အပိုင်း ၄၂
Viewers 10k

Chapter 42

ခရီးမထွက်ခင် သူ၏ဖခင်က မြေရေခွံအိတ်နှစ်အိတ်ယူ၍ အိမ်အသုံးအဆောင်ပစ္စည်းများကို ထုပ်ပိုးလေသည်။ ၎င်းကိုနမူနာယူ၍ စုန့်ရန်က သူ၏အင်္ကျီများ၊ ဘောင်းဘီများကို စနစ်တကျခေါက်ကာ အဆိုပါအိတ်ထဲသို့ထည့်လိုက်၏။ ဖခင်ဖြစ်သူက စုန့်ရန်၏ပစ္စည်းအားလုံးကိုပြန်ထုတ်ကာ အိတ်နံဘေးတွင်စုပုံလျှက် 

“ဒါတွေမယူနဲ့တော့...ငါမင်းကိုမြို့ရောက်ရင်အသစ်ဝယ်ပေးမယ်...”  

စုန့်ရန်က ထိုစကားများကိုအမှန်ယူဆကာ အကောင်းဆုံးအင်္ကျီနှင့်ဘောင်းဘီကို ရွေးချယ်ဝတ်ဆင်လိုက်၏။ ထို့နောက် ကျန်သောအင်္ကျီဘောင်းဘီများကို သူ့သူငယ်ချင်းများအား ပေးလိုက်တော့သည်။ 

သူ၏၆နှစ်ပြည့်မွေးနေ့မနက်ခင်းတွင် စုန့်ရန်က အစိမ်းရောင်ရထားကြီးအား ပထမဆုံးအကြိမ်စီးကာ ဖခင်နောက်သို့်လိုက်ပါလာခဲ့သည်။  

ရထားက ဥသြသံရှည်ဆွဲလိုက်ခြင်းနှင့်အတူ ဘွိုင်လာအတွင်းမှရေနွေးငွေ့များထွက်ပေါ်လာပြီးနောက် သံမဏိဘီးများကို ကလစ်တီ-ကလက်၊ ကလစ်တီ-ကလက် ဟူသည့်အသံများနှင့်လည်ပတ်စေလိုက်၏။ ရထားလက်မှတ်အား လက်သီးထဲတင်းတင်းဆုပ်ကိုင်လျှက် စုန့်ရန်တစ်ယောက် မရင်းနှီးသည့်မြို့ထံ ရောက်ရှိလာခဲ့လေသည်။  

(T/N: ဒီကရထားတွေလိုဂျုံးဂျုံးဂျက်ဂျက်မဟုတ်ပဲ ကလစ်တီ-ကလက် ကလစ်တီ-ကလက်လို့ သူကကြားတာပါ)

T မြို့တော်...

သူ၏ဖခင်က ၎င်းမှာ လက်အောက်ခံနယ်ပယ်သာဖြစ်ကြောင်းပြောသဖြင့် စုန့်ရန်သံသယကင်းစွာယုံကြည်လိုက်၏။  

သူ့လိုသင်ယူတတ်စကလေးငယ်အဖို့ ဤနေရာ၌ ကွန်ကရစ်လမ်းမကြီးများ၊ ဘူတာရုံများ၊ အထပ်များစွာပါရှိသောအဆောက်အဦးများ၊ ယာဥ်များစွာရှိနေကာ ရွာကလေးနှင့်လုံးလုံးကွဲပြားသည့် အငွေ့အသက်တစ်ခုပေးစွမ်းလျှက်ရှိ၏။ ဆန်းပြားသောအဝတ်အစားများကိုဝတ်ဆင်၍ လမ်းလျှောက်နေသည့်လူများစွာလည်းရှိကာ ခမ်းနားကြီးကျယ်ပြီး စီးပွားရေးကောင်းမွန်သည့် မြို့တစ်မြို့အသွင်ဆောင်လျှက်ရှိလေသည်။ 

