အပိုင်း ၄၇
Viewers 9k

Chapter 47

တွေ့လား..ကျွန်တော် ကောင်းကောင်းမမှတ်မိဘူးဆိုတာက သူ့အပေါ် ခံစားချက်မနက်ရှိုင်းဘူးလို့ညွှန်ပြနေတာပဲလေ... သူက ဒီလောက်လည်းကြည့်မကောင်းပါဘူး...အဲ့ဒါကြောင့် ဒီတိုင်းလေးပဲထားလိုက်ကြမယ်လေနော်...ကျေးဇူးပြုပြီး ဒီကိစ္စကိုဆက်တွေးမနေပါနဲ့တော့... 

သူ တိတ်တဆိတ်ဆုတောင်းလိုက်မိသည်။ 

သို့သော် ဟယ်ကျစ်ယွမ်က ဒီအတိုင်းမထားချေ။ သူက အတိအကျစတင်မေးလေသည်။ 

“အရပ်...”

ရှောင်ထွက်ရန်လမ်းမမြင်သည့်အတွက် စုန့်ရန်နာခံစွာဖြေကြားလိုက်သည်။ 

 “၁၈၆ cm ပတ်လည်လောက်ဖြစ်မယ်...” 

ဟယ်ကျစ်ယွမ် သူ၏အနေအထားကိုထိန်းညှိကာ ဗီရိုရှိကြည့်မှန်ကိုလှည့်လိုက်၏။ ကိုယ်လုံးပေါ်မှန်တွင် ခြေတံရှည်ရှည်များ၊ ကျယ်ပြန့်သောပုခုံးများ၊ သဟဇာတဖြစ်လှသော ကိုယ်ခန္ဓာအချိုးအစားများနှင့် ရှည်လျားဖြောင့်မတ်သည့်လူရိပ်တစ်ခုထင်ဟပ်နေကာ အပြစ်ဆိုစရာတစ်ကွက်မျှမရှိချေ။  

၁၈၈ စင်တီမီတာ...သူနိုင်တယ်...

“ကိုယ်ခန္ဓာအချိုးအစား...”

သူဆက်မေးလိုက်သည်။ 

စုန့်ရန်က အမြန်တွေးလိုက်ကာ ရှက်ရွံစွာဖြေလိုက်၏။ 

 “သူ့ခန္ဓာကိုယ်ကလည်း....တော်တော်လေးကြည့်လို့ကောင်းတယ်...အဝတ်ဝတ်လိုက်ရင်တော့ ပိန်ပါးသယောင်ထင်ရပေမယ့် အဝတ်တွေချွတ်လိုက်ရင် ကြွက်သားတွေရှိနေမယ့်ပုံမျိုးပဲ...အာ...ကျွန်တော် သူအဝတ်မပါပဲမမြင်ဖူးပါဘူးနော်...ဒါက...ဒါကအကြမ်းဖျဥ်းခန့်မှန်းကြည့်ရုံပါ...” 

ကျင်လည်သောလှုပ်ရှားမှုများဖြင့် ဟယ်ကျစ်ယွမ် ခုနလေးမှတပ်ထားသော ကြယ်သီးအားလုံးကိုဖြုတ်လိုက်ကာ ကော်လံစများကိုဆွဲ၍ ရင်ဘတ်ကျယ်ကျယ်ဟလိုက်၏။ 

—ခိုင်မာသော ရင်အုပ်ကြွက်သားများ၊ ထင်ရှားသော abs များ၊ ဘောင်းဘီသားရည်ကြိုးအောက်သို့ဆင်းသက်သွားသည့် ရေသူမလိုင်းနှင့် ခွကြားရှိဖုဖောင်းနေသောနေရာ... 

ကောင်းပြီ...သူဒီနေရာမှာလည်းန်ိုင်နိုင်တယ်...

သူက ခပ်လှောင်လှောင်လေးရယ်မောလိုက်ခြင်းကို မထိန်းချုပ်နိုင်ချေ။ 

“ကျန်တာကရော...”

