အပိုင်း ၄၁
Viewers 9k

Chapter 41

ဒါက အကျိုးအကြောင်းသင့်တဲ့ဖြေရှင်းချက်ပဲ...ဒါဆို စောစောက အဖျားကြီးနေတာနဲ့ သူအဓိပ္ပါယ်မရှိတာတွေကို လျှောက်တွေးနေခဲ့မိတာပေါ့... 

“ဘာမှ...ဘာမှမဟုတ်ဖူး...” သူက ကိုယ်ပူကြီးနေသည့်ကြားမှ အပြင်းအထန်ကြိုးစား၍ ဆန့်ကျင်လိုက်သည်။ 

“အဲ့ဒီ့လိုဆို ခင်ဗျားအခုကျဘာလို့ကျွန်တော့်ကိုခေါ်တာလဲ...” 

ဟယ်ကျစ်ယွမ် ပြုံးလိုက်မိသည်။ 

“မင်း အိပ်မနေမှာစိုးလို့ပါ...” 

စုန့်ရန် : “… ဟမ်”

“မင်းကိုယ်ဖုန်းခေါ်တာစောင့်နေမှာစိုးလို့လေ...ဖုန်းပြောချိန်ကိုစောင့်နေတဲ့လူက မင်းတစ်ယောက်ထဲတော့မဟုတ်ပါဘူး...” 

ဟယ်ကျစ်ယွမ်က နွေးထွေးစွာပြောလေသည်။ 

“စုန့်ရန်...ကိုယ်တို့တစ်နေကုန်ဖုန်းမပြောရသေးဘူးလေ...ဟုတ်တယ်မဟုတ်လား...” 

သူ၏ပြုံးယောင်စွက်သောအသံက ရင်းနှီးကျွမ်းဝင်သောခံစားချင်ကိုပေးစွမ်းလျှက် မရေရာသောအလွှာတစ်ခုအား ဖောက်ထွင်းလုဆဲဆဲဖြစ်နေခဲ့သည်။ ထိုအချိန်၌ စုန့်ရန်၏ကာကွယ်မှုက အလွန်လျော့ကျသွားခဲ့ကာ ကိုယ့်ကိုယ်ကိုယ်ပင်သတိမပြုမိပဲ တစ်ဖက်လူ၏ကျီစယ်ခြင်းခံလိုက်ရ၏။ သူ၏အရိုးများအတွင်း တဆစ်ဆစ်ဖြစ်လာကာ ပါးပြင်များသည်လည်း ပူနွေးလာပြီး ဇနီးလေးတစ်ဦးသဖွယ် ခြင်သံကဲ့သို့တိုးညှင်းသည့်အသံလေးကို ထုတ်လွှတ်လိုက်မိလေသည်။

  

အရမ်း....အရမ်းရှက်ဖို့ကောင်းတာပဲ...

ဟယ်ကျစ်ယွမ်သူ့အား နေပြန်ကောင်းဖို့်လိုသေးလားဟု မေးသည့်အခါ စုန့်ရန်တစ်ယောက် ရီဝေဝေဖြစ်လာသည်အထိ ပျော်ရွှင်သွားခဲ့ပြီး အိပ်ရာခင်းကိုဆုပ်ကိုင်လျှက် ရှေ့နောက်အကြိမ်အနည်းငယ်လိမ့်လိုက်လေသည်။ သူ၏ကိုယ်အပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ်မှမကျဆင်းသေးသော်လည်း အမြန်နေပြန်ကောင်းတော့မှာဖြစ်ကြောင်း၊ စကြဝဠာထဲတွင်အမြန်ဆုံးအရှိန်ဖြင့် နေပြန်ကောင်းမှာဖြစ်ကြောင်း၊ မနက်ဖြန်ဆိုလျှင်တစ်ကီလိုမီတာပြေးနိုင်မှာကို အာမခံနိုင်ကြောင်း အစရှိသည်ဖြင့် စကားကြီးစကားကျယ်များ ပြောဆိုလေတော့သည်။ 

ဟယ်ကျစ်ယွမ်၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။

 “ကိုယ့်ကိုလာကြွားမနေပါနဲ့...ကျန်းယွီဝင့်က မင်းကို အနည်းဆုံးနှစ်ရက်လောက် ထပ်ကြည့်ပေးရလိမ့်မယ်...” 

