၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်
အပိုင်း ၁၀
ဝမ်ဖန်းလိ သူများနှင့် အတင်းတုတ်ပြီးနောက် အပြုံးဖြင့် အိမ်ပြန်လာသည်ကို
သူမယောက်ျား ကျောက်ဝေ့ဖင်း မြင်လျင် မေးလိုက်သည်။ "သူများနဲ့ ဘာတွေပြောလာလို့
အာ့လောက်ပျော်နေရတာလဲ"
ဝမ်ဖန်းလိက သူမယောက်ျားကို မပြောပြခင် ဘယ်ညာ လှည့်ကြည့်လိုက်သည်။
အမှန်တော့ ဘယ်ညာပတ်ဝန်းကျင်က်ို ကြည့်နေစရာပင်မလိုချေ။ ညနက်လေပြီဖြစ်ရာ အိမ်နီးချင်းများကလည်း
အကုန်အိပ်ကြပြီဖြစ်သည်။ ထို့အပြင် သူမအိမ်အတွင်းထိတော့ မည်သူမျှ လာရောက်ခိုးနားမထောင်နိုင်ပါ။
သို့သော် သူများအတင်းတုတ်သည့်အခါတိုင်း လူအများသည် အပြစ်ရှိသည်ဟုခံစားရတတ်ကာ ဘေးဘီဝဲယာကြည့်ပြီး
စိတ်ချရသည့်အခါမှ ပြောတတ်လေ့ရှိသည်။
ဝမ်ဖန်းလ်ိ ဘေးဘီ ကြည့်ပြီးနောက် ပြောလိုက်သည်။
"စောနက ဒုတပ်မှုးကျောက်က ကောင်းရှို့လျန်ကို ဒုတပ်ရင်းမှူး
အိမ်ခေါ်သွားတယ်လေ"
ကျောက်ဝေ့ဖင်းသည် အိပ်ရာပေါ်လှဲရင်း ယပ်ခပ်ကာမေးလိုက်သည်။
"သူတို့က ဒုတပ်ရင်းမှူး ကျုံးရှောက်အိမ်ကို ဘာသွားလုပ်တာလဲ"
"ဘာလုပ်ရမှာလဲ သွားတောင်းပန်တာပေါ့"
ကျုံးရှောက်နှင့် ကျောက်ဖုန်း ညနေက အဖြစ်အပျက်ကိုပြောနေကြသည်ကို
မိသားစုအိမ်ရာဝန်းရှိ လူအများမြင်လိုက်လေသည်။ သူတို့ ဘာအကြောင်းပြောနေမှန်းတော့မသိကြပေမယ့်
ဖြစ်ကြောင်းကုန်စင်သိပြီးဖြစ်သည့် ဝမ်ဖန်းလိကတော့ သူတို့ဘာပြောနေမှန်း ခန့်မှန်းမိလေသည်။
ကျောက်ဖုန်း ကောင်းရှို့လျန်ကို ဒုတပ်မှုးအိမ်ခေါ်သွားသည့်အချိန်တွင်လည်း
သူမ အနီးအနားတွင် လမ်းလျှောက်နေခဲ့သည်။ လမ်းလျှောက်နေတာ ထက်သူများနှင့် အတင်းပြောနေသည်ဟုဆိုလျင်
ပိုမှန်ပေမည်။ ထိုအချိန်ခဏလေးအတွင်းတွင် သူမသည်အားလုံးကို သေချာ မြင်လိုက်လေသည်။
ကောင်းရှို့လျန် ခေါင်းငိုက်စိုက်နေသည်ကို ပြန်မြင်ယောင်မိကာ ဝမ်ဖန်းလိ
မရယ်ပဲ မနေနိုင်တော့ချေ။
"ရှင်လဲ သိတယ်မလား ကောင်းရှို့လျန်က အရာရှိဇနီး တွေကြားမှာ
ခေါင်းဆောင်လိုမျိုး ထောင်နေကြလေ။ သူမကို စိတ်အနှောက်အယှက် မပေးမိအောင် ကိုယ့်ကိုယ်ကို
ဂရုစိုက်နေရတာလေ။ အခုတော့ သူမက မီးပူအိုးကိုကန်မိသွားပြီလေ"
ဝမ်ဖန်းလိက ကောင်းရှို့လျန်၏ မကောင်းသတင်းတွေကို ပြောပြနေသော်လည်း
ကျောက်ဝေ့ဖင်းကတော့ သူတို့အမျိုးသမီးတွေ၏ ကိစ္စများကို ဝင်စွက်ဖက်ရန် စိတ်မပါချေ။ ထို့ကြောင့်
သူကြားရသည့်ကိစ္စကို ပြန့်မသွားစေရန် သူ့မိန်းမကိုပြောလိုက်သည်။ "မင်းလည်း ဒီကိစ္စကို
ငါ့ရှေ့မှာပဲ ပြောပြီး ထားလိုက်တော့။ သူများတွေကို လိုက်နှောက်ယှက်ပြီး လျှောက်ပြောနေရင်ပြဿနာ
တက်လိမ့်မယ်"
ဒီအကြောင်းတွေ အတင်းပြောရင် ဘယ်သူတွေ စိတ်အနှောက်အယှက် ဖြစ်မှာမို့လို့လဲ။
ကျောက်ဖုန်းနဲ့ သူ့မိန်းမ ကောင်းရှိုလျန်ပဲ စိတ်ရှုပ်ရမှာလေ။
သူမယောက်ျား ထိုသို့ပြောသည်ကိုကြားရ၍ စိတ်မပျော်မရွှင်ဖြစ်သွားကာ
"ရှင်တို့ နှစ်ယောက်က ရာထူးအဆင့်ချင်းတူတာတောင် လင်းဝေ့ အနိုင်ကျင့်ခံရတဲ့အခါမှာ
သူ့ယောက်ျား ကျုံးရှောက်က သူ့မိန်းမတရားမျှတမှုအတွက်ပြောပေးခဲ့တယ်။ ရှင်ကျတော့ ကျွန်မအိမ်မှာ
စကားလေး နည်းနည်းပြောတာကိုတောင် နားမထောင်ပေးနိုင်ဘူးလားး ငကြောက်" ဟုပြောလိုက်သည်။
ကျောက်ဝေ့ဖင်း သူ့မိန်းမ စကားကြားလိုက်၍ စိတ်တိုသွားသည်။
"ငကြောက်ဆိုတာ ဘာကိုပြောချင်တာလဲ။ ငါမှာ ဦးနှောက်ရှိတယ် ကျုံးရှောက်လိုမျိုး
မဟုတ်ဘူး။ ရုပ်ချောတဲ့သူတွေက လူတွေကို ဘယ်လိုစိတ်အနှောက်အယှက်ပေးရမလဲပဲသိကြတယ်။ ငါတို့အားလုံးက
မိသားစုအိမ်ရာမှာ နေကြတဲ့သူတွေ အချင်းချင်းပဲကို ဘာလို့ကိစ္စတွေကို အကျယ်ချဲ့ချင်နေကြတာလဲ"
ဝမ်ဖန်းလိသည် သူ့ယောက်ျားကို သရော်ပြုံးပြုံးလိုက်ပြီး "ဟုတ်တယ်လေ
သူက ရုပ်ချောရုံတင်မက ၂၄နှစ်နဲ့ ဒုတပ်ရင်းမှူးဖြစ်လာခဲ့တာလေ ရှင့်လိုမျိုး ၂၇ နှစ်ရောက်မှ
ဒုတပ်ရင်းမှူး ဖြစ်လာတာမဟုတ်ဘူး.
ကျောက်ဝေ့ဖင်က စိတ်လျော့လိုက်ပြီး "ငါ မင်းနဲ့ ဖက်ပြိုင်ပြီး
မပြောချင်တော့ဘူး အိပ်တော့ " ဟုပြောကာ မျက်လုံးမှိတ်ရင်း အိပ်သွားတော့သည်။
ကျောက်မိသားစု နောက်ကွယ်တွင် သူတို့အကြောင်း အားမနာတမ်း ပြောနေသော
ဝမ်ဖန်းလိနှင့် ကွဲပြားစွာ လီချင်ကတော့ စိုးရိမ်နေလေသည်။"ကျွန်မ ဒီနေ့ ကျုံးမိသားစုဆီ
မသွားခဲ့သင့်ဘူး"
သူမယောက်ျား ဝမ်ဟွားသည် ဖတ်လက်စ စာအုပ်ကိုပိတ်ကာ ပြောလိုက်သည်။
" သူတို့ချင်းစကားများတာ မင်းနဲ့မှ မဆိုင်တာ ဘာတွေ စိုးရိမ်နေတာလဲ"
ဤကိစ္စက သူမနှင့် မသက်ဆိုင်မှန်းသိသော်လည်း လီချင်းသည် ကောင်းရှို့လျန်၏
လူများကို အရှက်ခွဲတတ်သည့်ပုံစံကို မြင်ဖူးသည်။ ကောင်းရှို့လျန်က မျက်နှာအလွန်ရချင်သည့်
သူမျိုးဖြစ်ကာ လင်းဝေ့က သူမနှင့်စကားများပြီး အရှက်ရစေတာကြောင့် အညိုးထားမည်မှာသေချာသည်။
ထိုအကြောင်းတွေးမိကာ လီချင် သက်ပြင်း ချမိပြန်၏။" ကျွန်မက
ကောင်းရှို့လျန် ကျွန်မကို ကြည့်မရဖြစ်ပြီး ဒုတပ်မှုးကျောက်က ရှင့်ကို အပြစ်ရှာမှာစိုးနေတာ"
ဝမ်ဟွားက သူမ ပြောစကားကို ကြားတဲ့အခါ ရယ်လိုက်ပြီး သူမပြောသည်မှာ
အကျိုးအကြောင်းမဆီလျော်ဟုခံစားမိသည်။ သူ့စာအုပ်ကို အောက်ချလိုက်ပြီး လီချင်ကို သူ့လက်မောင်းထဲ
ထည့်လိုက်ကာ ပြောလိုက်သည်။
"ကတောက်ကဆ ဖြစ်တာက သူတို့နှစ်ယောက်လေ ဘာလို့မင်းကို ကောင်းရှို့လျန်က
ညိုးရမှာတုန်း။ ပြီးတော့ ဒုတပ်မှူးကလည်း သေချာမသိနားမလည်တဲ့သူမျိုးမဟုတ်ပါဘူး။ ကိုယ်လည်း
သူ့လက်အောက်မှာ အတော်ကြာ လုပ်လာတာပဲကို ကိုယ့်မိန်းမရဲ့ စကားအချို့ကြောင့်တော့ မညှိုးလောက်ပါဘူး"
လီချင်းလည်း သူ့ယောက်ျားလက်မောင်းထဲ တိုးဝေ့လိုက်ပြီး "အာ့လိုပဲဖြစ်ပါစေ"
ဟု တိုးညှင်းစွာပြောလိုက်သည်။
"အာ့တာကြောင့် မင်းက ကောင်းရှို့လျန်နဲ့ ရင်းနှီးအောင်နေနေတာလား"
ဟု ရုတ်တရက် ကောက်မေးလိုက်သည်။
ဝမ်ဟွား ခန့်မှန်းတာ မှန်ခဲ့သော်လည်း လီချင်က သူ့ကို မစိုးရိမ်စေချင်၍
ဝန်မခံခဲ့ပါ။ "ကျွန်မ တပ်ထဲမှာလာနေတာ မကြာသေးတော့ သိတဲ့သူလည်းသိပ်မရှိလို့ပါ"
လီချင်က ယခုနှစ်ကုန်ပိုင်းကမှ တပ်ထဲပြောင်းလာခြင်းဖြစ်သည်။
ဝမ်ဟွားသည် စစ်သားတစ်ယောက်ဖြစ်ပြီး လိီချင်းအမျိုးသားဖြစ်သော်လည်း
