အပိုင်း ၄၆
Viewers 9k

Chapter 46

စုန့်ရန် ခက်ခက်ခဲခဲလက်ထုတ်လိုက်ရ၏။ စောင်အောက်တွင် သူ၏ဖြူဖွေးရှည်သွယ်သော ညဘက်ခြေချောင်းလေးများက ညာဘက်ခြေချောင်းလေးများနှင့် လိမ်ယှက်၍နေသည်။ 

ဟယ်ကျစ်ယွမ်၏ခန္ဓာကိုယ်ကတောင့်မတ်သွားကာ လေမှုတ်စက်အား ပိတ်လိုက်သည်။

“ပြောပါ...”

စုန့်ရန်က မေးလိုက်၏။ 

“ကျွန်တော့်ကို တကယ်သဘောကျတာလားဟင်...ကျွန်တော်က လုံးဝသာမန်လူတစ်ယောက်ပါ...ခင်ဗျားအပြင်ထွက်လမ်းလျှောက်ရင်း ဝါးတစ်ချောင်းကိုကျပန်းထိုးလိုက်ရင်တောင် ကျွန်တော့်လိုလူတွေတသီကြီးကို ဝါးနဲ့ထိုးမိမှာပဲ...ကျွန်တော် အရင်ကမချစ်ဖူးတဲ့အတွက် ကျွန်တော့်နှလုံးသားကို စိတ်မချဘူး...အကယ်၍ လအနည်းငယ်ကြာတဲ့အခါ ခင်ဗျားက ကျွန်တော်နဲ့ရှိရတာမပျော်တော့ပဲ ပိုအဆင်ပြေတဲ့တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့ရင် ကျွန်တော် အဲ့ဒါကိုလက်ခံနိုင်မယ်မထင်ဘူး...” 

“ကိုယ်မင်းကို တကယ်သဘောကျတာပါ...လအနည်းငယ်ကြာတဲ့အခါ ကိုယ်တွဲဖက်ပြောင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး...”

ဟယ်ကျစ်ယွမ်က သူ့အားတဲ့တိုးဆန်သည့်ဖြေရှင်းချက်ဖြင့်နှစ်သိမ့်ရန် တွန့်ဆုတ်မနေခဲ့ချေ။ 

“မင်းကိုတွေ့တဲ့အခါ ကိုယ်တစ်ကိုယ်တည်းနေခဲ့တာငါးနှစ်တောင်ရှိခဲ့ပါပြီ...မင်းက ကိုယ်မိသားစုတစ်ခုထူထောင်လာစေချင်တဲ့ တစ်ဦးတည်းသောသူပါပဲ...မင်းကိုအလေးမထားရင် ကိုယ့်ခံစားချက်တွေအကြောင်း ဘာလို့ဝန်ခံရမှာလဲ...ဟုတ်တယ်မဟုတ်လား...” 

သူက ဗီရိုရှေ့တွင်မတ်တပ်ရပ်ရင်း သူ၏လက်ချောင်းများက ကြေးနီရောင်ရှပ်အင်္ကျီကြယ်သီးများကို တစ်လုံးချင်းတပ်သွား၏။ ထို့နောက် သူက နူးညံ့စွာဖြင့်ပြောလေသည်။ 

.“ကိုယ်က အိပ်ဖော် ဒါမှမဟုတ် ချစ်သူတစ်ယောက်ရှာနေတာမဟုတ်ဘူး စုန့်ရန်...ကိုယ်မင်းကိုတာဝန်နှစ်ခုဆက်တိုက်ပေးချင်တာ...တစ်ခုက ပုပုကြီးပြင်းလာတဲ့တစ်လျှောက် အနားမှာရှိပေးဖို့နဲ့ နောက်တစ်ခုက ညဘက်တွေမှာကိုယ့်ရင်ခွင်ထဲအိပ်စက်ပေးဖို့ပါ...ဒါက ကိုယ်အယုံကြည်ရဆုံးနဲ့ ဘဝတစ်လျှောက်လုံးဖြတ်သန်းသွားချင်တဲ့လူကို ရွေးချယ်ရတဲ့ကိစ္စဖြစ်တာကြောင့် ကိုယ့်အနေနဲ့ပြီးစလွယ်မလုပ်ပါဘူး...ကိုယ်ဒါကိုအကြာကြီးမစဥ်းစားခဲ့ပဲ ဆုံးဖြတ်ချက်ချခဲ့တာကြောင့် မင်းအနေနဲ့မလွယ်ကူတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်...ဒါပေမယ့် ကိုယ် ကိုယ့်ရဲ့ကတိကို တစ်သက်လုံးအတွက်အာမခံပါတယ်...” 