“အိုး...” စုန့်ရန်က မျက်နှာကိုလက်ဖြင့်အုပ်လိုက်ကာ သူ၏ စကားများကို ပြန်လည်ရုပ်သိမ်းလိုက်၏။ 

“ဒါဖြင့် နောက်နှစ်ရက်နေရင် ကျွန်တော်ပြေးပြမယ်...”

ဟယ်ကျစ်ယွမ် : “…”

 

သူတို့စကားပြောနေခြင်းအပေါ် စိတ်လှုပ်ရှားနေခဲ့သော်ငြား စုန့်ရန်တစ်စုံတစ်ခုကိုသတိရသွားခဲ့ကာ သက်တောင့်သက်သာရှိစွာထိုင်နေရာမှ တောင့်ခဲသွားခဲ့သည်။ 

 “လူကြီးမင်းဟယ်...ကျန်းယွီဝင့်ပြောတာ...ခင်ဗျား ကျွန်တော့်ရဲ့ ဆေးမှတ်တမ်းကိုကြည့်ခဲ့တယ်ဆို...” 

“ဟုတ်တယ်လေ...”

စုန့်ရန်၏နှလုံးသားက သူ၏လည်ချောင်းအတွင်းမှ ခုန်ထွက်လာတော့မလိုဖြစ်သွားကာ အပြစ်ရှိဟန်ဖြင့်မေးလိုက်သည်။ 

“ဒါဆို...ရေကျောက်အပြင် တခြားတစ်ခုခုတွေ့ခဲ့သေးလား...” 

ဟယ်ကျစ်ယွမ်က မျက်လွှာချလျှက်စဥ်းစားလိုက်ကာ အမှန်အတိုင်းဖြေလိုက်၏။ 

“ကိုယ်တွေ့ခဲ့တယ်...”

စုန့်ရန် မည်သည့်အရာကိုဆိုလိုချင်မှန်း သူသိလေသည်။ 

T မြို့၊ မိဘမဲ့ဂေဟာ၏ ဒီဂျစ်တယ်နည်းပညာက ရှေးရိုးဆန်လှကာ စာမျက်နှာအားလုံးကို ဒီအတိုင်းဓာတ်ပုံရိုက်ကူး၍ စာဖိုင်အဖြစ်သိမ်းဆည်းထားခြင်းဖြစ်လေသည်။ စုန့်ရန်၏ ဆေးမှတ်တမ်းကိုတွေ့သောအခါ ဟယ်ကျစ်ယွမ်က ရေကျောက်အကြောင်း စစ်ဆေးချင်ခဲ့သည်။ သို့သော် ပထမစာမျက်နှာတွင် သူ၏အမြင်ကိုဖမ်းစားလိုက်သည့် စာလုံးအချို့အား တွေ့လိုက်ရလေသည်။ 

Severe obsessive-compulsive disorder.

(T/N- OCD ဆိုသည်မှာ မတွေးချင်သောအတွေးများနှင့် ကြောက်ရွံမှူများအားဆက်တိုက်တွေးမိကာအပြုအမူတစ်ခုကို ထပ်တလဲလဲ ပြုလုပ်မိခြင်းဖြစ်သည်။)

ရောဂါရှာတွေ့သောအရွယ်: ၆နှစ်

အဆိုပါရောဂါအား စုန့်ရန်နှင့်အတူဆက်စပ်ကြည့်ရန်မှာ ထင်မထားခဲ့သောကိစ္စဖြစ်သဖြင့် သူ စက္ကန့်အနည်းငယ်မျှကြောင်အသွားခဲ့ရကာ ရှေ့စာမျက်နှာကိုပင်တစ်ခေါက်ပြန်ကြည့်ခဲ့၏။ မျက်နှာဖုံးရှိကလေးငယ်၏အမည်မှာ သေချာပေါက်စုန့်ရန်ပင်။ 

