အပိုင်း ၅၁
Viewers 9k

Chapter 51

ပုပုက ထူးထူးခြားခြားအစောကြီးနိုးလာကာ စုန့်ရန်၏မေးဖျားနှင့်လည်တိုင်ကြားကို တိုးဝှေ့ပွတ်သပ်နေ၏။ ထို့နောက် ဆံပင်တိုတိုလေးများရှုပ်ပွသွားသည်အထိ အိပ်ရာထက်ပြန်လှဲလိုက်ကာ စုန့်ရန်နှင့်အတူဖြတ်သန်းကြမည့် အံ့သြဖွယ်အနာဂတ်အတွက် အစီအစဥ်ချနေတော့၏။

 “ကိုကြီး...သားအိပ်ခန်းထဲမှာ ကုတင်အကြီးကြီးရှိတယ်...ကိုကြီးအိမ်ပြောင်းလာတာနဲ့ သားအိပ်ရာတစ်ဝက်က ကိုကြီးအပိုင်ပဲ...သားမှာဗီရိုအကြီးကြီးလည်းရှိသေးတယ်သိလား...သားအဝတ်တွေကပိစိလေးတွေဆိုတော့ နေရာနည်းနည်းပဲယူတာလေ...ကျန်တဲ့နေရာအကုန်က ကိုကြီးဟာပဲ...” 

“ဒါပေမယ့်…” စုန့်ရန် အိပ်ချင်စိတ်မပြယ်သေးဟန်ဖြင့် မျက်ဝန်းများကိုပွတ်သပ်လိုက်သည်။ 

“သားရဲ့ပါပါးက ကိုကြီးကို သူ့အိပ်ရာတစ်ဝက်ပေးမယ်ပြောတယ်လေ...” 

ပုပုထိုစကားကိုကြားချိန်၌ ဒေါသတကြီးဖြင့်မျက်ခုံးလေးများပင့်လိုက်သည်။ 

“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ပါပါးကလူကြီးလေ...သားကကလေးပဲရှိသေးတာ...သူကဘာလို့ ကိုကြီးကိုသားနဲ့လိုက်လုနေရတာလဲ...” 

သူက စုန့်ရန်၏ရင်ခွင်ထဲသို့ ပိုမိုတိုးဝှေ့လိုက်ကာ တင်လုံးလုံးလေးကိုလှုပ်ခါရင်း သနားစဖွယ်ချွဲနွဲ့လိုက်၏။ 

 “ကိုကြီး...သားနဲ့အိပ်နော်...နော်လို့...”

မဟူရာရောင်ကျောက်မျက်သဖွယ် တောက်ပရွှန်းလက်သော ပုပု၏မျက်ဝန်းနက်ကလေးများကြောင့် စုန့်ရန်နှလုံးသားနူးညံ့သွားခဲ့ရသည်။ သို့သော် ကံကောင်းစွာဖြင့် ဟယ်ကျစ်ယွမ်၏ 'အလိုလိုက်ခံရသောကလေးများက ပျက်စီးတတ်ကြသည်' ဟူသောသတိပေးချက်မှာ သူ့ခေါင်းထဲ၌မြည်ဟည်းလာခဲ့လေသည်။ သူ၏ဝါဂွမ်းစိုင်ကဲ့သို့ နူးညံ့သောနှလုံးသားကို ကျောက်တုံးသဖွယ်ဟန်ဆောင်ရန် တွန်းအားပေးလိုက်ရလေသည်။ 

“ကိုကြီးက ညဘက်ဆိုသားရဲ့ပါပါးနဲ့အတူအိပ်ရမှာ...”

စုန့်ရန် ပုပုကိုနူးညံ့စွာပွေ့ဖက်လိုက်သည်။ 

သူ၏ချစ်စဖွယ်အပြုအမူက စုန့်ရန်အပေါ်အကျိုးသက်ရောက်မှုမရှိကြောင်း တွေ့လိုက်ရသည့်အခါ ပုပု၏နှာခေါင်းလေးက မိုးများဒလဟောရွာကျတော့မည့်ပမာ တရှုံ့ရှုံဖြစ်လာခဲ့၏။ 

စုန့်ရန်ဘဝတွင်အကြောက်ဆုံးအရာက ကလေးများငိုယိုခြင်းဖြစ်သည်။ အပြောင်မြောက်ဆုံးနည်းပညာအားထုတ်မသုံးခင် စုန့်ရန်ကိုယ့်ကိုယ်ကိုယ်စိတ်ငြိမ်အောင်ထားလိုက်၏။ ထို့နောက် ပုပု၏မျက်နှာဖောင်းဖောင်းလေးအား သူ၏လက်ဖဝါးများဖြင့်အုပ်ကိုင်လိုက်ကာ  

