အပိုင်း ၂၀
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၂၀

 

 

 

 

 

ကလေး နှစ်ယောက်ရဲ့အပြုအမူကို တွေ့လိုက်ရတော့ လင်းဝေ့ အနည်းငယ် ရယ်ချင်မိသွားသည်။ သို့သော် ဘာမှမပြောခဲ့ပါ။ ခဏစဥ်းစားလိုက်ပြီး လင်းဝေ့က ကလေးများက်ို ထပ်မှာလိုက်သည်။

"သားတို့နှစ်ယောက် ဒီနားမှာပဲဆော့နော် ဘယ်မှလျှောက်မပြေးနဲ့နော်..ရေထဲလဲ မဆင်းကြနဲ့"

 

 

မင်မင်သည် သူ့အမေကို စိတ်မရှည်စွာပြန်ပြောလိုက်သည်။"သားသိပါတယ် မေမေရဲ့။ မေမေက လေအရမ်းရှည်တာပဲ"

 

 

လင်းဝေ့လည်း စိတ်မရှုပ်ပဲ ရယ်လိုက်ပြီး နောက် ညီအစ်ကို နှစ်ယောက်ကို ထပ်ပြောလိုက်သည်။

"သားလည်း စကားများနေတာ ဘယ်အချိန်ရပ်မှာလဲ မေမေပြောတဲ့စကားဆို အဆုံးထိကို နားမထောင်ဘူး။ ရွေ့ရွေ့ သား ကိုကြီးကို သေချာကြည့်ထားနော်။ သားအစ်ကိုကြီး ဒီနေရာကနေ လျှောက်သွားတာနဲ့ မေမေ့ကို အော်ခေါ်လိုက်"

 

 

အစ်ကိုကြီး ထက်စာလျှင် ညီငယ်ကမှ ပို၍ ယုံကြည်အားကိုးလို့ ရသည်။

 

 

ရွေ့ရွေ့လည်း သူ့အမေ မှာကြားချက်ကို ကြားသောအခါ ခါးကိုမတ်ကာ ပြောလိုက်သည်။

"မေမေပေးတဲ့ မစ်ရှင်ကို သေချာဆောင်ရွက်ပါ့မယ်။"

 

 

ကလေးနှစ်ယောက်ကို မှာစရာရှိသည်များ မှာပြီးနောက် လင်းဝေ့သည် ညွှန်ကြားရေးမှုးချန်၏ နေအိမ်ခြံဝန်းထဲသို့ လှည့်ဝင်သွားခဲ့သည်။

 

 

အိမ်ရှေ့ ခြံဝန်းမြေကွက် နှစ်ပိုင်းပိုင်းကာ တစ် ပိုင်းကို ဟင်းသီးဟင်းရွက်များ စိုက်ထားသည်။ ပဲတောင့်ရှည်နွယ်ပင်သည် သူ့အနွယ်တက်ရန် ထောင်ထားပေးသော တုတ်တိုင်ပေါ် တွယ်တက်ကာ အုံလိုက်ကျင်းလိုက်ဖြစ်နေ၏။ ပဲတောင့်ရှည်သီးများကလည်း တွဲလောင်းကျကာ သီးနေသည်ကို မြင်နေရသည်။

 

 

ကျန်တစ်ခြမ်းတွင်မူ ပန်းမျိုးစုံလင်စွာစိုက်ပျိုးထားပါသည်။ ရောင်စုံပန်းများဖူးပွင့်နေပုံမှာ ခြံဝန်းကို အရောင်ခြယ်ထားသကဲ့သို့ဖြစ်နေ၏။

 

 

လင်းဝေ့က အိမ်အထဲ မဝင်ဘဲ အပြင်မှ ဝင်ပေါက်နား ရပ်ကာ အော်လိုက်သည်။" အိမ်ရှင်တို့ ရှိလားရှင့်"

 

 

သူမ အော်ပြီး နှစ်မိနစ်အကြာတွင် အခန်းအတွင်းမှ လူတစ်ယောက် ထွက်လာခဲ့သည်။

 