ဘူတာရုံမှထွက်လာပြီးသည့်နောက် သူတို့က မီနီဘတ်စ်တစ်စီးပေါ်သို့ တက်လိုက်ကြ၏။ စုန့်ရန်က သူ့ဖခင်၏ ဖုန်တသောသောတက်နေသော မြွေအရေခွံအိတ်အား ကူသယ်ပေးရင်း လူအုပ်ကြားထဲသူရောပါသွားမှာစိုးနေမိသည်။ ထိုင်ခုံတွင် သူတို့နှစ်ဦးလုံးထိုင်ပြီးသည့်အခါ ယာဥ်ကစတင်၍ထွက်ခွာလေသည်။ စုန့်ရန်က ပြတင်းပေါက်ကိုမီကာ လက်မောင်းပေါ်မေးတင်လျှက် များပြားလှသည့်မြို့ကြီးသားများကို စပ်စပ်စုစုကြည့်နေမိလေသည်။

ဒီနေ့ကစပြီး...သူဒီမှာနေမှာ...

လူတိုင်းရဲ့အိမ်တွေကအမြင့်ကြီးပဲ...နှစ်ထပ်တိုက်နဲ့သုံးထပ်တိုက်မှာ ဘယ်ဟာကပိုကောင်းမှာပါလိမ့်...

သူ ရောက်တတ်ရာရာစိတ်ကူးယဥ်နေစဥ် ဘတ်စ်ကားက ဖုန်တသောသောကိုနောက်ချန်ခဲ့လျှက် ရပ်တန့်သွားလေသည်။ သူ၏ဖခင်က မြွေရေခွံအိတ်နှစ်ခုအားဆွဲကာ သူ့ကိုခေါ်၍ နီးသည်ဝေးသည်မမည်သော အဆောက်အဦးကြီးတစ်ခုထံ ခေါ်ဆောင်သွားခဲ့သည်။ 

အဆောက်အဦး၏ဂိတ်အပေါက်ဝမှာ အိုဟောင်းနေပြီဖြစ်သည့် သံတိုင်ခြံစည်းရိုးကြီးဖြစ်ပြီး အနီရောင်စာတန်းတစ်ခုက တွဲလောင်းကျလျှက်ရှိလေသည်။ အနီးအနားတွင် ဧည့်ကြိုရုံးခန်းငယ်တစ်ခုရှိသော်ငြား လူသူကင်းမဲ့လျှက်ရှိ၏။

သူ၏ဖခင်ကဂိတ်အပေါက်ဝတွင်မတ်တပ်ရပ်ကာ စာတန်းကိုမော့ကြည့်လိုက်၏။ ထို့နောက် သူ့အား အနောက်ဘက်ခြံစည်းရိုးနားသို့ဦးဆောင်သွားခဲ့ကာ ကားပေါ်တွင် အရေးကြီးပစ္စည်းတစ်ခုကျန်ခဲ့၍ ယခုချက်ချင်းပြန်ယူရန်လိုအပ်ကြောင်း စုန့်ရန်ကိုပြောလေသည်။

စုန့်ရန် ခေါင်းကလေးမော့၍မေးလိုက်သည်။

“ကြာမှာလားဟင်...ဘယ်တော့ပြန်လာမှာလဲ...”

သူ၏ဖခင်က မူမမှန်စွာဖြင့်အကြည့်လွှဲကာ ပြန်ဖြေလေသည်။ 

“ဒီမှာစောင့်နေရင်း နံပါတ်တွေကိုရေနေလေ...မင်းရေတွက်လို့ပြီးသွားရင် အဖေပြန်လာခဲ့မယ်...”

“ဟုတ်ကဲ့...”

ဒါက မခက်ပါဘူး...

