အပိုင်း ၄၄
Viewers 9k

Chapter 44

“ဘာလို့လဲဆိုတော့… ဒါကအမှန်ဟုတ်မဟုတ် ကျွန်တော်ကိုယ်တိုင်မသိလို့ပါ...” 

“လူတွေက သူတို့မှာမရှိတဲ့အရာတွေကို စွဲလမ်းတတ်ကြပြီးတော့ အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီ့စွဲလမ်းမှုက ပုံမှန်မဟုတ်တော့ပဲဖြစ်လာတတ်တယ်လို့ ကျွန်တော်ကြားခဲ့ဖူးတယ်...ကျွန်တော့်မှာ ငယ်ငယ်ကတည်းက မိသားစုမရှိခဲ့ဘူး...ကျွန်တော် ဘယ်နေရာမှာပဲနေနေ၊ ဘယ်လောက်ပဲသူငယ်ချင်းတွေဖွဲ့ဖွဲ့၊ ကျွန်တော့်ရဲ့နေ့ရက်တွေက အဓိပ္ပါယ်မဲ့ပြီး အခြေအမြစ်မရှိပဲလေလွင့်နေတယ်လို့ အမြဲခံစားခဲ့ရတယ်...ကျွန်တော်မိသားစုတစ်ခုအရမ်းလိုချင်မိတယ်...ကလေးတစ်ယောက်လည်း အရမ်းလိုချင်မိတယ်...ကျွန်တော်ပြုစုပျိုးထောင်ရမယ့် ကလေးတစ်ယောက်နဲ့ ကျွန်တော့်ကိုဂရုစိုက်ပေးမယ့်လူတစ်ယောက်ကိုပေါ့...အဲ့ဒီ့ကလေးက ပုပုမဟုတ်ဘူးဆိုရင်တောင်...အဲ့ဒီ့လူက....မဟုတ်...မဟုတ်ရင်တောင်...” 

ရုတ်ခြည်းအခွံကိုပြန်ပိတ်လျှက် စုန့်ရန်ကိုယ့်ပါးစပ်ကိုဖုံးအုပ်ကာ ကိုးရို့ကားယားဖြင့် ချောင်းနှစ်ကြိမ်ဟန့်ရင်း ဖုံးကွယ်ရန်ကြိုးစားလိုက်သည်။ 

ဟယ်ကျစ်ယွမ် တိတ်တဆိတ်ပြုံးလိုက်မိသည်။

“… ဒီတော့...အကယ်၍ ကလေးတစ်ယောက်ကောက်ရခဲ့ရင်တောင် ကျွန်တော်ပစ်ထားခဲ့စရာအကြောင်းမရှိဘူး...လူကြီးမင်းဟယ်...အကယ်၍ ကလေး၊ လက်တွဲဖော်နဲ့ မိသားစုက ကျွန်တော့်အတွက် အရေးကြီးတယ်ဆိုရင် ကျွန်တော်နှစ်ဆပိုပြီးသတိထားရတော့မှာပေါ့...ဘာလို့ကျွန်တော်က အားလုံးကိုလက်ခံနေတာလဲ...မဟုတ်မှ...မဟုတ်မှလွဲရော...ကျွန်တော်လိုချင်တဲ့အရာက အိမ် မဟုတ်ပဲ...အိမ် လို့ခေါ်တဲ့အခွံလွတ်တစ်ခုဆိုရင်တောင် အဆင်ပြေနေတာမျိုးလား....ဒီအတိုင်း အိမ်မှာနေတဲ့လူတွေအပေါ် ကျွန်တော်သဘောကျသည်ဖြစ်စေ၊ သဘောမကျသည်ဖြစ်စေ ဂရုမစိုက်တာမျိုး...”  

“မင်း တကယ့်ကိုစိတ်မရှိတာလား...” 

ဟယ်ကျစ်ယွမ် သူ့အားကြားဖြတ်မေးလိုက်သည်။ ထို့နောက် နူးညံ့သောအသံဖြင့်

 “ဒါမှမဟုတ် စစချင်းမှာတင် သင့်တော်တဲ့တစ်ယောက်ယောက်ကိုတွေ့သွားခဲ့လို့ ယှဥ်စရာလူမရှိတော့တာမျိုးလား...”

အဆိုပါစကားလုံးများက အိပ်ရာမှနှိုးသည့်ဖုန်းခေါ်ဆိုမှုတစ်ခုကဲ့သို့ ထက်ရှလှကာ စုန့်ရန်အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားခဲ့၏။ 

 “ကျွန်တော်...” 

ဟယ်ကျစ်ယွမ်က ရှေ့သို့တစ်လှမ်းတိုးသည့်အနေဖြင့် ပြောလိုက်လေသည်။ 

“စုန့်ရန်...မင်းက ကိုယ့်ကိုယ်ကိုယ်မကောင်းမြင်ပြီး မင်းရဲ့ရိုးသားမှုအပေါ် လျှော့တွက်ထားခဲ့တာပဲ...ကိုယ်သိသလောက် အားလုံးကတစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ်...မင်းအတွက် မင်းဆန္ဒရှိတဲ့အရာက အရေးအကြီးဆုံးပဲမဟုတ်လား...ဒါကပုံမှန်မဟုတ်တာမျိုး မဟုတ်ပါဘုး...” 

စုန့်ရန် တွေဝေစွာမေးလိုက်သည်။ “အဲ့ဒီ့လိုလား...”

“ဟုတ်တယ်...”

အဖြေက ကြည်လင်ကာရှင်းလင်းလှ၏။ 

မိမိကိုယ်ကိုယုံကြည်မှုလျော့နည်းခြင်းက ဖြေရှင်း၍မရသော မတိုးသာမဆုတ်သာအခြေအနေဖြစ်ကာ စိတ်တွင်းတွင် သန္ဓေတည်နေသည့်ခံစားချက် ဖြစ်သည်။ ထို့ကြောင့် ဟယ်ကျစ်ယွမ်က စုန့်ရန်အားရုန်းထွက်စေလို၏။ မမျှော်လင့်ထားစွာပင် စုန့်ရန်၏အတွေးများကရှုပ်ထွေးနေခဲ့ကာ ထိုတွင်းထဲမှခုန်ထွက်ပြီးသည်နှင့် အခြားပဟေဠိပုစ္ဆာတစ်ခုအတွင်းသို့ မျက်စိတစ်မှိတ်အတွင်း ခုန်ချသွားလေတော့သည်။ 

“ဒါဆို…ခင်ဗျားအရင်က အသိအမှတ်မပြုပဲ အခုမှအသိအမှတ်ပြုလိုက်တာဆိုတော့ စိတ်ပြောင်းသွားပြီး မိသားစုတစ်ခုတည်ဆောက်တော့မလို့လား...” 

ဟယ်ကျစ်ယွမ် ခေါင်းညှိတ်လိုက်၏။

 “ဟုတ်တယ်...”

“ဒီတော့ ခင်ဗျားက ပုပုရဲ့အမေနဲ့ပြန်ပြီးလက်ထပ်တော့မှာပေါ့...”

“ဘာ...ဘာရယ်...”

ဟယ်ကျစ်ယွမ် ပူထူသွားခဲ့သည်။

ပြန်လက်ထပ်တာလား...

သူတစ်ခါမှ လက်မထပ်ဖူးသေးပါဘူးနော်... 

သူက ငါးစက္ကန့်လောက်ငြိမ်ကျသွားလေသည်။ ထို့နောက် စုန့်ရန်နားလည်မှုလွဲသွားမှန်းသိသွားကာ ငြင်းဆန်ရန်ပြင်ချိန်၌ တစ်ဖက်လူက ကီလိုမီတာတော်တော်များများပြေးသွားနှင့်ပြီဖြစ်၏။ 

“လူကြီးမင်းဟယ်...ကျွန်တော်အရင်က လူကြီးမင်းဟယ်ကို အဖေတစ်ယောက်မဖြစ်ထိုက်ဘူးလို့ ဆူပူခဲ့မိတာလေ...အဲ့ဒါကိုအတည်မယူပါနဲ့တော့...ခင်ဗျားက ပုပုကိုတကယ်ချစ်တဲ့ အဖေကောင်းတစ်ဦးဆိုတာ ကျွန်တော်သိသွားခဲ့ပါပြီ...ခင်ဗျားက မိသားစုအတွက်ပိုက်ဆံရှာနေတာဆိုတော့ တစ်ခါတစ်ရံသူ့အတွက် မစဥ်းစားပေးမိတာမျိုးဖြစ်နိုင်တယ်မဟုတ်လား...ပြန်...ပြန်ပြီးလက်ထပ်လိုက်ရင် ပုပုရဲ့အမေက ခင်ဗျားရဲ့အိမ်ကိုဂရုစိုက်ပေးမှာဆိုတော့ အခြေအနေတွေက အခုထက်ပိုပြီးအဆင်ပြေသွားမှာပဲ...ဒီလိုတွေးလိုက်ရင် ပြန်လက်ထပ်တာက ကောင်းမွန်တဲ့အကြံဉာဏ်တစ်ခုပါ...”  

ဟယ်ကျစ်ယွမ် ရယ်ရမလား ငိုရမလားမသိတော့ချေ။ တစ်ဖက်လူက ခေါင်းမာစွာဆက်ပြောနေသည်ကိုတွေ့သည့်အခါ သူကမေးလိုက်၏။ 

“မင်းက ကိုယ့်ကိုပြန်လက်ထပ်စေချင်တာလား...”

စုန့်ရန် မွန်းကျပ်သလိုခံစားလိုက်ရ၏။

သူ့စိတ်ထဲ ဝမ်းနည်း၍လာခဲ့သည်။ သူ၏မျက်ခမ်းထောင့်များက ပို၍စိုစွတ်လာကာ လက်ချောင်းသွယ်သွယ်များတွင် သွေးကြောများပေါ်သည်အထိ ခေါင်းအုံးအားတင်းတင်းဆုပ်ကိုင်လျှက် 'လူကြီးမင်းဟယ်က ပြန်ပြီးလက်ထပ်တော့မှာ' ဟူသည့်စာလုံးများကို လက်သင့်ခံနိုင်ဖို့ဆုတောင်းနေမိ၏။ 

—သူနဲ့ဘာဆိုင်လို့လဲ...ဒါကပုံမှန်ပဲမဟုတ်လား...သူဂရုစိုက်တာက နတ်သားလေးပုပုကိုပဲလေ...မေတ္တာလက်ဆောင်အကြီးကြီး လူကြီးမင်းဟယ်ကိုမှ မဟုတ်တာ...အခု လူကြီးမင်းဟယ်လက်ထပ်တော့မယ်ဆိုတာကို သူဘာလို့စိတ်ထဲမသက်မသာဖြစ်နေရတာလဲ... 

ကောင်းကင်ပေါ်မှမိုးကလည်း ရွာကျနေမှာဖြစ်သလို မိခင်များသည်လည်း လက်ထပ်ကြမှာဖြစ်သည်။ ကမ္ဘာကြီးက ကျယ်ဝန်းလှကာ သင်နှစ်သက်သည့်အရာကို စိတ်ကြိုက်လုပ်နိုင်၏။  

စုန့်ရန်က တီကောင်လေးကဲ့သို့တွန့်လိမ်လိုက်ကာ ခေါင်းမာစွာဖြင့် အထစ်ထစ်အငေါ့ငေါ့ပြောလာ၏။ 

 “ဘာလို့ကျွန်တော့်ကို မေးနေတာလဲ...အကယ်၍ ကျွန်တော်ကန့်ကွက်ရင် ခင်ဗျားကလက်မထပ်တော့ဘူးလား...” 

ဟယ်ကျစ်ယွမ် ခပ်တိုးတိုးပြော၏။ “ပြောကြည့်လေ...ကိုယ်စဥ်းစားပေးမှာပေါ့...”

“အာ…”

သူစဥ်းစားမည်ဟူသည့်အကြောင်းကို ကြားသည့်အခါ စုန့်ရန်၏ခေါင်းမာသောစိတ်ကလေး ငုပ်လျှိုးသွားခဲ့ပြီး မေတ္တာလက်ဆောင်ကြီးမှာ အတော်လေးရင့်ကျက်ပြီး တွေးတောဆင်ခြင်တတ်သဖြင့် ဖြောင်းဖြရန်ကြိုးစားသင့်သည်ဟု ယူဆလိုက်၏။ သူက ဦးနှောက်ကိုအလုပ်ပေးလိုက်ရင်း နတ်သားလေးဘက်သို့ဦးတည်၍ စကားလုံးများကို ကွေ့ပတ်ပြောလိုက်သည်။ 

“အင်း...အကယ်၍ခင်ဗျားသာလက်ထပ်လိုက်ရင် ကျွန်တော် ပုပုကိုဂရုစိုက်ခွင့်မရှိတော့ဘူးပေါ့နော်...ကျွန်တော်က ပုပုနဲ့မခွဲချင်ဘူးဗျာ...ဒီတော့လေ...ပြန်ပြီးလက်မထပ်ပါနဲ့လား...ပုပုကိုကျွန်တော်စောင့်ရှောက်ပေးမယ်လေ...”

ဟယ်ကျစ်ယွမ်က စုန့်ရန်၏စကားများကိုနားထောင်ပြီးနောက် အကျဥ်းချုပ်လိုက်၏။

“ပုပုကိုပျိုးထောင်ချင်တဲ့အတွက် ကိုယ့်ကိုလက်မထပ်စေချင်တာပေါ့...အဲဲ့ဒီ့လိုလား...” 

“ဟုတ်...ဟုတ်ကဲ့.” စုန့်ရန် စိုးရိမ်တကြီးမေးလိုက်သည်။

“ဒီအကြောင်းပြချက်က လုံလောက်ရဲ့လား...”

ဟယ်ကျစ်ယွမ် : “မရသေးဘူး...”

“…”

စုန့်ရန် ရှက်သွေးဖြာသွားကာ နှာခေါင်းလုံးလုံးလေးအား နစ်ဝင်စေသည်အထိ ခေါင်းအုံးကိုမျက်နှာအပ်လိုက်မိသည်။ သူက လက်ကောက်ဝတ်တောင့်တင်းလာသည်အထိ ဖုန်းကိုတင်းတင်းဆုပ်ကိုင်ထားကာ ခပ်ဝေးဝေးသို့ပစ်လိုက်ချင်စိတ်များပင် ပေါ်လာခဲ့ရ၏။ ဟယ်ကျစ်ယွမ်ထံမှဖုန်းခေါ်ဆိုမှုများကို သူနောက်ဘယ်တော့မှမဖြေကြားတော့ဟု ဆုံးဖြတ်လိုက်သည်။ ခဏအကြာ၌ ဟယ်ကျစ်ယွမ်၏အသံကို သူကြားလိုက်ရ၏။

“ကိုယ်မင်းကို လုံလောက်တဲ့အကြောင်းပြချက်တစ်ခု သင်ပေးနိုင်တယ်...”

ပြောပြလိုက်စမ်းပါ...

စုန့်ရန်က စောင်ကိုခေါင်းမြှီးခြုံလိုက်ကာ နားမထောင်ဟန်ဆောင်လိုက်၏။ သို့သော် သူ၏လက်ကလေးများက အနည်းငယ်တုန်ယင်နေပြီး အဆုံးသတ်တွင်မူ ဖုန်းကိုအဝေးသို့ပစ်မထုတ်ခဲ့ချေ။ 

ဟယ်ကျစ်ယွမ်က ပြုံးလျှက်ဆို၏။

 “မင်းက ပျိုးထောင်ဖို့ကလေးလေးတစ်ယောက်နဲ့ မင်းကိုဂရုစိုက်ပေးမယ့် လူတစ်ယောက်လိုချင်တယ်မဟုတ်လား...ဒီတော့ ဒါကအရမ်းကိုရိုးရှင်းပါတယ်...မင်းရဲ့ type က အရမ်းကြီးဖြောင့်မနေတဲ့ single dad တစ်ယောက်ဖြစ်လိမ့်မယ်...ပုံမှန်ဆိုရင်တော့ ဒီလိုအနေအထားမျိုးက နှစ်ရာချီကြာရင်တောင်တွေ့ရခက်ခဲတယ်...ဒါပေမယ့် နောက်ဆုံးတော့ မင်း တစ်စုံတစ်ယောက်ကိုတွေ့ထားခဲ့ပြီလေ...သူကလည်းမင်းကို အတော်လေးသဘောကျနေတယ်...ကိုယ့်ကိုပြောပါဦး...သူ့ကိုအခြားတစ်ယောက်နဲ့လက်ထပ်ခွင့်ပြုလိုက်ရင် မင်းအရမ်းဆုံးရှုံးသွားသလိုမဖြစ်ဖူးလား...” 

သူကလည်း မင်းကိုအတော်လေးသဘောကျနေတယ်...

အတော်လေးသဘောကျတယ်...

မင်းကို...

သဘောကျတယ်...

စုန့်ရန်က စောင်ကိုမကာ ထထိုင်လိုက်ပြီး အမှောင်ထုအတွင်း၌ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်မိသည်။ 

အဖျားတက်နေသောဦးခေါင်းက သံချေးတက်နေသောဂီယာသဖွယ် တင်းတင်းကျပ်ကျပ်ကပ်နေပြီး အတွင်းဘက်ကိုရောအပြင်ဘက်ကိုပါ လှည့်မရပဲ ညပ်နေလေသည်။ သူမည်မျှတွန်းစေကာမူ လည်၍မလာချေ။ ဟယ်ကျစ်ယွမ်၏စကားတစ်ခွန်းက သူ့နားထဲတွင် အကြိမ်ပေါင်းများစွာထပ်ခါတလဲလဲ ကြားယောင်နေသော်ငြား သူ၏ထုံထိုင်းနေသောဦးနှောက်က မည်သည့်ရည်ရွယ်ချက်ကိုမှ နားမလည်နိုင်ခဲ့။ မိနစ်ဝက်ခန့်အကြာတွင် သူ၏ဦးခေါင်းသရဖူကို မိုးကြိုးမှန်သွားပြီးနောက် စုန့်ရန်ခန္ဓာကိုယ်ရှိသွေးများအားလုံး ချက်ချင်းပွက်ပွက်ဆူလာ၏။ သူက အိပ်ခန်းမီးကို အလျင်အမြန်ဖွင့်ကာ ကုတင်အစွန်းတွင်ဒူးထောက်၍ လက်ကိုင်ဖုန်းကိုဖျစ်ညှစ်လျှက်

“လူကြီးမင်းဟယ်...ခင်ဗျားဒီစကားတွေပြောနေတာ တခြားအဓိပ္ပါယ်မရှိဘူးမလား...ဟုတ်တယ်ဟုတ်...” 

ဟယ်ကျစ်ယွမ်က ပျော်ရွှင်စွာပြုံးလိုက်၏။ “အတိအကျပြောရရင်တော့ သေချာပေါက်ကို အခြားအဓိပ္ပါယ်ရှိပါတယ်...”

စုန့်ရန်ကြောင်အသွားသည်။ သူ၏လျှာကထုံသွားကာ ဦးနှောက်သည်လည်း ဗလာဖြစ်သွားခဲ့၏။ 

မဖြစ်နိုင်တာ...

လူကြီးမင်းဟယ်က သူ့ကိုဖွင့်ပြောခဲ့တယ်...

—ဒီဇာတ်ကြောင်းက အရမ်းကိုရှုပ်ထွေးတယ်မဟုတ်လား...သူ့အိမ်မက်ထဲမှာတောင် ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ဖူးဘူး...

ဟယ်ကျစ်ယွမ်က လေပြေညှင်းကြောင့်ပွသွားခဲ့သည့် သူ၏ဆံပင်များကိုသပ်ကာ ပြုံးလျှက်ဆို၏။  

“စုန့်ရန်...အရမ်းအံသြမသွားပါနဲ့...မင်းပုပုကိုဂရုစိုက်ချင်သလို ကိုယ်မင်းကိုစောင့်ရှောက်ပေးချင်တယ်...ဒါကယောက်ျားတစ်ယောက်ရဲ့ သဘာဝကျကျဖြစ်ပေါ်လာတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ဆန္ဒပါပဲ...ကိုယ် အကြောင်းပြချက်ကို ရှင်းမပြနိုင်သလို ထိန်းချုပ်လို့လည်းမရဘူး...ကိုယ့်ရဲ့အသိစိတ်အတိုင်း နောက်ကလိုက်လုပ်ရုံပဲတတ်နိုင်တော့တယ်...” 

“ဒါ...ဒါပေမယ့်…ကျွန်တော်တို့သိတာ ဆယ်ရက်တောင်မရှိသေးဘူးလေ...ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လည်း အရင်ကမတွေ့ဖူးကြဘူးမဟုတ်လား...” 

ကျောက်တုံးကျောက်ဆောင်များအား ပျော်ရွှင်မှုလှိုင်းလုံးကြီးရိုက်ခတ်လာသကဲ့သို့ စုန့်ရန်က ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကိုပင် ခွဲခြားနိုင်စွမ်းမရှိတော့အောင် ဝေဝါးသွားခဲ့သည်။ သူ၏ခေါင်းထဲတွင် မည်မျှတွေးစေကာမူ အလွန်မြန်လွန်းသည်ဟု ခံစားနေရဆဲဖြစ်လေသည်။  

ဟယ်ကျစ်ယွမ်က စုန့်ရန် သူပြောခဲ့သည့်အရာအားလုံးကို မေ့သွားပြီဖြစ်ကြောင်းသိလိုက်ကာ မျက်ခုံးပင့်လိုက်မိ၏။ 

“အရင်က ပုပုကို မင်းကောင်းကောင်းဂရုစိုက်နိုင်လိမ့်မယ်လို့ ကိုယ်ယုံကြည်ခဲ့တယ်...လူတစ်ယောက်အပေါ် မှီခိုအားထားတယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ရင်းနှီးတယ်ဆိုတာထက် သူ့ရဲ့ကိုယ်ကျင့်တရားအပေါ်ကိုပဲ မူတည်တာဖြစ်တယ်လို့ ကိုယ်ပြောခဲ့ဖူးတယ်မဟုတ်လား...ဒီလိုပဲလေ...ကိုယ်မင်းအပေါ်မှာခံစားချက်တွေရှိနေတယ်...ကိုယ်တို့ပထမဆုံးတွေ့ဖူးတာဖြစ်ဖြစ်၊ ရက်တစ်ရာလောက်သိကျွမ်းခဲ့တာပဲဖြစ်ဖြစ် အရေးမကြီးဘူးမဟုတ်လား...အဓိကက မင်းနဲ့ကိုယ်ပဲလေ...”  

သူက ဖုန်းပြောနေရင်း သက်တောင့်သက်သာရှိသည့်ကိုယ်ဟန်ကိုပြောင်းလိုက်သည်။ ညအိပ်ဝတ်ရုံရှည်အတွင်း လက်ထည့်ကာ 

“မင်းစိတ်ထဲမှာ လုံခြုံမှုမရှိဘူးလို့ခံစားရရင် တစ်လတန်သည်၊ နှစ်လတန်သည် ဒါမှမဟုတ် နှစ်ဝက်လောက်အထိ ကိုယ်မင်းကိုစဥ်းစားခွင့်ပေးနိုင်ပါတယ်...ဒါပေမယ့် မြန်မြန်တော့တုံ့ပြန်စေချင်တယ်...ဘာလို့ဆို ကိုယ်က...ချုပ်တည်းတဲ့နေရာမှာ မကျွမ်းကျင်ဘူးလေ...” 

စုန့်ရန်၏မျက်နှာက ထိုစကားများတွင် မည်သည့်ဆိုလိုရင်းမှမပါကြောင်းသိပါလျှက် ရှက်သွေးဖြန်းသွားသည်။ အာလူးပူပူကဲ့သို့ဆဲလ်ဖုန်းကိုကိုင်ထားလျှက် အသံတုန်တုန်လေးဖြင့် 

“ကျွန်တော်...ကျွန်တော့် ခေါင်းထဲမှာသိပ်မရှင်းလင်းသေးဘူးဖြစ်နေတယ်...ခင်ဗျား ကျွန်တော့်ကိုတစ်နာရီလောက်အချိန်ပေးနိုင်မလား...” 

“ဒါပေါ့...ရပါတယ်...” တည်ငြိမ်စွာဖြင့် ဟယ်ကျစ်ယွမ် ခြေတစ်လှမ်းဆုတ်လိုက်၏။

“ကိုယ် မင်းရဲ့တုံပြန်ချက်ကိုစောင့်နေမယ်...”

ဖုန်းကျသွားသည်နှင့်အတူ စုန့်ရန်က အိပ်ရာပေါ်တွင်ဆယ်မိနစ်ကြာထိုင်နေမိသည်။ 

ဤကဲ့သို့မမျှော်လင့်ထားသည့်အလှည့်အပြောင်းက အံ့သြဖွယ်ဖြစ်နေခဲ့ကာ သူ၏ခန္ဓာကိုယ်ကတိမ်ပေါ်ရောက်နေပြီး မြေပြင်နှင့်မထိသလိုခံစားလိုက်ရ၏။ 

“…”

သူ့ပေါင်သူဆိတ်ဆွဲလိုက်သည့်အခါ နာကျင်မှုကြောင့်မျက်နှာမဲ့သွားခဲ့ရ၏။ 

သူတကယ်တမ်းဝန်ခံမယ်ဆိုရင်တောင် နောက်ဆယ်ရက်လောက်အကြာ လူကြီးမင်းဟယ် ဒီနိုင်ငံကိုပြန်ရောက်လာတဲ့အချိန်ကျမှ ဝန်ခံမှာလေ...ဘာပြောရမလဲဆိုတာကို ကြိုရေးထားပြီးတော့ လူကြီးမင်းဟယ်ကို မျက်နှာချင်းဆိုင်ရွတ်ပြမယ်...ပြီးရင် တစ်ဖက်လူက သူ့ရဲ့အရပ်၊ အသက်အရွယ်၊ ပညာအရည်အချင်း၊ ဝင်ငွေ၊ ကိုယ်ကျင့်တရားတစ်ခုချင်းစီကို သေချာအကဲဖြတ်ပြီးမှ နောက်ဆုံးကလဒ်ထွက်လာတဲ့အထိ စောင့်မယ်စဥ်းစားထားတာ...ဒါတွေကဘယ်လိုလုပ်ပြီးတော့ ပြောင်းပြန်ဖြစ်သွားရတာလဲ...

သူက အိပ်ရာထဲမှထွက်ကာ ရေချိုးခန်းထဲပြေး၍ ဘုံဘိုင်ခေါင်းကိုဖွင့်လိုက်ရင်း သူ့ခေါင်းကိုရေအေးအေးဖြင့်လောင်းလိုက်သည်။ 

(T/N - အဖျားတော့ပျောက်ဦးမယ်)

ရေလောင်းပြီးသည့်အခါ ခေါင်းတစ်ခုလုံးရှင်းလင်းသွားပြီဖြစ်၍ အိပ်ခန်းတံခါးကိုဖွင့်လိုက်၏။ 

Xxxxxxcc