အပိုင်း ၁၉
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၁၉

 

 

 

 

လင်းဝေ့က သူမ ကလေးများ၏ အမူအရာကို တွေ့ပြီး သူမ၏ နှုတ်ခမ်းထောင့်များက ကွေးညွှတ်သွားသည်။ သို့သော် ပြုံးရုံသာပြုံးကာ  ဘာမှ မပြောပဲ အရောင်းဝန်ထမ်းကိုသာ ပင်လယ်စာ ဘယ်လိုရောင်းလဲ မေးနေ၏။ မလတ်ဆတ်သော ငါးများကိုတွေ့၍ ငါးများ အဘယ့်ကြောင့် မလတ်လဲကိုလည်း မေးလိုက်သေးသည်။

 

 

ငါးအရောင်းတန်း အနောက်တွင် ထိုင်နေသော အစ်မကြီးက လင်းဝေ့ မေးခွန်းကို ကြားသောအခါ ရယ်၍ ပြန်ဖြေခဲ့သည်။

"ညီမက ကုန်းတွင်းပိုင်းကနေ အခုမှ ကျွန်းပေါ်ကိုပြောင်းလာတာ မဟုတ်လား"

 

 

ယနေ့ခတ်တွင် နေရာရွေ့ပြောင်းပြီးနောက် အလုပ်အကိုင် အတည်တကျ ဖြစ်ရန်က ခက်ခဲလှသည်။မိသားစုအိမ်ရာတွင်လည်း လူအများကြီး နေထိုင်ကြသည်ဖြစ်ရာ လင်းဝေ့လို မျက်နှာစိမ်း လူကိုတွေ့လိုက်သည်နှင့် အသစ်ရောက်လာသည့် လူမှန်း သိကြသည်။

 

 

 သို့သော် ဤအမျိုးသမီးကတော့ လင်းဝေ့ကို ကုန်းတွင်းပိုင်းမှ လာသည်ဟု တိုက်ရိုက်ပြောလေရာ လင်းဝေ့ကြောင်သွားသည်။" ဘယ်ကလို့ ပြောလိုက်တယ်"

 

 

ထိုအစ်မကြီးက ပြန်ရှင်းပြခဲ့သည်။

" ငါးတွေကလည်း အာ့လိုမျိုးပဲ ကုန်းပေါ်တက်လာတာနဲ့မရှင်သန်နိုင်ကြတော့ဘူး။ သူတို့ အသက်ရှုဖို့လည်း အချိန်သိပ်မကြာဘူး။ ညီမလည်း ကျွန်းပေါ်နေတာကြာရင် သိလာလိမ့်မယ်"

 

 

လင်းဝေ့လည်း သူမ ပြောလိုက်သည်နှင့် ရုတ်တရက်နားလည်လိုက်သည်။

 

 

သူမသည် ဟာသပြောနေမှန်းသိလိုက်ကာ စိတ်သက်သာသွားသည်။ လင်းဝေ့လည်း စျေးသိပ်မကြီးသော အလတ်စားအရွယ်ရှိ အဖြူရောင်ပင်လယ်ငါးကို ရွေးလိုက်ပြီး ချိန်ခိုင်းလိုက်သည်။

 

 

ငါးအရောင်းဝန်ထမ်းက ငါးချိန်နေတုန်း လင်းဝေ့သည် ပင်လယ်စာ အရောင်းစျေးဆိုင်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ပင်လယ် အမျိုးအစားတစ်ချို့ရောင်းနေသည်ကိုတွေ့ရသည်။ အတော်များများကို လင်းဝေ့မမြင်ဖူးပါ။ သူမသည် ကျောက်ပုစွန်နှင့် ဂဏန်းလောက်သာ မြင်ဖူးခဲ့သည်။

 

 

သူမနေခဲ့သော ရှီးချန်တွင် ကျောက်ပုစွန်နှင့် ဂဏန်းလည်းရှိသည်။ သို့သော် ကျွန်းပေါ်က အကောင်တွေလောက်မကြီးကြပေ။ အကောင်မကြီးသော်လည်း အမျိုးအစား တစ်မျိုးထဲ ဖြစ်တာကြောင့် လင်းဝေ့က ကျောက်ပုစွန်နှင့်ဂဏန်းများကို မြင်သည်နှင့် မှတ်မိခဲ့သည်။

 

 

