အပိုင်း ၁၆
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၁၆

 

 

 

 

 

 

ဤ အဆောက်အအုံကို မနေ့က ဖြတ်သွားစဥ် ကျုံးရှောက်က တပ်မတော် ပြန်လည်နေရာချထားရေးရုံးရှိကြောင်းသာ ပြောပြခဲ့သည်။ အမှန်တော့ ဤအဆောက်အအုံတွင် အမျိုးသမီးရေးရာ အဖွဲ့အစည်းရုံးလည်းရှိ၏။ တပ်မတော် ပြန်လည်နေရာချထားရေး ရုံးသည် ပထမထပ်တွင်ရှိပြီး  အမျိုးသမီးရေးရာ အဖွဲ့အစည်းရုံးက ဒုတိယအထပ်တွင်ရှိသည်။

 

 

ပထမထပ်သည် အလွန်ကျယ်၍ အတွင်းထဲရှိ ဘယ်ဘက်ညာဘက်တွင် တံခါးပေါက်လေးခုပါသည့် ရုံးခန်း ၇ ခန်း ရှိသည်။ ဘယ်ဘက်ရှိ တံခါး နှစ်ပေါက်က ဧည့်တွေ့ခန်းနှင့် ရုံးခန်းအတွက်ဖြစ်ပြီး ကျန်တံခါးနှစ်ပေါက်က ဦးစီးမှုးများ၏ ရုံးခန်းအတွက်ဖြစ်သည်။ ညာဘက်ရှိ အခန်းလေးခုမှာ အိမ်ထောင်စု စာရင်းသွင်းရန်ဌာန၊ အလုပ်အကိုင် ရှာဖွေရေးဌာန၊ ကြားဝင်စေ့စပ်ညှိနှိုင်းရေး ဌာနနှင့် ငွေကြေးထောက်ပံ့မှုဌာန စသည့် ရုံးခန်းငယ်လေးများအတွက် ဖြစ်သည်။

 

 

မိမိသွားလိုသည့် ဌာနတည်နေရာကို မေးမြန်းဖို့ စင်္ကြံလမ်းပေါ်တွင် မည်သူမျှမရှိသော်လည်း ရုံးခန်းတံခါးပေါက် အပေါ်တွင် ကပ်ထားသည့် ဌာနအမည်များကိုကြည့်လိုက်ပြီး ညာဘက်ရှိ ရုံးခန်းတစ်ခု၏ တံခါးကိုခေါက်လိုက်သည်။

 

 

ရုံးခန်းအတွင်းမှ ညှင်သာသည့် အသံတစ်ခု ထွက်လာသည်။"ဝင်လာပါရှင် "

 

 

လင်းဝေ့ တံခါးတွန်းဖွင်ကာ ဝင်သွားခဲ့သည်။ သူမ မြင်လိုက်ရသည်က အရှေ့တွင် တံခါးပေါက်နှင့် အနောက်ဘက်တွင် ပြတင်းပေါက်များပါသော လေးထောင့်ပုံ သာမန်ရုံးခန်းတစ်ခုကို ဖြစ်သည်။ ရုံးခန်းက သိပ်မကြီးပေ။ တံခါးပေါက်၏ ဘယ်ဘက်ညာဘက်တွင် စားပွဲခုံတစ်ခုစီရှိနေပြီး စားပွဲခုံတိုင်း၏ အနောက်တွင် စာရွက်စာတမ်းများ ပြည့်နေသည့် ဘီဒို နှစ်လုံးရှိသည်။

 

 

စားပွဲခုံ တစ်ခုရှိ လူနှစ်ဦးမှာ သူမကိုကြည့်နေပြီး နောက် စားပွဲခုံတွင် အပြင်သွားသည်လား မသိ လူမရှိပေ။

 

 

လင်းဝေ့လည်း ရှိနေသည့် လူနှစ်ယောက်ကို ပြုံးကာ မိတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ကျွန်မက လင်းဝေ့ပါ။ ကျွန်မတို့က တပ်ထဲ ကိုအခုမှ ပြောင်းလာလို့ ဘယ်မှာ စာရင်းသွင်းရမလဲ သိချင်လို့ပါရှင့်"

 

 

စားပွဲပေါ်ရှိ လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုနှစ်ဦးသည်လည်း တပ်မိသားစုဝင်များပင် ဖြစ်သည်။ သူတို့ သည် ပညာရေးအဆင့် မြင့်သောကြောင့် ရုံးတွင် လစ်လပ်နေရာရှိသောအခါ အလုပ်လျှောက်၍ တပ်မတော်ပြန်လည်နေရာချထားရေးရုံး၌ ဝန်ထမ်း ဝင်လုပ်နေကြခြင်း ဖြစ်သည်။