ရောဂါအကြောင်းဖော်ပြချက်တွင် စာကြောင်းအနည်းငယ်ကိုသာ ပြီးစလွယ်ရေးခြစ်ထားပြီး တာဝန်ကိုရေသာခိုထားခြင်းဟူ၍ သတ်မှတ်နိုင်၏. ယေဘူယျအချက်မှာ ကလေးက နံပါတ်များအားရေတွက်ရခြင်းနှင့်ပတ်သတ်၍ အလွန်ဆတ်ဆတ်ထိမခံခြင်းဖြစ်လေသည်။ အဆိုပါနံပါတ်များအား မြင်သည်ဖြစ်စေ၊ ကြားသည်ဖြစ်စေ သူက အစာစားဖို့ကိုပင်ငြင်းဆန်ကာ မမောမပန်း စတင်ရေတွက်တော့၏။ မည်သူကမှ ရေတွက်ခြင်းကိုရပ်တန့်ရန် ချော့မော့၍မရပဲ အားကုန်ကာမူးမေ့သွားမှသာ ရပ်တန့်တော့သည်။ ရေတွက်နေရင်းမေ့သွားသည့်အခါမျိုးတွင်လည်း ပြင်းစွာသောစိတ်ဖိစီးမှုက အလွယ်တကူအစပျိုးလာခဲ့ကာ စိတ်ပင်ပန်းစွာဖြင့် တက်သွားသည်အထိငိုကြွေးတော့လေသည်။  

ဟယ်ကျစ်ယွမ်က စုန့်ရန်၏ ရောဂါရှာတွေ့သောခုနှစ်မှာ သူ မိဘမဲ့ဂေဟာအားရောက်ခါစအချိန်နှင့် မနီးမဝေးဖြစ်နေရသည့်အကြောင်းရင်းအပေါ် ဂရုတစိုက်ကြည့်ရှုခဲ့လေသည်။ ကြည့်ရသည်မှာ စုန့်ရန်ဆေးရုံတက်နေရစဥ်ကတည်းက စိတ်အခြေအနေမတည်ငြိမ်ခဲ့ခြင်းဖြစ်ဟန်တူ၏။ 

သူက လူငယ်လေးပြုံးနေသည့်ပုံရိပ်ကို မြင်ယောင်လာခဲ့သည်။ လူငယ်လေး၏သွားတန်းများက ဖြူဖွေးသန့်စင်နေကာ ပါးချိုင့်နက်နက်များနှင့် မနက် ၆နာရီ၏နေရောင်ခြည်ကဲ့သို့ တောက်ပနေခဲ့ပြီး မြူနှင်းအနည်းငယ်ပင်ဖုံးအုပ်နေခြင်းမရှိချေ။ .

ဆေးမှတ်တမ်းနှင့် ဘာမှမဆိုင်သည့်လူတစ်ဦးသာ ဖြစ်ချေသည်။ 

ဟယ်ကျစ်ယွမ်က အဆိုပါမှတ်တမ်းမှာ လွန်ခဲ့သည့်ဆယ့်ခုနစ်နှစ်ကမှတ်တမ်းတင်ထားခြင်းဖြစ်ပြီး လက်ရှိစုန့်ရန်နှင့် ဘာမှမသက်ဆိုင်သလိုထင်ရသော်လည်း စုန့်ရန်၏ ဆတ်ဆတ်ထိမခံမှု၊ စိတ်တိုလွယ်မှုနှင့် ရှုပ်ထွေးသောသိမ်ငယ်စိတ်တို့မှာ သူ၏ငယ်ဘဝအတွေ့အကြုံ၏ အသီးအပွင့်များမှလွဲ၍ အခြားမဖြစ်နိုင်ကြောင်း ဟယ်ကျစ်ယွမ်နားလည်ထားလေသည်။ 

သူက အဖြေကိုသိသော်လည်း စုန့်ရန်ရင့်ကျက်လာခဲ့ခြင်းကို သိရှိချင်နေသေးသည်။ 

“စုန့်ရန်...ကိုယ်မင်းရဲ့ဆေးမှတ်တမ်းကို စစ်ဆေးကြည့်ခဲ့တယ်...မင်းငယ်ငယ်တုန်းက compulsive-obsessive disorder ရှိခဲ့တယ်လို့ကိုယ်တွေ့တယ်...” 