စုန့်ရန်က နံပါတ်များရေတွက်ရာ၌ အလွန်မြန်ဆန်လေရာ ဖခင်ဖြစ်သူ၏အသွားအပြန်ကြာချိန်အရ သူအကြိမ်အနည်းငယ်ပင် ရေတွက်နိုင်လိမ့်မည်

စုန့်ရန်က ဖခင်လွတ်လွတ်လပ်လပ် အသွားအပြန်လုပ်နိုင်စေရန်အတွက် အိတ်နှစ်အိတ်ကိုစောင့်ရှောက်ထားပေးချင်ခဲ့သည်။ သို့သော် သူ၏ဖခင်က ထူးဆန်းစွာပင် ကြီးမားသောမြွေရေခွံအိတ်နှစ်လုံးအား လုံးဝလွှတ်မပေးခဲ့ပဲ ပုခုံးပေါ်ထမ်းလျှက် ဘတ်စ်ကားမှတ်တိုင်သို့ ပြေးထွက်သွားခဲ့သည်။ ထို့နောက် အနီးဆုံးဘတ်စ်ကားပေါ်တက်ကာ ကားနောက်တွင်မီးခိုးတန်းကြီးကိုချန်လျှက် မြင်ကွင်းမှပျောက်ကွယ်သွားခဲ့လေသည်။

စုန့်ရန် အဘယ့်ကြောင့်စိတ်တွင်း၌ မသက်မသာခံစားလာခဲ့မှန်းမသိ။ သူက အမြန်ထိုင်ချလိုက်ကာ လက်ချောင်းများကိုဖြန့်လျှက် တစ်ခုချင်းရေတွက်လေသည်။

တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်...

သူကရေတွက်နေရင်း ကိုယ့်ကိုယ့်ကိုယ်နှစ်သိမ့်လေသည်။

အဆင်ပြေပါတယ်...ခဏလေးနဲ့ရေတွက်လို့ပြီးသွားမှာပါ...

ရေတွက်ခြင်းပြီးသည့်အခါ သူ၏ဖခင်ပြန်ရောက်လာလိမ့်မည်။ 

ထိုအချိန်ကစုန့်ရန်သည် ရေတွက်ခြင်းမှာအဆုံးမရှိကြောင်း မသိရှိခဲ့ချေ။ 

တစ်ရာအထိရေတွက်ပြီးနောက်၊ တစ်ထောင်အထိဆက်လက်ရေတွက်သည်။ တစ်သောင်းအထိရေတွက်ပြီးသည့်နောက် တစ်သန်းအထိဆက်လက်ရေတွက်ပြန်၏။ သို့သော် သူစောင့်မျှော်နေသူကပြန်မလာသလို ရေတွက်ခြင်းသည်လည်းအဆုံးမသတ်ခဲ့ချေ။  

သူ သူ့ဖေဖေကိုပြန်လာစေချင်လှပြီဖြစ်သည်။ ထို့ကြောင့် ပို၍မြန်မြန်ရေတွက်ကာ ရာဂဏန်းနှင့်ထောင်ဂဏန်းများရောထွေးသွားပြီး ၆နှစ်အရွယ်ကလေးတစ်ဦးမှတ်နိုင်သည့်ဂဏန်းများကို ကျော်လွန်သွားခဲ့၏။

မနီးမဝေးရှိပလက်ဖောင်းတွင် ဘတ်စ်ကားများ တစ်စီးပြီးတစ်စီးရပ်နားလျှက်ရှိသည်။ တစ်ခါတစ်ရံ လူတစ်ဦးကားပေါ်မှဆင်းလာပြီး၊ နောက်တစ်ခါတွင် နောက်ထပ်လူတစ်ဦးဆင်းလာခဲ့၏။