“ဒီမှာကြည့်...သားမူကြိုကနေပြန်လာတဲ့အချိန်ကစပြီး အိပ်ရာဝင်တဲ့အထိ ကိုကြီးကသားကိုအဖော်ပြုပေးနိုင်တယ်လေ...ဒါပေမယ့် သားရဲ့ပါပါးကတော့ တနေ့လုံးအလုပ်လုပ်ရတဲ့အပြင် ညနက်တဲ့အထိအချိန်ပိုဆင်းရတော့ ပုပုအိပ်တဲ့အချိန်ပဲ ကိုကြီးကသူ့ကိုအဖော်ပြုပေးနိုင်မှာမဟုတ်လား...အကယ်၍ ကိုကြီးက ပုပုနဲ့တူတူအိပ်လိုက်ရင် သားရဲ့ပါပါးကတစ်ယောက်ထဲဖြစ်နေတော့မှာပေါ့...” 

သူ၏ရှည်လျားသောစကားအဆုံးတွင် ပုပုတစ်ယောက်လှည့်ဖြားခံလိုက်ရသည်။ သူက တစ်ခုခုမှားယွင်းသလိုခံစားရသော်လည်း အကျိုးသင့်အကြောင်းသင့်ပြန်မချေပတတ်ချေ။ သူ၏ပါးကလေးကပို၍ဖောင်းလာကာ အလေးအနက်တွေးနေမိ၏။ ထို့နောက် မချင့်မရဲဖြင့်သဘောတူလိုက်လေသည်။ 

“ကောင်းပြီလေ...ဒါဆို ကိုကြီးကပါပါးနဲ့အိပ်ပေးလိုက်ပါ...ပုပုတစ်ယောက်ထဲအိပ်လိုက်မယ်...” 

ထိုသို့ပြောပြီးသည်နှင့် ပုပု မပျော်မရွှင်ဖြစ်လာခဲ့သည်။ သူက ဟွန့်ကနဲ့အသံပြုကာ စုန့်ရန်အားနောက်ခိုင်းလျှက် ယုန်ရုပ်ကလေးကိုကောက်ယူလိုက်ပြီး ၎င်း၏နားရွက်များကို သူ၏သွားလေးချောင်းဖြင့် တတိတိကိုက်ဝါးနေလေသည်။  

သူစိတ်ကောက်သွားသည်ကိုတွေ့သောအခါ စုန့်ရန်အပြစ်မကင်းသလိုခံစားလိုက်ရပြီး ခေါင်းငုံ့၍သက်ပြင်းခိုးချလိုက်မိ၏။ 

ကိုကြီး စိတ်မကောင်းပါဘူး...

ကိုကြီးက သားနဲ့မအိပ်ချင်တာမဟုတ်ပါဘူးကွာ...ကိုကြီးက...ဒီတိုင်း...တစ်သက်လုံးလူပျိုရည်မပျက်မှာစိုးလို့ပါ... 

မနက်ခင်းတွင် ကျန်းယွီဝင့်က ပုပုနှင့်စုန့်ရန်တို့နှစ်ဦးလုံးကို အကြမ်းဖျဥ်းစစ်ဆေးမှုများပြုလုပ်ပေး၏။ ရလဒ်များမှာ ကျေနပ်ဖွယ်ပင်။ ရေကျောက်နှင့်ပတ်သတ်သည့် ဂရုစိုက်ရမည့်အချက်များကို မှာကြားပြီးသည့်နောက် သူကလင်းဟွေ့နှင့်အတူ ကားမောင်းထွက်သွားလေသည်။ 

သူတို့အပြင်သွားသည့်အခါ မိသားစုက လူရွယ်တစ်ဦး၊ ကလေးတစ်ဦးနှင့် ကြောင်တစ်ကောင်သာကျန်ရှိတော့၏။ 

