အပိုင်း ၁၃
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၁၃

 

 

 

 

 

လင်းဝေ့၏ ရတယ်မလားဟင် ဟုမေးသည့်အသံမှာ သူ့သား ရွေ့ရွေ့ ကဲ့သို့ဖြစ်သော်လည်း ကျုံးရှောက် ရင်ထဲ ငှက်မွှေးနှင့် လာတို့သကဲ့သို့ ခံစားလိုက်ရသည်။

 

 

" ကိုယ် မင်မင်ကို သွားခေါ်လိုက်မယ်" ဟု အပြင်ကိုသွားရင်းပြောလိုက်သည်။

 

 

မင်မင်တစ်ယောက် မနက်ခင်း နိုးလာသောအခါ ကြောင်တောင်တောင်ဖြစ်နေ၏။ သူ့အမေ လက်တိုအင်္ကျီဝတ်ပေးနေစဥ် မေးလိုက်၏။ "မေမေသားက ဘာလို့ မေမေတို့အခန်းထဲရောက်နေတာလဲ"

 

 

သူ၏ စိတ်ရှုပ်စရာ မျက်နှာအမူအရာမှာ ချစ်စရာကောင်းနေကာ မျက်လုံးလေးပြူးကာ မေးလိုက်သည်။ "သား ကိုယ့်ဖာသာ ရွေ့လာတာလားဟင် သားအိပ်နေတုန်းပြောင်းလာတာလားဟင် မေမေ" ဟု ပြောလေလေ သူ၏ မျက်နှာအမူအရာမှာ စိတ်လှုပ်ရှားလေလေဖြစ်လာသည်။

 

 

လင်းဝေ့သူ့ကို အသာ ရိုက်လိုက်ကာပြောလိုက်သည်။

"ကောင်လေး လျှောက်တွေးမနေနဲ့ မင်းအိပ်နေတုန်း မင်းအဖေက မင်းကို ပွေ့ခေါ်လာတာ"

 

 

မင်မင် မျက်နှာက ညိုးကျသွားပြီး အသံရှည်ဆွဲကာပြောလိုက်သည်။ "ဘာလို့ သားကို အတူခေါ်အိပ်တာလဲ မေမေနဲ့ ဖေဖေက အတူမအိပ်ရဲလို့လားဟင်"

 

 

မင်မင်ပြောနေစဥ် သူ့မျက်နှာအမူအရာမှာ ရှုပ်ထွေးလာသည်။ သူ့မှာ ကိုယ်ပိုင်အခန်းရှိသော်လည်း သူ့အမေနှင့်အိပ်ချင်နေတုန်းဖြစ်သည်။ သို့သော် သူသည် သားကြီးဖြစ်၍ အမေနှင့် အတူအိပ်ဖို့လည်း ရှက်နေပြန်သေး၏။

 

 

 သို့သော် သူ့အမေ မျက်နှာကို ခိုးကြည့်လိုက်ပြီး သူ့အမေ ကြောက်နေလို့များလားဟု တွေးလိုက်ကာ သူ့ရင်ဘတ်ကိုပုတ်ရင်း ပြောလိုက်သည်။

 

 

" မေမေ ကြောက်ရင်တော့ သားမေမေ နဲ့အတူ အိပ်ပေးပါ့မယ် " ဟုပြောလိုက်သည်။ ထို့နောက် ဘေးဘီဝဲယာကြည့်ပြီး လင်းဝေ့ကို အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။

 

 

"ဒါပေမယ့် မေမေ အာ့ဒီအခန်းကို သားတို့အဖို့ ထားထားနော်။ သူများမေးရင် သားတို့အမေနဲ့ အတူအိပ်တဲ့အကြောင်းမပြောနဲ့နော်"

 

 

အပြင် လူအများအမြင်မှာ တော့ သူသည် အရွယ်ရောက်သော ကလေးတစ်​ယောက်ဖြစ်နေချေပြီ ဟု ကိုယ့်ကိုယ်ကို ထင်နေလေ၏။

 

 

လင်းဝေ့သည် မင်မင်၏ ထပ်ဆောင်းပြောပြချက် ကိုအံ့သြသွားပြီး သူ့ကိုဘောင်းဘီဝတ်ပေးပြီး ပြောလိုက်သည်။ "သွား အောက်ဆင်းပြီး မနက်စာစားရအောင် သွားတိုက်တော့ "

 

 