ဟယ်ကျစ်ယွမ်က အသံကိုအနည်းငယ်ညှင်သာကာ နှစ်သိမ့်ဟန်ဖြင့် 

“Obsessive-compulsive disorder ကပြင်းထန်တဲ့ရောဂါတစ်ခုပဲ...လူတော်တော်များများမှာ ရှိကြတယ်...ကိုယ်သိတဲ့လူတွေထဲမှာ တစ်ချို့ကအခန်းကိုသန့်ရှင်းအောင်နေရတာသဘောကျတယ်...တစ်ချို့ကကျတော့ စတုရန်းကွက်တွေအပေါ်မှာ လမ်းလျှောက်ရတာကိုသဘောကျတယ်...တစ်ချို့ကတော့ ဆီကြော်မုန့်တွေကို အလှည့်ကျစားရတာသဘောကျတယ်...အားလုံးက…”

“ကျွန်တော်က မတူဘူး...ကျွန်တော်က တခြားလူတွေနဲ့မတူဘူးလို့...” 

စုန့်ရန်က သူ့ကိုကြားဖြတ်ပြောလိုက်သည်။ ထို့နောက် ခါးသက်သက်ပြုံးလျှက် ညှင်သာစွာပြောလာ၏။ 

“လူကြီးမင်းဟယ်...ကျွန်တော်ရောဂါထတဲ့အချိန်ကို ခင်ဗျားမတွေ့ဖူးသေးလို့ပါ...အဲ့ဒါကအရမ်းကြောက်စရာကောင်းတယ်...ကျွန်တော်ခင်ဗျားကိုမညာပါဘူး...” 

သူက ပိန်းပိတ်အောင်မှောင်နေသော မျက်နှာကျက်အားငေးကြည့်လျှက် လက်ချောင်းကလေးများ အနည်းငယ်တုန်ယင်လာခဲ့၏။ လက်ဆန့်ထုတ်လိုက်ကာ ၁.၂.၃ ရေတွက်ကြည့်ပြီးနောက် လက်ငါးချောင်းလုံးကို တင်းတင်းကျပ်ကျပ်ဆုပ်လျှက် ထပ်မံ၍ရေမတွက်အောင် ထိန်းထားလိုက်သည်။ 

သူတို့က ရပ်တန့်မှာမဟုတ်ချေ။

များပြားလှသည့်ကိန်းဂဏန်းများက တစ်ကြိမ်တစ်ခါမှမှေးမှိန်သွားခဲ့ခြင်းမရှိပဲ ရွှေ့ပြောင်းနေထိုင်သည့်ရာသီ၌ လှိုင်းလုံးများမှထွက်ပေါ်လာသော ငါးကြီးများကဲ့သို့ အလင်းပြန်နေသောအကြေးခွံများနှင့်အတူ တစ်ကောင်ပေါ်တစ်ကောင်ထပ်လျှက် ပေါ်ပေါက်လာခဲ့သည်။ သူတို့က အတန်းလိုက်ကူးခတ်နေရာမှ စုစည်းသွားခဲ့ကာ သူ၏အနက်ရှိုင်းဆုံးဆန္ဒအား နှိုးဆွပေးလိုသည့်ဟန်ဖြင့် ပိုမိုရှင်းလင်းလာခဲ့လေသည်။  

ဆယ့်ခုနစ်နှစ်ကြာစောင့်ခဲ့ရသူတစ်ဦးက တစ်နေရာရာတွင်ရှိနေဦးမှာဖြစ်ကာ အချိန်မရွေးပြန်လှည့်ကြည့်လာခဲ့ပြီး သူ၏ကလေးဘဝဆန္ဒပြည့်ဝသွားတော့မည်ကဲ့သို့ ၎င်းတို့အား တစ်ခုချင်းစီရေတွက်ကာ အဆုံးအစမဲ့ရေတွက်ပြီးသည်နှင့် တစ်ကပြန်လည်စတင်ပြန်လေသည်။ 

“လူကြီးမင်းဟယ်...အခုအလုပ်မရှုပ်ဖူးဆိုရင် ပုံပြင်တစ်ပုဒ်ပြောပြလို့ရမလား...ဒါကကျွန်တော်နဲ့ကျွန်တော့်ရဲ့ရောဂါအကြောင်းပါ...ပြီးတော့ အရမ်းတိုတောင်းပါတယ်...”