ပုသို့သို့က အကြောဆန့်လိုက်ကာ နာနတ်လျှော်တိုင်ထံဦးတည်၍ ၎င်း၏လက်သည်းများကိုသွေးနေလေသည်။ ပုပုက ကော်ဖီစားပွဲအနီး၌ထိုင်ကာ ရေနွေးငွေ့ရထားနှင့်ဆော့ကစားနေခဲ့သည်။ သူက ရထားလမ်း၏သစ်သားပြားများပေါ်သို့ အရောင်နုနုကလေးများခြယ်သနေသည့်အခါ သူ၏ပုံစံမှာ ပန်းချီစရာပေါက်စလေးနှင့်ဆင်တူနေ၏။ စုန့်ရန်သည်လည်း အဖျားမှပြန်သက်သာလာပြီဖြစ်၍ အလုပ်စားပွဲသို့သွားကာ သူ၏နေ့စဥ်လုပ်ငန်းဆောင်တာများကို စတင်၍လုပ်ဆောင်နေလေသည်။ 

အရင်ဆုံး သူ၏အဆုံးမဲ့နတ်ဘုရားနှင့် လမ်းခွဲရပေမည်။ 

အဆိုပါထူးဆန်းသောအတွေးက ရုတ်တရက်ပေါ်ပေါက်လာသဖြင့် သူ အံဆွဲကိုဖွင့်ကာ ပုံတူပန်းချီကားကိုထုတ်လိုက်သည်။ သူနှင့်နတ်ဘုရား၏ဆက်ဆံရေးမှာ တစ်ဖက်သတ်စိတ်ကူးယဥ်ခြင်းသာဖြစ်ပြီး အပြင်မှာပင်မသိကျွမ်းကြသော်လည်း ထိုအမျိုးသားအပေါ် ရက်လေးဆယ်ကျော်သဘောကျခဲ့ခြင်းဖြစ်၏။ ထိုအချိန်အတောအတွင်း၌ သူက တနေ့လုံးတစ်ညလုံးနတ်ဘုရားအားသတိရနေကာ၊ မစားနိုင်မသောက်နိုင်ပင်ဖြစ်ခဲ့ရပြီး သူတို့၏ပထမဆုံးဆုံတွေ့ပုံအား ပြန်လည်စဥ်းစားမိတိုင်း ရင်ခုန်သံမြန်ဆန်လာခဲ့ရသည်။ လူကြီးမင်းဟယ်အတွက်မဟုတ်လျှင်ပင် တစ်ဖတ်သတ်အချစ်ကိုအဆုံးသတ်ရန် သူ့မှာတာဝန်ရှိလေသည်။ 

စုန့်ရန်က အလုပ်စားပွဲကိုသန့်ရှင်းလိုက်ကာ နတ်ဘုရား၏ပုံတူပန်းချီကို ဘောင်အတွင်းမှထုတ်ယူ၍ စားပွဲပေါ်တင်လိုက်၏။

ဒီအမျိုးသားက...အရမ်းကြည့်ကောင်းတာပဲ...

စုန့်ရန်က လက်ကိုဆန့်လိုက်ကာ စက္ကူပေါ်ရှိ နတ်ဘုရား၏ဆံနွယ်များကို တို့ထိလိုက်ရင်း နူးညံ့စွာဆို၏။

 “ခင်ဗျားကြောင့် ကျွန်တော့်ရဲ့လက်ရှိချစ်သူနဲ့တွေ့နိုင်ခဲ့တာပါ...သူကဒီမှာပဲနေတာလေ...ပြီးတော့ အရမ်း အရမ်းကိုကောင်းမွန်တဲ့လူတစ်ယောက်ပါ...သူ့မှာ လိမ္မာတဲ့ကလေးလေးတစ်ယောက်လည်းရှိတယ်...လမ်းခွဲရအောင်...” 

သူ၏နတ်ဘုရားက တိတ်ဆိတ်မြဲဖြစ်သော်ငြား နူးညံ့စွာပြုံးပြလျှက်ရှိလေသည်။ 

“ဝေးကွာပြီးတဲ့နောက်ပိုင်းမှာ ခင်ဗျားရဲ့နေ့ရက်တိုင်းက ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေပြီးတော့ ခင်ဗျားမိသားစုက ကလေးလေးကလည်း ကျွန်တော်တို့ရဲ့ပုပုလိုမျိုး ပျော်ရွှင်နေဖို့ဆုတောင်းပေးပါတယ်...” 

