အပိုင်း ၄၃
Viewers 10k

Chapter 43

ဆယ့်ခုနစ်နှစ်တာအတွင်း စုန့်ရန် ထိုသို့အဖြစ်မျိုး ထပ်တလဲလဲကြုံခဲ့ရသည်။ တစ်ခါတစ်ရံတွင် ရောဂါကပြင်းထန်ကာ၊ တစ်ခါတစ်ရံတွင်မူ အားလျော့လေ့ရှိသည်။ သို့သော် ထိုအချိန်ကာလတစ်ခုလုံးအား ဖြတ်ကျော်ပြီးခဲ့သည့်အခါ၌ပင် သူပြန်လည်မကောင်းမွန်သေးချေ။ .

သင်္ချာနှင့်လွဲချော်သွားခဲ့သည့်အတွက် စာရင်းကိုင်တစ်ဦးမဖြစ်နိုင်တော့ပဲ ပုံဆွဲသူတစ်ဦးသာဖြစ်လာခဲ့သည်။ သူက နန်ဝူရှိရှားရှီရွာသို့ တစ်ဖန်ထပ်သွားခဲ့သော်လည်း သူ၏ဖခင်မှာ ထိုနေရာ၌ရှိမနေခဲ့ချေ။ ရွာကလေးက အံ့သြဖွယ်ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ သူ၏ကစားဖော်များက ရွာမှထွက်သွားကြပြီဖြစ်ကာ သူမှတ်မိသည့်သက်ကြီးရွယ်အိုများက ဆုံးပါးသွားကြလေပြီ။ ရွာအဝင်ဝတွင်နေထိုင်ခဲ့သည့် စုန့်ဟူသောမျိုးရိုးနာမည်ကို မည်သူမှမမှတ်မိကြတော့ချေ။  

ယခုနှစ်တွင် စုန့်ရန်က ၂၃ နှစ်ပြည့်ပြီဖြစ်ပြီး ရှင်းလင်းသောစိတ်အစဥ်ဖြင့် နေထိုင်လျှက်ရှိ၏။

သူ၏ဖခင်မှာ ပြန်လာတော့မဟုတ်သလို သူသည်လည်း အကြာကြီးစောင့်ဆိုင်းခဲ့သည့်နေရာမှလည်း ထွက်ခွာခဲ့ပြီးပြီဖြစ်သည်။ သူ့ကိုချစ်၍ သူကချစ်ရသော တစ်စုံတစ်ဦးကိုရှာဖွေကာ ကိုယ်ပိုင်မိသားစုဘဝတစ်ခုအား တည်ထောင်ရမှာဖြစ်သည်။ ထိုမိသားစု၌ ချစ်စဖွယ်ကလေးတစ်ဦးအဖြစ် ဟန်ေဆောင်နေခြင်းများကိုစွန့်လွှတ်ကာ ယောက်ျားတစ်ဦး၏တာဝန်ကို ကျေပွန်စွာထမ်းရွက်ရပေမည်။ 

သို့သော် ဆန္ဒမပြည့်သည့်စွဲလမ်းမှုတစ်ခုကမူ နက်ရှိုင်းသောကူးစက်ရောဂါကဲ့သို့ သူ၏နာမကျန်းမှုအတွင်း လုံခြုံစွာပုန်းအောင်းနေဆဲဖြစ်သည်။

ယနေ့အချိန်အထိ မြွေရေခွံအိတ်များကို သယ်ဆောင်ပြီး ဘတ်စ်ကားပေါ်တက်သွားသည့် ပင်ပန်းနွမ်းနယ်နေသောပုံရိပ်တစ်ခုကမူ သူ့အမြင်အာရုံမှ မပျောက်ကွယ်သေးပေ။ 

 

..............