သူမ ပြောစကားမှ အမှန်ကိုမသိခဲ့ပါ။ သို့သော် နှစ်ဝက်ခန့်ကြာပြီးနောက် သူသည်လည်း ကောင်းရှို့လျန်အပေါ်
အမြင်ကောင်းမရှိပါ။ ထို့ကြောင့် " မင်း ပေါင်းချင်တဲ့သူနဲ့ပေါင်းပါ။ ကိုယ့်ကြောင့်မင်း
အလျော့ပေးပေါင်းစရာမလိုဘူး။ ကိုယ်လည်းကိုယ့်အလုပ်အကြောင်း အကုန်သိပါတယ်"ဟုပြောလိုက်သည်။
လီချင်းလည်း ထိုစကားကြားပြီးနောက်မျက်လုံးမှိတ်ကာ အပြုံးလေးနှင့်
ပြန်ပြောလိုက်သည်။"ဟုတ်ပါပြီ"
ဝမ်ဟွားသည် သူ့မိန်းမ တပ်ထဲနေတာ နှစ်ဝက်ပင်ရှိတော့မည် ဘယ်သူတွေက
ပေါင်းသင်းဆက်ဆံရေးကောင်းလဲမသိသေးသောကြောင့် မေးလိုက်သည်။" ကျုံးရှောက်ရဲ့မိန်းမကရော
ဘယ်လိုရှိလဲ"
"သူမလား"
လီချင်းခဏစဥ်းစားကာပြောလိုက်သည်။"သူမကတော့အဆင်ပြေပါတယ်
ပြီးတော့ သူမမှာ အစွမ်းအစ တွေရှိသလိုပဲ"
"ဒါဆိုအဆင်ပြေသားပဲ ဖြစ်ပြီးခဲ့တာတွေကို သိပ်စဥ်းစားမနေနဲ့။
မင်းကလည်း ဆက်ဆံရေးကောင်းတဲ့သူဆိုတော့ နောက်ပိုင်း မိတ်ဆွေတွေ ဖြစ်လာမှာပါ"
လီချင်က သူမယောက်ျားဆိုလိုတာကို နားလည်သော်လည်း လင်းဝေ့က ကောင်းရှို့လျန်ကို
စိတ်အနှောက်အယှက်ပေးထားရာ ယခုအချိန်တွင် လင်းဝေ့နှင့်အဆက်အဆံလုပ်လျှင် ကောင်းရှို့လျန်သည်
နောက်ပိုင်းတွင် သူမကို မုန်းမှယကို စိုးရိမ်မိသည်။ ထို့ကြောင့် "နောက်ကျရင် သူနဲ့
အဆက်အဆံလုပ်ပါ့မယ်"လို့သာ ပြောလိုက်သည်။
…
ကျောက်မိသားစုနှင့် ဝမ်မိသားစုတို့ လင်းဝေ့ အကြောင်းပြောနေစဥ် သူမကတော့
မှန်တင်ခုံရှေ့ထိုင်နေပြီး ခေါင်းဖီးနေကာ မကြာခင်ဖြစ်တော့မည့် အရာကို တွေးပြီး စိတ်လှုပ်ရှားနေမိသည်။
သူမတို့ လက်ထပ်ထားသည်မှာ လေးနှစ်ခန့်ကြာပြီဆိုသော်လည်း ထိုအပိုင်းတွင်
အတွေ့အကြုံ မရှိသလောက်ဖြစ်နေသည်။
ထိုအကြောင်း ပြောရလျင်လည်း ကျုံးရှောက်မစွမ်းဆောင်နိုင်၍ မဟုတ်ပါ။
ကျုံးရှောက်သည် လေးနှစ်အတွင်း နှစ်ခေါက်သာ ပြန်လာနိုင်သည်။ ပထမအခေါက်က အမွှာနှစ်ယောက်မွေးပြီးအချိန်တွင်
ဖြစ်သည်။ ထိုစဥ်က အိမ်မှာဆယ်ရက်ခန့်လာနေသွားသည်။ ထိုအချိန်တွင် ကျုံးရှောက် ဆန္ဒရှိလျင်ပင်
သူမက မီးတွင်းထဲ ဖြစ်နေသည်။
နောက်တစ်ကြိမ်ကတော့ သူ့အမေ ဆုံးတုန်းဖြစ်သည်။ယခုခတ်တွင် သားသမီးဝတ်လိုက်နာသူတွေမရှိကြတော့သော်လည်း
ကျုံးရှောက်ကတော့ သူ့အမေ၏ နောက်ဆုံးခရီးကို ဝတ္တရားအပြည့်ဆောင်ရွက်ခဲ့သည်။
