အပိုင်း ၅၂
Viewers 9k

Chapter 52

ပုပုက ပုံကြမ်းကိုဆုံးရှုံးလိုက်ရသည့်အတွက် ပုခုံးလေးငိုက်ကျသွားလေသည်။ 

“ဘာလို့လဲ...”

“ဘာလို့လဲဆိုတော့…” စုန့်ရန် ခေတ္တမျှတုံ့ဆိုင်းနေပြီးနောက် ရှင်းပြလာ၏။

 “ဘာလို့ဆို ကိုကြီးက ဒီပုံကိုအရမ်းသဘောကျတာလေ...အဲဲ့ဒါကြောင့် သားကိုမပေးတာပါ...” 

ပုပု၏နှုတ်ခမ်းလေးတင်းသွား၏။ သူက ချွဲနွဲ့ဟန်ဖြင့်မေးလိုက်ပြန်သည်။ 

“ကိုကြီး သူများကိုမပေးဘူးပေါ့နော်...သားကိုတောင်မပေးဘူးလား...” 

ပြီးတော့ အဲ့ဒါသားဖေဖေလေ... 

စုန့်ရန်က ကလေးငယ်၏ ထူးဆန်းပြီးခေါင်းမာသောအမူအရာကိုကြည့်ကာ ရုတ်တရက်ဘယ်လို့ပြန်ပြောရမှန်းမသိတော့ချေ။  

 “ပုပု...ကိုကြီးကမပေးချင်တာမဟုတ်ပါဘူး...သားရဲ့ပါပါးဒါကိုတွေ့မှာစိုးလို့ပါ...ကိုကြီး သားကိုပေးလိုက်ရင် သားကဒီပုံကိုအခန်းထဲထည့်ထားမှာမဟုတ်လား...မကြာခင် သားရဲ့ပါပါးရှာတွေ့သွားလိမ့်မယ်လေ...အဲ့လိုဆို ကိုကြီးပြသနာတက်မှာ...” 

“ဘာလို့ ပါပါးကဒါကိုတွေ့လို့မရတာလဲ...” ပုပုက နားမလည်နိုင်ဖြစ်နေ၏။

“ကိုကြီးတို့နှစ်ယောက်က...အိုး...” 

သူ၏ဦးနှောက်ပိစိကလေးက အကြိမ်အနည်းငယ်လည်ပတ်ပြီးသည့်နောက် အဓိကအချက်ကိုဖမ်းဆုပ်လိုက်မိဟန်တူ၏။ ပုပုက ခေါင်းလေးတညှိတ်ညှိတ်ဖြင့်ရယ်မောလျှက် စုန့်ရန်ကိုလက်ညှိုးထိုးကာပြောလိုက်သည်။ 

“ကိုကြီးက ရှက်နေတာပဲ...” 

ကိုကြီးက ပါပါးရဲ့ပုံကိုတိတ်တိတ်လေးခိုးဆွဲပြီး ဘယ်သူမှမသိအောင်ဖွက်ထားပေမယ့် အရမ်းတော်တဲ့ပုပုလေးဆီမှာမိသွားတာပေါ့...အိုး ရှက်စရာပဲ... 

ဒီလိုပဲဖြစ်ရမယ်...

ကလေး၏ရေရွတ်သံကြောင့် စုန့်ရန် သူ့နဖူးသူပြန်ရိုက်လိုက်မိသည်။ 

 “မဟုတ်တာ...ကိုကြီးကဘာလို့ရှက်ရမှာလဲ...”

သူက အပြစ်မကင်းသလိုခံစားနေရခြင်းသာဖြစ်သည်။ 

စုန့်ရန်က ဖျန်ဖြေသည့်အပြုအမူကိုဆောင်ကာ ဆောင့်ကြောင့်လေးထိုင်လျှက် ပုပု၏လက်ဖောင်းဖောင်းလေးအား ဆုပ်ကိုင်လိုက်သည်။ သူ၏မျက်ဝန်းများက အပြုံးကြောင့်ကွေးညွှတ်သွားခဲ့၏။ 

 “ပုပု...ကိုကြီးနဲ့ပုပု အပေးအယူလုပ်ကြမယ်လေ...ပါပါးကိုဒီအကြောင်းပြန်မပြောဘူးဆိုရင် ကိုကြီးက ပုပုကိုနေ့တိုင်းပုံပြင်တစ်ပုဒ်ထပ်ပြောပြမယ်...ဘယ်လိုလဲ...”