အမှန်အတိုင်းပြောရလျင် လင်းဝေ့လည်း ပင်လယ် ဂဏန်းနှစ်ကောင်လောက် စားချင်မိသည်။ ခရုကမာများလည်း စားကောင်းသည်ဟုကြားဖူး၍ စားချင်မိသည်။

 

 

သို့သော် သူမတွင် ပင်လယ်စာ ဝယ်ယူနိုင်သော လက်မှတ် နှစ်ခုသာရှိရာ ပင်လယ်စာ တစ်ပေါင်ခွဲလောက်သာ ဝယ်နိုင်မည်ဖြစ်သည်။ ဂဏန်းနှင့် ကမာကောင် များဝယ်မည်ဆိုပါက ပေါင်ဝက်လောက်က သူတို့ အခွံရဲ့ အလေးချိန် ဖြစ်နေလိမ့်မည်။ ထို့ကြောင့်မတန်ပေ။

 

 

စာရင်းသွင်းပြီးတဲ့အထိ စောင့်ပြီးရင် လက်မှတ်များ လုံလုံလောက်လောက် ရလာမည်ဖြစ်သည်။

 

 

လင်းဝေ့ ငါးဝယ်ပြီးနောက် ဟင်းရွက်စျေးတန်းဆီ သွားလိုက်သည်။ ငါးပေါင်းလုပ်ဖို့ စဥ်းစားထား၍ ချင်းနှင့်ကြက်သွန်မြိတ်၊ သခွားသီးနှင့် အာလူးများဝယ်လိုက်သည်။ သူမလည်း ဒီနေ့တစ်နေ့စာအတွက် လုံလောက်စွာဝယ်ပြီးဖြစ်၍ ကလေးများကို ခေါ်ကာ အိမ်ပြန်ဖို့ပြင်လိုက်သည်။

 

 

လင်းဝေ့စျေးထဲက ထွက်လာစဥ် မိသားစုအိမ်ရာဝန်းထဲနေကြသည့် လူများကိုလည်းတွေ့ခဲ့ရသည်။ အရာရှိ ဇနီးသည် များသည်လည်း လင်းဝေ့က အသစ်ရောက်လာသောသူဖြစ်မှန်းသိ၍ လင်းဝေ့က်ို တွေ့လျင် လာနှုတ်ဆက်ကြသည်။ ရွေ့ရွေ့နဲ့ မင်မင်တို့ကလေး နှစ်ယောက်က်ိုလည်း ချစ်ခင်ကြကာ နှုတ်ဆက်ကြသည်။

 

 

အမွှာကို မမြင်ဖူးကြသည့်သူများ ဖြစ်ရုံသာမက ကလေးနှစ်ယောက်ကလည်း ရုပ်ဆင်ပြီး ချစ်စရာကောင်းနေလေရာ တွေ့သည့် လူတိုင်းက လာနှုတ်ဆက်ကြသည်။

 

 

လင်းဝေ့လည်း ပြန်လာရာ လမ်းတစ်လျှောက်လုံးရှိ သူမကို လာနှုတ်ဆက်သော အရာရှိဇနီးသည်များကို ပြန်နှုတ်ဆက်နေရသည်။ လာနှုတ်ဆက်သည့်လူများကလည်း ချစ်စရာ အမွှာနှစ်ယောက်က်ိုတွေ့လျှင် အူယားကာ လင်းဝေ့နှင့် စကားပြောနေစဥ် ကလေးများ ပါးက်ို ညစ်ညစ်သွားကြသည်။ ထို့ကြောင့် ကလေးများကလည်း လူတွေ့သည်နှင့် ပါးကို လက်နှစ်ဖက်ဖြင့်ကာထားကြတော့သည်။

 

 

ဝမ်ဖန်းလီ လင်းဝေ့ကိုတွေ့၍ နှုတ်ဆက်သောအခါ မင်မင်က သူ့ပါးနှစ်ဖက်ကို ကိုင်နေသော အမူအရာကိုတွေ့၍ မေးကြည့်လိုက်သည်။

"ကလေး ပါးက ဘာဖြစ်လို့လဲ"

 

 

" သူ့ ပါးကိုဆွဲညစ်ကြမှာစိုးလို့ပါ "

လင်းဝေ့လည်း ပြန်လာလမ်းအတွင်း ဖြစ်ခဲ့သည်များကိုပြောပြပြီး ရယ်လိုက်သည်။

 

 