ဘတ်စ်ကားတစ်စီးရပ်နားလာလေတိုင်း စုန့်ရန်ထိုင်နေရာမှခုန်ထကာ လည်ပင်းကလေးကိုဆန့်၍ ခြေဖျားထောက်လျှက် ယာဥ်တံခါးမှသူ၏ဖခင်ဖြစ်သူထွက်လာမည်ကို စိတ်အားထက်သန်စွာ မျှော်လင့်လေ့ရှိသည်။ သို့ရာတွင် လူစုကွဲသွားသည့်အချိန်တိုင်းလိုလိုပင် သူ့ဖခင်၏အရိပ်အယောင်ကိုမျှမမြင်ခဲ့ရချေ။ ပို၍ထိတ်လန့်စရာကောင်းသည်မှာ ဘတ်စ်ကားတစ်ခါမောင်းထွက်သွားသည်နှင့် သူ၏စိတ်လှုပ်ရှားမှုများသည်လည်း အေးစက်သွားခဲ့ပြီး မည်သည့်နေရာအထိရေတွက်ခဲ့မှန်း မေ့လျော့သွားခဲ့ခြင်းဖြစ်လေသည်။  

နံပါတ်များက အလွန်များပြားလှကာ ကလေးငယ်၏ဦးနှောက်မှာလည်း သေးငယ်လှ၏။ တစ်ခါအာရုံစိုက်မှုလွဲချော်သွားသည်နှင့် မည်သည်ကိုမှမမှတ်မိတော့ချေ။ 

သူမေ့လျော့သွားသည့် အကြိမ်ရေများလာလေလေ၊ ပို၍စိုးရိမ်သောကရောက်လာလေလေပင်။ သူထပ်ပြီး အစကနေပြန်မရေတွက်ချင်တော့ပြီဖြစ်၏။ စုန့်ရန် ဘာလုပ်ရမှန်းမသိတော့ပဲ ခြေထောက်သေးသေးလေးကို ဆောင့်လိုက်၏။ ထို့နောက် ချွန်ထက်သည့်ကျောက်ခဲတစ်ခုကိုယူကာ စတင်ရေးခြစ်တော့သည်။

ကောင်းကင်မှောင်မိုက်လာခြင်းနှင့်အတူ နေဝင်ရီတရောအချိန်က တရွေ့ရွေ့ချဥ်းကပ်လာခဲ့လေသည်။ 

နောက်ဆုံးဘတ်စ်ကား မှတ်တိုင်မှထွက်ခွာသွားချိန်ဝယ် အနီးအနားတွင်တစ်ဦးတစ်ယောက်မှမရှိတော့ပဲ လေထုသည်လည်းအေးစက်၍တိတ်ဆိတ်လာခဲ့သည်။ စုန့်ရန်က ကျောက်တုံးပေါ်ရှိအမှတ်အသားများကို ကောင်းမွန်စွာမမြင်ရတော့ပြီဖြစ်ရာ သူ၏အေးခဲတောင့်တင်းနေသော လက်ချောင်းများဖြင့်စမ်းရင်း နံပါတ်များကိုရောမသွားစေရန်ဆုတောင်းနေရသည်။ သို့သော် ၎င်းမှာအလွန်ပင်ခက်ခဲလှ၏။ သူပိုပြီးစိုးရိမ်လေလေ ပိုပြီးမမှတ်မိလေလေပင်။ အဆုံးသတ်၌ သူဘာကိုမှမမှတ်မိနိုင်တော့ချေ။ ခေါင်းတစ်ခုလုံးပူထူလာခဲ့ကာ နံရံ၏ထောင့်တစ်နေရာ၌ထိုင်လျှက် ကျယ်လောင်စွာစတင်ငိုကြွေးလေတော့သည်။  

ဘာ့ကြောင့်ရေတွက်လို့မပြီးနိုင်ရတာလဲ...

ယခင်က သူကောင်းမွန်စွာရေတွက်တတ်ကာ အချိန်တိုင်းပင် မြန်မြန်အဆုံးသတ်နိုင်ခဲ့သည်။  

ဘာလို့ဒီတစ်ခါ မပြီးရတာလဲ...