လာဘ်ပေးလာဘ်ယူအား စိတ်မလှုပ်ရှားသောပုပုက အဆုံးထိခေါင်းမာလျှက်ရှိလေသည်။ 

“မရဘူး...”

“အဲ့လိုမလုပ်ပါနဲ့...” စုန့်ရန်လေသံပျော့လေးဖြင့် သူ့ကိုချော့မော့လိုက်သည်။ 

“အချစ်လေး...ကိုကြီးကိုကတိပေးပါကွာ...နော်...”

“မရပါဘူး...”

ပုပုက တစ်ဖက်သို့မျက်နှာလေးလှည့်ကာ မေးဖျားကိုပို၍မြင့်မြင့်မော့လိုက်သည်။ သူက ခေါင်းလေးကိုဟိုဘက်ဒီဘက်စောင်းကြည့်လိုက်ရင်း စုန့်ရန်၏လက်တွင်းမှရုန်းထွက်လိုက်၏။ ထို့နောက် တခစ်ခစ်ရယ်မောရင်း ဆီဆေးပေနေသည့်ခြေထောက်တိုတိုကလေးများဖြင့် ဧည့်ခန်းထဲသို့ပြေးဝင်သွားတော့သည်။  

 “ကိုကြီးမျက်နှာရဲနေတယ်...ကိုကြီးရှက်နေပါတယ်ကွယ်...အိုး...သူအရမ်းကိုရှက်နေတာပဲ...” 

စုန့်ရန်က သူခုန်ဆွခုန်ဆွပြေးသွားသည်ကိုသာ ဒီအတိုင်းကြည့်နေရလေသည်။ သူ၏ချစ်စရာကောင်းအောင်ပြုမူသည့်မှော်ပညာမှာ အလိုလိုက်ခံထားရသော ကလေးတစ်ဦးအပေါ်တွင် သက်ရောက်မှုမရှိသည်ကို မကျေမနပ်ဖြစ်လျှက်ရှိသည်။  

ထို့နောက် ကုလားထိုင်ပေါ်ပြန်ထိုင်လိုက်ကာ ပုံဆွဲစာအုပ်ကိုဖွင့်လျှက် နတ်ဘုရား၏ပုံကြမ်းအား လက်ပေါ်မေးတင်၍ကြည့်လိုက်မိသည်။ သူက လူပုံအလယ်၌ ကိုယ်ပြောင်ဖြင့်ဓာတ်ပုံရိုက်ခံလိုက်ရသလို ခံစားလိုက်ရ၏။  

ခုဘယ်လိုလုပ်ရပါ့မလဲ...လူကြီးမင်းဟယ်ကို ထပ်ပြီးဝန်ခံလိုက်ရမလား... 

ဒါကအရမ်းတုံးရာကျတယ်လေ...

ပုပု၏ဗုံးခွဲခြင်းမှကာကွယ်ရန် စုန့်ရန် စောင့်ကြည့်ခြင်းအစီအစဥ်ကို စတင်လုပ်ဆောင်ရတော့မှာဖြစ်သည်။ ယနေ့ည ပုပုနှင့်လူကြီးမင်းဟယ်တို့ဖုန်းပြောကြသည့်အခါ သူ သူတို့အနားမှတစ်လက်မပင်ခွာ၍မဖြစ်ချေ။ မူမမှန်သောတစ်စုံတစ်ခုအားရှာဖွေတွေ့ရှိသည်နှင့် သူက ပုပု၏နှုတ်ခမ်းလုံးလုံးလေးအား သနားညှာတာမှုမရှိ ချက်ချင်းဖုံးအုပ်လိုက်မှာဖြစ်သည်။ 