 

 

တပ်မိသားစု ဝန်းအတွင်း နေ့တဒူဝ ဖြစ်စဥ် များသည် တပ်မိသားစုဝင်တိုင်း ကြားသိလေ့ရှိသည်။ လင်းဝေ့မျက်နှာ မြင်လိုက်ကာ လင်းဝေ့ ပြောစကားကြားလိုက်သည်နှင့် သူမယောက်ျားက မည်သူဖြစ်သည်၊ သူမ မည်သည့်အချိန်က တပ်ထဲ ရောက်လာသည် စသည်တို့ကို မှန်းဆနိုင်ကြသည်။

 

 

တစ်ဆက်တည်းမှာပင် မနေ့က ကောင်းရှို့လျန်နှင့် ဖြစ်ပျက်ခဲ့သော ကိစ္စများကိုလည်း ကြားပြီးဖြစ်၍ သွားရှုပ်၍ မရသည့်လူမှန်းလည်း သိထားကြသည်။

 

 

ထိုကဲ့သို့စဥ်းစားလိုက်ရင်း ညာဘက်ရှိ စကော့အကွက်အဆင် အင်္ကျီနှင့်အမျိုးသမီးက ခါးမတ်လိုက်ကာ မေးလိုက်သည်။"စာရွက်စာတမ်းတွေကော ပါခဲ့ရဲ့လားရှင်"

 

 

ကျုံးရှောက်က စာရင်းသွင်းရာတွင် လိုက်မလာနိုင်သော်လည်း လိုအပ်သည့် စာရွက်စာတမ်းများကို ကျုံးရှောက်ကသာ ပြင်ဆင်ပေးခဲ့သည်။ လင်းဝေ့လည်း ကျုံးရှောက် ပြင်ဆင်ပေးခဲ့သည့် စာရွက်စာတမ်းများကို ကမ်းပေးလိုက်သည်။

 

 

"ဒါက ကျွန်မ ယူလာတဲ့စာရွက်စာတမ်းတွေပါ ပြည့်စုံလား ကြည့်ပေးပါဦးရှင့်"

 

 

စကော့အကွက်အဆင် အင်္ကျီနှင့် အမျိုးသမီးလည်း စာရွက်စာတမ်းများကို တစ်ချက်ကြည့်လိုက်ရင်း လင်းဝေ့ဘေးကို တစ်ချက်ကြည့်လိုက်သည်။ တံခါးဘေးမှာ ရပ်နေသည့် အချင်းချင်း စနောက်နေကြသော ကလေးနှစ်ယောက်ကို တွေ့လိုက်ရ၍ အံ့သြ သွားကာ မေးလိုက်သည်။" ကလေး နှစ်ယောက်က ရုပ်ဆင်တယ်နော်"

 

 

"သူ တို့က အမွှာတွေပါ ဒါကြောင့် ရုပ်ချင်းနည်းနည်းဆင်ကြတယ်" ဟုသာ ရှင်းပြလိုက်သည်။

 

 

"အမွှာတိုင်းကတော့ ရုပ်မဆင်ကြဘူးနော် " ဟု ခုံနောက်တွင် ထိုင်နေသည့် မီးခိုးပြာ-ရေတပ် နွေရာသီဝတ်စုံ ကိုဝတ်ထားသည့် သက်လတ်ပိုင်းအမျိုးသမီးက ပြောလိုက်သည်။

 

 

ရေတပ်သည် ယခုနှစ်အတွင်း စစ်ယူနီဖောင်းအသစ်များ ပြောင်းလဲထုတ်ပေးထားသည်။ အမျိုးသမီး စစ်သည်များအတွက် နွေရာသီဝတ်စုံများက အပေါ်ပိုင်း အဖြူရောင်ဖြစ်ပြီး အောက်ပိုင်းက အပြာရောင်ဖြစ်သည်။ ဤအမျိုးသမီးသည် ၆၅နှစ်ခန့်ရှိကာ အမျိုးသမီးစစ်သားများအတွက် ထုတ်ပေးထားသော နွေရာသီယူနီဖောင်းကိုဝတ်ထားပေမယ့် အသွင်အပြင်ကတော့  ​တောက်ပနေဆဲဖြစ်သည်။

 

 

လင်းဝေ့လည်း သူမသဘောရိုးနှင့် မေးမှန်းသိ၍ ပြုံးကာ​ပြောပြလိုက်သည်။

"ရုပ်တူ အမွှာနဲ့ ညီအစ်ကို အမွှာ ဆိုပြီးကွဲသွားလို့ပါ ရုပ်တူ အမွှာက ရုပ်ရည်ချင်းတူပြီး ညီအစ်ကို အမွှာက ရုပ် မတူကြပါဘူး"

 

* Identical or monozygotic twins (ရုပ်တူအမွှာ)- မျိုးအောင်ပြီးသော မိခင် မမျိုးဥသည် နှစ်ခုကွဲထွက်ကာ မျိုးရိုးဗီဇ အချက်အလက်တူသော အမွှာကလေး နှစ်ဦးဖြစ်လာခြင်း

 

*fraternal or dizygotic twins (ညီအစ်ကို အမွှာ) - မိခင်မှ  မမျိုးဥနှစ်ခုတစ်ပြိုင်တည်းထုတ်ပေး၍  ဖခင်၏ သုတ်ပိုးနှစ်ခုနှင့် ပေါင်းစပ်ပြီး မျိုးရိုးဗီဇ အချက်အလက်ကွဲသော အမွှာကလေးနှစ်ဦးဖြစ်လာခြင်း

 

 

နွေရာသီ စစ်ယူနီဖောင်းနှင့် အမျိုးသမီးက အံ့သြကာပြောလိုက်သည်။"အမွှာတွေမှာ အာ့လိုမျိုးခွဲထား သေးတာလား"

 

 

"အာ့လိုမျိုး နှစ်မျိုးရှိတယ်လို့ ဆရာဝန်က ပြောပြဖူးတယ်" ဟု လင်းဝေ့က ပြောလိုက်သည်။ အမှန်တော့ ဆရာဝန်ပြော၍ သိသည် မဟုတ်ပါ။ လင်းဝေ့ မူလ ဝတ္ထုထဲမှာ ဖတ်လိုက်ရ၍ ဖြစ်သည်။

 

 

သူမတို့နှစ်ဦး စကားပြောနေကြစဥ် စကော့အကွက်အဆင် အင်္ကျီ နှင့်အမျိုးသမီးသည် လင်းဝေ့၏ စာရွက်စာတမ်း အချက်အလက်များကို စစ်ဆေးနေပြီး နောက်၊ ဘီဒိုထဲမှ ပုံစံစာရွက်ထုတ်ပေးလိုက်ကာ ပြောလိုက်သည်။

 

 

"အချက်အလက်တွေကို ဒီစာရွက်နှစ်ခုထဲမှာဖြည့်လိုက်ပါရှင့် "

 

 

လင်းဝေ့ကို ဘောပင်လည်း ကမ်းပေးလိုက်ကာ သူ့ဘေးရှိ ထိုင်ခုံကိုညွှန်ပြရင်း "ဒီ မှာထိုင်ပြီး ဖြည့်လိုက်ပါရှင့်" ဟုပြောလိုက်သည်။

 

 

လင်းဝေ့လည်း သူမကို ကျေးဇူးတင် စကားပြောရင်း ထိုင်ခုံမှာထိုင်ပြီး ပုံစံစာရွက်ကို ဖြည့်လိုက်သည်။

 

 

ပုံစံစာရွက် တစ်ရွက်သာဖြစ်သော်လည်း စာမျက်နှာ နှစ်ဖက်စလုံးဖြည့်ရခြင်းဖြစ်၍ လင်းဝေ့ အတော်အကြာ အချက်အလက်များ ဖြည့်လိုက်ရသည်။

 

 

ညီအစ်ကိုနှစ်ယောက်မှာလည်း သူတို့နှင့် မရင်းနှီးသော နေရာဖြစ်၍ အသံကျယ်ကျယ် မပြောရဲကြပေ။ သူတို့အတွက် မိနစ်အနည်းငယ်က အဆင်ပြေသော်လည်း အချိန်ကြာလာတော့ ကလေးတွေက ပျင်းလာသည်။ လင်းဝေ့ ပုံစံစာရွက်ကိုဖြည့်နေစဥ် မင်မင်က သူမအနား ပြေးလာကာမေးလိုက်သည်။

"မေမေ ကြာဦးမှာလား"

 

 

လင်းဝေ့ သူမသားကို လှည့်ကြည့်ကာပြောလိုက်သည်။

" ခဏလေးနော် သား ပြီးတော့မှာပါ သားညီလေးနဲ့ ခဏဆော့နေနော်"