ဟယ်ကျစ်ယွမ်၏စကားများကြောင့် စုန့်ရန် ငိုပင်ငိုချင်လာခဲ့သည်။

သူက ခဏစဥ်းစားလိုက်ကာ တီးတိုးရေရွတ်၏။  

“လူကြီးမင်းဟယ်...ကျွန်တော် သေချာစာမသင်ခဲ့ရဘူး...ဂျူနီယာအထက်တန်းအထိပဲပြီးခဲ့တယ်...”

ဟယ်ကျစ်ယွမ်ပြုံးလိုက်သည်။ “ကိုယ်စိတ်မရှိပါဘူး...”

“ပြီးတော့...ကျွန်တော်ကအလုပ်အများကြီးလည်း အအပ်မခံရဘူး...ကျွန်တော်ရှာတဲ့ပိုက်ဆံက ကိုယ့်အတွက်ကိုယ်တောင်သိပ်မလောက်ချင်ဘူး...” 

ဟယ်ကျစ်ယွမ် သူ့ကိုအားပေးလိုက်သည်။ 

“မင်းကငယ်သေးတာပဲ...အခုကစပြီးတိုးလာတော့မှာပါ...” 

“ပြီးတော့...ကျွန်တော်ကအခုထိ နေမကောင်းဖြစ်တုန်းပဲ...ဘာမှလုပ်စရာမရှိတဲ့အခါ ကျွန်တော်ရေတွက်နေရတာကိုနှစ်သက်တယ်...ပြီးတော့ကျွန်တော်စပြီးရေတွက်လိုက်တာနဲ့ ရပ်လို့မရတော့ဘူး...”

ဟယ်ကျစ်ယွမ် အနည်းငယ်စိတ်ဆိုးလာသည်။ 

“နေမကောင်းတာက ကုသလို့ရတယ်...အကယ်၍ ကုလို့မရရင်တောင် ကိုယ်စိတ်မရှိပါဘူး...” 

စုန့်ရန်က ဘာပြောရမှန်းမသိတော့ချေ။ သူက အားသွန်ခွန်စိုက်ကြိုးစားကာ တစ်ခုထပ်ပြောလိုက်၏။ 

“ကျွန်တော်...ကျွန်တော်ကအပြောကြမ်းတယ်...အရင်တစ်ခါက ခင်ဗျားကို အရူးတစ်ယောက်ပဲလို့ပြောခဲ့မိတယ်...” 

“မင်း...”

ဟယ်ကျစ်ယွမ် မျက်ဝန်းများမှိတ်လိုက်ကာ သွားကြိတ်လိုက်၏။ သူ၏နဖူးကြောများထောင်ထလာပြီးနောက် ငွေမှင်ရောင်ကုတ်အင်္ကျီကို အဝတ်ချိတ်စင်မှလှမ်းဆွဲလိုက်သည်။ သူ၏အားကြောင့် အဝတ်ချိတ်စင်မှာ ဟိုဘက်ဒီဘက်ယိမ်းနွဲ့သွားလေသည်။  

“မင်းကို ကိုယ်မကုနိုင်ဘူးလို့ တကယ်ပဲထင်နေတာလား....” 

သူက ကုတ်အင်္ကျီအားအိပ်ရာပေါ်ပစ်တင်လိုက်ကာ ဆဲလ်ဖုန်းကိုယူ၍ တစ်ဖက်လူအားစတင်ဆူပူတော့သည်။

“စုန့်ရန်...ကိုယ်ကသုံးဆယ့်တစ်နှစ်ရှိပြီ...ဒီတော့ ကြိုက်တယ် မကြိုက်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်းသိနေပါပြီ...မင်းကကိုယ့်ကိုဒီလိုကလေးဆန်တာမျိုးလုပ်စေချင်နေမှတော့...ကောင်းပြီလေ...မင်းသိအောင်ကိုယ်ပြောပြမယ်...ဂျူနီယာအထက်တန်းပညာရေး၊ ကိုယ့်ဟာကိုယ်မရပ်တည်နိုင်တာ၊ နေမကောင်းတာ၊ ကိုယ့်ကိုအရူးတစ်ယောက်လို့ပြောတာ...အဲ့ဒါတွေအားလုံး ကိုယ်ဘာမှစိတ်မဝင်စားဘူး...ကိုယ်မင်းကိုပဲလိုချင်တယ်...နားလည်လား...” 

စုန့်ရန်က စောင်ကိုရင်ဘတ်နားအထိဆွဲယူကာ ဖြည်းညှင်းစွာမျက်တောင်စခတ်လိုက်၏။ ထို့နောက် သူ့မျက်နှာကနီစွေးလာပြီး သူ၏နှလုံးသားမှာလည်း အရိုင်းဆန်စွာခုန်ပေါက်လျှက် ဆူနေသည့်ရေနွေးအိုးတစ်အိုးနှယ် ဖြစ်ပေါ်စေ၏။ 

“ကျွန်တော်...ကျွန်တော် နားလည်ပါပြီ...”

ဟယ်ကျစ်ယွမ် ပြတ်သားစွာမေးလိုက်သည်။ “အနာဂတ်မှာ မင်းဒီလိုအဓိပ္ပါယ်မရှိတာတွေကိုဆက်ပြောဦးမှာလား...” 

စုန့်ရန် အမြန်ခေါင်းခါလိုက်၏။

“ကျွန်တော်...ကျွန်တော်မပြောတော့ပါဘူး...”

အဆုံးသတ်၌ လေထုကပြန်လည်တည်ငြိမ်သွားကာ ယမ်းငွေ့များ၏အနံ့သည်လည်း ဖျော့တော့၍သွားလေသည်။ စုန့်ရန်က ဖုန်းကိုကိုင်ထားလျှက် မရွေ့လျားနိုင်သည့် ကာဆရာတစ်ခုဖြင့် ဖုံးအုပ်ခံထားရသကဲ့သို့ရှိနေကာ အိပ်ရာထက်တွင်ထွင်းထုထားသည့် ရုပ်ထုတစ်ခုနှင့်ပင်တူနေ၏။ သူက တစ်လက်မလေးပင်မလှုပ်ဝံ့ချေ။ သူ့နားထဲတွင် ဟယ်ကျစ်ယွမ်စိတ်ဆိုးသည့်အသံသာ ပဲ့တင်ထပ်နေလေလေသည်။ 

(T/N- (Kasaya)ကာဆာရာက သင်္ကန်းကိုပြောတာပါ)

—ကိုယ်မင်းကိုပဲလိုချင်တယ်...

စုန့်ရန်က သူ့ရင်ဘတ်ကလေးကိုအသာပုတ်လိုက်သည်။ မျက်ရည်များက ကျလုဆဲဆဲဖြစ်နေကာ သူက ဟယ်ကျစ်ယွမ်အား အဝါကဒ်ပြလိုခဲ့ခြင်းသာဖြစ်သည်။

သူနည်းနည်းလွန်သွားတဲ့ပုံပဲ...

အရင်အချိန်များတွင် လူကြီးမင်းဟယ်ထံမှအဆူခံရသည့်အခါ သူတစ်နေကုန်စိတ်ဓာတ်ကျနေတတ်သည်။ ယခုမူ လူကြီးမင်းဟယ်ဆူသည့်အခါ သူအနည်းငယ်ပင်ပျော်နေမိသေး၏။ 

—ဒါက အချစ်မှာကျရှုံးသွားတဲ့ခံစားချက်များလား...

သူ အိပ်ရာပေါ်လှဲချလိုပ်ကာ အိပ်ရာခင်းအစွန်းကိုကိုက်လျှက် ဟိုဘက်သည်ဘက်အကြိမ်အနည်းငယ် လိမ့်လိုက်မိသည်။ ထို့နောက် သူက အိပ်ရာအစွန်းသို့သွားကာ ခေါင်းရင်းဘက်ရှိမီးကိုပိတ်လိုက်၏။ 

—အမှောင်ထဲတွင်ပုန်းခိုကာ ဟယ်ကျစ်ယွမ်ထံမှ ဆွဲဆောင်မှုရှိသောအသံဖြင့် ချစ်စကားများပြောမည်ကို သူနားထောင်လိုခဲ့သည်။ 

သူတစ်ယောက်ထဲအတွက်ပေါ့...

အဆိုပါထူးချွန်သောအမျိုးသား၊ သူ၏အသံနှင့် သူ၏အချစ်အားလုံးက သူတစ်ယောက်ထဲအတွက်သာဖြစ်၏။ လူကြီးမင်းဟယ်ထက်ပို၍သာလွန်သောလူကို တစ်ကမ္ဘာလုံး၌ရှာတွေ့နိုင်မှာမဟုတ်ချေ။ 

စုန့်ရန်၏စိတ်လှုပ်ရှားမှုက ထိန်းချုပ်ရခက်ခဲလှကာ အဝါနုရောင်စောင်ပေါ်တွင် နှစ်ခါထပ်လိမ့်၍ သူ့ကိုယ်သူရစ်ပတ်လိုက်သည်။ 

သို့သော် ရုတ်တရက် သူ၏လှုပ်ရှားမှုများတောင့်ခဲသွားခဲ့၏။ 

တကယ်ရှာမတွေ့နိုင်တာ ဖြစ်နိုင်ပါ့မလား... 

သူက ပိန်းပိတ်အောင်မှောင်၍နေသော မျက်နှာကျက်အားငေးကြည့်ကာ ကြွက်သားတစ်ခုလေးကိုမျှ မလှုပ်ရှားတော့ပဲနေလိုက်မိသည်။ ကုလားကာအားတစ်ဖက်သို့ဆွဲဖွင့်လိုက်သကဲ့သို့ နေရောင်ခြည်အောက်တွင် ကားပြတင်းပေါက်မှတဆင့်မြင်ခဲ့ရသည့် သူနေ့နေ့ညညတွေးတောနေခဲ့မိသော နက်နဲသိမ်မွေ့ကာထက်မြက်သည့်မျက်နှာတစ်ခုက အရိပ်ထင်လာခဲ့လေသည်။

..............

၉ရက်မြောက်နေ့ ၁၀ နာရီ ၃၉ မိနစ်

ဟယ်ကျစ်ယွမ် ရှပ်အင်္ကျီကိုယူ၍ ဝတ်ဆင်လိုက်၏။ သူက ကော်လံကိုသေချာခေါက်ကာ ပုခုံးများကိုပုံစံချလျှက် အနားသတ်များကိုဆွဲဆန့်လိုက်သည်။ ထို့နောက် ကော်လံမှစ၍ ကြယ်သီးတစ်လုံးချင်းစတင်တပ်ဆင်၏။ 

စုန့်ရန်၏ အထစ်ထစ်အငေါ့ငေါ့စကားသံလေးက ဆဲလ်ဖုန်းမှထွက်လာသည်။  

“လူကြီးမင်းဟယ်...ကျွန်တော့်အထင် ချစ်သူတွေက အချင်းချင်းရိုးသားသင့်..ရိုးသားသင့်တယ်မဟုတ်လားဟင်...လျှို့ဝှက်ချက်တွေမထားကြဘူးမဟုတ်လား...” 

ဟယ်ကျစ်ယွမ်၏ လက်လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။ 

“မင်းမှာ ဘာလျှို့ဝှက်ချက်တွေရှိနေတာလဲ...” 

စုန့်ရန် သတိလက်လွတ်ဖြစ်သွားခဲ့၏။ 

“ဟမ်...”

ဟယ်ကျစ်ယွမ် ခပ်တိုးတိုးရယ်လိုက်သည်။ 

 “မင်းအသံကိုနားထောင်ရရင် တစ်ခုခုဖုံးကွယ်ထားတာရှိမှန်း ကိုယ်ပြောနိုင်တယ်...နောက်ပြီး အဲ့ဒါကတော်တော်လေးကြီးမားတဲ့ကိစ္စဖြစ်ရမယ်...အဆင်ပြေပါတယ်...ပြောပါ...ကိုယ်စဥ်းစားပေးပါ့မယ်...မင်းကိုသဘောကျရတဲ့အမှတ်တွေကိုလည်း မနှုတ်ပါဘူး...” 

“အိုး...ဒါဆို...ဒါဆိုကျွန်တော် အစကပြန်ပြောမယ်နော်...”

စုန့်ရန် အလွန်စိတ်ပူနေကာ သူ၏လက်ဆယ်ချောင်းကို လက်သီးဆုပ်ကလေးများအဖြစ်ပြောင်းလဲလိုက်မိသည်။ သူကခေါင်းငုံကာ အသက်ပြင်းပြင်းရှိုက်ရင်း စိတ်အခြေအနေကိုပြင်ဆင်လိုက်၏။ ထို့နောက် သတ္တိကိုစုစည်းကာ ခေါင်းကိုပြန်မော့လျှက်ဆိုလိုက်သည်။ 

 “လူကြီးမင်းဟယ်...ကျွန်တော်က ပိုက်ဆံအများကြီးမရှာနိုင်တာကြောင့် ရေ၊မီးမျှဝေသုံးရတဲ့ အရမ်းစျေးပေါတဲ့နေရာတစ်ခုမှာနေခဲ့တာပါ...ကျွန်တော်ဒီကိုပြောင်းလာခဲ့ရတဲ့အကြောင်းရင်းက ကျွန်တော်...ကျွန်တော် တစ်ယောက်ယောက်ကိုရှာချင်ခဲ့လို့ပါ...”  

ဟယ်ကျစ်ယွမ် ထိုစကားကိုကြားသည့်အခါ သူ့မျက်နှာပေါ်ရှိ အမှုမထားဟန်အပြုံးက ရုတ်ခြည်းတောင့်ခဲသွားခဲ့ပြီး ကြယ်သီးတပ်နေသည့်လက်ချောင်းများသည်လည်း ရင်ဘတ်နားတွင်ရပ်တန့်သွားလေသည်။ 

“အမျိုးသားလား...”

စုန့်ရန်ခေါင်းညှိတ်လိုက်သည်။ “အင်း.”

တစ်စုံတစ်ခုအားအမှားလုပ်မိထားသကဲ့သို့ သူ၏အသံလေးကတိုးတိတ်သွားလေသည်။ 

ဟယ်ကျစ်ယွမ်က လင်းဟွေ့ စုန့်ရန်အားဖွင့်ပြောသည့်အချိန်ကို ပြန်လည်တွေးမိသွား၏။ စုန့်ရန်က သူသည် တစ်စုံတစ်ယောက်အားသဘောကျနေကြောင်းနှင့် ထိုသူအား ဆွဲဆောင်ရန်ကြိုးစားနေခြင်းဖြစ်သည်ဟုပြောခဲ့လေသည်။ စုန့်ရန်ထိုသို့ပြောခဲ့ခြင်းမှာ လင်းဟွေ့၏မက်မွန်ပွင့်များကိုတားဆီးရန် ဒီအတိုင်းပြောခဲ့ခြင်းဟုသူထင်ခဲ့၏။ ဤကဲ့သို့လူတစ်ဦး အမှန်တကယ်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။  

ဟယ်ကျစ်ယွမ်၏ ခန္ဓာကိုယ်နှင့်အမူအရာက တပြိုင်နက်အေးခဲသွား၏။ 

သူက အမူအရာမဲ့စွာဖြင့် ကြယ်သီးဆက်တပ်လိုက်ကာ ရှပ်အင်္ကျီအောက်ဘက်ရှိကြွက်သားများသာလျှင် အနည်းငယ်တောင့်တင်းသွားခဲ့သည်။ 

“သူ့နာမည်ကဘယ်သူလဲ...ပြီးတော့ ဘယ်အဆောက်အဦးမှာနေတာလဲ...” 

“သူ...သူကဒီအဆောက်အဦးမှာပဲနေတာပါ...ဘယ်အထပ်လဲတော့ ကျွန်တော်မသိဘူး...”

“ကျွန်တော်သူ့ကိုတစ်ခါပဲမြင်ဖူးတာပါ...ဒီနေရာကိုလျှောက်ကြည့်တုန်းက ခပ်ဝေးဝေးကပဲမြင်ဖူးလိုက်တာ...နောက်ပိုင်းထပ်မတွေ့ရတော့ဘူး...” 

တစ်ခါပဲမြင်ဖူးတယ်...ဒါက မြင်မြင်ချင်းအချစ်ပဲပေါ့လေ...

ဟယ်ကျစ်ယွမ်၏နဖူးကြောများတင်းသွားကာ သူ၏အမူအရာသည်လည်း ဆိုးရွားလာခဲ့၏။ 

—နားထောင်ရသလောက် တခြားတစ်ယောက်က ကြည့်လို့ကောင်းတဲ့ပုံပဲ...ရုပ်ရှင်စတားတစ်ချို့လည်းဒီမှာနေတယ်ပြောကြတယ်...စုန့်ရန်ကသူတို့ထဲကတစ်ယောက်ကိုတွေ့သွားတာများလား...ဒီလိုဆို သူအနိုင်ရဖို့ဖြစ်နိုင်ပါ့မလား...

သူက တည်ငြိမ်သယောင်ဆောင်ကာ မေးလိုက်သည်။ 

“အခုရော...မင်းသူ့ကိုသဘောကျသေးလား....” 

“အခု....အခုသေချာပေါက် ခင်ဗျားကိုပိုသဘောကျတာပေါ့...” 

စုန့်ရန် အမြန်ပြန်ဖြေလိုက်သည့်အတွက် နှုတ်မှလွှတ်ခနဲ့ထွက်သွားလေသည်။ 

သူက ဟယ်ကျစ်ယွမ်အားချော့ရန် ရည်ရွယ်ခဲ့သော်ငြား ညာပြောရာ၌မကျွမ်းကျင်သည့်အတွက် လျှို့ဝှက်ချက်အားပြောလိုက်မိလေသည်။ 

—ပိုပြီးသဘောကျတယ်ဆိုတော့ နည်းနည်းသဘောကျတဲ့လူရှိသေးတာပေါ့လေ...နောက်ပြီး နည်းနည်းသဘောကျတာလဲ သဘောကျတာပဲမဟုတ်လား... 

ဟယ်ကျစ်ယွမ် သဝန်တိုသွားခဲ့၏။ 

သူ့အတွက် အချစ်ပြိုင်ဘက်ရှိခြင်းမှာ ပြသနာမဟုတ်သော်လည်း ထိုအချစ်ပြိုင်ဘက်က သူတို့နှင့်တူညီသောအဆောက်အဦး၌ နေထိုင်နေခြင်းမှာပြဿနာဖြစ်လေသည်။ စုန့်ရန် ထိုအမျိုးသားနှင့်ဆုံနိုင်ချေ အမြောက်အများရှိ၏။ သူက စုန့်ရန်၏ကိုယ်ကျင့်တရားကိုယုံကြည်သဖြင့် သစ္စာဖောက်ခံရမည်ကိုမစိုးရိမ်သော်ငြား ဖူးသစ်စခံစားချက်များမှာ အကျိုးသင့်အကြောင်းသင့်ဖိနှိပ်၍မရချေ။ တစ်စုံတစ်ဦးကိုတွေ့ချိန်၌ စုန့်ရန်၏မျက်ဝန်းများလင်းလက်သွားမည်ကို တွေးလိုက်မိရုံဖြင့် သူ့လည်ချောင်း၌ ငါးရိုးစူးနေသကဲ့သို့ ခံစားရလေသည်။ 