အဆိုပါအစီအစဥ်က မဆိုးလှသော်လည်း သူကမှားယွင်းတွက်ချက်မိခဲ့၏။ 

—ပုပုက ညအထိစောင့်ဆိုင်းရအောင် စိတ်မရှည်ချေ။ 

ဤသို့ဖြင့် နေ့မွန်းတည့်ချိန်၌ စုန့်ရန်နေ့လည်ခင်းတရေးတမောအိပ်နေစဥ် ပုပုက ဗုံးကိုစတင်မီးညှိလိုက်တော့သည်။ 

လူရမ်းကားလေးက ဘယ်ညာတစ်ချက်ရှိုးလိုက်ကာ စုန့်ရန်အိပ်မောကျသွားသည်အထိစောင့်ပြီးနောက် အိပ်ရာပေါ်မှလိမ့်ဆင်းလိုက်၏။ သူက ခြေဖျားထောက်လျှက် အလုပ်စားပွဲထံသွားကာ ပထမအံဆွဲထဲမှပုံဆွဲစာအုပ်ကိုယူလိုက်သည်။ ထို့နောက် ၎င်းကိုရတနာသဖွယ်ပိုက်၍ 8012A ၏အိမ်တံခါးကိုတွန်းဖွင့်ကာ စင်္ကြလမ်းကိုဖြတ်လျှက် သူ၏အိမ်အတွင်းသို့တိတ်တိတ်လေးဝင်သွားခဲ့လေသည်။  

ဆယ်မိနစ်အကြာ၌ သော့ပိတ်မထားသောတံခါးက တွန်းပွင့်လာကာ ပုပုပြန်ဝင်လာခဲ့၏။ သူ၏မျက်ဝန်းနက်ကလေးများက စိတ်လှုပ်ရှားမှုများဖြင့် လက်ဖြာလျှက်ရှိလေသည်။  

သူခိုးကလေး၏လှုပ်ရှားမှုများမှာ အပြစ်ဆိုဖွယ်မရှိစင်းလုံးချော၍နေလေသည်။ သူက ပုံဆွဲစာအုပ်ကို မူလရှိခဲ့သောနေရာသို့ ပုံစံမပျက်ပြန်ထားလိုက်ပြီးနောက် အိပ်ခန်းအတွင်းတိတ်တိတ်လေးပြန်ဝင်လိုက်သည်။ ထို့နောက် အိပ်ရာပေါ်တွားတက်၍ စောင်ခြုံအောက်သို့ပြန်တိုးဝင်လိုက်ကာ တစ်လျှောက်လုံးအိပ်ပျော်နေခဲ့သလိုပင် လှဲအိပ်လိုက်လေသည်။  

စုန့်ရန်က သူ့အနားရှိလှုပ်ရှားမှုကလေးများအား လုံးဝသတိမပြုမိခဲ့။ သူက အိပ်ရင်းနှင့်ယောင်နေကာ ပျင်းရိစွာလူးလိမ့်လျှက် ဘောင်းဘီခွကြားကိုတစ်ချက်တစ်ချက်လှမ်းကုတ်လျှက်ရှိလေသည်။ 

တစ်ချိန်ထဲမှာပင် ဟယ်ကျစ်ယွမ်၏ကိုယ်ပိုင်မေးလ်သို့ အီးမေးလ်တစ်စောင်ရောက်လာသည်။  

ပစိဖိတ်အချိန်အရ ည၁၀ နာရီရှိပြီဖြစ်သည်။ ဟယ်ကျစ်ယွမ်က အလုပ်မှမပြန်ရသေးပဲ ကုမ္မဏီအနီးရှိ Hammer Theatre တွင်သာရှိနေသေး၏။ ကုမ္မဏီက သူတို့၏သတ္တမမြောက်ထုတ်ကုန်အား ပြသရန်စီစဥ်နေခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးခန်းမက တစ်ဝက်လောက်ပြင်ဆင်ပြီးပြီဖြစ်ကာ ကဏ္ဍပေါင်းစုံမှလူများရောက်ရှိနေပြီး သူတို့၏အသံများဖြင့် ဆူညံလျှက်ရှိသည်။ လျှပ်စစ်ဝိုင်ယာကြိုးများက မြေပြင်ပေါ်တွင်ရှုပ်ထွေးနေကာ မည်သည့်အရာမှ လက်စမသတ်ရသေးချေ။  

ကားလ်ခရောက်စ်ကဲ့သို့ တီရှပ်နှင့်ခြေညှပ်ဖိနပ်များကို နှစ်ထောင်ပေါင်းများစွာဝတ်ဆင်လာခဲ့သူပင် သူ၏သက်တောင့်သက်သာရှိသောဝတ်စုံအစား သပ်ရပ်သည့်အနောက်တိုင်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထား၏။ သူက အဓိကစင်မြင့်ပေါ်တွင် မိန့်ခွန်းအစမ်းပြောကြည့်ပြီးနောက် ကုမ္မဏီ၏ SVP အဖွဲ့ဝင်များနှင့် အသေးစိတ်အချက်အလက်များကို အတည်ပြုလျှက်ရှိသည်။  

ကားလ်၏မိန့်ခွန်းဆုံးသည်နှင့် ဟယ်ကျစ်ယွမ်သည်လည်း မိန့်ခွန်းပြောရမှာဖြစ်လေသည်။  

သူက ကုမ္မဏီ၏နည်းပညာပိုင်းဆိုင်ရာတွဲဖက်သာဖြစ်သော်လည်း မိန့်ခွန်းပြောရခြင်းတွင် အခက်အခဲမရှိချေ။ အဆုံးသတ်တွင် ဟယ်ကျစ်ယွမ်၌ ရှယ်ယာရှင်သုံးလေးဦးမှအစ လူထောင်ပေါင်များစွာကိုပင် ဟောပြောခဲ့ဖူးသည့်အတွေ့အကြုံရှိလေသည်။ မနှေးလွန်းမမြန်လွန်းသည့်အပြောအဆိုတို့နှင့် အဓိကအချက်အားထိမိစွာရှင်းလင်းနိုင်ခြင်းတို့အား သူ၏ကြည့်ကောင်းသောအသွင်အပြင်နှင့် တွဲစပ်လိုက်သည့်အခါ အပြစ်ဆိုဖွယ်မရှိသည့် မိန့်ခွန်းတစ်ပုဒ်ဖြစ်သွားခဲ့လေသည်။  

သူက အမေရိကန်ဟာသများကိုလည်း ထည့်သွင်းပြောဆိုနိုင်လေရာ မိန့်ခွန်းပြောနေစဥ်တစ်လျှောက်လုံး သက်ဝင်လှုပ်ရှားသည့်အခြေအနေကိုပင်ဖန်တီးနေခဲ့၏။ 

သူစင်မြင့်ပေါ်မှစင်းသည့်အခါ ကားလ်က လက်မနှစ်ဖက်ထောင်ပြသည်။  

ဟယ်ကျစ်ယွမ်ကပြုံးလျှက် သူ၏ထိုင်ခုံတွင်ပြန်ထိုင်လိုက်၏။ ထို့နောက် ဘလက်ခ်ကော်ဖီတစ်ငုံသောက်၍ လန်းဆန်းအောင်ပြုလုပ်လိုက်သည်။ မေးလ်စစ်ရန်အတွက် လက်ပ်တော့ကိုဖွင့်လိုက်သည့်အခါ မီနူးဘားပေါ်ရှိစာပုံး၌ စာတစ်စောင်ဝင်နေသည်ကို တွေ့လိုက်ရသည်။

၎င်းက ရှောင်ကျူထံမှအီးမေးလ်ဖြစ်ပြီး အကြောင်းအရာမှာ '—သူ၏မိသားစုဝင်လေးက ၅၂စက္ကန့်ကြာမြင့်သောဗီဒီယိုအား ပေးပို့ထားခြင်း' ဖြစ်လေသည်။  