စုန့်ရန် နှုတ်ဆက်စကားဆိုပြီးသည့်နောက် ပုံကြမ်းပန်းချီကိုကိုင်ကာ အတန်ကြာငေးကြည့်နေမိသည်။ သူက နောက်ထပ်လုပ်ရမည့်ကိစ္စကို ဆက်မလုပ်နိုင်ဖြစ်နေခဲ့၏။ ယခု အဆိုပါပုံကြမ်းအား ဘောလုံးတစ်လုံးကဲ့သို့လုံးချေကာ ပစ်ထုတ်လိုက်သင့်ပြီဖြစ်သော်လည်း စုန့်ရန် ထိုသို့မလုပ်ရက်ချေ။  

သူ ဘာလုပ်သင့်လဲ...

လူကြီးမင်းဟယ်သာ ဒါကိုသူဆက်သိမ်းထားမှန်းသိသွားရင် စိတ်ဆိုးမယ်ထင်တယ်... 

သူက နှစ်မိနစ်လောက်တွေဝေနေကာ စက္ကူအား လုံးချေရန်တိုက်တွန်းနေသည့်စိတ်အစဥ်ကို ခေါင်းမာမာနှင့်ငြင်းဆန်လျှက်ရှိ၏။ အဆုံးသတ်၌ သူ ထိုအကြံကိုလက်လျှော့လိုက်လေသည်။ ခဲတံကိုထုတ်ယူ၍ မျက်နှာသွင်ပြင်မပါသောပုံကြမ်းတစ်ခု ထပ်မံရေးခြစ်ကာ 'ဟယ်' ဟူသည့်စာလုံးကိုရေးလိုက်၏။ 

၎င်းမှာ သူ၏လူကြီးမင်းဟယ်ဖြစ်သည်။ 

ထို့နောက် သူက ‘အရင်လူ’ ဟူသည့်စာလုံးကို နတ်ဘုရားဘေး၌ ရေးလိုက်ကာ၊ လူကြီးမင်းဟယ်၏ပုံကြမ်းဘေး၌ ‘လက်ရှိချစ်သူ’ ဟူ၍ရေးလိုက်လေသည်။ ထို့နောက် လူကြီးမင်းဟယ်၏ပုံကြမ်းပတ်လည်တွင် အသည်းပုံအကြီးကြီးတစ်ခုကို ရစ်ပတ်ရေးဆွဲလိုက်သည်။

ဒီတိုင်းဆိုရင် မတော်တဆမိသွားခဲ့ရင်တောင် ရှာလကာရည်အိုးကြီးမှောက်မကျနိုင်ဘူးမဟုတ်လား... 

ဒါပေါ့...သူ ဒါကိုလူကြီးမင်းဟယ်မတွေ့အောင် ကောင်းကောင်းဖွက်ထားမှာပေါ့...

စုန့်ရန်က နတ်ဘုရား၏ပုံတူကို ပုံဆွဲစာအုပ်အလွတ်ထဲညှပ်ထည့်၍ ၎င်း၏အပေါ်တွင် အခြားပုံဆွဲစာအုပ်များစွာကို စနစ်တကျစီရီလိုက်မည်။ ထို့နောက် စုတ်တံဘူးကိုအပေါ်ကထပ်တင်လိုက်မည်ဟုကြံစည်လိုက်သည်။ လူကြီးမင်းဟယ်က သူ၏ပစ္စည်းများကိုစပ်စပ်စုစုလုပ်မှာမဟုတ်သော်လည်း ပုံတူကိုမမြင်အောင် အသေအချာဖွက်ထားရပေမည်။

ပြည့်စုံသွားပြီ...

ဒီလိုဆို မတော်တဆတွေ့စရာအကြောင်းတောင်မရှိတော့ဘူး...

စုန့်ရန် သူ၏အစီအစဥ်အတိုင်း ပစ္စည်းများကိုစီရီတော့မည့်အချိန်၌ ပြိုလဲသံအချို့က ဝရန်တာမှထွက်ပေါ်လာလေသည်။  

သူအမြန်လှည့်ကြည့်လိုက်သည့်အခါ အပင်စင်တွင်ဝပ်နေသည့် ပုသို့သို့ကိုတွေ့လိုက်ရသည်။ ၎င်း၏ရှေ့လက်ဖဝါးများက ရှေ့သို့ဆန့်ထုတ်လျှက်ရှိပြီး အောက်ကိုငုံ့ကြည့်နေလေသည်။ အပင်စင်၏အစွန်းဘက်၌ရှိသော ရေကန်အတွင်းတွင်ကြီးပြင်းနေသည့် မြှားပုံသဏ္ဍာန်အရွက်များနှင့်နွယ်ပင်ကို မည်သည့်နေရာတွင်မှမတွေ့ရတော့ချေ။ ဖန်စများနှင့်ငါးပေါက်ကလေးများက မြေပြင်ပေါ်တွင်ပျံ့ကျဲနေသော နွယ်ပင်များကြားတွင် ဟိုတစ်စုဒီတစ်စုရှိနေလေသည်။ 

“ပု...သို့....သို့...”

စုန့်ရန်က ဒေါသပေါက်ကွဲလျှက် ပုံဆွဲစက္ကူအားစားပွဲပေါ်ချကာ လေကဲ့သို့လျှင်မြန်သောအဟုန်ဖြင့် ဝရန်တာသို့ရောက်ရှိသွားခဲ့သည်။ 

ပုသို့သို့က အလိုလိုက်ယုယခံရသောကြောင်တစ်ကောင်ဖြစ်ရာ မည်သည့်အခါမှအပြစ်ရှိဟန်မပြခဲ့ဖူးချေ။ ၎င်းက ရှိန်စရာရန်သူနှင့်ရင်ဆိုင်ရသည့်အခါ၌ပင် တည်ငြိမ်စွာဖြင့် ငါးကိုဖမ်းရန်ကြိုးစားရာမှရေစိုသွားခဲ့သည့် ရှေ့လက်ဖဝါးကိုလျှာနှင့်ယက်နေ၏။ ၎င်းက ဖန်စများကိုလှည်းကျင်းကာ ငါးအသေနှင့်နွယ်ပင်အပိုင်းအစများကို အမှိုက်ပုံးအတွင်းထည့်၍ ရေစိုနေသည့်ကြမ်းပြင်အား ဖော့တုံးဖြင့်ပွတ်တိုက်နေသော စုန့်ရန်ကိုလည်းလှမ်းကြည့်လိုက်သေးသည်။  

“ညှောင်...”

၎င်းက အပြုအမူကောင်းတစ်ခုလုပ်ခဲ့၍ ချီးကျူးခံထိုက်သည့်နှယ် ပြုမူနေလေသည်။

“နွယ်ပင်က ငါအကြာကြီးပြုစုထားရတာ...နောက်ပြီး ငါးကိုရောပဲ...မင်းမှာဒီလောက်ကလေးတောင်အသိစိတ်မရှိဘူးလား...” 

စုန့်ရန်က အဝတ်လှန်းစင်၏တုတ်ကိုယူကာ ရိုက်ဟန်ပြင်လိုက်၏။ သို့သော် ပုသို့သို့ကထူးမခြားနားပင်။ ၎င်းက အမြှီးကိုဘယ်ညာယမ်းလျှက် နွယ်ပင်ကိုကွေ့ရှောင်ကာ နူးညံ့သောကြောင်ခြေရာများချန်ထားခဲ့ပြီးနောက် အဝေးသို့ထွက်သွားတော့သည်။  

“…”

စုန့်ရန်က ပုသို့သို့ အမြှီးလေးနှန့်၍ထွက်သွားသည်ကို ငြူစူစွာကြည့်ရင်း အဝတ်လှန်းစင်မှတုတ်အားမြေပေါ်ပြန်ချလိုက်၏။ ထို့နောက် ဧည့်ခန်းအတွင်းသို့ပြန်လာကာ သူ၏နှောင့်ယှက်ခံလိုက်ရသော ဖုံးကွယ်ခြင်းအစီအစဥ်ကို ပြန်လည်လုပ်ဆောင်ရန်ပြင်လိုက်သည်။ သို့သော် သူအခန်းတွင်းသို့ဝင်လိုက်သည်နှင့် ထိတ်လန့်စရာမြင်ကွင်းတစ်ခုအားတွေ့လိုက်ရလေသည်။  

—ပုပုက အလုပ်စားပွဲနားတွင် ခြေဖျားထောက်၍ရပ်နေကာ ပုံဆွဲစက္ကူအားယူ၍ကြည့်နေ၏။ စုန့်ရန်ဆွဲထားသော နတ်ဘုရား၏ပုံကြမ်းကိုမြင်ချိန်၌ အနည်းငယ်အံ့သြသွားဟန်ဖြင့် မျက်ဝန်းကလေးများကဝိုင်းစက်လာခဲ့သည်။ ထို့နောက်တွင်မူ ရှင်းပြ၍မရအောင်စိတ်လှုပ်ရှားသောအမူအရာက သူ၏မျက်နှာပိစိကလေးထက် ပေါ်ပေါက်လာခဲ့လေသည်။ 

