၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်
အပိုင်း ၁၄
"သား သေချာတိုက်ရဲ့လား"
လင်းဝေ့ သံသယ ရှိဟန်ဖြင့်မေးလိုက်သည်။
မင်မင် အပြုံးကြီးကြီးပြုံးပြကာ သူ၏ သွားဖြူဖြူများအားလုံးမြင်ရအောင်
ယုံကြည်မှုရှိရှိ သွားစိပြ လိုက်သည်။
" သန့်ရှင်းနေအောင် တိုက်ထားပါတယ်"
လင်းဝေ့လည်း စောင့်ကြောင့်ထိုင်ကာ မင်မင်သွားများကို ဂရုတစိုက်
စစ်ဆေးလိုက်သည်။
အရင်တုန်းက လူတွေက သွားတိုက်တာကို သိပ်အလေးမထားကြပေ။ အထူးသဖြင့်
နယ်ဘက်ရှိလူများသည် ဆားဖြင့်သွားပလုပ်ကျင်းခြင်းသာ လုပ်ကြသည်။ ထို့ကြောင့် မျိုးဆက်တိုင်း၏
ဘိုးဘွားများသည် သွားများ ဝါကျင်ကျင်ဖြစ်ကာ သွားကျန်းမာရေးလည်းမကောင်းကြပါ။
လင်းဝေ့ငယ်စဥ် လေးငါးနှစ်အရွယ်က သူမ မိဘများနှင့်သွားတိုက်တံကြောင့်
ရန်ဖြစ်ရလေ့ရှိသည်။ သူမသည်နေ့တိုင်းသွားတိုက်ရန်ပျင်းကာ လူကြီးများက သူမကိုသွား ခေါ်တိုက်ပေးရလေ့ရှိသသည်။
ထို့ကြောင့် သူမ သွားများသည်လည်း ကျန်းမာလေသည်။
လင်းဝေ့ ကျုံးရှောက်နှင့် လက်တွဲရန်စဥ်းစားခဲ့ခြင်းမှာလည်း ကျုံးရှောက်က
တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်သောသူ ဖြစ်သောကြောင့်ဖြစ်သည်။ သူမတို့ ပထမဆုံး ဘလိုင်းဒိတ်တွင်
သူ့ကို အသေအချာ လေ့လာ အကဲခတ်ခဲ့ရာ ကျုံးရှောက်တွင် ဖြူဖွေးသော သွားများရှိရုံသာမက
သူ့လက်လဲ အမြဲသန်ရှင်းကာ လက်သည်းကိုလည်း သပ်သပ်ရပ်ရပ်ညှပ်ထားသည်။ လက်သည်းကြားတွင် ချေးများမရှိပေ။
ကျေးလက်ဒေသသို့ ရောက်လာသည့် ပညာတတ်လူငယ်များပင်လျင် အစပထမပိုင်းရက်များတွင်သာ
တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ကြကာ ကြာလာလျင် လျော့ရဲသွားကြ၏။ သွားနေ့တိုင်းတိုက်သော်လည်း
အဝတ်နေ့တိုင်းတော့မလျှော် သကဲ့သို့ပင်ဖြစ်သည်။
ထိုအရာများကိုကြည့်လျင် ကျုံးရှောက်က အမှန်တစ်ကယ်ကို လူကောင်းဖြစ်ကြောင်းတွေးမိပြန်သည်။
လင်းဝေ့သည်လည်း သန့်ရှင်းနေသည်ကို သဘောကျ၍ ကလေးများ သွားများစုံလာသောအခါ
သူတို့ကို သွားတိုက်တတ်ရန် သင်ပေးခဲ့သည်။ ကလေးများက သွားတိုက်ရန်ပျင်းကြ၍ သွားမတိုက်ရသေးသော်လည်း
တိုက်ပြီးပြိီဟူ၍ ပြောလေ့ရှိသည်။ ထို့ကြောင့် လင်းဝေ့က တစ်ခုခု အကြောင်းသိချင်လျင်