ရှောင်ကျူ၏အချက်အလက်ထဲတွင် 8012B ဆောင်၌ မိသားစုဝင်နှစ်ဦးသာရှိရာ သူ၏မိသားစုဝင်က ပုပုမှလွဲ၍အခြားမဖြစ်နိုင်ချေ။ 

ပုပုက စင်္ကြဟိုဘက်ကအိမ်မှာကောင်းကောင်းနေနေတာမဟုတ်လား...ဘာလို့ရုတ်တရက်ဗီဒီယိုပို့လာတာပါလိမ့်...  

ဟယ်ကျစ်ယွမ်က user interface (စက်ပစ္စည်းများလူနှင့်ထိတွေ့ရသည့်အပိုင်း) ကိုကြည့်ကာ Cloud ထဲတွင်သိမ်းဆည်းထားသည့် video ကိုဖွင့်လိုက်သည်။ 

“ပါပါး...သားကိုမြင်ရလား...”

ပုပုက ကင်မရာအလယ်တည့်တည့်၌ပေါ်လာကာ မျက်နှာနီနီကလေးဖြင့် လက်ဝေ့ယမ်းပြလျှက်ရှိသည်။ သူ့ကိုကြည့်ရသည်မှာ သုံးခုလောက်စိုးရိမ်နေပြီး ခုနစ်ခုလောက်စိတ်လှုပ်ရှားနေပုံရ၏။ သူက ပုံဆွဲစက္ကူတစ်ရွက်ကို ဆုရသောမုန့်ကြွပ်အကြီးကြီးကဲ့သို့ကိုင်ထားပြီး ဟယ်ကျစ်ယွမ်အတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အံ့သြစရာတစ်ခုခုကို ပေးတော့မည့်ဟန်ရှိနေ၏။

“ပါပါး...သားမှာလေ...သားမှာလျှို့ဝှက်ချက်တစ်ခုပြောပြစရာရှိတယ်...”

ပုပုက စိတ်လှုပ်ရှားစွာပြောသည်။ .

“ပါပါး ဒါကိုသိတာနဲ့သေချာပေါက်အရမ်းပျော်သွားမှာ...” 

ဒီစကားထစ်လေးကတော့...သူဘယ်လိုလုပ်ပြီးစုန့်ရန်နဲ့ပိုပိုတူလာရတာလဲ...

ဟယ်ကျစ်ယွမ် ချောင်းဟန့်လိုက်သည်။

ပုပုက သူ၏ရင်ဘတ်ကလေးကိုအသာပုတ်ကာ စိတ်ကိုပြင်ဆင်နေပုံရ၏။ ထို့နောက် ပုံဆွဲစာရွက်အား ရွှပ်ကနဲ့အသံနှင့်အတူ ကင်မရာဘက်လှည့်လိုက်သည်။ သူက အရင်ဆုံးကင်မရာကိုလက်ဖြင့်အုပ်လိုက်ပြီး မျက်လှည့်ပြတော့မည်ကဲ့သို့ လျို့ဝှက်စွာပြောလာ၏။ 

 “ပါပါး...ဒါက ကိုကြီးစုန့်ရန်ဆွဲထားတဲ့ပုံလေ...ဒီတော့ သေချာကြည့်နော်...မျက်တောင်ခတ်လို့တောင်မရဘူးနော်...အခု...သားဒါကိုပြန်လှန်လိုက်တော့မယ်...” 

ဟယ်ကျစ်ယွမ်က အဆိုပါထူးဆန်းသောကလေးလေးထံမှ ထူးဆန်းသောအရာတစ်ခုကိုတွေ့ရမည်အား မယုံကြည်ဟန်ဖြင့် စာရွက်ကိုငေးကြည့်နေ၏။ 

သို့သော် သုံးစက္ကန့်အကြာတွင် သူ့မျက်နှာပေါ်ရှိတည်ငြိမ်သောအမူအရာက ကွယ်ပျောက်သွားခဲ့သည်။  

ဟယ်ကျစ်ယွမ်၏မျက်ဝန်းအိမ်များ ကျယ်ဝန်းလာကာ သူက နောက်မှီနေရာမှထထိုင်လိုက်ရင်း spacebar ကိုနှိပ်ကာ ဗီဒီယိုအားရပ်လိုက်၏။ သူ့အကြည့်က ပုံဆွဲစက္ကူပေါ်ရှိပုံတူပေါ် မြဲမြံစွာကျရောက်၍နေခဲ့သည်။ သူက ပုပု၏လက်ထဲမှပုံတူကိုပင် ဆွဲယူချင်နေခဲ့၏။  

စုန့်ရန်ပုံတူဆွဲခဲ့သည့်လူအား သူသေချာသိလေသည်။ 

၎င်းမှာ သူကိုယ်တိုင်၏ပုံတူသာဖြစ်၏။ 

ခဏမျှအေးခဲသွားကာ မည်သို့ယူဆရမည်မှန်းမသိပဲဖြစ်သွားခဲ့လေသည်။ 

ပုံတူအပြင် အသော့ရေးထားသည့်စာလုံးအချ်ို့လည်းရှိသေး၏။ 

အရင်လူ၊ လက်ရှိလူ၊ 'ဟယ်' ဟူသည့်စာလုံးနှင့် အသဲပုံအကြီးကြီး...။ 

ဟယ်ကျစ်ယွမ် ပုံနှင့်စာများ၏ဆိုလိုရင်းကို တဖြေးဖြေးနားလည်လာသည့်အခါ ပြင်းထန်သောပျော်ရွှင်မှုက ဆယ်မီတာကျော်မြင့်မားသည့် ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ သူ့နှလုံးသားကို ပြင်းထန်စွာလာရောက်တိုက်ခတ်လေတော့သည်။  

စုန့်ရန်တစ်ခါကပြောဖူးသည်ကို သူအမှတ်ရလိုက်၏။ 

ကျွန်တော် တစ်ယောက်ယောက်ကိုတွေ့ချင်လို့ ဒီကိုပြောင်းလာခဲ့တာ... 

သူက ၁.၈၆ မီတာဝန်းကျင်အရပ်နဲ့... 

အရမ်းကြည့်ကောင်းတဲ့ အသွင်အပြင်ရှိတယ်လေ...

သူ ပြုံးလိုက်ရင်အရမ်းကြည့်ကောင်းတာပဲ...

သူ့မှာ ချစ်ဖို့ကောင်းတဲ့ကလေးလေးလည်းရှိတယ်...


ဟယ်ကျစ်ယွမ် နောက်သို့ပြန်မှီလိုက်၏။ တစ်နေကုန်အလုပ်ရှုပ်နေခဲ့သော သူ၏ခန္ဓာကိုယ်မှာ ထူးဆန်းစွာပင် သက်တောင့်သက်သာရှိနေလေသည်။  

၎င်းမှာ ဖော်ပြရခက်ခဲသော စိတ်သက်သာရာရမှုနှင့် ရောင့်ရဲကျေနပ်ခြင်းဖြစ်၏။

သူက ခေါင်းကိုငုံ့ကာ သူ့လက်ခုံကိုကြည့်လိုက်သည်။ နူးညံ့သောအပြုံးက သူ၏နှုတ်ခမ်းထောင့်စွန်းများ၌ ထွက်ပေါ်လာခဲ့ကာ မျက်ဝန်းများအတွင်းထိ ကူးစက်၍သွားခဲ့လေသည်။ ခဏအကြာ၌ သူကညှင်သာစွာသက်ပြင်းချလျှက် အကူအညီမဲ့ဟန်ပြုံးလိုက်လေသည်။ 

“စုန့်ရန်...မင်းက မင်းရဲ့လက်ကလေးတွေနဲ့ ကိုယ့်ကိုဖမ်းဖို့ကြိုးစားနေတာပဲ...” 

Xxxxxxxx