သူစတင်ငိုကြွေးလိုက်သည်နှင့် အဆောက်အဦးကြီးထဲမှ လှုပ်ရှားသံအချို့ထွက်ပေါ်လာသည်။ ခြံစည်းရိုးက ဖြည်းညှင်းစွာပွင့်သွားကာ အမှောင်ထုကြားတွင် တောက်ပသောအလင်းရောင်က သူ၏ကိုယ်ပေါ်ဖြန့်ကျက်လာခဲ့သည်။ ဆည်ကျိုးကျရာမှတဟုန်ထိုးကျဆင်းလာသည့် ရေများသဖွယ်မျက်ရည်များပြည့်နှက်နေသည့် မျက်ဝန်းများသည်လည်း အလင်းရောင်ကြောင့် စူးရှသွားခဲ့ရလေသည်။  

မိဘမဲ့ဂေဟာ၏ညွှန့်ကြားရေးမှူးက သူ့အနားသို့လျှောက်လာကာ ဒူးကွေး၍ထိုင်လိုက်ပြီး သူ၏အခြေအနေကိုမေးမြန်းပြီးသည်နှင့် အဆောက်အဦးအတွင်းသို့ ခေါ်ဆောင်သွားလိုခဲ့သည်။

သူမအနေဖြင့် ကလေးမိဘများကိုယ်တိုင် မိဘမဲ့ဂေဟာထံ လာရောက်စွန့်ပစ်သွားသော စုန့်ရန်ကဲ့သို့ကလေးများကို တွေ့ဖူးပြီးသားဖြစ်သဖြင့် တစ်ချက်ကြည့်ရုံနှင့်ပင် အခြေအနေအားသဘောပေါက်သွားခဲ့သည်။ သို့သော် သူမမည်မျှချော့မော့ပါစေ၊ စုန့်ရန်က တံခါးထောင့်စွန်းကိုကိုင်ထားကာ ထွက်ခွာရန်ငြင်းဆန်လျှက် သူ့ဖခင်ပြန်လာတော့မည်ဖြစ်ကြောင်းနှင့် ရေတွက်ခြင်းပြီးတော့မှာဖြစ်ကြောင်း ငိုယိုပြောဆိုလေ၏။  

သူ၏ခေါင်းမာသောအပြုအမူကြောင့် ညွှန်ကြားရေးမှူးက သူ့အား ထိုနေရာတွင်သာကျန်ခဲ့ခွင့်ပေးလိုက်ရတော့သည်။ 

တူညီသောည၌ပင် ညွှန်ကြားရေးမှူးက တံခါးအပြင်သို့ထွက်လာကာ တံခါးအနီးတွင်အေးခဲလုနီးပါးဖြစ်နေသည့် ကလေးငယ်ကိုချီ၍ အတွင်းသို့ခေါ်ဆောင်သွားခဲ့သည်။ ထိုစဥ်က စုန့်ရန်မှာ သတိရှိနေဆဲဖြစ်သော်လည်း ထပ်မံ၍မခုခံတော့ချေ။ သူက အဆိုပါအန်တီကြီး၏လက်မောင်းများအတွင်းတိုးဝှေ့ကာ ရေနွေးပူပူများကဲ့သို့မျက်ရည်များက သူ့မျက်ဝန်းများမှတဆင့် ပါးနှစ်ဖက်ပေါ်သို့ကျဆင်းလျှက် နံပါတ်စဥ်များအား တတွတ်တွတ်ရေတွက်နေလေသည်။  

၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ရက်နေ့၊ ၆နှစ်ပြည့်မွေးနေ့အပြီးဒုတိယနေ့တွင် စုန့်ရန်အား T မြို့မိဘမဲ့ဂေဟာက ခေါ်ယူခဲ့သည်။ 