 

ထိုအမျိုးသမီးသည် လင်းဝေ့ တပ်မတော် ပြန်လည်နေရာချထားရေးရုံး အထွက်တွင် တွေခဲ့သော အမျိုးသမီးပင် ဖြစ်သည်။ သူမတို့ နှစ်ဦးသည် ထိုစဥ်က စကားမပြောခဲ့ကြဘဲ အချင်းချင်းခေါင်းသာ ငြိမ့်ပြခဲ့ကြကာ ထွက်သွားကြသည်။

 

 

သူ့ကို မနှုတ်ဆက်လို့ ခေါ်ပြောတာတော့မဟုတ်ဘူး ထင်တယ်။

 

 

လင်းဝေ့ ထိုသို့တွေးမိလိုက်ပြီး ကြောင်အအ ဖြစ်သွားခဲ့သည်။ ဝမ်ဖန်းလိက ဘာလို့အာ့လိုတွေးတာပါလိမ့်။ သူ့အမြင်မှာ သူမက သူများကို လိုက်နှောက်ယှက်နေတဲ့သူလို့ ထင်နေတာများလား။

 

 

လင်းဝေ့လည်း သူမ အတွေးတွေကို ခေါင်းခါ ထုတ်လိုက်ကာ မေးလိုက်သည်။"ညွှန်ကြားရေးမှုးချန် ပါလားရှင့်။ ကျွန်မ အိမ်ပြန် ရောက်​တော့ ညွှန်ကြားရေးမှုးက ရှာနေတယ် ကြားလို့ပါ"

 

 

ညွှန်ကြားရေးမှုးချန်လည်း လင်းဝေ့ကို မှတ်မိသွားပြီး သူမနာမည်ကို မမေးဘဲ ခေါင်းငြိမ့်ပြကာ မေးလိုက်သည်။"ကျွန်မ မေးစရာလေးရှိလို့ပါ။ လာပါ အထဲကို လာထိုင်ပါဦး"

 

 

သူမသည် လင်းဝေ့ အနောက်ကို လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။"ကလေးတွေကိုလည်း ခေါ်မလာခဲ့ဘူး လား"

 

 

"ခေါ်လာပါတယ်။ သူတို့က ခြံအဝင်ဝမှာဆော့နေကြပါတယ်။ သူတို့က်ို ဝင်လာခိုင်းလိုက်ပါ့မယ်ရှင့်"

 

 

ညွှန်ကြားရေးမှုးချန်၏ စိတ်နေသဘောထား မည်သို့မည်ပုံ ရှိသည်ကို မသ်ိရသေး၍ ကလေးများကို အပြင်မှာ ကစားခိုင်းထားခြင်းဖြစ်သည်။

 

 

လူအများနှင့် ပေါင်းသင်းဆက်ဆံပြီးနောက် ညွန်ကြားရေးမှုးချန် သူမကို ခေါ်တွေ့ခြင်းက ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူမအတွက် အရေးမကြီးပေ။ သဘောထားကြီးသည့်သူဖြစ်လျှင် သူမ အတွက် ပိုအဆင်ပြေသွားနိုင်သည်။ ကလေးနှစ်ယောက်ကိုလဲမေးလိုက်၍ လင်းဝေ့လည်း ကလေးများကို အထဲခေါ်လာကာ မိတ်ဆက်ပေးလိုက်သည်။

 

 

လင်းဝေ့ ခြံထဲဝင်သွားပြီးနောက် ကလေးနှစ်ယောက်လည်း သူတို့ဘောင်းဘီ အိတ်ကပ်တွေ ပြည့်ဖောင်းသွားသည်အထိ ခရုကမာ အခွံများကို ကောက်ထည့်ရန် သဲထဲ လက်ထိုးထည့်ဖို့ပြင်နေစဥ် သူတို့အမေရဲ့ ခေါ်သံကြား၍ လက်ခုတ်တီးကာ ