အပိုင်း ၁၂
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၁၂

 

 

 

 

ထို့ကြောင့် လင်းဝေ့က သူ့ကို ဆေးလိပ်သောက်မသောက်မေးသည့် အချိန်ကတည်းက သူစိတ်ဆုံးဖြတ်ပြီးဖြစ်သည်။ လင်းဝေ့၏ စကားလှလှကို ကြားပြီးသောအခါ ပြောလိုက်သည်။ "ကိုယ် အတတ်နိုင်ဆုံးကြိုးစားဖြတ်ပါ့မယ်"

 

 

လင်းဝေ့ မမျှော်လင့်ထားသည့် စကားကြားရ၍ ပျော်ရွှင်သွားကာ သူမနှုတ်ခမ်းတွင် အပြုံးပေါ်လာ၏။ထို့နောက် " ကောင်းပါပြီ" ဟုပြောလိုက်ပြီး ခေါင်းငုံ့ကာ ကျန်နေသေးသော ပိုက်ဆံကို ရေတွက်လိုက်သည်။

 

 

ကျုံးရှောက်သည် သူမပြုံးသည်ကို ကြည့်နေရင်း သူ့နှလုံးသားထဲ လှုပ်ရှားသွားကာ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

 

 

လင်းဝေ့ အိတ်ထဲရှိ ပိုက်ဆံလိပ်နှင့်ယှဥ်လျင် သံဘူးထဲရှိ ပိုက်ဆံလိပ်မှာ သိပ်မကြီးပေ။ သို့သော် ပိုက်ဆံ လုံးဝမကျန်တာထက်စာလျင် နည်းနည်းရှိသေးသည်က ကောင်းသေး၏။ လင်းဝေ့ ငွေလိပ်ကို သိပ်သဘောမကျသော်လည်း သားရေပင်းကို ဖြေလိုက်ကာ ငွေကို ရေတွက်လိုက်၏။

 

 

လင်းဝေ့ငွေ မရေတွက်ခင်ဝယ် သူမမျက်နှာပေါ်ရှ်ိ ကျုံးရှောက်၏ လက်ကို ခံစားလိုက်ရသည်။ လင်းဝေ့ ကျုံးရှောက်၏ လက်ကို ကိုင်ကာ ပြောလိုက်သည်။

" ကျွန်မ ပိုက်ဆံရေ မလို့ မနှောက်ယှက်နဲ့နော်"

 

 

၇ယွမ်တန် ဆယ်ရွက်၊ ၅ယွမ်တန် ငါးရွက်နှင့် ၂ယွမ်တန် သုံးရွက်၊ ၁ယွမ်တန် တစ်ရွက်နှင့် ငါးဆင့်တန်အများဆုံးပါသည့် အကြွေစေ့များလည်း ရှိသည်။

 

 

စုစုပေါင်း ၁၀၂ ယွမ်ရှိကာ အကြွေစေ့များလည်း ပါသေးသည်။

 

 

ယနေ့ခတ်တွင် လျပ်စစ်ပန်ကာသည် စျေးမသက်သာပေ။ စျေးသက်သာသည့် ကြမ်းပြင်တွင် ချထားနိုင်သည့် မတ်တပ် ပန်ကာမျိုးပင် ၁၅၆ ယွမ်ရှိကာ ကောင်းသည့်ပန်ကာ အမှတ်တံဆိပ်မျိိုးသည် ပိုစျေးကြီးလေသည်။ ဥပမာ [ ဝပ်ဆန် ] တံဆိပ် မတ်တပ် ပန်ကာက ၁၇၈ ယွမ်ထက်မနည်းပေ။

 

 

ကျုံးရှောက်တွင် ကျန်သေးသည့်ပိုက်ဆံနှင့် အရည်အသွေး သိပ်မကောင်းသည့် စားပွဲတင်ပန်ကာလေးသာ ဝယ်နိုင်ပေမည်။ ဤသည်ပင် ပိုက်ဆံနည်းနည်း ထပ်ထည့်မှ ဝယ်နိုင်မည်ဖြစ်သည်။

 

 

"စားပွဲတင် ပန်ကာဝယ်ရင် ကောင်းမလား ဒါမှမဟုတ် မတ်တပ်ပန်ကာဝယ်ရင် ကောင်းမလား" လင်းဝေ့ ခေါင်းမော့ကာ မေးလိုက်စဥ် ကျုံးရှောက်၏ မျက်နှာသည် အလွန်နီးကပ်နေလေသည်။

 

 