သူတို့၏ သွားများကို တိုက်ရိုက်စစ်ဆေးလိုက်ရုံသာရှိ၏။
ယနေ့မနက်တွင် မင်မင်သည် စကားများ၊ လေပေါနေလေရာ သွားလည်း သေချာမတိုက်မည်မှာ
သေချာလေသည်။ ထို့ကြောင့် လင်းဝေ့သည် ပြန်စစ်လိုက်ရာ မင်မင် သွားကို သေချာတိုက်မထားပေ။
ထို့ကြောင့် လင်းဝေ့ စိတ်ဆိုးဟန်ပြလိုက်ကာ "ဒါသွားတိုက်တယ်လို့ ခေါ်တာလား မေမေ
ဖိနပ်တိုက်တာတောင် သား တိုက်တာထက်ပိုပြောင်တယ် သွား ထပ်တိုက်ရမယ် "ဟုပြောကာ သွားတိုက်တံပေါ်
သွားတိုက်ဆေးညစ်ပေးလိုက်သည်။
မင်မင်တစ်ယောက်ဘနှုတ်ခမ်း စူပုတ်သွားပြန်သည်။သူ့အမေကို သွားတိုက်တာနဲ့
ပတ်သက်ရင် ပြန်ကလန်ကဆန် လုပ်မရမှန်းသိ၍ စူပုတ်ပုတ်နှင့်သာ သွားထပ်တိုက်ရပြန်တော့သည်။
ဤတစ်ခေါက်တွင်တော့ သူစကားမများတော့ပေ။သွားကို သန့်ရှင်းနေအောင်
သေချာတိုက်လိုက်ပြီး သူ့အမေကို ပါးစပ်ဟပြလိုက်သည်။
"မေမေ ကြည့် သား သွားကို သေချာတိုက်ပြီးသွားပြီ"
လင်းဝေ့လည်း ပြန်စစ်ကြည့်ကာ " အင်းးး ဟုတ်ပြီ အခု မျက်နှာသစ်ရအောင်
" ဟုပြောလိုက်သည်။
မျက်နှာသစ်ပြီးနောက် လင်းဝေ့ နာရီကြည့်လိုက်ရာ မိနစ်နှစ်ဆယ်ပင်
ကျော်ခဲ့လေပြီ။
ဘယ်လိုပဲဖြစ်ဖြစ် ပထမဆုံးနေ့ပဲလေ။
…
မနက်စာကို ဆန်ပြုတ်တစ်အိုးနှင့် အချဥ်တစ်ပန်းရယ် အရွက်ကြော်တစ်ပန်းကန်ရယ်ဖြင့်သာ
ရိုးရိုးလေး စားလိုက်ကြသည်။
အချဥ်ဖတ်မှာ သယ်ဆောင်ရလွယ်ကူပြီး အထားခံသော မုန်ညင်းချဥ်ဖြစ်သည်။
ဆန်းလင်သို့ ပြောင်းမလာခင် လင်းဝေ့ အမေက ဘူးကြီးတစ်ဘူးထည့်ပေးလိုက်သည်။ မုန်ညှင်းချဥ်အပြင်
ပဲတောင့်ရှည်မျိုးစေ့ တစ်ဘူး နှင့် တောင်ပေါ်ထွက်ရတနာများဖြစ်သော မှိုခြောက်နှင့် ဍရင်ကောက်
အညွှန့်ခြောက်များ ပါသေးသည်။
မှိုခြောက်သည် အသားနှင့်
နှပ်စားလျှင် အလွန်ကောင်းပြီး ဍရင်ကောက် အညွှန့်ကိုလည်း သုတ်စားလျှင် အလွန်အရသာရှိသည်။
အရွက်ကြော်ပန်းကန်ထဲရှိ အရွက်များကတော့ မနေ့ညနေခင်းကမှ စျေးကနေ
ဝယ်လာခြင်းဖြစ်သည်။ နောက်ကျနေပြီဖြစ်ရာ အသားလည်း မရှိတော့ပေ။ပင်လယ်စာရောင်းသည့် ဆိုင်တန်းလည်း
ပိတ်သွားပြီဖြစ်၍ ဟင်းသီးဟင်းရွက် စျေးတန်းသာကျန်တော့၏။ ထို့ကြောင့် မနက်စာက သားသက်လွတ်ဟင်းများသာ
ဖြစ်နေခဲ့သည်။
သူမတို့ အရင်မြို့မှာလည်း အသားသိပ်မစားဖြစ်၍ သားသက်လွတ်စားရသည်မှာလည်း