မင်မင်လည်း သက်ပြင်းချလိုက်ကာ ထပ်မေးလိုက်သည်။ "သား ညီလေးကော"

 

 

"သားညီလေးကဖြင့် နိုးတာကြာလို့ အောက်ထပ်တောင်ရောက်နေပြီ" လင်းဝေ့လည်း သူတို့မနေ့ညက ခြုံခဲ့သည့်စောင်ပါးက်ို ခေါက်လိုက်ပြီး ကုတင်ခြေရင်းတွင် ပုံထားလိုက်ကာ အိပ်ရာခင်းနှင့် ခေါင်းအုံးတို့ကို ပြန်နေရာ ချထားလိုက်၏။ ထို့နောက် မင်မင်ကို ခေါ်ကာ အောက်ထပ်သို့ ဆင်းလာလေသည်။

 

 

မင်မင် လှေကားထစ်တွေကိုဆင်းလာရင်း လင်းဝေ့ကို ချွဲရင်း အော်ပြောလိုက်သည်။

"မေမေ မေမေ သားခြေထောက်တွေ ထုံနေတယ်"

 

 

မင်မင်က တစ်ကယ့်ကို စိတ်မြန်လက်မြန်ကလေးမျိုးဖြစ်ကာ လှေကားတစ်ထစ်ချင်း ဆင်းနေရသည်ကို စိတ်မရှည်တော့ပေ။ ထို့ကြောင့် ပိုမြန်နိုင်ရန် လှေကားထစ်ကို နှစ်ထစ်စီကျော် ဆင်းချင်နေသည်။

 

 

အိမ်လှေကားက နှစ်ဆင့်ခွဲထားရာ သိပ်မမတ်၍ ကလေးများ အတက်အဆင်းလုပ်ရ လွယ်ကူသည်။ သို့သော် မင်မင်ကဲ့သို့ တစ်လှမ်းထဲမှာ နှစ်ထစ်ဆင်းခြင်းကတော့ အန္တရာယ်များသည်။

 

 

မနေ့ကတည်း ကျုံးရှောက်သည် မင်မင်လှေကားထစ်တွေ ကျော်ဆင်းနေသည်က်ို သတိထားမိ၍ စိုးရိမ်ကာ မင်မင်ကို  ပညာပေးထားလေသည်။

 

 

တစ်ချို့လူတွေက သူတို့ကလေးများက်ို အသားနှင့်မျှစ်ကြော်နည်း သင်ပေးနေကာ တစ်ချို့က စိတ်ဓာတ်ခိုင်မာရန် သင်ပေးစဥ် ကျုံးရှောက်ကတော့ ထိုကဲ့သို့မဟုတ်ပေ။ မင်မင့်ကို လှေကားအတက်အဆင်း လေ့ကျင့်ခန်းလုပ်စေသည်။ တစ်လှမ်းကို နှစ်ထစ်နှုန်းနှင့် အတက်အဆင်းလုပ်စေသည်။

 

 

အစပိုင်းတွင် မင်မင်သည် ပျော်ပျော်ရွှင်ရွှင် အတက်အဆင်း လုပ်ခဲ့သော်လည်း ပင်ပန်းလာ၍ မလုပ်ချင်တော့ပေ။ သို့သော် သူမ လုပ်လျင် သူ့အဖေကလည်း လှေကားမှ ထွက်သွားခိုင်းမည် မဟုတ်ပေ။ အဖေနှင့်သားက မျက်လုံးချင်းဆုံကာ ကြည့်နေကြသည်။

 

 

ကျုံးရှောက်သည် နှစ်အတော်ကြာ တာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ယောက်ဖြစ်၍ သူ့ စစ်ရေးအနေအထားနှင့် မတ်တပ်ရပ်ပုံသည်ပင် ပုံမှန်ထမင်းစားရေသောက်သကဲ့သို့ အလေ့အကျင့် ဖြစ်နေလေပြီ။ မင်မင်သည် သူ့အဖေ၏ လေ့ကျင့်ပေးမှု ဒဏ်ကိုမခံနိုင်ကာ သိပ်မကြာမီပင် ငိုယိုကာ သူ့အမေကို ခေါ်လေတော့သည်။

 

 