ဝမ်ဖန်းလီလည်း ထိုအမျိုးသမီးများကိုနားလည်သည်။

"အမှန်အတိုင်း ပြောရရင် ကျွန်မလည်း ဒီကလေး နှစ်ယောက်ကို တွေ့ရင် သူတို့ ပါးဖောင်းဖောင်း လေးတွေကို ကိုင်ညစ်ပစ်ချင်နေတာ"

 

 

ထိုသို့ကြားလိုက်သည်နှင့် မင်မင်သာမက ရွေ့ရွေ့ကပါ မျက်လုံးပြူးလေးနှင့် သူ့ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို လက်ဖဝါးလေးဖြင့် ကာလိုက်လေရာ ဝမ်ဖန်းလိလည်း မထိန်းနိုင်တော့ပဲ အလွန်ရယ်လေတော့သည်။

"မစိုးရိမ်ပါနဲ့ အန်တီက သားတို့ ပါးဖောင်းဖောင်းလေးကို မညစ်ပါဘူး"

 

 

ထိုသို့ပြောရင်း လန့်နေသည့် ကလေးနှစ်ယောက်ခေါင်းကို ပွတ်ပေးလိုက်ကာ လင်းဝေ့ကို ပြောလိုက်သည်။

"ဒါနဲ့စကားမစပ် ညွှန်ကြားရေးမှုးချန် ရှင့်ကို ရှာနေတယ် တယ်နော်"

 

 

"ဘယ်ညွှန်ကြားရေးမှုးချန်လဲ" လင်းဝေ့လည်း မေးလိုက်သည်။

 

 

"ညွှန်ကြားရေးမှုးချန်က ကျွန်မ ယောကျ်ားရဲ့ဆရာ  စုန့်တဲမင်ရဲ့အမျိုးသမီး ချန်ဝမ်ဖန်းပါ။ သူမက အမျိုးသမီးရေးရာအဖွဲ့ရဲ့ ညွှန်ကြားရေးမှုးလေ။ စစ်ဆေးရုံဆောက်ပြီးတော့ စစ်ဆေးရုံရဲ့ ထောက်ပံ့ညွှန်ကြားရေးမှုးအဖြစ်ပြောင်းသွားတာ။ ကျုံးရှောက် မပြောပြဖူးဘူးလား" ဟု ဝမ်ဖန်းလိက ပြောလိုက်သည်။

 

 

လင်းဝေ့တို့ ကျွန်းပေါ် ပြောင်းမလာခင်က မိသားစုအိမ်ရာအတွင်းရှိ လူများအကြောင်း ပြောပြဖူးခဲ့သော်လည်း အရမ်းရင်းနှီးသည့် ရဲဘော်များအကြောင်းနှင့် အိမ်နီးချင်းများအကြောင်းသာ ပြောပြခဲ့သည်။

 

 

သူတို့ဆရာရဲ့ အမျိုးသမီးအကြောင်းနဲ့ သူဘာလုပ်တယ် ဆိုတာမျိုးတော့ မပြောပြဖူးပါ။

 

 

ထိုအကြောင်းအရာများကလည်း အရေးမကြီး၍ မပြောသည်ဖြစ်မည်ဟု လင်းဝေ့ တွေးလိုက်သည်။ ထို့ပြင် ညွှန်ကြားရေးမှုးချန်က ဘာကြောင့် သူမကိုခေါ်သည်ကို သိချင်လာသည်။ "ညွှန်ကြားရေးမှုးချန်က ဘာလို့ ကျွန်မကို ရှာတာတဲ့လဲ"

 

 

" အာ့တာတော့ မပြောဘူး ရှင် အိမ်ပြန်ရောက်တဲ့အချိန်ကျရင် သူ့အိမ်ကို လာခဲ့ဖို့ပြောလိုက်တာ အရေးကြီးတာ ပြောစရာရှိတယ်လို့ ပြောလိုက်တာပဲ"

 

 ဝမ်ဖန်းလီလည်း အသံကို တမင်တိုးလိုက်တာ မေးလိုက်သည်။" ရှင် သူ့ကို တစ်နေရာရာမှာ အနှောက်အယှက်ပေးမိတာတော့ မဟုတ်ပါဘူးနော်"

 

 

လင်းဝေ့လည်း ဝမ်ဖန်းလီ ဤသို့ မေးခွန်း မေးသည်ကို နားမလည်နိုင်ပဲ ပြန်ပြောလိုက်သည်။

"ကျွန်မ မှ သူ့ကို မသိတာ ဘယ်လို အနှောက်အယှက်ပေးရမှာလဲ"