ပြဿနာသိပ်မရှိပေ။ သို့သော် သူမတို့ ရောက်နေသည်မှာ ကျွန်းပေါ်ဖြစ်၍ ပင်လယ်စာ မစားချင်မည့်
သူတော့ ရှိမည်မဟုတ်ချေ။ ကျောက်ပုဇွန်ကြီးများ၊ ဂဏာန်းကြီးများ၊ ပင်လယ်သခွားကောင်ကြီးများ
စသည့်ပင်လယ်အစားအစာများကိုတွေးရင်း သွားရည်ကျလာသည်။
သို့သော် ဤနှစ်တွင် ပင်လယ်စာများက အကန့်အသတ်နှင့်သာ ရောင်းချပေးသည်။
ပင်လယ်စာ ကူပွန်လက်မှတ်ရှိမှသာလျှင် ဝယ်ယူနိုင်မည်ဖြစ်သည်။ ထိုလက်မှတ်သည်လည်း တပ်တွင်းနေထိုင်သူဖြစ်မှသာလျင်
ရနိုင်မည်ဖြစ်သည်။
ဆန်စပါးနှင့်တစ်ခြား ချက်ပြုတ်စားသောက်ရသောစားစရာများကိုလည်း အိမ်ထောင်စုစာရင်းရှိမှသာ
ဝယ်ယူနိုင်မည်ဖြစ်သည်။ အိမ်ထောင်စုစရင်းမသွင်းထားလျှင် လင်းဝေ့တို့သားအမိသည် ကျုံးရှောက်၏
ထောက်ပံ့ရိက္ခာကိုသာ ဝေမျှစားရပေမည်။ ကျုံးရှောက်၏ ရိက္ခာသည်လည်း တစ်ဦးစာသာဖြစ်၍ ပင်လယ်စာစားဖို့မဆိုနှင့်
မိသားစုလိုက် စားလိုက်လျှင် တစ်လပင် ခံမည်မဟုတ်ချေ။
ထို့ကြောင့်စားသောက်ပြီးသည်နှင့် အိမ်ထောင်စုစာရင်းအကြောင်းစုံစမ်းရန်
လင်းဝေ့က ကလေးများကိုခေါ်ကာ တပ်မတော် ပြန်လည်နေရာချထားရေး ရုံးသို့သွားလိုက်သည်။ ထို့နောက်
ပင်လယ်စာ စျေးတန်းဆီး သွားကာ လှည့်လည်လိုက်သည်။
ယနေ့ မဝယ်စားနိုင်သေးသော်လည်း အရင်ဆုံး မျက်စိကို အစာကျွေးထား၍
ရနိုင်သေးသည်။ ထို့နောက် ဘာဝယ်စားမည်ကို ကြိုတွေးထားလို့ ရနိုင်သည်။
မနေ့ညနေက ဟင်းသီးဟင်းရွက် စျေးသွားစဥ် လင်းဝေ့ကို ကျုံးရှောက်က
မိသားစုအိမ်ရာဝင်း၏ မြေမျက်နှာ အနေအထားအကြောင်း ပြောပြသည်ကို နားထောင်ခဲ့ရသည်။
မိသားစုအိမ်ရာ တစ်ခုလုံးသည် ယပ်တောင်ပုံစံရှိရာ သူတိုအိမ်သည် ယပ်တောင်အဖျားရှူးသွားသော
အပိုင်းတွင် ရှိလေသည်။ ထိုနေရာက တောင်ကုန်းလေးဖြစ်ကာ အနောက်ဘက်တွင် ကမ်းပါးလည်းရှိသည်။
လမ်းမကြီးသည် ယပ်တောင်ပုံ အဝဘက်တွင်ရှိသည်။ လမ်းမတစ်လျှောက် ဆယ်မိနစ်ခန့်လမ်းလျှောက်ပြီးနောက်
လမ်းသုံးခွဆုံသို့ရောက်လာ၏။ ကမ်းရိုးတန်းဘေးရှိလမ်းကိုလိုက်သွားလျှင် ဆိပ်ကမ်းကို ရောက်မည်ဖြစ်ပြီး
ဆက်သွားလျှင် စစ်တပ်လေ့ကျင့်ရေးစခန်းကို တွေ့ရမည်ဖြစ်သည်။
နောက်တစ်လမ်းကို သွားမည်ဆိုလျှင်
တပ်မတော်ပြန်လည်နေရာချထားရေးရုံးသို့ ရောက်မည်ဖြစ်သည်။ ထို့အပြင် ထောက်ပံ့ရေးနှင့်