၉ရက်မြောက်နေ့ ၉နာရီ ၅၁မိနစ်

ပုံပြင်အဆုံးသတ်သွားအချိန်၌ အနက်ရောင်ရေကန်အတွင်းနစ်မြုပ်နေသော အထီးကျန် ဇာတ်ကြောင်းပြန်သူ၏ အတိတ်ဆီမှခါးသက်သောအမှတ်တရများစုပုံလာကာ တုန်ယင်သောအသက်ရှူသံက အခန်းလွတ်ထဲတွင် ပဲ့တင်ထပ်နေလေသည်။ 

ဟယ်ကျစ်ယွမ်အား အကြောင်းစုံဖွင့်ပြောခဲ့ခြင်းမှာ ဝိုင်းစက်စက်ခုံးကောင်က ထက်မြသောရေညှောင့်ကောင်ငှက်၏နှုတ်သီးနှင့် ရင်ဆိုင်ရစဥ် သူ၏အခွံကိုဖွင့်၍ ခုခံမှုအနည်းငယ်ပင်မရှိသည့် နူးညံ့သောအသားကိုထုတ်ပြလိုက်ခြင်းနှင့် သဏ္ဍာန်တူ၏။ အကယ်၍ ထက်မြသောနှုတ်သီးဖြင့်သာ ထိုးဆိတ်ခံရပါက အလောင်းပင်ကောင်းမွန်စွာကျန်ရှိမှာမဟုတ်ချေ။ 

စုန့်ရန်က ဟယ်ကျစ်ယွမ်သူ့အား နာကျင်စေမှာမဟုတ်ကြောင်း ယုံကြည်သော်ငြား မဝံ့မရဲဖြင့် အဓိပ္ပါယ်မဲ့စွာ ကိုယ်ကိုကျုံထားမိသည်။ 

“လူကြီးမင်းဟယ်...လူကြီးမင်းဟယ်...” အလွန်အေးလှသဖြင့် သူကဂွမ်းစောင်အောက်သို့တိုးဝင်ကာ ရေခဲတမျှအေးစက်နေသည့်ခြေချောင်းကလေးများအား အချင်းချင်းပွတ်တိုက်ကာ စိတ်သက်သာရာရလိုရငြားဖြင့် တစ်ဖက်လူကို မရပ်မနားခေါ်ဆိုတော့သည်။ 

“ဖုန်းကိုင်ထားတုန်းမဟုတ်လားဟင်...” 

ဟယ်ကျစ်ယွမ်၏မျက်ခမ်းစပ်များမှာ နီစွေးလျှက်ရှိ၏။ 

သူက ကုတင်စွန်းကိုအားပြု၍ ထိုင်ချလိုက်ကာ နွေးထွေးစွာပြောလိုက်သည်။ 

“ကိုယ်ရှိပါတယ်...ကိုယ်မင်းကိုဖက်ထားတယ်နော်...မကြောက်ပါနဲ့ကွာ...”

မကြောက်ပါနဲ့ ကိုယ့်ရဲ့အဖိုးတန်လေးရယ်...

သူ၏လေယူလေသိမ်းမှာ ဘဝတစ်ခုလုံးတစ်ခါမျှမသုံးနှုံးခဲ့ဘူးသလောက်ပင် နူးညံ့၍နေလေသည်။ 

လက်ရှိစုန့်ရန်မှာ ယုန်ကလေး၊ ပွေးကလေး သို့မဟုတ် ဒရယ်ကလေးတစ်ကောင် ခြောက်လှန့်ခံခဲ့ရသည်နှင့် ဆင်တူလှကာ ဟယ်ကျစ်ယွမ် တစ်ပါတ်အကြာက သူတို့အငြင်းပွားခဲ့ပုံအား ပြန်လည်မတွေးမိပဲ မနေနိုင်ခဲ့ချေ။ ထိုစဥ်က စုန့်ရန်မှာ အလွန်ကွဲပြားလှသည်။ သူ၏စကားလုံးများက ဆူးများထောင်ထနေသည့် ငါးပူတင်းတစ်ကောင်နှင့်သဏ္ဍာန်တူလှ၏။ 

— သားသမီး၊ လက်တွဲဖော်နဲ့ မိသားစုဆိုတာ လူတစ်ယောက်အတွက် အဖိုးအတန်ဆုံးအရာတွေပဲ... သူတို့ကို ဘာနဲ့မှ နှိုင်းယှဉ်လို့မရဘူး... သေချာပေါက်ကို မရတာ..."