စုန့်ရန်က သူပုပုအတွက်ဝယ်ပေးခဲ့သည့် ယုန်ရုပ်ကလေးကိုလက်လှမ်းကာ လက်မောင်းကြားထဲထည့်ထားလိုက်သည်။ ယုန်ရုပ်ကလေးက လုံးလုံးကလေးဖြစ်ကာ ၎င်း၏အမွှေးများက နူးညံ့နွေးထွေးလှ၏။ သစ်အယ်သီးရောင်က ရေများများရောထည့်ပြီး ဘရက်ရှ်မျှင်မျှင်နှင့်ခြယ်သထားခြင်းဖြစ်ဟန်တူ၏။ အရောင်၊ အပူချိန်၊ ထိတွေ့မှု..။ သူအာရုံခံစားရသည့်အရာများကိုနှစ်သက်လေသည်။ နံပါတ်များနှင့် ဘာမှမသက်ဆိုင်ချေ။  

သူက ဦးနှောက်အတွင်းရှိနံပါတ်များအား ဤစောင့်ရှောက်သူနတ်သားကလေးထံမှ မောင်းထုတ်ခံလိုက်ရသည်အထိ ယုန်ရုပ်ကလေးကိုတင်းတင်းဖက်လိုက်ကာ တီးတိုးဆိုလိုက်သည်။ 

 “ကျွန်တော်ဒါကိုတစ်ယောက်ယောက်ကို အမြဲပြောပြချင်ခဲ့တာ...ဒါပေမယ့် ဘယ်သူ့ကိုမှရှာမတွေ့ခဲ့ဘူး...ကျွန်တော့်မှာ ရင်းနှီးတဲ့လူမျိုးလည်းမရှိခဲ့ဘူးလေ...ကျွန်တော်ပြောပြချင်ရင်တောင် ပြောမပြနိုင်ခဲ့ဘူး...ဆယ်နှစ်ကျော်ကြာခဲ့ပြီဆိုပေမယ့် ကျွန်တော်ဒါကိုမမေ့နိုင်သလို ရုန်းမထွက်နိုင်သေးဘူး...အကယ်၍ ဒီအတိုင်းသိမ်းထားမယ်ဆိုရင် ကျွန်တော် မွန်းကျပ်လာလိမ့်မယ်ထင်တယ်...” 

သူက ဖြည်းညှင်းစွာပြောနေခဲ့သည်။ သူ၏အသံမှာ ပေါ့ပါးနေပြီး မျက်ရည်ကျနေခြင်းမျိုးမဟုတ်ဟုထင်ရသော်လည်း မိုးဖွဲဖွဲလေးတစ်လွှာကဲ့သို့ပင် လူများကို နာကျင်စေခဲ့၏။

ဟယ်ကျစ်ယွမ်က လူငယ်လေးအားအလွန်ပွေ့ဖက်ထားချင်နေခဲ့သည်။ သူက လက်တွေ့ကျသော နှစ်သိမ့်မှုပေးလိုသော်ငြား ကီလိုမီတာတစ်သောင်းခြားကာရှိနေသည့်အတွက် သူ့အသံကို အားကိုးရုံမှတပါး ဘာမှလုပ်နိုင်စွမ်းမရှိပေ။ 

“ပြောပါ...ကိုယ်နားထောင်နေပါတယ်...” ဟယ်ကျစ်ယွမ်က ပြောသည်။

“ကိုယ်မင်းအနောက်မှာရှိနေပြီး မင်းကိုဖက်ထားတယ်လို့သဘောထားပေးပါ...”

“ဟုတ်ကဲ့...”

စုန့်ရန် ခေါင်းညှိတ်လိုက်ကာ သူ၏လက်မောင်းများကို ရင်ဘတ်ရှေ့တွင်ကွေးညွှတ်လျှက် ပုခုံးကလေးကျုံ့ကာ တစ်စုံတစ်ဦးက သူ၏နောက်မှပွေ့ဖက်ထားသည့်နှယ် သဘောထားလိုက်၏။ 

...........