“ကျန်တာက…” 

စုန့်ရန် ဆက်ပြောဖို့ရှက်ရွံ့နေပြီဖြစ်ပြီး သူ့ကိုယ်သူ သစ္စာမရှိသူဟုခံစားနေရသည့်အတွက် ပါးပြင်ကလေးများနီစွေးလျှက်ရှိသည်။ 

“သူ...သူကပြုံးလိုက်ရင်အရမ်းကြည့်လို့ကောင်းတယ်...”

ဟယ်ကျစ်ယွမ် မှန်တွင်ထင်ဟပ်နေသည့် သူ၏ကိုယ်ပိုင်မျက်နှာကိုကြည့်ကာ ၉၉ မှတ်ပေးလိုက်သည်။ 

“ပြီးတော့ရော....”

“ပြီးတော့....အာ...သူ့မှာကလေးတစ်ယောက်ရှိတယ်...” 

စုန့်ရန်ကဆက်ပြော၏။ “ပုပုနဲ့အသက်တူတူပဲထင်တယ်...ဘေးတိုက်အနေအထားကိုပဲမြင်လိုက်တာဆိုတော့ အဲ့ဒါက ယောက်ျားလေးလား...မိန်းကလေးလားသေချာမပြောနိုင်ဘူး...” 

စိတ်သက်သာရစွာပုခုံးတွန့်လိုက်ခြင်းနှင့်အတူ ဟယ်ကျစ်ယွမ် သူ့ရှပ်အင်္ကျီအား ကြယ်သီးတစ်ခေါက်ပြန်တပ်လိုက်ရင်း နက်ခ်တိုင်ကိုရွေးနေလိုက်၏။ 

နည်းနည်းမျှပင်ကြောက်စရာမလိုအပ်ချေ။ 

ပုပုက အလွန်ချစ်စရာကောင်းသည်။ သူသေချာပေါက် အနိုင်ရမှာပင်။ 

စုန့်ရန်က နတ်ဘုရားကိုချီးကျူးပြီးသည့်နောက် အချိန်အတော်ကြာသည်အထိ ဘာမှပြန်မကြားရသဖြင့် ဟယ််ကျစ်ယွမ် စိတ်ဆိုးသွားပြီဟု သူယူဆလိုက်မိသည်။ 

—ဟယ်ကျစ်ယွမ်အား ရင့်ကျက်ပြီးသိက္ခာရှိသည့် အထက်တန်းစားတစ်ဦးအနေဖြင့် သူပုံဖော်ထားခဲ့သည်။ ထို့ကြောင့် သူ၏ လူကြီးမင်းဟယ်က အလွန်သေးငယ်သည့်အချက်တိုင်းကို စိတ်ဆိုးတတ်ကာ မှန်ရှေ့တွင်တည့်တည့်ရပ်၍ အရှုံးအနိုင်ခွဲခြားနေလိမ့်မည်ဟု သူထင်မထားခဲ့ချေ။  

သူက ခက်ခက်ခဲခဲလည်ချောင်းရှင်းလိုက်ပြီးနောက်

“လူကြီးမင်းဟယ်...ကျွန်တော် ခင်ဗျားကိုစိတ်ရင်းနဲ့ဝန်ခံခဲ့တယ်ဆိုတာ ကျွန်တော့်နှလုံးသားထဲမှာ မရိုးသားတဲ့စိတ်ကူးစိုးစဥ်းတောင်မရှိလို့ပါ...တစ်ခုခုသာရှိမယ်ဆိုရင် ကျွန်တော်သေချာပေါက်ဖုံးကွယ်ထားခဲ့မှာပေါ့...ပြီးတော့ ကျွန်တော်ကစိတ်တွေကိုမဖတ်တတ်ဖူးလေ...ဒီတော့ကျွန်တော်မသိတဲ့တစ်ယောက်ယောက်ကိုတွေ့ရင် သူတို့ရဲ့မျက်နှာကိုကြည့်လေ့ရှိတယ်...သူကကြည့်ကောင်းတော့ ကျွန်တော် နည်းနည်းစိတ်ဝင်စားသွားခဲ့ရုံပါ...ခင်ဗျားဒီအတွက် ကျွန်တော့်ကိုအပြစ်ဆိုမယ်ဆိုရင် ကျွန်တော်ထပ်ပြီးမလုပ်တော့ပါဘူး...” 

ဟယ်ကျစ်ယွမ်က မပြုံးပဲမနေနိုင်ခဲ့ချေ။  

 “စိတ်လျှော့ပါ...အရင်ကိစ္စတွေကိုကိုယ်ထည့်မတွက်ပါဘူး...မင်းမှာ ကြိုက်တဲ့လူကိုလွတ်လပ်စွာသဘောကျပိုင်ခွင့်ရှိခဲ့တယ်လေ...ဒါ့ကြောင့် ကိုယ်မင်းကိုအပြစ်မတင်ပါဘူး...ဒါပေမယ့် ဒီနေ့ကစပြီး ကိုယ့်အတွက် သူ့ကိုမင်းဘေးဖယ်ထားရမယ်...” 

“ဒါပေါ့...သေချာတာပေါ့...” စုန့်ရန်တက်ကြွစွာဖြေလိုက်၏။

“ကျွန်တော်သူ့ကို အနာဂတ်မှာတွေ့ခဲ့ရင် မသိချင်ယောင်ဆောင်နေပါ့မယ်...ကျွန်တော်သူနဲ့စကားတစ်ခွန်းမှမပြောဘူးဆိုတာ အာမခံရဲပါတယ်...” 

အဆိုပါစကားများမှာ အလွန်တက်ကြွလှသဖြင့် ဟယ်ကျစ်ယွမ်၏စိတ်အခြေအနေက ပိုပြီးသက်တောင့်သက်သာရှိလာ၏။ 

သူက အနက်ရောင်နက်ခ်တိုင်ကိုဆွဲယူလိုက်ကာ ရှပ်အင်္ကျီကော်လံ၌ တပ်ဆင်လိုက်ပြီး ကျွမ်းကျင်စွာချည်လိုက်၏။ ထို့နောက် သူ့ကိုယ်သူမှန်ထဲပြန်ကြည့်လိုက်သည်။ သူ၏လှုပ်ရှားမှုများရပ်တန့်သွားပြီးနောက် ပြုံးကာခေါင်းယမ်းလိုက်မိ၏။

အာရှ၏စံနှုန်းအရဖြစ်စေ၊ ဥရောပ၊ အမေရိကန်၏စံနှုန်းများဖြစ်စေ သူ၏မျက်နှာသွင်ပြင်၊ ကိုယ်ခန္ဓာ နှင့်ပတ်သတ်၍ ယုံကြည်ချက်အပြည့်ရှိလေသည်။  

စုန့်ရန် အမျိုးသားတစ်ယောက်အကြောင်း အမှတ်တမဲ့ထုတ်ပြောလိုက်တာနဲ့ ဘာလို့ရန်သူနဲ့ရင်ဆိုင်ရသလိုမျိုး သတိကြီးသွားမိပါလိမ့်... 

သူက အဆိုပါသာမန်အိမ်နီးချင်းလေးနှင့်သိကျွမ်းသည်မှာ ဆယ်ရက်ပင်မပြည့်သေးချေ။ သို့သော် အိမ်နီးချင်းလေးက ဖုန်းအကြိမ်အနည်းငယ်ပြောရုံမျှဖြင့် သူ၏နှလုံးသားပေါ်တွင် အမှတ်အသားတစ်ခုကို ခြေရာလက်ရာမကျန်ပဲပြုလုပ်သွားနိုင်ခဲ့သည်။  

သူလုံးဝ ထိန်းချုပ်မှုလွတ်သွားခဲ့တာပဲ... 

“စုန့်ရန်...ကိုယ်တကယ််ကိုသိချင်မိတယ်...မင်းမျက်လုံးထဲမှာ ကိုယ့်ကိုဘယ်လိုမြင်လဲ...” 