 

 

 မင်မင်လည်း သက်ပြင်းလေးချကာ သူ့အမေကိုဟုတ်ကဲ့ လို့ပြန်ပြောရင်း ပြတင်းပေါက် အပြင်ကိုကြည့်လိုက်သည်။ အပြင်ဘက်မှာ ကွင်းပြင်ရှိမှန်းသတိရလိုက်ကာ သူ့အမေကို မေးလိုက်သည်။

"မေမေ ဒါဆို သားတို့နှစ်ယောက် အပြင်ဘက်သွားဆော့လို့ရလား"

 

 

လင်းဝေ့လည်း ကလေးတွေကို အပြင်ဆော့ခ်ိုင်းရန်သင့်မသင့် ခဏစဥ်းစားလိုက်သည်။ ဤနေရာသည် သူမ မရင်းနှီးသော နေရာအစိမ်းဖြစ်လေရာ ကလေးနှစ်ယောက် ပျောက်သွားမည်ကို စိုးရိမ်မိသည်။

 

 

ထိုအချိန်တွင် နွေရာသီ စစ်ယူနီဖောင်းနှင့် အမျိုးသမီးသည် ကလေးများကို ချိုချဥ်များ ကမ်းပေးလိုက်ကာမေးလိုက်သည်။"သားတို့ ချိုချဥ်စားကြမလား"

 

 

ချိုချဥ်မကြိုက်သည့် သုံးလေးနှစ်အရွယ် ကလေး မရှိသလောက်ပင်ဖြစ်သည်။ ကလေးများသည် ထိုအမျိုးသမီး၏ လက်ထဲမှ ရောင်စုံစက္ကူဖြင့်ထုတ်ထားသော သစ်သီး ချိုချဥ်နှစ်ခုကို ကြည့်လိုက်ပြီး တံတွေးမျိုချနေလေသည်။

 

 

သို့သော် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"မေမေက ပြောတယ် မသိတဲ့သူတွေ သူစိမ်းတွေ ပေးတာ မယူရဘူးတဲ့" ချိုချဥ်ကို ကြည့်ပြီး နှုတ်ခမ်းသပ်လိုက်ကာ ပြောလိုက်သေးသည်။ " စားစရာတွေဆို ပိုတောင်မယူရဘူးလို့ပြောထားတယ် "

 

 

ကလေး နှစ်ယောက်က မိဘများကဲ့သို့ မျက်နှာကျ လှပကာ ရွယ်​တူကလေးတွေထက် ရုပ်ရည် ပိုကြည့်ကောင်းလေသည်။ အသားအရေကလည်း ဖြူလေရာ အထူးသဖြင့် အလွန် ချစ်စရာကောင်းလှသည်။

 

 

နွေရာသီ စစ်ယူနီဖောင်းနှင့် အမျိုးသမီးသည် ကလေးများကို အလွန်ချစ်တတ်သည်။ ကလေးနှစ်ယောက်သည် ဆိုးသွမ်းဂျီကျခြင်းမရှိပဲ တံခါးပေါက်နားမှာ ရပ်နေကတည်းက ဤ ကလေးနှစ်ယောက်ကို အလွန် သဘောကျနေခဲ့သည်။ ကလေးတွေကို ခြောက် မိမည်စိုး၍ စကားသွားမပြောပဲ နေခဲ့ရာ ယခုမှ ချိုချဥ်ပေးရင်း စကားသွားပြောခြင်းဖြစ်သည်။

 

 

ဒီကလေးတွေက သတိရှိကာ ဉာဏ်ကောင်းလိမ့်မယ်လို့သူမ မထင်မိပေ။ ကလေးတွေက သူမလက်ထဲ ချိုချဥ်ကို အလွန်စားချင်နေကြသော်လည်း လက်ခံဖို့ငြင်းနေသည်ကိုမြင်လျင် ပိုချစ်မိသွား၍ ပြုံးကာပြောလိုက်သည်။

 

 

" ဟုတ်တယ် မသိတဲ့သူတွေ သူစိမ်းတွေ ပေးတာ မယူရဘူးနော် ဒါပေမယ့် အန်တီ့ ယောက်ျားနဲ့ သားတို့အဖေနဲ့ကလည်း ခင်ကြတယ်။ အန်တီကလည်း သားတို့လိုပဲ မိသားစု အိမ်ရာဝန်းမှာနေတာပဲ အန်တီက သူစိမ်းမဟုတ်ပါဘူးကွယ် သားတို့မယုံရင် မေ့မေ့ကို မေးကြည့်လိုက်"

 

 

မင်မင်က လင်းဝေ့ကို လှမ်းကြည့်လိုက်သည်။

 

 

ထိုအမျိုးသမီးသည်လည်း လင်းဝေ့ကို ပြုံးကာကြည့်ရင်း ပြောလိုက်သည်။

" ကျွန်မ နာမည်က ရှန်းချင်းပါ။ ကျွန်မ အမျိုးသား လီပေါဖင်နဲ့ ကျုံးရှောက်တို့က ရေတပ်လေ့ကျင့်ရေးစခန်းတူကြပြီး အချင်းချင်းလည်း ရင်းနှီးကြပါတယ်"

 

 

လင်းဝေ့လည်း သူမ ပြောစကားကိုယုံသည်။ ဆန်းလင် ခံတပ်မြို့သည် ကြီးမားသည့်ခံတပ်မြို့ဖြစ်လေရာ ကမ်းခြေတပ်စု၊ ရေတပ်သားတပ်စုနှင့် လေတပ်စု စသည့်တပ်စုအဖွဲ့များလည်း ခွဲခြားထားသေးသည်။ မိသားစုအိမ်ရာတွင် နေထိုင်သည့် အရာရှိများသည်လည်း တပ်တွင် ရာထူးမြင့်ကြသည်။

 

 

သူတို့က အချင်းချင်းလည်း ရင်းနှီးကြသည်။ အရမ်းမရင်းနှီးလျင်ပင် နာမည်တော့ အနည်းဆုံးသိကြလေသည်။ ရှန်းချင်း၏ ပြောပုံအရဆိုလျင် သူမ ယောက်ျားနှင့် ကျုံးရှောက်တို့က ဟိုင်ချင်မှ ဖြစ်ကာ သူတို့အချင်းချင်း ရင်းနှီးကြမည်မှာ သေချာသည်။

 

 

အမှန်တော့ သူတို့အချင်းချင်း အရင်က မသိကြလျင်ပင် ယခု တွင် မိသားစု အိမ်ရာ ဝန်းအတွင်း စုပေါင်းနေထိုင်ကြသည်ဖြစ်ရာ အိမ်ချင်းနီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ကြာလာလျင် သိကျွမ်းလာကြမည်ဖြစ်သည်။

 

 

ထို့ထက်မက ရှန်းချင်းသည်လည်း တစ်ခြားရည်ရွယ်ချက်မပါပဲ ကလေးများကို ချစ်ခင်၍သာ ချိုချဥ်ပေးကြောင်းကို မြင်ရုံနှင့် လင်းဝေ့သိလိုက်ပြီး မင်မင်ကို ခေါင်းငြိမ့်ကာပြောလိုက်သည်။ "သား အန်တီကို ဘာပြောရမယ် ဆိုတာ သိတယ်နော်"

 

 

" ကျေးဇူးတင်ပါတယ် အန်တီ" မင်မင်က ချိုချဥ်ကို ယူလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။ တံခါးနားရပ်နေသည် ရွေ့ရွေ့ကိုကြည့်လိုက်ပြီး ထိုအန်တီကိုမေးလိုက်သေးသည်။

"သားညီလေး အတွက် ကော ယူလို့ရလားဟင် "

 

 

ရှန်းချင်းလည်း ပြုံးကာ "ရတာပေါ့ ဒီချိုချဥ်တွေက သားတို့အတွက်ပဲလေ " ဟုပြောလိုက်သည်။

 

 

မင်မင်သည် ချိုချဥ်များကို ယူရင်းပြောလိုက်သေးသည်။

"သားတို့နှစ်ယောက် ချိုချဥ် တစ်ယောက်တစ်ခု စီပဲ ယူပါတော့မယ်။ မေမေက ချိုချဥ် အများကြီး မစားခိုင်းလို့ပါ"

 

 

မင်မင်သည် ချိုချဥ် တစ်ခုကို သူ့ညီလေးကို ကမ်းပေးလိုက်သည်။ "ရော့ ညီလေး တစ်ခုယူ"

 

 

ရွေ့ရွေသည်လည်း တံခါးနားမှာ ကြောင်တောင်တော်လေး ရပ်နေရင်း သူ့အစ်ကို လက်ထဲက ချိုချဥ်ကို ယူလိုက်ကာ ကျေးဇူးတင်စကား​ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အန်တီ "