၉ရက်မြောက်နေ့ ည ၉နာရီ ၁၈မိနစ် 

၆ နှစ်အရွယ်မတိုင်ခင်က စုန့်ရန်တွင်လည်း မိသားစုတစ်ခုရှိခဲ့ဖူး၏။ 

J စီရင်စု၏ မြို့တော် G၊ နန်ဝူမြို့တွင် ရှားရှီဟူသည့် ရွာတစ်ရွာရှိလေသည်။ တောင်ခြေတွင် ဧကဝက်ခန့်ရှိသော မြေဆီလွှာကောင်းမွန်သည့်လယ်မြေများရှိနေကာ ရွာ၏အဝင်ဝတွင်မူ အုတ်ကြွပ်ပြားမိုးထားသည့် အိမ်တစ်အိမ်ရှိလေသည်။  

စုန့်ရန်၏မိခင်က ငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးသွားသည့်အလျှောက် ဖခင်မှာ မိသားစုဝန်ကို လယ်ယာလုပ်ကိုင်ခြင်းဖြင့်ထမ်းရွက်၍ စုန့်ရန်အား ကိုယ်တိုင်ကိုယ်ကျ ပျိုးထောင်ခဲ့ရလေသည်။ မုဆိုးဖိုတစ်ဦး၏ အထီးကျန်မှုကြောင့်ထင့်၊ သူ၏ဖခင်ဖြစ်သူမှာ စကားနည်းသူတစ်ဦးဖြစ်ပြီး ဝင်ငွေပိုလျှံသည့်အခါတိုင်း စီးကရက်နှင့် အရက်များကိုသာဝယ်ယူ၍ ဖြုန်းတီးလေ့ရှိ၏။ သူက စုန့်ရန်နှင့်စကားပြောရသည်ကို မနှစ်မြို့သော်ငြား ကလေးများကိုရိုက်နှက်ကျိန်ဆဲရန် လက်မတွန့်သည့် ရွာထဲကဖခင်များနှင့်လည်း မတူညီချေ။   

၎င်းအချက်ကိုမူတည်၍ သူ့ဖခင်က သူ့အားချစ်ခင်သည်ဟု စုန့်ရန်ခံစားမိခဲ့သည်။ 

ထိုအချိန်ကတည်းက စုန့်ရန်မှာ ကိုယ်တုံးလုံးနှင့်ခွေးနောက်လိုက်ခြင်း သို့မဟုတ် ခွေးလိုက်ခံရ၍ ကိုယ်တုံးလုံးလေးဖြင့်ပြေးကြခြင်းများ ပြုလုပ်ကြသည့် အခြားကလေးများနှင့်မတူပဲ သိတတ်နားလည်နေပြီဖြစ်သည်။ သူက ရွာထဲရှိသူ့ထက်အနည်းငယ်အသက်ကြီးသည့် ကလေးများထံမှ စာရေးစရာများကိုငှားရမ်းကာ အလုပ်အားသည်နှင့် တရုတ်စာကိုဘယ်လက်ဖြင့်ကိုင်၍ သင်္ချာစာအုပ်ကို ညာဘက်လက်ဖြင့်ကိုင်လျှက် ပြတင်းပေါက်ဘောင်ပေါ်တက်ထိုင်တတ်၏။ စာကြိုးစား၍ ပိုက်ဆံရှာနိုင်လျှင် ဖခင်ဖြစ်သူအပေါ် သားသမီးဝတ္တရားကျေပွန်နိုင်လိမ့်မည်ဟု တွေးကာစာလုပ်လေ့ရှိသည်။ 