ဟယ်ကျစ်ယွန်က ခေါင်းကိုငုံ့ကိုင်း၍ ရှပ်အင်္ကျီ၏အနားများကိုပြန့်ပြူးစေလျှက် အမှတ်တမဲ့မေးလိုက်သည်။ 

စုန့်ရန် စဖြေလာ၏။ “အာ...ဒါက…”

ထိုအချိန်တွင် ရှပ်အင်္ကျီပြောင်ကိုဝတ်ဆင််ထားကာ ဆံပင်အုံမထူမပါးရှိသော ၁၇၅ စင်တီမီတာအရပ်ဖြင့် အနည်းငယ်ဆူဖြိုးသည့် ကြင်နာတတ်သောအိုင်တီပညာရှင်ဦးလေးကြီး၏ပုံရိပ်က စုန့်ရန်မျက်လုံးထဲမြင်ယောင်လာခဲ့သည်။   

ပွင့်လင်းစွာပြောရလျှင် သူသည်လည်းဟယ်ကျစ်ယွမ်ကို စတိုင်ကျသောလူတစ်ဦးဖြစ်ရန် မျှော်လင့်မိပါသည်။ သို့သော် လက်တွေ့တွင် ခွန်အားကြီးသည့်အမျိုးသားများက အလွန်နည်းပါးလှ၏။ သူ၏ကမ္ဘာငယ်လေးထဲတွင် အနန္တနတ်ဘုရားတစ်ယောက်ကိုတွေ့ဖူးခဲ့ပြီဖြစ်ကာ လူကြီးမင်းဟယ်သည်လည်း ထိုသို့သောပုံရိပ်မျိုးရှိပါလျှင် သူ၏မက်မွန်ပွင့်များက အလွန်ခမ်းနားလွန်းသွားပေလိမ့်မည်။ 

စုန့်ရန်က ဟယ်ကျစ်ယွမ်ကိုစိတ်မပျက်စေလိုချေ။ ထို့ကြောင့် သူက ပြစ်ချက်ကိုရှောင်တိမ်း၍ပြောလိုက်၏။ 

“လူကြီးမင်းဟယ်...ခင်ဗျားရဲ့အသံက အရမ်းသာယာနာပျော်ဖွယ်ကောင်းပြီးတော့ ဆွဲငင်အားကောင်းလွန်းတယ်...ယုံကြည်အားကိုးချင်စရာလူတစ်ယောက်ပဲ...ခင်ဗျားရဲ့စိတ်နေစိတ်ထားကလည်း သိပ်ကိုနူးညံ့တယ်...အင်း...ပြီးတော့တည်ငြိမ်ပြီး၊ သဘောထားကြီးပြီး...စိတ်ရှည်သည်းခံတတ်တယ်...ကျွန်တော့်အပေါ်လည်း အရမ်းကောင်းတယ်လေ...” 

ဟယ်ကျစ်ယွမ်၏ မျက်ခုံးများတွန့်ကွေးသွားသည်။. “ဒါပဲလား...”

“ပြီးတော့...အရမ်း...ကြည့်ကောင်းတယ်...”

သူကျေနပ်ပုံမရမှန်းသတိပြုမိသည့်အတွက် စုန့်ရန်က နောက်ဆုံးတစ်ခွန်းကိုထည့်ပြောလိုက်သည်။ သို့သော် သူ၏အပြစ်ရှိစိတ်ကြောင့် အသံတိုးတိုးလေးသာထွက်သွားခဲ့၏။  

ထိုအခါမှသာ ဟယ်ကျစ်ယွမ် အပြည့်အဝကျေနပ်သွားခဲ့၏။ 

စုန့်ရန်က ချောမောသောမျက်နှာများအား သဘောကျပုံပေါ်သည်။ တရုတ်သို့ပြန်ရန် အချိန်အနည်းငယ်လိုသေးရာ သူ့ဓာတ်ပုံအချို့ကိုအရင်ဆုံးပေးပို့၍ မကောင်းဆိုးဝါးနှင်ကာထားရမည်။ သူကပစိဖိတ်သမုဒ္ဒရာနှင့် ပိုင်းခြားခံထားရသဖြင့် စုန့်ရန်အားစောင့်ကြည့်မနေနိုင်ခင် ဘယ်ကမှန်းမသိသောမကောင်းဆိုးဝါး လာရောက်ခိုးယူသွားခြင်းမှ တားဆီးနိုင်ရန်အတွက် အခွင့်အရေးကြိုဦးထားရမှာဖြစ်သည်။ 