 

 

ဝမ်ဖန်းလီလဲ သူမစိတ်ထဲ တွေးလိုက်သည်။ ရှင် မနေ့က ကောင်းရှို့လျန်ကို သေချာမသိသေးတာတောင် သူနဲ့အကြီးအကျယ် စကားများလိုက်သေးတယ်လေ။ ဒါနဲ့တောင် မသိတဲ့လူကို စိတ်အနှောက်အယှက်မပေးဘူးပြောနေသေးတယ်လား။

 

 

"ညွှန်ကြားရေးမှုးချန်ရဲ့ မျက်နှာက အတည်ပေါက်ကြီးဖြစ်နေတာ ဒါ့ကြောင့် မသိတဲ့လူ တစ်ယောက်ယောက်နဲ့များ ဒီနေ့စကားများမိသေးလား"

 

 

လင်းဝေ့လည်း မိသားစုအိမ်ရာ အတွင်း ရောက်စဥ်မှ စ၍ တပ်မတော် ပြန်လည်နေရာချထားရေးရုံးသို့ သွားစဥ်အခါမှစ၍ ရိက္ခာထောက်ပံရေးနှင့် သမဝါယမအသင်းသို့သွားအပြီး ပင်လယ်စာပွဲ ရုံ သွားစဥ်အခါအထိ  သူမ နှင့် တွေ့ဆုံခဲ့သည့်လူများကို ပြန်စဥ်းစားလိုက်သည်။

"ညွှန်ကြားရေးမှုးချန်အိမ်က ဘယ်နားမှာလဲ ကျွန်မ သူ့ကိုသွားတွေ့လိုက်ပါ့မယ်"

 

 

  ဝမ်ဖန်းလိက လမ်းပြလိုက်ပြီး လင်းဝေ့ကိုလည်း သတိပေးလိုက်သေးသည်။"သူမက အကြီးအကဲ အမျိုးသမီးဆိုတော့ သူ့ကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံနော်။ သူမနဲ့စကားမများမိစေနဲ့"

 

 

လင်းဝေ့က ဝမ်ဖန်းလိ စေတနာနှင့် သတိပေးမှန်းသိသော်လည်း ကြောင်တောင်တောင်ဖြစ်မိသည်။ သူမသည်လည်း အကျိုးအကြောင်းမရှိ ပြဿနာရှာတတ်သော အမြောက်စာ ဇာတ်ကောင်လေးမဟုတ်ပါ။

 

 

သို့သော် ပြန်ရှင်းမပြတော့ပဲ "ကျွန်မ သိပါပြီ" ဟုသာပြောလ်ိုက်သည်။

 

 

ပင်ပန်းလိုက်တာ…

 

...........

 

 

 

ညွှန်ကြားရေးမှုးချန် အရေးတကြီး သူမကို ရှာနေသည်ဟု ဝမ်ဖန်းလိက ပြောသောကြောင့် လင်းဝေ့လည်း ဝေ့ဝိုက်လျှောက်သွားမနေတော့ပဲ အိမ်အမြန်ပြန်ကာ ဝယ်လာသော ပစ္စည်းများကို ပြန်ထားလိုက်ပြီး ကလေးများနှင့်အတူ အပြင် ထပ်ထွက်လာခဲ့လိုက်သည်။

 

 

ညွှန်ကြားရေးမှုးချန်၏ အိမ်သည်လည်း ပင်လယ်အနီးနားပင် ဖြစ်သောကြောင့် လင်းဝေ့အိမ်မှ လမ်းလျှောက်လာလျှင် ၇မိနစ် ၈မိနစ် ခန့်သာကြာသည်။ တပ်မတော်ပြန်လည် နေရာချထားရေးရုံးသို့ သွားသည့်ကြာချိန်နှင့် အတူတူခန့်သာဖြစ်သည်။

 

 

ညွှန်ကြားရေးမှုးချန်၏အိမ်သည် တပ်မတော်ပြန်လည်နေရာချထားရေးရုံးအနားရှိ အသစ်ဆောက်ထားသော မိသားစု အိမ်ရာပုံစံများနှင့်မတူပေ။ ပင်လယ်ကိုမျက်နှာမူထားကာ အိမ် အရှေ့နဲ့ အနောက်ဘက်တွင် ပန်းခြံများလည်း တွဲလျက်ပါရှိပြီး အိပ်ခန်းသည်လည်း ၇ခန်း ၈ခန်းခန့် ပါရှိသည်။