သူ၏ obsessive-compulsive disorder သည်လည်း ထိုနေ့ရက်မှစတင်ခဲ့လေသည်။ 

အစပိုင်းတွင် သူက တံခါးစောင့်အဖိုးသတိမပြုမိချိန်မျိုး၌ မိဘမဲ့ဂေဟာမှခိုးထွက်ကာ အနောက်တံခါးနားတွင်ထိုင်လျှက် လက်ချိုးရေတွက်လေ့ရှိသည်။ အဆောက်အဦးတွင်းသို့ ပြန်လည်ခေါ်ယူခံရသည့်အခါတွင်မူ သူက ပင်မတံခါးပေါက်ရှိသော သံတိုင်ခြံစည်းရိုးအတွင်းမှ သူ၏ဖခင်ထွက်သွားခဲ့သည့် ဘတ်စ်ကားမှတ်တိုင်ဆီသို့မျှော်ကာ နံပါတ်များရေတွက်နေလေ့ရှိ၏။ ထို့နောက် သူ့အားသေးငယ်သည့်အခန်းတစ်ခုတွင်း ပိတ်လှောင်ကာစောင့်ကြည့်ခံရတော့သည်။ သို့သော် ဆရာကသူ့ထံလာရောက်သည့်အခါတိုင်း နံရံကိုမျက်နှာမူလျှက် ကိန်းဂဏန်းများချရေးနေသည့် ကလေးငယ်ကိုသာ မြင်ရလေ့ရှိသည်။ 

သူက ကမ္ဘာငယ်လေးအတွင်းပိတ်လှောင်ခံခဲ့ရကာ ပြင်ပပတ်ဝန်းကျင်အပေါ် တုံ့ပြန်နိုင်စွမ်းမရှိတော့ချေ။ ရေတွက်ခြင်းမှလွဲ၍လည်း မည်သည့်အရာကိုမှ သူ မလုပ်တတ်တော့ချေ။ 

ထမင်းတစ်ပန်းကန်အား သူ့ရှေ့ယူလာသည့်အခါ၌ပင် ဆန်စေ့များကိုတစ်စေ့ချင်းနေတွက်နေလေ၏။ 

ထိုစဥ်က ကုသရေးနည်းလမ်းများမှာ အလွန်ခေတ်နောက်ကျသဖြင့် စုန့်ရန်ကဲ့သို့ ပြင်းထန်သည့် obsessive-compulsive disorder အား မည်သည့်နည်းနှင့်မျှမကုသနိုင်ခဲ့ကြချေ။ နောက်ဆုံး၌ စိတ်ကျန်းမာရေးဆေးရုံသို့ပို့ရန်သာ ကျန်ရှိတော့၏။ သို့သော် အကြီးအကဲများကထိုသို့ဆုံးဖြတ်ပြီးသည်နှင့် စုန့်ရန်က အန္တရာယ်ကိုအာရုံခံမိသွားသကဲ့သို့ တစ်ညအတွင်းမူလစိတ်အခြေအနေထံ ပြန်လည်ရောက်ရှိလာတော့သည်။

သူက တစ်နေ့လုံးရေတွက်နေခြင်းမျိုး ထပ်မံ၍မပြုမူတော့ချေ။ သူ၏လှပသောမျက်ဝန်းများက မိုးသောက်ယံ၏ကြယ်များသဖွယ် တောက်ပနေလေ့ရှိသည်။ သူက အားလုံးကို အပြုံးနှင့်ရင်ဆိုင်လေ့ရှိပြီး ယဥ်ကျေးကာတာဝန်သိတတ်လှသဖြင့် အလွန်နှစ်သက်ဖွယ်ကောင်းလှ၏။ 

ဤနည်းအားဖြင့် စုန့်ရန်အား မိဘမဲ့ဂေဟာတွင်ဆက်လက်ထားရှိရန် အားလုံးဆုံးဖြတ်လိုက်ကြ၏။

သူပြန်လည်၍ကောင်းမွန်လာသည်ကို တွေ့ရချိန်၌ နံပါတ်စဥ်ငါးသောင်း၊ခြောက်သောင်းလောက်အထိ ရေတွက်နိုင်နေပြီဖြစ်သောကြောင့် စုန့်ရန်မှာ အနာဂတ်တွင်သင်္ချာပညာရှင်ဖြစ်လာလိမ့်မည်ဟု ဆရာမများနှင့်သူနာပြုများက စနောက်ကြလေသည်။ စုန့်ရန်က သူတို့အားချစ်စဖွယ်ပြုံးပြကာ ခေါင်းကိုအလျှင်အမြန်ခါယမ်း၍ ဒီလောက်မဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့၏။  