နာရီက ၈နာရီတိတိသို့ညွှန်ပြနေချိန်၌ ဟယ်ကျစ်ယွမ် ဝတ်စုံပြည့်ဝတ်ဆင်ပြီးပြီဖြစ်သည်။ သူက နက်ခ်တိုင်ကိုပြုပြင်ကာ မှန်တွင်ထင်ဟပ်နေသည့် စည်းစနစ်ကျပုံပေါ်သောပုံရိပ်ကိုကြည့်လိုက်၏။ ပြင်းထန်သောဟော်မုန်းရနံ့က အမျိုးသားသုံးရေမွှေးကိုဖုံးအုပ်လျှက် သူ့ထံမှထုတ်လွှတ်လျှက်ရှိလေသည်။  

သူက ဆဲလ်ဖုန်းကိုကိုင်ကာ လှေကားထံသွားရန် တံခါးဖွင့်လိုက်၏။ 

“စုန့်ရန်...ကိုယ်တကယ့်ကိုမင်းနဲ့စကားပြောချင်ပေမယ့်ရုံးကိုသွားရတော့မယ်...”

သူက ကော်ဖီစားပွဲပေါ်ရှိကားသော့ကိုယူလိုက်၏။ လည်သာသော့ချိတ်က ဘယ်ညာယိမ်းနွဲ့နေကာ အနက်ရောင်၊ အနီရောင်နှင့် ရွှေရောင်များအလင်းပြန်နေ၏။ 

“တစ်ယောက်ထဲအိပ်ပျော်ရဲ့လား...” 

စုန့်ရန် ရှက်ရွံ့စွာခေါင်းညှိတ်လိုက်သည်။ “အိပ်ပျော်ပါတယ်...”

ဟယ်ကျစ်ယွမ်က ပြောလိုက်သည်။ “မင်းကိုယ့်ရဲ့ချစ်သူကောင်လေးလုပ်မယ်လို့ သဘောတူလိုက်ပြီနော်...ကိုယ်မင်းနဲ့အတူရှိဖို့အချိန်ပေးသင့်ပါတယ်...ဒါပေမယ့် လာမယ့်အပါတ်ထဲမှာ ကိုယ်ပြန်မရောက်ခင်အထိ အလုပ်တွေရှင်းရမှာအများကြီးပဲ...ကိုယ်မင်းနဲ့အခုလိုနေ့တိုင်းဖုန်းပြောပေးရုံပဲတတ်နိုင်တယ်...မင်းဒါကိုစိတ်ရှိလားဟင်...” 

“စိတ်မရှိပါဘူး...စိတ်မရှိပါဘူး...”စုန့်ရန်အမြန်ပြောလိုက်သည်။

“ကျွန်တော် နှစ်နှစ်ဆယ်လောက်စင်ဂယ်ဖြစ်လာတာပါ...ဒါ့ကြောင့်ရက်နည်းနည်းထပ်ပြီး ဒီအတိုင်းနေရတာက ဘာမှမဖြစ်ပါဘူး...အလုပ်ကိုအေးအေးဆေးဆေးလုပ်ပါနော်...ကျွန်တော့်အတွက် စိတ်မပူပါနဲ့...” 

ဟယ်ကျစ်ယွမ်ခဏရပ်ကာ နွေးထွေးစွာပြောလိုက်၏။

“ကိုယ်တောင်းပန်ပါတယ်ကွာ...ကိုယ့်ကြောင့် မင်းရဲ့နေ့ရက်တွေက အရင်အတိုင်းပဲဖြစ်သွားခဲ့ရပြီ...ကိုယ်ပြန်လာတာနဲ့ မင်းကိုနှစ်ဆပြန်လျော်ပေးမယ်နော်...”

စုန့်ရန်ပို၍ပင် ရှက်ရွံ့သွားခဲ့၏။ “အွန်း...”

“ကျန်းယွီဝင့်ကို အပူချိန်တိုင်းခိုင်းပါ...အကယ်၍ ဆေးသောက်ဖို့်ရှိသေးရင် သောက်နော်...အိပ်ချင်ရင်အိပ်တော့...ညဥ့်မနက်စေနဲ့...” 

“အွန်းပါ...”