 

 

ဤနေရာတွင် နေထိုင်နိုင်ရန်မှာလည်း ရာထူးအဆင့်အတန်း လိုအပ်သည်။ နေထိုင်ခွင့်လျှောက်ရန် အနည်းဆုံး ဗိုလ်မှုးအဆင့်ရှိရမည်ဖြစ်သည်။

 

 

လင်းဝေ့သည်လည်း အိမ်ကိုကြည့်ကာ ဤအိမ်ရာသည် သူမတို့အိမ်နှင့် အတော်ကွဲပြားမှန်း သိလိုက်ရသည်။ အိမ်အကျယ်အဝန်း ပိုကျယ်သည်သာမက အရောင်အဆင်းကလည်း သစ်လွင်နေသေးသည်။

 

 

လင်းဝေ့သည် မနာလိုစိတ်ရှိတတ်သည့် လူမျိုးမဟုတ်ပါ။ ပထမဆုံးအနေဖြင့် သူမသည် ဤအိမ်ကို မနာလိုမှုမရှိပါ။ ဒုတိယအချက်အနေနှင့် လက်ရှိ သူမ နေနေသောအိမ်ကိုလည်း ကျေနပ်သည်။ သူမတို့ မိသားစု ၄ယောက်နေထိုင်ဖို့အတွက် လက်ရှိအိမ်သည်လည်း အလွန်ကောင်းသည်။

 

 

အိမ်နောက်ဖေးပုံစံကတော့ အိမ်ရာအဟောင်း ပုံစံကွဲနေပြီး အိမ်ရာအသစ်နှင့် လုံးချင်းအိမ်ရာများက အတူတူပင်ဖြစ်သည်။ အိမ်ရာအသစ်နှင့် လုံးချင်းအိမ်ရာများက ခြံ  အကျယ်အဝန်းသာ ကွာသည်။ လမ်းနာမည်များ မရှိ၍ လင်းဝေ့သည် လမ်းတစ်လျှောက် အိမ်ကိုရေတွက်ရင်း လာလိုက်သည်။

 

 

ဆယ်လုံးမြောက် အိမ်ကိုရောက်လျင် ရပ်လိုက်ကာ ခရုခွံတွေ ကောက်နေသော ကလေးများကို လှည့်ပြောလိုက်သည်။

 

 

"မေမေ အထဲမှာ လူတစ်ယောက်နဲ့ စကားပြောစရာရှိလို့။ သားတို့အပြင်မှာ ကစားနေကြနော်။ လျှောက်မပြေးနဲ့ သိပြီလား"

 

 

သူ့အမေ ပြောစကားကြားသည့် မင်မင်သည် မတ်မတ်ရပ်လိုက်ပြီး သူ့လက်ကို နောက်မှာ ဖွက်ရင်းပြောလိုက်သည်။"သိပါပြီ မေမေ"

 

 

ကမ်းခြေတစ်လျှောက် သူတို့လာခဲ့စဥ်တွင် ခရုကမာခွံ များစွာကို သူမတို့တွေ တွေ့ခဲ့ကြသည်။ ခရုကမာခွံများကောက်ရသည်ကို သဘောကျသော ကလေးများသည်လည်း လမ်းတစ်လျှောက်လုံး ကောက်လာခဲ့ကြသည်။ ခဏအကြာတွင် သူတို့လက်ထဲ ခရုကမာခွံများ အပြည့်ဖြစ်လာခဲ့သည်။

 

 

သူတို့မြေကြီးပေါ်က ပစ္စည်းတစ်ခုခု ကောက်ကိုင်လိုက်တိုင်း သူတို့အမေက ပြန်ထားခိုင်းပြီး ဆပ်ပြာနဲ့လက်ကို အမြဲဆေးခိုင်းရာ ယခု ခရုကမာခွံများ ကောက်သည်ကိုတွေ့လျင်လည်း အဆူခံရမည်စိုး၍ သူတို့ကောက်ထားသည့် ခရုကမာခွံများကို ဖွက်နေခြင်းဖြစ်သည်။

 

 

သူ့အစ်ကိုရဲ့ အမူအရာကိုတွေ့၍ ရွေ့ရွေ့သည်လည်း သူ့လက်ကို အနောက်ဘက် ဖွက်လိုက်သည်။