ဟယ်ကျစ်ယွမ်က သူ၏ပိုင်နက်နှင့်ပတ်သတ်၍ အလွန်သတိကြီးသောလူစားဖြစ်၏။ သူနှင့်မသက်ဆိုင်ပါက မျက်စိရှေ့တွင်ဖြစ်စေကာမူ တစ်ချက်ကလေးပင်ကြည့်မှာမဟုတ်သလို သူနှင့်သက်ဆိုင်သည့်အရာအား အခြားလူများကြည့်လာလျှင်လည်း သူ့ကိုရန်စသည်ဟုသတ်မှတ်လေ့ရှိ၏။ 

ထို့အပြင် စုန့်ရန်က သူနှင့်သာသက်ဆိုင်လေသည်။ 

ငါးနှစ်ကြာထိန်းထားခဲ့သော ပိုင်ဆိုင်လိုစိတ်ကြီးမားခြင်းနှင့် အလွန်အကျွံကာကွယ်ခြင်းတို့က မြင့်တက်လာခဲ့သည်။ အလွန်နီးကပ်သောနေရာ၌ အချစ်ပြိုင်ဘက်တစ်ဦးပေါ်လာခဲဲ့ခြင်းမှာ မရင်းနှီးသောခြင်္သေ့ထီးတစ်ကောင်က သူ့ပိုင်နက်သို့ကျူးကျော်လာပြီး သူ့ထံဦးတည်၍ဟိန်းဟောက်ကာ တိုက်ပွဲစတင်ရန်ပြင်နေခြင်းနှင့် မခြားနားချေ။  

၎င်းက သူ၏ဒေါသကိုပို၍ထင်ရှားစေပြီး ရင်ဆိုင်တွေ့ပြီးအနိုင်ယူလိုသည့်ဆန္ဒကိုပါ ကြီးထွားလာစေခဲ့သည်။ 

သူ၏ရင်ဘတ်ထဲတွင်တင်းကျပ်လာသဖြင့် ဟယ်ကျစ်ယွမ်က ရှပ်အင်္ကျီကော်လံကိုဖွင့်ကာ အသက်ရှူထုတ်လိုက်၏။ သူ၏အေးစက်စက်နှုတ်ခမ်းများဖိကြိတ်လိုက်ပြီးနောက် မေးလေသည်။ 

“သူက ဘယ်လိုမျိုးလဲ...” 

စုန့်ရန်တိုးတိုးလေးပြောလိုက်သည်။ 

“အင်း… တော်တော်ကြည့်ကောင်းတယ်...”

“ပိုပြီးတိတိကျကျပြော...”

ဤတစ်ကြိမ်၌ စုန့်ရန်ဉာဏ်ကောင်းစွာဖြင့် ခိုင်လုံသောဖြေရှင်းချက်တစ်ခု ပေးလိုက်နိုင်၏။ 

 “အရမ်းကြာနေပြီဆိုတော့...ကျွန်တော် သူဘယ်လိုပုံမှန်းမမှတ်မိတော့ဘူး...တကယ်ပြောတာ...” 

တွေ့လား..ကျွန်တော် ကောင်းကောင်းမမှတ်မိဘူးဆိုတာက သူ့အပေါ် ခံစားချက်မနက်ရှိုင်းဘူးလို့ညွှန်ပြနေတာပဲလေ... သူက ဒီလောက်လည်းကြည့်မကောင်းပါဘူး...အဲ့ဒါကြောင့် ဒီတိုင်းလေးပဲထားလိုက်ကြမယ်လေနော်...ကျေးဇူးပြုပြီး ဒီကိစ္စကိုဆက်တွေးမနေပါနဲ့တော့... 

သူ တိတ်တဆိတ်ဆုတောင်းလိုက်မိသည်။ 

Xxxxxxxxx