ငါးနှစ်အရွယ်ရောက်သည့်အခါ စုန့်ရန်က ၁ မှ ၁၀၀ အထိကို ခေါက်တုံ့ခေါက်ပြန်ရွတ်ဆိုနိုင်နေပြီဖြစ်သည်။ ရွာရှိဆရာမက သူ၏ပင်ကိုယ်အစွမ်းအစအားချီးကျူးကာ အနာဂတ်တွင် သင်္ချာကောင်းမွန်စွာပိုင်နိုင်သည်နှင့် အခြားလူများ၏ငွေကြေးကို စီမံခန့်ခွဲပေးရသည့် စာရင်းကိုင်တစ်ဦးဖြစ်လာနိုင်ကြောင်း ပြောပြခဲ့သည်။ စာရင်းကိုင်အလုပ်မှာ လယ်ထဲတွင်ပင်ပန်းကြီးစွာအလုပ်လုပ်ခြင်းထက် ဝင်ငွေကောင်းမွန်ကြောင်းကိုလည်း ပြောပြခဲ့၏။  

ထို့ကြောင့် စုန့်ရန်က ထိုင်ခုံသေးသေးလေးတစ်ခုံကိုသယ်၍ ရွာရှိမူလတန်းကျောင်းသို့သွားရောက်ကာ နံပါတ်များရေးနည်းကို သင်ယူလေတော့သည်။ 

တစ်နေ့သောအခါ၌ အိမ်နီးချင်းများထံမှ သူ၏ဖခင်သည် ရှားရှီရွာမှထွက်ခွာ၍ တိုးတက်သောမြို့တော်ထံသွားရောက်ကာ နှစ်အနည်းငယ်ကြိုးစားအလုပ်လုပ်ပြီးနောက် အိမ်ထောင်ပြုတော့မှာဖြစ်ကြောင်း အတင်းပြောနေသည်ကို စုန့်ရန်ကြားခဲ့ရသည်။  

သူက ဖခင်ထံအမြန်သွား၍ အတည်ပြုခဲ့၏။ သူ့အဖေက တာချန်းမန်စီးကရက်ကို တစ်ချက်ဖွာကာ ဆေးလိပ်ငွေ့များမှုတ်ထုတ်လိုက်သည်။ 

“မင်းရဲ့အမေက အစောကြီးထွက်သွားခဲ့ပေမယ့် ငါတစ်ဘဝလုံးတစ်ယောက်ထဲမနေနိုင်ဘူးလေ...သေချာပေါက် အတူတူနေမယ့် တစ်ယောက်ယောက်ကိုရှာရမှာပေါ့...” 

စုန့်ရန် မေးလိုက်၏။ 

“အဖေ...သားကိုခေါ်သွားမယ်မဟုတ်လား...”

သူ့ဖခင်က ကြည့်ရုံသာကြည့်နေပြီး ဘာမှမပြောခဲ့ချေ။ စီးကရက်ကုန်ချိန်၌ ခေါင်းကိုသာညှိတ်ပြလိုက်သည်။ 

စုန့်ရန်က စိတ်သက်သာရာရသွားခဲ့ကာ လွမ်းသလိုလိုခံစားချက်များဝင်လာခဲ့၏။ ဤရွာငယ်လေးအား နှုတ်ဆက်ရတော့မှာဖြစ်ကာ ကစားဖော်များ၊ တို့ဖူးရောင်းသည့်အဘွား၊ ကြက်များ၊ ဘဲများ၊ ဝက်များ၊ ခွေးများကိုလည်း သူနှင့်အတူ ခေါ်သွားနိုင်မှာမဟုတ်ချေ။ မြို့တော်က ဆန်းသစ်နေမည်မှာ သံသယဝင်စရာပင်မရှိချေ။ သို့သော် ညစ်ပတ်သည့်လမ်းမကြီးတစ်ခုထဲက အိမ်ခြေတစ်ရာကျော်လောက်ကိုဖြတ်သန်းသွားသည့် ရွာကလေးနှင့်ကွဲပြားသည့် ရှုပ်ထွေးသောယာဥ်သွားလမ်းအသွယ်သွယ်နှင့် အထင်ကြီးဖွယ်ကမ္ဘာသစ်တစ်ခုအဖြစ် တည်ရှိနေမှာဖြစ်၏။ သူက သူ့ဖခင်နှင့်လူကွဲမသွားစေရန် အနောက်မှကပ်လိုက်ဖို့လိုအပ်ပေမည်။ 

Xxxxxxxxx