— မိသားစုက အရေးမကြီးဘူးလို့ထင်ရင် ကလေးမယူခဲ့ပါနဲ့လား... မျိုးပွားတယ်ဆိုတဲ့ကိစ္စကို အထင်အမြင်သေးနေတယ်ဆုရင်လည်း မလုပ်ခဲ့နဲ့ပေါ့... ကျွန်တော့်လို လူပျိုဘဝနဲ့နေလေ... အဲဒါမှ ခင်ဗျားရဲ့အလုပ်ကိုအေးဆေးလုပ်ဖို့ အချိန်အများကြီးရမှာ..."

—ခင်ဗျား ဘယ်အသက်အရွယ်မှာ ကလေးလိုချင်တယ်ဆိုတာကို ကျွန်တော် စိတ်မဝင်စားဘူး... အခု ခင်ဗျားမှာ ပုပုရှိနေပြီဆိုတော့ အဖေတစ်ယောက်ရဲ့တာဝန်တော့ ကျေရမှာပဲ...

ထိုနေ့တွင် လွန်ခဲ့သောတစ်စက္ကန့်ကပင် ပြုံးနေခဲ့သောစုန့်ရန်က နောက်တစ်စက္ကန့်၌ ချက်ချင်းအမူအယာပြောင်းလဲသွားကာ အကျိုးအကြောင်းကိုပင် လက်သင့်မခံနိုင်လောက်အောင် ဒေါသတကြီးဖြစ်သွားခဲ့သည့်အတွက် ဟယ်ကျစ်ယွမ်သည်လည်း အလွန်စိတ်ဆိုးခဲ့သည်။ သူက တွေးပင်မတွေးတော့ပဲ ဘက်လိုက်သည့်မျက်နှာဖုံးအား ဂရုမစိုက်စွာ ခြယ်မှုန်းလျှက် စုန့်ရန်အား ပြင်းပြင်းထန်ထန်အပြစ်ပြောခဲ့၏။ ပျားရည်ကဲ့သို့ချိုမြိန်သောဘဝ၌ နေထိုင်ခဲ့ရသည့်ကလေးငယ်ဖြစ်ကာ ငယ်စဥ်ကတည်းက အလိုလိုက်ခံခဲ့ရသည့်အတွက် အသက်နှစ်ဆယ်ကျော်အရွယ်ထိ အတ္တကြီးစွာနေထိုင်ခဲ့သူတစ်ဦးအဖြစ် သူယူဆခဲ့၏။ ထို့ကြောင့် စုန့်ရန်က ကမ္ဘာပေါ်ရှိနေရာတိုင်းတွင် အတိအကျတူညီသည့်ပျားရည်အိုးရှိနေလိမ့်မည်ဟု ယူဆကာ ပုပုအားပျိုးထောင်သည့် သူ၏နည်းလမ်းအပေါ် အနည်းငယ်မျှသဘောထားကွဲလွဲမှုများကိုပင် ခွင့်မပြုပဲ မထီလေးစားဖြင့် ဝေဖန်ချက်များပြုလုပ်သည်ဟု ယူဆခဲ့လေသည်။

အမှန်စင်စစ် စုန့်ရန်မှာ ပျားရည်အိုးကိုမဆိုထားနှင့်၊ ပျားရည်တစ်ဇွန်းကိုမျှ မသောက်သုံးခဲ့ရဖူးချေ။ 

အဆိုပါအငြင်းအခုံဖြစ်ရသည့် အကြောင်းရင်းမှာ စွန့်ပစ်ခံကလေးငယ်တစ်ဦးက အခြားကလေးတစ်ဦး၏ တူညီသောအခြေအနေကို သတိပြုခဲ့မိခြင်းဖြစ်လေသည်။ ထို့ကြောင့် ဖုန်းတစ်ဖက်ရှိ လမ်းမှားနေသောဖခင်ဖြစ်သူအား ပုပု၏ မျှော်လင့်ချက်များနှင့်ပြည့်နှက်နေသောနှလုံးသားကို မလေးမစားမပြုလုပ်ပဲ ပြန်လည်၍လှည့်ကြည့်စေလိုခဲ့ခြင်းဖြစ်၏။ စုန့်ရန်က အရဲစွန့်၍ပြောဆိုနေစဥ်တစ်လျှောက်လုံး စကားလုံးအသုံးအနှုံးကိုမစဥ်းစားခဲ့သလို သင့်လျော်၏မလျော်၏ကိုလည်း ဂရုမစိုက်ခဲ့ချေ။ 

သူဘာလို့များ ကတ်သီးကတ်ဖဲ့ပြောခဲ့ရတာလဲ...သူ့ရဲ့ အမြင်တစ်ခုထဲသက်သက်နဲ့ အရေးမပါတဲ့အမှားတစ်ခုကို ဘာ့ကြောင့် ကျိုးကြောင်းဆက်စပ်မှုမရှိပဲလုပ်မိခဲ့ရတာလဲ...သူကစုန့်ရန်ကို နုံအပြီးရိုင်းစိုင်းတယ်လို့တောင်ပြောခဲ့သေးတာ...

ငါ့ကိုလာမဝေဖန်နဲ့...

သူအဲဲဒီ့လိုပြောခဲ့မိသေးတယ်...

သို့သော် အမှန်စင်စစ်တွင် အမှန်ကိုမစူးစမ်းပဲသူ့ကိုယ်သူကာကွယ်ရင်း တစ်ဖက်သတ်ယူဆချက်များနှင့် ကောက်ချက်ချနေမိသူမှာ သူကိုယ်တိုင်သာဖြစ်လေသည်။ 

ဟယ်ကျစ်ယွမ် သူ့ကိုယ်သူအပြစ်တင်နေမိသည်။ 

စုန့်ရန်မှာ စိမ့်မြေတွင် ကံမကောင်းစွာစိုက်ပျိုးခံခဲ့ရသည့် မျိုးစေ့တစ်စေ့ဖြစ်ပြီး သူ၏အမြစ်များမှာလည်း ခြောက်သွေ့၍လောင်ကျွမ်းနေခဲ့၏။ သို့သော် သူက အရာအားလုံးကိုတောင့်ခံကာ နေရောင်ခြည်ထံဦးတည်၍ ရှင်သန်ကြီးထွားခဲ့ပြီး ပတ်ဝန်းကျင်ရှိအပင်များကို အရိပ်အာဝါသပေးစွမ်းနိုင်ခဲ့သည်။

အကယ်၍ သူသာဆိုလျှင် ထိုကဲ့သို့ကြိုးစားရှင်သန်နိုင်မည်လား မသေချာပေ။ 

မနက် ၇နာရီ၌ မိုးကုတ်စက်ဝိုင်းမှ မနက်ခင်းနေရောင်ခြည်က ဖြည်းညှင်းစွာတောက်ပလာကာ အလင်းဖောက်ထွင်းနိုင်သည့် အိပ်ခန်းလိုက်ကာများကိုပင် ဖြာကျလာလေသည်။ ဟယ်ကျစ်ယွမ်က ညအိပ်ဝတ်ရုံရှည်အားဝတ်ဆင်ကာ တံခါးကိုဖွင့်၍ ဒုတိယထပ်ရှိဝရန်တာသို့ထွက်လိုက်သည်။ လတ်ဆတ်သောလိမ္မော်သီးရနံများပါဝင်သည့် နံနက်ခင်းလေညှင်းက သူ၏ပါးပြင်နှင့်ဆံစများကို ဖြတ်သန်းသွားလေသည်။ 

အနောက်ဘက်ခြံဝင်းက အလွန်ပင်အေးချမ်းလှကာ ငှက်ကလေးများ၏ တေးဆိုသံကိုပင် ပြတ်တောင်းပြတ်တောင်းကြားနေရသည်။      

ဝစ်စတာရီးယားနွယ်ပင်များရှိသည့် သစ်သားနံရံကိုဖြတ်သန်းလျှက် အိမ်နီးချင်းမိသားစုရှိအသံများကို သူကြားနေရသည်။ မိုက်ခရိုဝေ့ဖ်နှင့်မီးဖိုမှ အသံများနှင့်အတူ စတီးဓားများ၊ ခက်ရင်းများ၏ ကြွေပန်းကန်ပြားပေါ်သို့ထိခတ်သံများ၊ ကလေးငယ်များ ပျော်ရွှင်စွာစကားစမြည်ပြောနေကြသံများ...။ 

(T/N - Wisteria ဆိုသည်မှာ အပြာရောင် သို့မဟုတ် ခရမ်းရောင်အပွင့်များက ရေတံခွန်သဏ္ဍာန်တွဲလျောင်းကျလျှက် နွေဦးအချိန်တွင် ပွင့်လေ့ရှိသော သက်တမ်းရင့်နွယ်ပင်တစ်မျိုးဖြစ်သည်။ နွယ်ပင်၏ကြီးထွားမှုက အလွန်လျှင်မြန်လှကာ ပေ ၃၀ ကျော်အထိကြီးထွားတတ်ကြသည်။ ဘာသာပြန်သူ၏အမြင်အရ ခရမ်းရောင်ငုဝါပန်းများနှင့်တူ၏။) 

“အဖေ...ဂျိုဝီက ဘလူးဘယ်ရီသီးယိုကိုယူသွားပြန်ပြီ...!”

“မရောနိစ် ဆမ်းစားလေ...အာရီ...”

“အာ...မကြိုက်ပါဘူး...ဂျိုဝီရဲ့ ဘလူးဘယ်ရီယိုကိုပဲလိုချင်တာ...”

“သမီးလည်းလိုချင်တယ်...” 

အိမ်နီးချင်းများမှာ ပြင်သစ်မိသားစုငါးဦးဖြစ်၏။ ငယ်ရွယ်သောမောင်နှမနှစ်ဦးက အကြီးဆုံးအကိုကြီးယူသွားခဲ့သောယိုဘူးကို ခေါင်းမာစွာလိုက်တောင်းနေလေသည်။ 

“ဂျိုဝီ...သားကလိမ္မာတယ်လေ...ယိုကို အာရီ၊ဆိုဖီတို့နဲ့အတူတူမျှဝေရမယ်နော်...”

အတွေ့အကြုံရှိပြီး ထက်မြက်သောမိခင်ဖြစ်သူကဆိုကာ ကလေးများကြားရှိအငြင်းအခုံကို ပပျောက်စေခဲ့ပြီးနောက် အာရုံလွှဲလိုက်၏။ 

“ကြက်ဥကြော်စားမယ့်လူ လက်ထောင်...” 

စားသောက်ခန်းက ချက်ချင်းပြန်လည်အသက်ဝင်လာခဲ့သည်။ 

အလွန်နွေးထွေးလှသည့်စကားဝိုင်းက အိမ်ထောင်စု၏အလေ့အထတစ်ခုလိုပင်။ ဟယ်ကျစ်ယွမ် ၎င်းကိုနားထောင်လိုက်သည့်အခိုက် သူ့နှလုံးသားက လှုပ်ရှား၍သွားခဲ့ကာ စိတ်ထဲတွင် မြင်ကွင်းတစ်ခုကိုမြင်ယောင်လာခဲ့လေသည်။ 