သူ့အမေကို ငိုယိုကာ အော်ခေါ်သော်လည်း လွယ်ကူမည်မဟုတ်ပါ။ လင်းဝေ့သည် ကလေးများကို ချစ်သော်လည်း အကြောင်းမဲ့ အလိုလ်ိုက်နေခြင်းတော့မဟုတ်ပါ။ ကျုံးရှောက်ပင်လျင် ကလေးကို ဆက်လုပ်ခိုင်းလျင် လင်းဝေ့သည်လည်း မင်မင်ကို ဝီရိယထားရန် ပြောမည်သာဖြစ်သည်။ လင်းဝေ့က ကလေးများကို လုပ်နေသည့်အလုပ်တွင် အာရုံစိုက်ရန်သာပြောပြီး မရမှသာ အကြမ်းကိုင်မည်ဖြစ်သည်။

 

 

အတိုချုပ်ပြောရလျင် မင်မင် လှေကားဆင်းပုံက အန္တရာယ်များ၍ သူ့ကို ပညာပေးလိုခြင်း ဖြစ်သည်။ လင်းဝေ့ကလည်း လုပ်ရန် သဘောတူထားရာ ကလေးကို ပြန်အလျော့ပေး၍ မရတော့ပေ။

 

 

သူ့အမေကို ခေါ်၍မရလျင် ကလေးက ပိုဝမ်းနည်းပြီး ငိုလာသည်။ င်ိုယိုပြီးသည်နောက် သူ့အမှားကိုသိလာပြီး ဝန်ခံလာသည်။

 

 

ကျုံးရှောက်သည် မင်မင်၏ "သားမှားပါပြီ" ဟူသည့် စကားတစ်ခွန်းသာမဟုတ်ပဲ သူ့စိတ်ထဲမှ တစ်ကယ်မှားမှန်းသ်ိတာကို လိုချင်တာဖြစ်သည်။

 

 

သူ့အပြစ်ကို ရှင်းရှင်းလင်းလင်းဝန်ခံပြီးနောက် ကျုံးရှောက် မင်မင်ကို ပြောလိုက်သည်။

"နောက်ဆို သား ဒီလှေကားထစ်ကို တစ်လှမ်း နှစ်ထစ်ဆီဆင်းတာတွေ့တိုင်း အပေါ်အောက် အတက်အဆင်း အခေါက် ၁၀၀ လုပ်ရမယ် နားလည်လား"

 

 

မင်မင်သည်အော်ငိုကာ ကြက်ပေါက်ကလေး အသံကဲ့သို့ပြောလိုက်သည်။"သားသိပါပြီ သားသိပါပြီ"

 

 

ကျုံးရှောက်က သူ့အသံကို သိပ်မကျေနပ်ကာ ထပ်ပြောလိုက်သည်။ "ကျယ်ကျယ်ပြောစမ်း"

 

 

မင်မင်သည်လည်း ရွေးချယ်စရာမရှိပဲ သူ့အဖေအော်ခိုင်းသလို အတတ်နိုင်ဆုံး အော်ကာ  ပြောလိုက်သည်။

"သိပါပြီ"

 

 

ထို့နောက်မှ လှေကားကနေဆင်းလာသည်။ သူ့အဖေရှေ့တွင် ပျင်းမပြရဲပဲ လှေကား တစ်ထစ်ချင်းစီ ဆင်းလာလိုက်သည်။

 

 

သူ့အဖေ၏ လက်ကလွတ်သည်နှင့် လင်းဝေ့လက်မောင်းထဲ တိုးဝင်ကာ သူ့အဖေကို တော့တစ်ခွန်းမှ ပြန်မပြောရဲပဲ သူ့ အမေကို သူအိပ်မပျော်ခင်အထိ ချွဲတော့သည်။ သူအိပ်ပြီးနောက်မှာတော့ သူ့အဖေက သူ့ကိုပွေ့ပြီး အိပ်ခန်းထဲခေါ်လာကာ သားအဖနှစ်ယောက် မနေ့ညက အတူအိပ်ကြသည်ကိုတော့ မင်မင် မသိလိုက်ချေ။

 

 

အမှန်တော့ မင်မင်ကို ကျုံးရှောက်ပညာပေးသည်မှာ အလွန်အကျိုးရှိသည်။ အနည်းဆုံး လှေကားထစ်ကျော်ဆင်းသည်မျိုး မလုပ်တော့ပဲ တစ်ထစ်ချင်းဆင်းလာကာ သူ့အမေကိုသာ ကလေးဆိုးလို ချွဲနေတော့သည်။

 

 

လင်းဝေ့ - " ...သား ကိုယ့်ဖာသာ ဆင်းပါ"

 

 