“ညခင်းကျအိမ်မက်မက်ရင် ကိုယ့်အကြောင်းပဲမက်ရမယ်နော်...တခြားလူတွေကိုထည့်မမက်ရဘူး...” 

နောက်ဆုံးစကားလုံးများကို အလေးအနက်ပြောသွား၏။ ခြိမ်းခြောက်မှု ၃၀ ရာခိုင်နှုန်းနှင့် မရေရာသောအဓိပ္ပါယ်များ ၆၀ ရာခိုင်နှုန်းပါဝင်ကာ တမင်တကာဖိပြောသွားခြင်းဖြစ်သည်။ စုန့်ရန်က အိပ်ရာထောင့်စွန်းတွင်မီလိုက်ကာ သူ၏ပါးပြင်မှရှက်သွေးများက လည်တိုင်အထိဆင်းသက်သွား၏။ 

“အွန်းပါ...ကျွန်တော်...ကျွန်တော် ခင်ဗျားကိုပဲအိမ်မက်မက်ပါ့မယ်လို့ကတိပေးပါတယ်...”

သူ့အသံက ခြင်သံကလေးကဲ့သို့ နူးညံ့တိုးညှင်းလှ၏။ 

မိသားစုသီးသန့်နေအိမ်များ၏ ကားလမ်း၌ တစ်ညလုံးတိတ်ဆိတ်နေသောကားတစ်စီးက ဟိန်းဟောက်လိုက်သည်။ သစ်ရွက်များဖြင့်ပျံ့ကျဲနေသည့် လမ်းပေါ်ရောက်သည်နှင့် ဟယ်ကျစ်ယွမ်က လီဘာကိုနင်းလိုက်ကာ အနွေးဓာတ်ကျန်ရှိနေဆဲနေအိမ်ကိုစွန့်ခွာလျှက် ကားကိုအနည်းငယ်ကွေ့လိုက်ပြီး ယာဥ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေသောဟိုင်းဝေးလမ်းမပေါ် ဦးတည်လ်ိုက်၏။ 

နေထွက်သည်မှာကြာပြီဖြစ်သည်။ နေ့အလင်းရောင်က လမ်းနံဘေးရှိသစ်ပင်များပျောက်ကွယ်သွားသည်နှင့် ကားမှန်ပြတင်းများမှတဆင့် ဝင်ရောက်လာခဲ့သည်။ 

ဟယ်ကျစ်ယွမ် မျက်စိစူးသွားသဖြင့် ကား၏မျက်နှာကျက်မှ မျက်မှန်ဘူးကိုယူကာ နေကာမျက်မှန်ကိုထုတ်၍ တပ်ဆင်လိုက်လေသည်။ 

အလွန်အံ့သြစရာကောင်းလှသည့် မနက်ခင်းဖြစ်သည်။

၆နာရီတုန်းက သူသည် မိတ်ဖက်မရှိပဲ မြေခွေးပေါက်ကလေးတစ်ကောင်သာရှိသော အထီးကျန်မြေခွေးတစ်ကောင်ဖြစ်၏။ ၈နာရီ၌ ဖုန်း၏အခြားတစ်ဖက်ရှိ စကားထစ်တတ်သော အလှလေးတစ်ဦးကို သူ၏အိတ်ကပ်ထဲသို့ထည့်လိုက်နိုင်ပြီဖြစ်သည်။  

—မည်သည့်အရာမှ အားလုံးပြည့်စုံနေသည်ဟုမရှိသော်လည်း စိတ်ဆိုးစရာတစ်ခုကျန်ရှိသေးသည်။ ယခုမှစ၍ တူညီသောအဆောက်အဦးရှိ ဆာလောင်နေသောမြေခွေးကြီးက ထိုအလှလေးအား မြေခွေးဂူထဲခေါ်ယူသွားခြင်းမှကာကွယ်ရန် သူ့အိတ်ထဲတွင်လုံလုံခြုံခြုံသိမ်းထားရပေမည်။  

ဟာသပဲ...

သူ့လိုမျိုး ငါးနှစ်လုံးလုံးဆာလောင်နေရတဲ့မြေခွေးကြီးတောင် တစ်ကိုက်မှမကိုက်ရသေးဘူးလေ...

Xxxxxxxxxx