မနက်စောစောတွင် အိပ်ယာထလာပြီးသည့်နောက် သူနှင့်ပုပုက ရေချိုးခန်းအတွင်း ဘေးချင်းယှဥ်လျှက် မျက်နှာသစ်သွားတိုက်ကြလိမ့်မည်။ သူက မှန်ရှေ့တွင်ရပ်ကာ မုတ်ဆိတ်ရိတ်ခြင်း၊ မျက်နှာသန့်စင်ခြင်းနှင့် ဆံပင်များဖြီးသင်ခြင်းတို့ကိုပြုလုပ်မည်။ ပုပုက သူ၏ပါးဖောင်းဖောင်းလေးအား ဖွဖွပွတ်သပ်ကာ သွားတိုက်တံငယ်လေးဖြင့် ခံတွင်း၏ ဘယ်ဘက်ကိုတစ်မိနစ် ညာဘက်ကိုတစ်မိနစ်တိုက်လိမ့်မည်။ သူတို့သားအဖနှစ်ဦးလုံး ကိုယ်လက်သန့်စင်ပြီးချိန်၌ မီးဖိုခန်းအတွင်းမှ မွှေးပျံ့သောမနက်စာ၏ရနံ့က ပျံ့လွင့်လာပေလိမ့်မည်။ သူက ခါးကိုညွှတ်လျှက် ပုပု၏ပုခုံးလေးကိုနောက်မှအသာတွန်းရင်း ကလေးတစ်ယောက်နှင့်လူကြီးတစ်ယောက်က စားသောက်ခန်းထံ ဦးတည်ကြမည်။ အေပရွန်အကွက်လေးကိုဝတ်ဆင်ထားမည့်စုန့်ရန်က အငွေ့တထောင်းထောင်းထနေသော လတ်ဆတ်သည့်အသားများအစာသွက်ထားသည့် ဖက်ထုပ်ပန်းကန်လုံးနှစ်လုံးကို လင်ဗန်းထဲထည့်၍ ထွက်လာပေလိမ့်မည်။ 

ပုပုက ခွေးခြေအမြင့်ပေါ်အမြန်တက်ကာ ဇွန်းကိုကောက်ကိုင်၍ ရှလွတ်ခနဲ့မြည်အောင် စတင်စားသောက်လိမ့်မည်။ အခြားတစ်ဖက်၌ သူက စားပွဲတွင်နေရာယူပြီးသည်နှင့် ယနေ့ဝတ်ဆင်မည့်တီရှပ်နှင့် လိုက်ဖက်သောနက်ခ်တိုင်အား စုန့်ရန်ကိုယ်တိုင်ချည်ပေးသည်ကိုခံယူလျှက် တစ်ဖက်လူ၏နဖူးပေါ်သို့ အနမ်းခြွေလိုက်မည်။ 

“ကောင်းသောမနက်ခင်းပါ...”

စုန့်ရန်၏မျက်ဝန်းများတွင် ပြုံးယောင်သမ်းလျှက် သူ့ကိုကြည့်လာလိမ့်မည်။  

အဆိုပါစစ်မှန်သောမျက်ဝန်းများက လရောင်လွှမ်းသောညကောင်းကင်ကဲ့သို့ မဟူရာရောင်ဖြင့်တောက်ပနေကာ အလွန်အမင်းဆွဲဆောင်နိုင်စွမ်း၏။ မနက်ခင်း၏နေရောင်ခြည်တစ်စွန်းတစ်စက သူ၏မျက်နှာပေါ်ဖြာကျနေကာ အဆိုပါမျက်ဝန်းများထဲ၌ ထင်ဟပ်၍နေသည်။ အရေးအကြီးဆုံးအရာမှာ ထိုမျက်ဝန်းများအတွင်း၌ မည်သည့်အထီးကျန်မှုမှမရှိတော့ပဲ တည်ငြိမ်သောဘဝနေထိုင်မှုမှ မွေးဖွားလာသည့် ပျော်ရွှင်မှုများသာ အရိပ်ထင်နေခြင်းပင်။ 