ကောင်လေးက နှုတ်ခမ်းဆူကာ " သား ခြေထောက်တွေ တုန်နေပြီ။ မဆင်းနိုင်တော့ဘူး" ဟု ပြန်ပြောလေသည်။

 

 

လင်းဝေ့လည်း မင်မင်ကို အလိုလိုက်၍ မဖြစ်မှန်းသိကာ အောက်ကို ဆင်းသွားပြီး ပြောလိုက်သည်။ " ရွေ့ရွေ့နဲ့ မေမေ မနက်စာစားပြီးတာနဲ့ အပြင်သွားကြမှာနော် သားအောက်ဆင်းမလာချင်ရင်လည်း အိမ်မှာနေခဲ့လေ"

 

 

အပြင်သွားမည်ဟု ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ဆိုးမနေတော့ပဲ ချက်ချင်းအောက်ကို ဆင်းလာလိုက်သည်။

 

 

သူ့အမေက သူမျှော်လင့်သလို သူ့ကို မချီပိုး၍ သိပ်တော့မပျော်သဖြင့် နှုတ်ခမ်းကို ဘဲနှုတ်သီးလိုထော်ပြီး ဆင်းလာသည်။

 

 

သို့ပေမဲ့ ကလေးဖြစ်၍ စိတ်အပြောင်းအလဲမြန်ကာ ဧည့်ခန်းထဲက ဖြတ်လျှောက်လိုက်သည်နှင့် စိတ်ပြန်ပျော်သွားတော့သည်။ သူ့ညီလေး ဧည့်ခန်းထောင့်မှာ စောင့်ကြောင့်ထိုင်ပြီး တစ်ခုခု ကြည့်နေသည်က်ိုတွေ့ပြီး မေးလိုက်သည်။ ္ညီလေး ဘာတွေကြည့်နေတာလဲ"

 

 

"ရှုးးးး" ရွေ့ရွေ့သည် လက်ညိုးကို နှုတ်ခမ်းနားတေ့ကာ တိုးတိုးနေရန်ပြောပြီး လိုက်ပြီး ပြောခဲ့သည်။ "ပုရွက်ဆိတ်ကြီးကြီးကို ကြည့်နေတာ"

 

 

အမှန်တော့ ပုရွက်ဆိတ် အသေးများဖြစ်လင့်ကစား သူက ကြမ်းပြင်ကို ငုံ့ကြည့်ကာ ပြောနေသည်။

"ပုရွက်ဆိတ် အကြီးကြီးတွေ ရှိလို့လား"

 

 

ကျွန်းပေါ်က ပုရွက်ဆိတ်တွေက သိပ်မကြီးကြပါ။ကလေး လက်သန်းလောက်ပင်မရှိပါ။ သို့သော် ကလေးတွေမြင်ခဲ့ဖူးသည့် ပုရွက်ဆိတ်တွေထက် တော့အတန်ငယ်ကြီးသည်။ မင်မင်က ထူးဆန်းသည်ဟုထင်၍ သူ့ညီလေးနှင့်အတူ စိတ်ဝင်တစားကြည့်နေ၍ သူ့အမေ သွားတိုက်ဖို့ ခေါ်သည်ကိုပင် မကြားနိုင်တော့ပါ။

 

 

လင်းဝေ့မှ အတင်းလာဆွဲမှသာလျှင် မလိုက်ချင်လိုက်ချင် ဖြင့် ရေချိုးခန်းသို့  အင်တင်တင် ပါလာသည်။ သူ့အမေကိုလည်း ပြောပြလိုက်သေးသည်။

"အမေ အပြင်မှာ ပုရွက်ဆိတ်အကြီးကြီးတွေရှိတယ်"

 

 

"ဟုတ်လား ဘယ်လောက်တောင်ကြီးလဲ"

 

 

မင်မင်သည် ကြွေရေ ခွက်ကိုချကာ သူ့လက်သန်းကို ပြပြီး "ဒီလက်သန်းထက်တော့ နည်းနည်း သေးတယ်။ ဒါပေမယ့် သားတို့ အရင်အိမ်က ပုရွက်ဆိတ်တွေထက် ပိုကြီးတယ်"

 

 

လင်းဝေ့လည်း သိပ်အာရုံမစိုက်ပဲ ရယ်လိုက်သည်။ ရေချိုးဇလုံထဲ ရေနွေးနွေးလေးဖြည့်ကာ မျက်နှာသစ်ရန် ခါးကုန်းလိုက်သည်။ တစ်မနက်ခင်းလုံးအလုပ်ရှုပ်နေ၍ မျက်နှာပင် မသစ်ရသေးချေ။

