ 

အခုကစပြီး ပုပုက သူ့ကိုမလိုအပ်တော့ဘူးလား...

သူ့မှာပေးစရာအချစ်တွေအများကြီးရှိသေးတယ်...တကယ်လို့ တစ်ယောက်ယောက်ကသာ ပုပုကိုဂရုစိုက်လိုက်မယ်ဆိုရင် သူအဲ့ဒီ့အချစ်တွေကိုဘယ်သူ့သွားပေးရပါ့မလဲ...

သူ ကလေးတစ်ယောက် အရမ်းအရမ်းကိုလိုချင်ခဲ့တာ... 

ထိုစဥ် ရင်းနှီးနေသော ပီကာချူးသံစဥ်က စတင်၍မြည်လာသည်။ စုန့်ရန်၏လက်ကလေးက တုန်လှုပ်သွားသည့်အတွက် ရေခွက်ထဲမှရေစက်အချို့ပင် ဖိတ်စင်သွားခဲ့၏။

၉ နာရီ...

လူကြီးမင်းဟယ် ဖုန်းခေါ်နေတာပဲ...

ပုပုဖုန်းကိုင်ကာ 'ပါပါး...' ဟု ချွဲနွဲ့စွာခေါ်လိုက်သံလေးနှင့်အတူ ဧည့်ခန်းအတွင်းရှိ ခုန်ပေါက်ပြေးလွှားသံများတိတ်ဆိတ်သွား၏။ သူတို့နှစ်ဦးက ဟိုပြောသည်ပြောနှင့် ရေကျောက်အကြောင်း၊ ညစာအကြောင်း၊ ကစားနည်းများအကြောင်း မျိုးစုံပြောနေကြသည်။ နံဘေးရှိ လင်းဟွေ့နှင့်ကျန်းယွီဝင့်ကလည်း ရံဖန်ရံခါသံယောင်လိုက်ပေးနေသည်။ လေထုကအလွန်ပင်နှစ်လိုဖွယ်ကောင်းလှကာ ဧည့်ခန်းမှအသံများကိုကြားရရုံနှင့်ပင် စုန့်ရန် သူ၏လက်ရှိအခြေအနေအား စိတ်တိုင်းမကျဖြစ်လာခဲ့ရသည်။

  

အရောင်နုနုများနှင့် ကြည်လင်တောက်ပသောအလင်းရောင်က ကြောင်တစ်ကောင်၊ ပန်းများ၊ ပန်းချီကားများနှင့်အတူ ဖြာကျ၍နေလိမ့်မည်။ ရောင်စုံခြယ်စာအုပ်များသည်လည်း ဟိုတစ်စုဒီတစ်စုပျံ့ကျဲနေကာ သူကိုယ်တိုင်ကိုယ်ကျပြုလုပ်ထားသည့် အလှဆင်ပစ္စည်းများက ကော်ဖီစားပွဲပေါ်တွင်ပနံသင့်စွာရှိနေလျှက် မွှေးပွဖိနပ်သုံးရံသည်လည်း ဆိုဖာဘေးတွင် ခပ်စောင်းစောင်းလေးရှိနေလိမ့်မည်။ ပုပုက တစ်ယောက်ယောက်၏ပေါင်ပေါ်တွင် မျက်ဝန်းထောင့်လေးများ အထက်သို့ကွေးညွှတ်သွားသည်အထိ ပျော်ရွှင်စွာရယ်မောနေမှာဖြစ်ပြီး အားလုံးကသူနှင့်အတူ ပြုံးရယ်၍နေကြလိမ့်မည်။  

ရေခွက်ကိုချကာ စုန့်ရန်က အမှောင်ထဲတွင်ပုန်းကွယ်ချင်ဟန်ဖြင့် သူ၏ဒူးခေါင်းများကိုပွေ့ဖက်လိုက်၏။ သူ၏လက်ဆယ်ချောင်းက ညဝတ်အင်္ကျီ၏ပိုးသားစကို ဖြည်းဖြည်းဆုပ်ကိုင်လျှက်ရှိသည်။ 

သူ မည်သည့်အရာအားစောင့်မျှော်နေမှန်း သူသိလေသည်။ 

သူ၏လျှင်မြန်သောနှလုံးခုန်သံက ရင်ဘတ်အတွင်းတွင် တဒုတ်ဒုတ်ဖြင့်ကျယ်လောင်စွာမြည်ဟည်းလျှက်ရှိပြီး နားထဲတွင်ဆူညံနေလေသည်။ သူပိုပြီးရှင်းရှင်းလင်းလင်းကြားချင်လေလေ၊ ဧည့်ခန်းထဲရှိအသံများကို မကြားနိုင်လေလေပင်။ အချိန်စီးဆင်းမှုက အလွန်ပင်နှေးကွေးလှသဖြင့် စုန့်ရန်ဆက်လက်၍မစောင့်နိုင်တော့ချေ။ သူက ဂွမ်းစောင်ကိုမ ကာ အိပ်ရာထဲမှထွက်လိုက်ပြီး တံခါးကို နားဖြင့်ကပ်၍နားစွင့်လိုက်၏။  