ထိုတစ်လျှောက်လုံး သူ၏ဦးခေါင်းကစူးရှစွာနာကျင်နေကာ ခေါင်းငုံ့၍အံကြိတ်လျှက် တစ်ကိုယ်လုံးရှိရှိသမျှအားဖြင့် တောင့်ခံခဲ့ရလေသည်။ 

သူ ၈နှစ်ပြည့်သည့်အခါ စုန့်ရန် မူလတန်းကျောင်းစတင်၍တက်ရ၏။ 

အားလုံးကိုအံ့သြစေသည်မှာ သင်္ချာဘာသာရပ်၌ ဆိုးဝါးသောအမှတ်များသာရခြင်း ဖြစ်လေသည်။ စာရွက်ပေါ်ရှိရိုက်နှိပ်ထားသော နံပါတ်များက သူ့အားအိပ်မက်ဆိုးကဲ့သို့ ခြောက်လှန့်နေကာ လုံးဝမျက်နှာချင်းမဆိုင်နိုင်ပဲရှိနေ၏။ စုန့်ရန်က ပေါင်း၊နှုတ်၊မြှောက်၊စား ကိုပင် မလုပ်နိုင်ခဲ့ချေ။ သူ၏ သင်္ချာစွမ်းရည်က ဖြတ်တောက်ခံလိုက်ရကာ မချွင်းမချန်စွန့်ပစ်ခံလိုက်ရပုံပေါ်သည်။  

သို့သော် စုန့်ရန်အကြောက်ဆုံးအရာမှာ သင်္ချာမဟုတ်ပဲ ကာယတန်းဖြစ်လေသည်။ 

အတန်း၏လုပ်ရိုးလုပ်စဥ်ကြောင့် ဆရာမက အားလုံးကိုမတ်တပ်ရပ်စေကာ ရေတွက်လေ့ရှိလေသည်။ 

ရေတွက်ခြင်း၏ပဲ့တင်သံကိုကြားသည်နှင့် သူကရီဝေဝေဖြစ်သွားကာ ဆက်လက်မရေတွက်ပဲမနေနိုင်တော့ချေ။ သူ၏ဖခင်က ကစားကွင်းထောင့်နား၌ အချိန်မရွေးပေါ်လာကာ ဆောင်းတွင်းဝတ်အနွေးထည်များအား ဝတ်ဆင်လျှက် မြွေရေခွံအိတ်နှစ်အိတ်ကိုပုခုံးပေါ်ထမ်းကာ သူ့ထံလက်လှမ်း၍အိမ်သို့ခေါ်ဆောင်သွားတော့မလို ပုံပေါ်လာခဲ့၏။ ထိုကဲ့သို့အခါမျိုးတွင် စုန့်ရန်က သူ၏လက်ဖဝါးအတွင်း လက်သည်းများစိုက်ဝင်စေသည်အထိ လက်သီးတင်းတင်းဆုပ်လိုက်ကာ အခြားအရာများကိုတွေးတောရန်တွန်းအားပေးလျှက် သူ၏ဆန္ဒများထံမှလွတ်မြောက်ရန် အတင်းရုန်းကန်ခဲ့ရလေသည်။ 

ဆယ့်ခုနစ်နှစ်တာအတွင်း စုန့်ရန် ထိုသို့အဖြစ်မျိုး ထပ်တလဲလဲကြုံခဲ့ရသည်။ တစ်ခါတစ်ရံတွင် ရောဂါကပြင်းထန်ကာ၊ တစ်ခါတစ်ရံတွင်မူ အားလျော့လေ့ရှိသည်။ သို့သော် ထိုအချိန်ကာလတစ်ခုလုံးအား ဖြတ်ကျော်ပြီးခဲ့သည့်အခါ၌ပင် သူပြန်လည်မကောင်းမွန်သေးချေ။ .

Xxxxxxxxx