စုန့်ရန်က သူတော့အဆုံးသတ်ပြီဟုတွေးလိုက်မိသည်။ 

—လူကြီးများမမြင်ခင် ကလေးကအရင်တွေ့သွားခြင်းဖြစ်လေသည်။ အနာဂတ်၌ လူကြီးမင်းဟယ်နှင့်ဓာတ်လှေကားအတူစီးကြစဥ် သူ၏infiniti နတ်ဘုရားနှင့်ဆုံကြသည်ဆိုပါစို့။ ပုပုသာ လူကြီးမင်းဟယ်ရှေ့၌ တစ်စုံတစ်ခုထပြောလိုက်ပါက သူဘယ်လိုပဲပုံကြမ်းကိုဖွက်ပါစေ၊ အချည်းနှီးသာဖြစ်သွားမှာဖြစ်၏။ သူက ၎င်းအခြေအနေအားတွေးပင်မတွေးရဲသဖြင့် ပုံကြမ်းစက္ကူ၏အစွန်းတစ်ဖက်ကိုဆွဲယူလိုက်ရင်း သူ၏နောက်ဆုံးမျှော်လင့်ချက်ကလေးအား ကယ်ဆယ်ရန်ကြိုးစားလိုက်လေသည်။ 

သို့သော် ပုပုက သူ၏အားသေးသေးကလေးဖြင့် ပြန်ဆွဲထားလေသည်။ သူက စက္ကူကိုတင်းတင်းဆုပ်ကိုင်လိုက်ကာ လုံးဝလွှတ်ပေးမည့်ပုံမရချေ။ မျက်ဝန်းနက်ကလေးများအား မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ရင်း

“ကိုကြီး...ဒါကိုဆွဲထားတာလား...” , 

ပုံကြမ်းပြဲသွားမှာစိုးသည့်အတွက် စုန့်ရန်ထပ်မလုရဲတော့ချေ။ ထို့ကြောင့် သူကဒီအတိုင်းသာလွှတ်လိုက်နိုင်၏။ 

“ဟုတ်တယ်...ကိုကြီးဆွဲထားတာ...”

“ဝါး...ဒါကအရမ်းမိုက်တာပဲ...အစစ်အတိုင်းပဲ...”, 

ပုပု အကျယ်ကြီးချီးကျူးလိုက်ကာ သဘောတကျဖြင့်အသိအမှတ်ပြုလိုက်၏။ ထို့နောက် မျှော်လင့်တကြီးတောင်းဆိုတော့သည်။ 

 “ကိုကြီး...သားကိုပေးပါလားဟင်...” 

သူ ပါပါးရဲ့ပုံတူကိုအရမ်းလိုချင်တယ်လေ... 

“ကိုကြီး...ကိုကြီး ပေးလို့မရဘူး...”  

စုန့်ရန်က မဆိုင်းမတွပင်ပယ်ချလိုက်ကာ သူ့နဖူး၌ချွေးပြန်လာခဲ့၏။ 

ဘိုးဘေးလေးရယ်...မင်း ငါ့ရဲ့နတ်ဘုရားကိုတောင်မသိဘူးလေ...ဘာလို့သူ့ပုံတူကိုလိုချင်နေရတာလဲ...ဒီတိုင်းအပျော်သက်သက်လား...အကယ်၍ ငါမင်းကိုဒီပုံပေးလိုက်ရင် အနာဂတ်မှာ ဘယ်အချိန်ဗုံးထပေါက်မလဲစိုးရိမ်နေရမှာပေါ့... 

စုန့်ရန် ဟယ်ကျစ်ယွမ်၏ရှာလကာရည်အိုးကြီးကို အနိုင်ယူဖို့မတတ်နိုင်ချေ။ ထို့ကြောင့် ပုပုအာရုံပျံ့လွင့်နေစဥ် သူကပုံကြမ်းကိုပြန်ယူလိုက်ကာ ပုံဆွဲစာအုပ်ကြားညှပ်လိုက်၏။ ထို့နောက် ပုပုအား ပြန်ယူနိုင်မည့်အခွင့်အရေးလုံးဝမပေးပဲ တင်းတင်းပွေ့ပိုက်ထားလေသည်။

ပုပုက ပုံကြမ်းကိုဆုံးရှုံးလိုက်ရသည့်အတွက် ပုခုံးလေးငိုက်ကျသွားလေသည်။ 

“ဘာလို့လဲ...”

Xxxxxxxxx