ကျုံးရှောက် မျက်နှာက အရမ်းနီးကပ်နေတော့ သူ၏ ချောမောသည့် မျက်နှာကို သေချာမြင်နေရ၏။ သူမမျက်နှာ နီရဲလာကာ ခေါင်းငုံ့လိုက်ပြီး သူ့ကိုတွန်းလိုက်ကာ နောက်ဆုတ်ရန် ​ပြောလိုက်သည်။

 

 

ကျုံးရှောက် နောက်ဆုတ် လိုက်သည်။ သို့သော် သူ့ညာလက်ကာ လင်းဝေ့နောက်ကျောကို ထိန်းထားပြီး ဘယ်လက်က လင်းဝေ့ ထုတ်ရေထားသော ပိုက်ဆံနှင့် အကြွေစေ့များ ကူပွန်များကို သံဘူးထဲ ပြန်ထည့်လိုက်ပြီး ခေါင်းအုံးအောက် သိမ်းလိုက်ကာ ပြောလိုက်သည်။

" ပန်ကာ အကြောင်းဆိုရင်တော့ မနက်ဖြန်မှ ပြောရအောင်"

 

 

ထိုသို့ပြောလိုက်ကာ ကျုံးရှောက်သည် ရှေ့သို့တိုးလာပြီး သူ့လက်က လင်းဝေ့ ခေါင်းနောက်ကို ကိုင်လိုက်ကာ ခေါင်းကို အနည်းငယ်နိမ့်လိုက်ပြီး သူမ၏ နှင်းဆီရောင် နှုတ်ခမ်းဖူးကို အုပ်မိုးနမ်းလိုက်တော့၏။

 

 

လင်းဝေ့  မျက်လုံးအနည်းငယ်ဖွင့်ကာ နီးကပ်နေသော သူ့မျက်လုံးများကို ကြည့်လိုက်သည်။

 

 

သူ့မျက်လုံးများသည် မျက်ရစ်နှစ်ထပ်နှင့် ဖြစ်၍ မျက်လုံးထောင့်စွန်းများသည် အပေါ်သို့အနည်းငယ်ကွေးတက်သွားကာ မွေးရာပါ အလွန်လှပေသည်။ အတည်ပေါက်ပုံစံ သူ့အနေအထားနှင့် အကွာအဝေးကလည်းနီးကပ်လွန်းနေရာ သူ့မျက်လုံးတွေက အထင်ကြီးလောက်စရာပင်။

 

 

သူမတို့ စတွေ့စဥ်က လင်းဝေ့ သူ့ကိုကြောက်နေမိသည်။ လင်းဝေ့ ကြောက်နေသည်ကိုတွေ့၍ ကျုံးရှောက်အဘွားက ရုပ်တည်နေသည့် သူ့​ မြေးကို ရယ်စေဖို့ ဟာသ အနည်းငယ် ပြောလိုက်သည်။ သို့သော် ကျုံးရှောက်က မရီပေ။ ကျုံးရှောက် အမေလည်း မတတ်သာတော့ပဲ သူ့သားက ငယ်ငယ်ကပင် အရီအပြုံးသိပ်မရှိကြောင်း မည်သို့မျှ သဘောမထားရန် စကားလုံးများဖြင့် ဖာထေးပေးလေတော့သည်။

 

 

ထို့ကြောင့် သူတို့ပန်းခြံသို့လည်ရန် သွားမည့်အချိန်တွင် အဘွားက ကျုံးရှောက်ကို ခဏခေါ်ပြီး စကားအများကြီးရှင်းပြပြီး ပိုက်ဆံ ၁၀ယွမ်ပေးလိုက်သည်။

 

 

ကျုံးရှောက်က ငွေကို လက်ခံဖို့ငြင်းခဲ့သည်။ ထိုစဥ်က သူသည် ဒုတိယတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေကာ သူ့လစာသည် အဘွားထက်ပင် များသောကြောင့် မယူရက်ခဲ့ပေ။

 

 

သိုသော် အဘွားကလည်း ဇွဲ မလျှော့ပဲ ပေးနေကာ ပြောသေးသည်။ သူပြန်လာလျှင် ထိုငွေကို စစ်ဦးမည် ကုန်အောင်မသုံးခဲ့ပါက အိမ်ပြန်မလာနှင့် လမ်းပေါ်မှာပဲ အိပ်လိုက်တော့လို့လည်း ပြောလိုက်သေးသည်။

 

 

ကျုံးရှောက်လည်း မတတ်သာပဲ ငွေကို လက်ခံလိုက်ရတော့သည်။ ထို့နောက် လင်းဝေ့ဘက်လှည့်ကာ ဗိုက်ဆာလျှင် ပြည်နယ်အဆင့် စားသောက်ဆိုင်ဆီ သွားစားကြမည် ဟူ၍ ခေါ်လိုက်သည်။ ပြည်နယ်အဆင့်စားသောက်ဆိုင်က ရှီးချန်တွင် စျေးအကြီးဆုံးဆိုင်ဖြစ်သည်။

 

 

ပထမတွင် လင်းဝေ့သည် ထိုကဲ့သို့စျေးကြီးသော နေရာတွင် စားသောက်ရသည်မှာ အဆင်မပြေ၍ သွားရန်ငြင်းခဲ့သည်။

 

 

ကျုံးရှောက်သည် သူ့အဘွားမှာလိုက်သည့်အကြောင်းကိုပြောပြကာ ၁၀ ယွမ် ပြလိုက်ရင်း သူမကို အကူအညီတောင်းလိုက်သည်။ သူဒီည လမ်းပေါ်တွင် မအိပ်နိုင်ပေ။

 

 

လင်းဝေ့လည်း ငိုရမလို ရယ် ရမလိုဖြစ်ကာ သဘောတူလက်ခံလိုက်ရသည်။

 

 

စားသောက်ပြီးကြသောအခါ သူမ ကျုံးရှောက်အတွက် သစ်သီး လက်ဆောင်ပေးရန် စဥ်းစားလိုက်ကာ ထောက်ပံ့ရေးနှင့် သမဝါယမဆိုင်ဆီ အဖော်လိုက်ခဲ့ပေးရန်ခေါ်လိုက်သည်။ သို့သော် အသီးဖိုးပေးသောအခါ ကျုံးရှောက်က ငွေချေပေးခဲ့သည်။ သစ်သီးလက်ဆောင်ကိုလည်း လက်မခံပဲ သူမကို ပြန်ပေးခဲ့လေသည်။

 

 

ထိုစဥ်က လင်းဝေ့ သိပ်မပျော်ပေ။ သူတို့နှစ်ဦးကြားမှာလည်း ဘာမှမဟုတ်သလို ခံစားလိုက်ရသည်။ သူတို့ ဒီလို ချိန်းတွေ့ပြီး စားသောက်နေတာက ဘာအတွက်လဲ။

 

 

ထို့နောက် ကျုံးရှောက်သည် သူနှင့် ချိန်းတွေ့နိုင်မလား လက်တွဲနိုင်မလားမေးကာ လင်းဝေ့ကို သူမအပေါ် သူသဘောထားများအား ရှင်းပြလိုက်သည်။

 

 

ကျုံးရှောက်သည် စစ်ယူနီဖောင်းဝတ်ထားပြီး ရုပ်ရည်ချောမောကာ လင်းဝေ့ အပေါ် ဆက်ဆံပုံကလည်း ဟန်ဆောင်မှုကင်း၍ လင်းဝေ့လည်း ဘာမျှ မတွေးတတ်တော့ပဲ ဇဝေဇဝါနှင့် ကျုံးရှောက်ကို လက်ခံလိုက်သည်။

 

 

ထိုစဥ်က သူမတို့ နောက်တစ်နေ့ညတွင် ရုပ်ရှင်ကြည့်ရန် ချ်ိန်းလိုက်ကြသော်လည်း စစ်တပ်က အမိန့်ကျလာ၍ ကျုံးရှောက် ညတွင်းချင်း ပြန်သွားရသည်။

 

 

လေးနှစ်ကြာပြီးသော် လင်းဝေ့သည် ထိုအရာများကို သတိမရတော့ဟု ထင်ခဲ့သော်လည်း ယခု အနမ်းကြောင့် ထိုဖြစ်စဥ်များကို ရှင်းရှင်းလင်းလင်း ပြန်မှတ်မိလာခဲ့သည်။

 

 

လင်းဝေ့ မျက်တောင်ခတ်လိုက်စဥ် ကျုံးရှောက်၏ အသံကိုကြားလိုက်သည်။ "အသက်ရှုလိုက်ဦး"

 

 

လင်းဝေ့လည်း "အာ" ဟုပြောကာ ခေါင်းငုံ့ရင်း အသက်ရှုလိုက်သည်။

 

 

ခဏအကြာ ကျုံးရှောက် နှုတ်ခမ်းက ထပ်ရောက်လာခဲ့သည်။ သူ့ခန္ဓာကိုယ် အနေအထားကြောင့် လင်းဝေ့လည်း ခေါင်းအနည်းငယ် မော့လိုက်သည်။ သူမနောက်ကို မှိီလိုက်သည့်အခါ ကျုံးရှောက်လက်များက သူမနောက်ကျောကို ထိန်းပေးပြီး ကုတင်ပေါ်လှဲစေလိုက်သည်။

 

 

 အခန်းအပူချိန်က အဆက်မပြတ် တိုးလာခဲ့သည်။

 

 

ကျုံးရှောက်၏ နှာဖူးသည်လည်း ချွေးပြန်နေလေသည်။

 

 

လင်းဝေ့လည်း အာခေါင်ခြောက်လာပြီး ခန္ဓာကိုယ်သည်လည်း ပျော့ခွေချင်သလို ခံစားလာရသည်။ ကျုံးရှောက်ကိုလည်း သူမ အဝတ်များ ချွတ်စေလိုက်ပြီး သူမ ခါးသိမ်သိမ်နှင့်ဗိုက်တို့ကို ဖော်လိုက်ကာ ရင်ဘက်နေရာကို လက်နှစ်ဖက်ဖြင့်ယှက်ကာ ကာထားလိုက်၏။

 

 

လင်းဝေ့လက်မှ သူမအဝတ်များ အကုန်ကျွတ်တော့မည့်အချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။

 

 

" ဒေါက် ဒေါက် ဒေါက် ."

 

 

 တံခါးခေါက်သံ သုံးခါကြားပြီးနောက် လင်းဝေ့တို့ နှစ်ယောက်လုံးငြိမ်နေလိုက်သည်။ ထို့နောက် တံခါးခေါက်သံမှာ "ဒုန်းးးဒုန်းးးဒုန်းးး"ဟူသော အသံသို့ပြောင်းသွားလေ၏။

 

 

လင်းဝေ့ ရုတ်တရက် အသိစိတ်ပြန်လည်လာကာ ကျုံးရှောက်ကို တွန်းထုတ်လိုက်ပြီး အင်္ကျီပြန်ဝတ်လိုက်ကာပြောလိုက်သည်။ "တံခါးအမြန်သွားဖွင့်လိုက်ဦး မင်မင် နဲ့ရွေ့ရွေ့တို့ ဖြစ်နေမယ်ထင်တယ်"

 

 

"ဟုတ်ပြီ ကိုယ်သွားဖွင့်လိုက်မယ်"

 

 

ကျုံးရှောက် အံကြိတ်ကာ သက်ပြင်းရှည်ချလိုက်ရင်း အိပ်ရာမှထကာ တံခါးသွားဖွင့်လိုက်သည်။

 

 

အပြင်ဘက်မှာရပ်နေသူမှာ ရွေ့ရွေ့ဖြစ်သည်။ သူတစ်ရေးနိုးလာစဥ်တွင် သူ့အမေကိုမတွေ့၍ လိုက်ရှာရန် အိပ်ရာမှထလိုက်သည်။ သူ့အိပ်ခန်း​ တံခါးဖွင့်လိုက်သည်နှင့် မှောင်မည်းနေသော လူသွားစင်္ကြံ လမ်းကိုတွေ့လိုက်ရ၍ ကြောင်သွားသည်။ ထိုနေရာတွင် ရပ်နေရင်း ခဏတွေးပြီးနောက် သူတို့အိမ်အသစ်ကို ပြောင်းလာကြမှန်းစဥ်းစားမိသွားသည်။ သူ့အမေ ဘေးခန်းတွင်အိပ်နေမှန်းသိ၍ အခန်းတံခါးခေါက်ခဲ့ခြင်းဖြစ်သည်။

 

 

တံခါးကို သုံးခါထက်ပိုခေါက်သော်လည်း ဖွင့်မလာ၍ တဒုန်းဒုန်း ထုရိုက်လိုက်ရာမှ ဖွင့်လာခဲ့သည်။

 

 

တံခါးပွင့်လာစဥ် ပထမဆုံးမြင်ရသည်က နူးညံ့သည့်သူ့အမေမဟုတ်ပဲ မှောင်မည်းနေသည့်မျက်နှာနှင့် ခက်ထန်သည့်သူ့အဖေ ဖြစ်နေရာ ဝမ်းနည်းသွားပြီး တဝါးဝါးနှင့်အော်ငိုလိုက်သည်။ "ဝါးးးးး သားအမေ ဘယ်မှာလဲ အမေ့ကိုလိုချင်တယ်"

 

 

လင်းဝေ့ ရွေ့ရွေ့၏ ငိုသံကိုကြားလိုက်သည်နှင့် အိပ်တွင်းသုံးဖိနပ် ကောက်စီးကာချက်ချင်း ထလာလိုက်သည်။ကျုံးရှောက်ကို ဘေးတွန်းဖယ်လိုက်ကာ သူ့သားငယ်ကို ဖက်လိုက်ရင်း ပြောလိုက်သည်။ " ရွေ့ရွေ့ လေး လိမ္မာတယ်နော် မေမေ ဒီမှာရှိတယ် "

 

 

သူ့အမေ၏ ကိုယ်နံ့ကို ရလျင် အငိုတိတ်သွားကာ ဝမ်းနည်း ဆို့နင့်နေသည့်အသံဖြင့် မေးလိုက်သည်။

"မေမေ ဘယ်ရောက်နေတာလဲ သားတစ်ရေးနိုးလာတော့ မေမေ့ကို မတွေ့လို့"

 

 

လင်းဝေ့ ရွေ့ရွေ့ကို ဖက်ရင်းကျောလေးကို သပ်ပေးပြီး ချော့လိုက်သည်။ "မေမေ ဘယ်မှမသွားပါဘူး။ မေမေ အိမ်မှာပဲရှိပါတယ်" ဟုပြောကာ ရွေ့ရွေ့ မျက်ရည်များကို သုတ်ပေးလိုက်သည်။ "ကြည့်ပါဦး သားက ကြီးနေပြီကို ခုထိငိုနေတုန်းလား"

 

 

ရွေ့ရွေ့ သူ့အမေဘေးတွင် ရပ်နေသည့် သူ့အဖေကို ကြည့်လိုက်သည်။ သူ့အဖေက ကြောက်စရာကောင်းသည်ဟု မပြောရဲသော်လည်း မျက်မှောင်ကျုံ့ရင်း သူ့အမေကိုပြောလိုက်သည်။"သား နိုးလာတော့ မေ့မေ့က်ိုမှ မတွေ့တာ "

 

 

လင်းဝေ့လည်းပြုံးကာ " ညနေကပြောတော့  သားတို့ညီအစ်ကိုပဲ ကြီးလာပြီမို့လို့ ခွဲအိပ်တော့မယ်ဆို "ဟုပြောလိုက်သည်။

 

 

ရွေ့ရွေ့လည်း လုံးဝနိုးနေပြီဖြစ်၍  ညနေက ဖြစ်စဥ်ကိုပြန်စဥ်းစားကာ ငေါ့တော့တော့ ပြောလိုက်သည်။ " အာ့တာ ကိုကြီးပြောတာလေ သားပြောတာမှမဟုတ်တာ သားက လူကြီးမဖြစ်ချင်သေးဘူး" ဟုပြောပြီး လင်းဝေ့ခါးကို ဖတ်ရင်းခေါင်းလေးမော့ကာပြောရင်း ကလေးဆိုးကဲ့သို့ ပြုမူနေခဲ့သည်။

" ရွေ့ရွေ့က ညဆို မေမေနဲ့ပဲအိပ်မှာနော် သိပြီလား"

 

 

ဘေးမှာ ရပ်ကြည့်နေသည့်ကျုံးရှောက်က မျက်မှောင်ကြုံ့နေမိသည်။ သူဆိုလျင် သုံးနှစ်တောင်မပြည့်သေးဘူး တစ်ယောက်တည်း အိပ်တတ်နေပြီ။ အခုတော့ ဒီညီအကိုတွေက သုံးနှစ်နဲ့လေးလ တောင်ရှိပြီကို အခုထိသူတို့အမေနဲ့ အိပ်ချင်နေတုန်းလား?

 

 

အရမ်း ကြောက်တတ်လွန်းတာပဲ။

 

 

အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့် ကလေးများကြောက်နေသည်က မဖြစ်သင့်ဟု တွေးမိကာ အတူအိပ်လို့မရဘူးဟု ပြောရန်ဆဲဆဲ အချိန်တွင် သူ့ဇနီးက "ရတယ်" ဟု ကလေးကို ပြောလိုက်ကာ သူ့ကိုလည်း လှည့်ပြောလိုက်သည်။

 

 

" ကလေးတွေက ကျွန်မနဲ့ပဲ အိပ်နေကျဆိုတော့ ရုတ်ရက်ကြီး ခွဲအိပ်တာ လက်မခံနိုင်သေးဘူးဖြစ်နေတယ် ဒီညတော့ ကျွန်မတို့နဲ့ အတူခေါ်အိပ်လိုက်ရအောင် အဆင်ပြေလားဟင်"