အသက်ဝင်လှသည့် ‘Nutcracker Overture’ ကိုကြားလိုက်ရခြင်းနှင့်အတူ စကားပြောခြင်းကပြီးဆုံးသွားခဲ့သည်။ ယခုမူ ပုပုအကြိုက်ဆုံး ကြောင်နှင့်ကြွက်ကာတွန်းကား စတင်ပြသနေပြီဖြစ်သည်။ 

စုန့်ရန်က အိပ်ရာထဲသို့တိတ်တဆိတ်ပြန်သွားကာ နားရွက်များကိုလက်ဖြင့်ဖုံးအုပ်၍ ခေါင်းအုံးကြားမျက်နှာကပ်လိုက်ကာ သူ၏လိပ်ခွံလေးအတွင်း ခိုဝင်လိုက်လေသည်။ 

လူကြီးမင်းဟယ်က သူ့ကိုသတိမရဘူးပဲ...ပုပုနဲ့စကားပြောပြီးတာနဲ့ ချက်ချင်းဖုန်းချသွားပြီးတော့ ပုပုနောက်မှာကပ်နေတဲ့ စိတ်ရှုပ်စရာလေးတစ်ခုရှိနေမှန်း လုံးဝသတိမရခဲ့ဘူးပဲ... 

စကားတစ်ခွန်းထဲဆိုရင်တောင် အဆင်ပြေပါတယ်...သူ့နာမည်ကိုခေါ်လိုက်ရုံဆိုရင်တောင်မှပေါ့... 

စုန့်ရန်က ခေါင်းအုံးကိုတစ်ချက်နှစ်ချက်ထုရိုက်လိုက်မိသည်။ ထို့နောက် ခါးကိုဖြေလျှော့ကာ မျက်နှာကျက်ဆီသို့မျက်နှာမူလျှက် အိပ်ရာထက်တွင်အားပြတ်စွာလှဲလိုက်သည်။  

သူနှင့်လူကြီးမင်းဟယ်ကြားရှိဆက်ဆံရေးမှာ အလုပ်ရှင်နှင့်ကလေးထိန်းကြားဆက်ဆံရေး သို့မဟုတ် အိမ်နီးချင်းနှစ်ဦးကြားဆက်ဆံရေးထက် အနည်းငယ်ပိုသည်ဟု သူယူဆခဲ့မိသည်။ လူကြီးမင်းဟယ်နှင့် နေ့တိုင်းဟိုဟိုဒီဒီပြောရသည်ကို သူနှစ်သက်သဖြင့် တစ်ဖက်လူသည်လည်းထိုသို့ဖြစ်လိမ့်မည်ဟု ယူဆခဲ့မိ၏။ အဘယ့်ကြောင့်ဆိုသော် ကြင်နာတတ်သည့် ညနေခင်းဖုန်းခေါ်ဆိုချိန်၏တစ်ဝက်က သူ့အတွက်ဖြစ်နေခဲ့သည်မဟုတ်ပါလော။ 

ဒါက အလုပ်ရှင်ဆီကနေ ကလေးထိန်းကို ဒီအတိုင်းနှုတ်ဆက်တာပဲလား... 

သူ ဤကဲ့သို့လက်မခံချင်...

သူ့တွင် လိုအပ်သည်ထက်ပိုသောခံစားချက်များရှိနေသည့်အတွက် စုန့်ရန်က အဆိုပါဖုန်းခေါ်ခဲ့ခြင်းများကို စိတ်ကူးယဥ်ဆန်သည့် တစ်စုံတစ်ခုမဟုတ်ကြောင်း ဝန်ခံရန်ရှက်ရွံ့နေမိသည်။  

တစ်စက္ကန့်အကြာ၌ ခေါင်းအုံးအောက်ရှိဖုန်းက တုန်ခါလာလေသည်။ 

အဒရီနီလင်ဆေးထိုးလိုက်သကဲ့သို့ခံစားလိုက်ရကာ စုန့်ရန် သူ၏မျက်ဝန်းများကိုအမြန်ဖွင့်၍ လျှပ်စီးလက်သလိုအမြန်နှုန်းဖြင့် ဖုန်းကိုထုတ်ယူလိုက်၏။ စခရင်မှစူးရှသောအလင်းရောင်ကြောင့် သူကမျက်မှောင်ကြုတ်လျှက် ခေါင်းမူး၍ပျို့တက်လာသည်အားထိန်းချုပ်ကာ ခေါ်ဆိုသူအမည်ကိုကြည့်လိုက်သည်။  