အကယ်၍ စုန့်ရန်မှီခိုရန် ပုခုံးတစ်ဖက်ကမ်းလင့်ပေးရုံဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကိုဖန်တီးနိုင်မည်ဆိုပါက သူအဘယ်ကြောင့်ထိုသို့မလုပ်ရမည်နည်း...။ 

မိသားစုမှာ ဂျစ်စောပဟေဠိတစ်ခုသာဖြစ်သည်။ သူနှင့်ပုပုက တစ်ဝက်ဖြစ်ကာ၊ စုန့်ရန်က တစ်ဝက်ဖြစ်၏။ သူတို့သာအတူတကွဆက်နွယ်လိုက်ပါက ပြည့်စုံသွားမှာဖြစ်သည်။ 

ထင်ရှားသောအဖြေတစ်ခုက သူ့နှလုံးသားထဲတွင် ကြွရွစွာထွက်ပေါ်လာခဲ့သည်။ 

မြို့နေအိမ်များ၏ခေါင်မိုးထိပ်ဖျားသို့ နံနက်ခင်းနေရောင်ခြည်ဖြာကျလာချိန်၌ ကောင်းကင်မှာလည်း ရောင်နီသမ်းလာပြီဖြစ်ကာ အနောက်ဘက်အီကွေတာတွင် နေ့သစ်တစ်ခုစတင်လာခဲ့ပြီဖြစ်၏။ 

သို့သော် ကမ္ဘာ၏အရှေ့ဘက်တွင်မူ ရှည်ကြာလှသည့်ညအခါသာရှိသေး၏။ 

ဟယ်ကျစ်ယွမ်မျက်ဝန်းများမှိတ်လိုက်ရင်း ဝရန်တာနံရံကိုကျောမှီကာ သက်ပြင်းဖြေးဖြေးချလိုက်သည်။ 

“စုန့်ရန်...အရင်တပါတ်က မင်းရဲ့မိသားစုအပေါ်အမြင်ကို မကောင်းပြောသလိုဖြစ်ခဲ့ပါတယ်...ကလေးတွေ၊ လက်တွဲဖော်နဲ့ မိသားစုက အရေးအကြီးဆုံးအရာတွေလို့ မင်းပြောခဲ့တယ်လေ...အဲဲ့ဒီ့တုန်းက ကိုယ်မင်းကိုငြင်းခဲ့တယ်...ဒါပေမယ့်အခု ကိုယ်သေချာစဥ်းစားကြည့်ပြီးတဲ့နောက်မှာ မင်းပြောတာအားလုံးကိုစိတ်ရင်းနဲ့အသိအမှတ်ပြုပါတယ်...”  

သူက အဆိုပါစကားလုံးများသည် စုန့်ရန်အားပျော်ရွှင်စေလိမ့်မည်ဟု ယူဆခဲ့မိ၏။ သို့သော် ထင်မှတ်မထားစွာပင် တစ်ဖက်လူက အကြာကြီးတိတ်ကျသွားခဲ့၏။ 

“ကျွန်တော်ပြောတာကို အသိအမှတ်ပြုဖို့မလိုပါဘူး...လူကြီးမင်းဟယ်...အနည်းဆုံးတော့ ကျွန်တော်ရဲ့ဇာတ်လမ်းကြောင့် အသိအမှတ်ပြုတာမျိုးမလုပ်ပါနဲ့...” 

စုန့်ရန်၏အသံလေးက အဖျားတွင်တုန်ယင်သွားခဲ့သည်။ 

ဟယ်ကျစ်ယွမ် မေးလိုက်၏။ “ဘာ့ကြောင့်ဒီလိုမလုပ်ရမှာလဲ...”

စုန့်ရန် တိတ်ကျသွားသည်။ ထို့နောက် ခက်ခက်ခဲခဲပြောလိုက်၏။ 

“ဘာလို့လဲဆိုတော့… ဒါကအမှန်ဟုတ်မဟုတ် ကျွန်တော်ကိုယ်တိုင်မသိလို့ပါ...” 

Xxxxxxxxx