 

 

သို့သော် မင်မင်သည်လည်း သူ့အမေကို စကားပြောချင်နေ၍ သွားတိုက်ရင်းတန်းလန်း မပီမသနှင့် ရေရွတ်နေ၏။ လင်းဝေ့လည်း တစ်လုံးမှ နားမလည်၍ မျက်လုံးမှိတ်ရင်းတန်းလန်း မေးလိုက်၏။

"သားဘာပြောလိုက်တယ် ပြန်ပြောပြပါဦး"

 

 

မင်မင်လည်း ပါးစပ်ထဲက သွားတိုက်တံကိုထုတ်လိုက်ပြီး ထပ်ပြောလိုက်သည်။

"မေမေ ဘာလို့အိမ်အသစ်က ပုရွက်ဆိတ်တွေက အိမ်အဟောင်းကထက်ပိုကြီးနေတာလဲ။ အိမ်အသစ်က ပုရွက်ဆိတ်တွေက အိမ်အဟောင်းက ပုရွက်ဆိတ်တွေရဲ့ အဖေ အမေတွေလားဟင်"

 

 

လင်းဝေ့  - "…....."

 

 

တစ်ခါတစ်လေ လင်းဝေ့လည်း ကလေးများ၏ ချစ်စရာအူကြောင်ကြောင် မေးခွန်းများကို နားမလည်သော်လည်း စဥ်းစားပြီးနောက် ဖြေလိုက်သည်။

 

 

" အခု အမေတို့ နေတဲ့အိမ်အသစ်နဲ့ အရင်က အိမ်က မိုင်ထောင်ပေါင်းများစွာဝေးပြီး အလယ်မှာ ပင်လယ်လည်း ခြားထားလို့ ဒီပုရွက်ဆိတ်တွေရဲ့ အဖေ အမေတွေက တစ်ခြားကိုသွားလို့မရဘူး။.ဒါကြောင့် သူတို့က အိမ်အဟောင်းက ပုရွက်ဆိတ်တွေရဲ့ အဖေ အမေတွေ မဖြစ်နိုင်ဘူး"

 

 

" သူတို့ ရထားစီးလာလို့မရဘူးလား သင်္ဘောလည်းစီးလို့ရတာပဲ မဟုတ်ဘူးလား"

 

 

"စီးလို့မရဘူးလေ"

 

 

"ဘာလို့လဲ"

 

 

လင်းဝေ့လည်း ဗလုံးဗထွေးနှင့်ပြောလိုက်သည်။

"......သူတို့မှာ ရထားလက်မှတ် သင်္ဘောလက်မှတ်တွေ ဝယ်ဖို့ ပိုက်ဆံမှမရှိတာ "

 

 

"ဒါ့ကြောင့်ကိုး" မင်မင်လည်း ရုတ်တရက် နားလည်သွားသည်။ သို့သော် သူပထမဆုံးမေးသည့်မေးခွန်းကိုသတိရလိုက်ပြီး ထပ်မေးခဲ့သည်။

 

 

" ဒါဆိုဘာလို့ အိမ်အသစ်က ပုရွက်ဆိတ်တွေက အိမ်အဟောင်းက ထက်ပိုကြီးရတာလဲဟင် မေမေ"

 

 

 လင်းဝေ့သည် မေးခွန်းကိုပြန်ဖြေပေးရန် မျက်နှာကို ရေသုတ်လိုက်ပြီး လှည့်လာစဥ် မင်မင်၏ ပါးစပ်တစ်ခုလုံးသွားတိုက်ဆေး အမြုပ်များဖြင့် ပြည့်နေကာ ထိုအမြုပ်များ စားမိသလားပင် မသိချေ။

 

 

"ဟုတ်ပြီ သားက သွားတိုက်လို့ကောပြီးပြီလား"

 

 

မင်မင်သည် သူ့အမေ၏ အကြည့်ကိုမြင်လျင် သက်ပြင်းချလိုက်ကာ သူ့သွားကို နှစ်ကြိမ်ခန့်အမြန်တိုက်လိုက်သည်။ ထို့နောက် ပလုပ်ကျင်းလိုက်ပြီး ပါးစပ်ထဲမှ ရေကို ထွေးထုတ်လိုက်ကာ

" သား သွားတိုက်လို့ပြီးပါပြီ" ဟု ပြောလိုက်သည်။