ဟယ်ကျစ်ယွမ်

အဆိုပါစာလုံးကလေးသုံးလုံးက သူ့ခါးကိုလာ၍ချည်သောကြိုးကဲ့သို့ သူ့အားတွင်းနက်ကြီးထဲမှဆွဲထုတ်ပေးခဲ့၏။ စုန့်ရန်၏နှလုံးသားတွင်းရှိ ကျောက်တုံးကြီးပြုတ်ကျသွားခဲ့ကာ မျက်ဝန်းများကိုမှိတ်ချလိုက်ရင်း ဖုန်းသည်လည်းခေါင်းအုံးဘေးသို့ တဖန်ပြုတ်ကျသွားလေသည်။ ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုတို့က ရောထွေး၍ယောက်ယက်ခတ်နေကာ အိပ်ရာမှအနှိုးခံလိုက်ရသဖြင့် မကျေမနပ်ဖြစ်ချိန်ပင်မရခဲ့ပဲ သူ၏မျက်ဝန်းထောင့်များသည်လည်း စိုစွတ်၍လာခဲ့၏။ လည်ချောင်းအတွင်းမှ ရှိုက်သံသဲ့သဲ့ထွက်ပေါ်လာလေရာ ခေါ်ဆိုမှုကိုချိတ်ဆက်ပြီးသည်အထိ စုန့်ရန် စကားတစ်ခွန်းမှမဆိုဝံ့သေးချေ။ 

အအေးမိခြင်းကြောင့် ပြင်းထန်နေသည့် သူ၏အသက်ရှူသံက တိတ်ဆိတ်နေမှုနှင့်ဆန့်ကျင်ဘက်ဖြစ်စွာ ထွက်ပေါ်လျှက်ရှိ၏။ 

“စုန့်ရန်...” 

ဟယ်ကျစ်ယွမ်က ညှင်သာစွာမေးလေသည်။ 

“နေကောင်းရဲ့လား...”

“…”

စုန့်ရန်က ဘာမှပြန်မဆိုခဲ့။

ဟယ်ကျစ်ယွမ် ခဏတိတ်သွားကာ ထပ်၍မေးလိုက်၏။ 

“ကိုယ် မင်းကိုနှိုးလိုက်မိတာလား...”

ထိုအခါမှသာ စုန့်ရန်က အသံပျော့ပျော့ကလေးဖြင့်ဆိုလာ၏။ 

ဟယ်ကျစ်ယွမ် ခဏတိတ်သွားကာ ထပ်၍မေးလိုက်၏။ 

“ကိုယ် မင်းကိုနှိုးလိုက်မိတာလား...”

ထိုအခါမှသာ စုန့်ရန်က အသံပျော့ပျော့ကလေးဖြင့်ဆိုလာ၏။ 

“မဟုတ်ပါဘူး...”

“မင်းအသံက အားနည်းနေတုန်းပဲ...အဖျားပြန်မကျသေးဘူးမဟုတ်လား...အဲ့ဒါက အရမ်းမသက်မသာဖြစ်နေတာလား...” 

“မဖြစ်ပါဘူး...” 

သူ၏စိုးရိမ်တကြီးအသံကိုနားထောင်နေရင်း စုန့်ရန်၏ခန္ဓာကိုယ်တစ်ခုလုံးအား နွေးထွေးမှုများလွှမ်းခြုံသွားခဲ့ကာ သူ၏နှုတ်ခမ်းထောင့်စွန်းကလေးမျာက မရည်ရွယ်ပဲအပေါ်သို့ကွေးညွှတ်သွားခဲ့၏။ သူက ဂွမ်းကပ်ကို တင်းတင်းလေးဆုပ်ကိုင်လျှက်ဆိုသည်။

“လူကြီးမင်းဟယ်...ကျွန်တော် နေကောင်းပါတယ်...”

သူထိုသို့ပြောပြီးနောက် သုန်သုန်မှုန်မှုန်ဖြင့်ဆိုလိုက်မိသည်။

“ခုနက ပုပုနဲ့ဖုန်းပြောနေတုန်းက ဘာလို့ကျွန်တော့်အကြောင်းမမေးတာလဲ...”

သူ၏လေယူလေသိမ်းက အတွေးများကိုမဖုံးကွယ်နိုင်ခဲ့ချေ။ ဟယ်ကျစ်ယွမ် ၎င်းကို တစ်ခါကြားရုံမျှဖြင့် စုန့်ရန်၏ကနဦးမပျော်ရွှင်မှုက မည်သည့်နေရာမှမြစ်ဖျားခံလာမှန်း သဘောပေါက်သွားခဲ့ကာ မရည်ရွယ်ပဲ ခပ်တိုးတိုးရယ်လိုက်မိသည်။ 

“မင်းက အဲ့ဒါကြောင့်စိတ်မကြည်နေခဲ့တာလား...” 

စုန့်ရန် အလွန်ရှက်ရွံ့သွားသဖြင့် ယတိပြတ်ငြင်းဆန်လိုက်၏။ 

ဟယ်ကျစ်ယွမ်က ရှင်းပြသည်။ 

“ကိုယ် ပုပုကိုမေးခဲ့ပါတယ်...မင်းအိပ်နေတယ်လို့ သူကပြောတယ်လေ...ကိုယ်မင်းအနားယူနေတာကို နှောင့်ယှက်မိမှာစိုးလို့ပါ...” 

ကြောင်အသွားခြင်းနှင့်အတူ စုန့်ရန်အကြိမ်အနည်းငယ်ခန့် မျက်တောင်ခတ်လိုက်မိသည်။

Xxxxxxxx

Xxxx