ဤတစ်ခေါက် ရှီးချန်ပြန်လာသည့်အချိန်တွင် ရက်အနည်းငယ်နေခဲ့သည်။ ပရိဘောဂများနှင့်
တစ်ခြားပစ္စည်းများကို ရောင်းထုတ်ကာ အိမ်ပြောင်းရွေ့ရန်ပြင်ဆင်ရသည်။ လင်းဝေ့အမေသည်လည်း
အလုပ်မရှုပ်စေရန် ကလေးတွေ နှစ်ယောက်ကို သူ့အိမ်ခေါ်သွားခဲ့တာကြောင့် လင်မယားနှစ်ယောက်
အတူအိပ်ခဲ့ရသော်လည်း ဘာမှ မဘာ ခဲ့ ကြပါ။
နောက်ရက်တွေလည်း ထိုကဲ့သို့ပင်။ နောက်ဆုံးညတွင် သူတို့ လင်းဝေ့အမေအိမ်တွင်
အိပ်ခဲ့ကြသည်။ လင်းဝေ့လက်မထပ်ခင်ကနေခဲ့သော အခန်းတွင် မိသားစုလိုက်အိပ်ခဲ့ကြရသည်။
ထို့နောက် သူတို့ရှီးချန်မှ ထွက်ခွာလာကာ ရထားစီးကြ၏။ ယန်ချန်ဆိပ်ကမ်းရှိ
တည်းခိုခန်းတွင် တစ်ညအိပ်ကြသည်။ ထို့နောက် ကုန်တင်သင်္ဘောဖြင့် ခရီးဆက်လာကြကာ ဆန်းလင်ဆိပ်ကမ်းသို့
နောက်တစ်နေ့နေ့လည်မှ ရောက်သည်။ သူတို့လင်မယားနှစ်ယောက်တည်း နေရမည့်အချိန်လည်းမရခဲ့ပေ။
ယခုညတွင်တော့ ကလေးနှစ်ယောက်သည်လည်း တစ်ခြားအိပ်ခန်းတွင်အိပ်ကာ လင်မယားနှစ်ယောက်တည်းရှိနိုင်မည့်
အချိန်ရောက်လာခဲ့၍ တစ်ခုခု လုပ်ရတော့မည်ဖြစ်သည်။
ထိုအကြောင်းတွေးမိကာ လင်းဝေ့ လှုပ်ရှားမှုတွေ နှေးကွေးသွားသည်။
သူမ စိတ်လှုပ်ရှားခြင်းသာမဟုတ် ရှက်လည်းရှက်နေမိသည်။ သူတို့နှစ်ယောက်
လက်ထပ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး ကလေးပင်ရှိပြီဖြစ်ရာ လင်မယားသက်တမ်းကြာပြီဟုပင်
ပြောလို့ရသည်။ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း သူမ ရှက်နေမိဆဲ ဖစ်သည်။
သူမ မသက်မသာဖြစ်နေသည်ကို တွေ့လျှင် ကျုံးရှောက်သည်် သူတို့က လင်နှင့်မယားဖြစ်ကြ၍
အရင်းနှီးဆုံးဆက်နွယ်မှုဖြစ်သွားပြီ ဖြစ်ကြောင်း ရှင်းပြသည်။သို့သော် သူတို့ခွဲနေကာ
တွေ့ရသည့်အချိန်နည်းသည့်အတွက် သာမန်သူငယ်ချင်းအဆင့်ထက် ပိုမရင်းနှီးကြပေ။ အမှန်ပြောရလျင်
လင်းဝေ့တွင် ကျုံးရှောက်ဓါတ်ပုံရှိပြီး ခဏခဏ ကြည့်နေ၍သာ မှတ်မိနေခြင်းဖြစ်သည်။ ပုံသာမရှိလျှင်
ကျုံးရှောက်သွင်ပြင်ကို မှတ်မိနိုင်မည် မဟုတ်ချေ။
သို့သော်လည်း သူတို့သည် လင်မယားများဖြစ်ကြ၍ နေတာကြာလာလျင်တော့ သာမန်သူငယ်ချင်းအဆင့်ထက်
ပိုရင်းနှီးလာနိုင်သည်။ သူတို့ သိပ်မရင်းနှီး၍ ပွေ့ဖက်ခြင်းနဲ့ ရင်းနှီးခြင်းဆိုသည်မှာလည်း
ကိစ္စကြီးတစ်ခုဖြစ်နေ၏။