သမဝါယမရုံး အပြင် ပင်လယ်စာ စျေးတန်း မှာလည်း ဤအပိုင်းတွင်ရှိ၏။ တပ်မတော် ပြန်လည်နေရာချထားရေးရုံးသည်
မိသားစုအိမ်ရာဝန်း နယ်နိမိတ်တွင် ပါဝင်သော်လည်း စျေးတန်းနှင့် သမဝါယမရုံးများက တစ်ခြားနယ်နိမိတ်တွင်ပါဝင်သည်။
အခြားနယ်နိမိတ်တွင် တပ်မတော် မူလတန်းကျောင်းလည်း ရှိပါသည်။
တပ်မတော် မူလတန်းကျောင်းဟု ဆိုသော်လည်း စစ်သားများ၏ သားသမီးများသာမက
တစ်ခြားအဖွဲ့အစည်းများမှ ကလေးများလည်း ကျောင်းလာတက်ကြသည်။ ထို့ကြောင့်ကျောင်းဝန်းသည်
အတော်လေးကျယ်ကာ အုတ်တိုက်ကျောင်းဆောင် ငါးဆောင် ခြောက်ဆောင် ခန့်ရှိသည်။
တပ်မတော် မူလတန်းကျောင်းကို ကျော်လာလျင်
လမ်းဆုံတစ်ခု ထပ်ရှိလေသည်။ ကမ်းခြေနှင့်နီးသည့်ဘက်တွင် ငါးဖမ်းတပ်ဖွဲ့ဧရိယာဖြစ်သည်။
ပင်လယ်စာ ထောက်ပံရေးအဖွဲ့မှ စျေးတန်းသည် ဤတပ်ဖွဲ့မှ လာရောက်ရောင်းချခြင်းဖြစ်သည်။ အခြားဘက်တွင်မူ
ရေတပ်လေ့ကျင့်ရေးစခန်းရှိ၏။ ထို့ကြောင့် မိသားစုအိမ်ရာနှင့် ရေတပ် လေ့ကျင့်ရေးစခန်းသည်
ထောင့်ဖြတ်ပုံစံနေရာချထား၏။ ထို့ကြောင့် ခြေလျင် တည့်တည့်လျှောက်လာလျင်ပင် လေ့ကျင့်ရေးစခန်းကိုရောက်နိုင်
သည်။ မိုးရွာလျင်တော့ ရွံထူသည့်လမ်းကို လျှောက်ရမည်ဖြစ်သည်။
လမ်းဆုံကိုကျော်ကာ မိနစ်နှစ်ဆယ်ခန့် စက်ဘီးစီးလျင်တော့ ယန်ချန်းခရိုင်မြို့က်ို
ရောက်မည်ဖြစ်သည်။ လမ်းလျှောက်သွားလျင်တော့ ပိုကြာမည်ဖြစ်သည်။ လင်းဝေ့ လမ်းလျှောက်ပုံအရဆိုလျှင်
မိနှစ်လေးဆယ် ငါးဆယ်ခန့် လျှောက်ရမည်ဖြစ်သည်။ ကလေးနှစ်ယောက်ပါ ပါမည်ဆိုလျင် ထို့ထက်ပိုကြာမည်ဖြစ်သည်။
သို့သော် နေ့စဥ်အတွက် လိုအပ်သည့် အစားအသောက် အသုံးအဆောင်များကို
ထောက်ပံ့ပေးထားရာ ခရိုင်မြို့သို့ ခဏခဏ သွားရန်မလိုအပ်ပေ။
လင်းဝေ့လည်း ကလေး နှစ်ယောက်ကို ခေါ်ပြီး ခြံထဲကထွက်ကာ လမ်းမအတိုင်း
လျှောက်လာလိုက်သည်။
သူမ အိမ်အနောက်တွင် ကျိုးအိမ်ရှိသည်။ အိမ်ရှင်မှာ ကျိုးကျန်းဟိုင်ဖြစ်သည်။
သူသည် ကျုံးရှောက်တို့ လေ့ကျင့်ရေးစခန်း၏ နည်းပြဖြစ်သည်။ ကျုံးရှောက်နှင့်လည်း မိတ်ဆွေများဖြစ်ကြသည်။
သူ့အမျိုးသမီး၏ အမည်မှာ တန်းရှန့်ယွင်ဟု ခေါ်သည်။ သူမသည် ရုပ်ရည်ချောမောကာ စကားအပြောအဆိုလည်း
နူးညံ့သည်သာမက စိတ်ထားလည်း ကောင်းလေသည်။
လင်းဝေ့ တို့သားအမိ တစ်တွေ ကျိုးအိမ်ကို ဖြတ်လာသည့်အခါ တန်းရှန့်ယွင်ကို
မတွေ့မိပေ။ သို့သော် သူမသား ရှောင်ရှီးရှိီးကိုတော့ အိမ်နံရံဘေးတွင် စောင့်ကြောင့်ထိုင်နေကာ
အောက်မြေကြီးကို စူးစမ်းကြည့်နေသည်ကိုတော့တွေ့လိုက်ရသည်။ သူ့ကိုတွေ့လျင် လင်းဝေ့တို့လည်း
လှမ်းမေးလိုက်သည်။ " သား ရှောင်ရှီးရှီးရေ ဘာတွေကြည့်နေတာလဲ "
ရှောင်ရှီးရှီးသည် အသံကြားလိုက်၍ ခေါင်းမော့ကြည်လိုက်ရာ လင်းဝေ့တို့
သားအမိတွေကို တွေ့လိုက်တော့ ပြန်ဖြေလိုက်သည်။"ပုရွက်ဆိတ်တွေကို ကြည့်နေတာပါဗျ"
သူ့ပြန်ဖြေသံက တိုးကာ သိပ်မကြားရပေ။ ထို့ကြောင့် မင်မင်သည် ထပ်မေးလိုက်သည်။
"ဘာပြောလိုက်တာလဲ သိပ်မကြားရဘူး" ဟုပြောရင်း ခြံထဲဝင်သွားကာ သွားကြည့်ခဲ့သည်။
လျှောက်သွားနေသော ပုရွက်ဆိတ်တွေကို မြင်တဲ့အခါ လင်းဝေ့တို့ကို လှည့်ကြည့်ရင်း
အော်ပြောလိုက်သည်။
" ရွေ့ရွေ့ ရှောင်ရှိီးရှီးလည်း ပုရွက်ဆိတ် တွေကိုကြည့်နေတာ"
မနေ့က ကျိုး မိသားစုအိမ်ကို ဖြတ်လာစဥ် ကလေးများအချင်းချင်း မိတ်ဆက်ပေးပြီးသား
ဖြစ်သော်လည်း ရွေ့ရွေ့သည် ရှောင်ရှီးရှိီးနှင့် သိပ်မရင်းနှီးသေးပါ။
ထို့ကြောင့် ရွေ့ရွေ့က ခြံထဲ လိုက်မဝင်သွားခဲ့ပေ။
ရှောင်ရှိီးရှီးကလည်း သိပ်မရင်းနှီးသေး၍ မင့်မင့်အနား သိပ်မကပ်ပဲ
သတိနှင့်နေနေသည်။ သို့သော် ကလေးများ၏ ရွယ်တူများနှင့် ကစားလိုသော စိတ်ကြောင့် မင်မင်ဘေး
ကပ်သွားပြန်သည်။
မင်မင် ကတော့ ရှောင်ရှီးရှီး၏ အပြုအမူများကို ဂရုမပြုမိပဲ မြေပြင်ပေါ်
လျှောက်သွားနေသည့် ပုရွက်ဆိတ်များကိုသာ ကြည့်နေကာ ပြောလိုက်သည်။ "ငါတို့အိမ် ခြံထဲမှာလည်း
ပုရွက်ဆိတ်တွေ အများကြီးပဲ ဒီပုရွက်ဆိတ်တွေထက်တောင် ကြီးသေးတယ်" ဟုပြောလိုက်သည်။
"တစ်ကယ်ကြီးလား" ဟု ရှောင်ရှီးရှီးကလည်း ပြန်မေးလိုက်သည်။
"ဒါပေါ့ ငါ့အိမ်က ပုရွက်ဆိတ်တွေက မင်းအိမ်ကပုရွက်ဆိတ်တွေရဲ့
အဖေ၊ အမေတွေ ဖြစ်မယ်ထင်တယ်" မင်မင်က ပုရွက်ဆိတ်များကို မိသားစုဝင် များရှာပေးချင်နေပုံရသည်။
သူ့အမေ ပြောသည့်စကားများကိုလည်း ပြန်တွေးမိကာ ဆက်စပ်တွေးမိသွားသည်။
"ဟုတ်တယ် သူတို့က မိသားစုတွေဖြစ်ရမယ်။ အိမ်ချင်းကလည်း နီးတယ်ဆိုတော့
လမ်းလျှောက်ရုံနဲ့ ရောက်တယ် ရထားစီးစရာလည်း မလိုဘူး"ဟု ပြောလိုက်သည်။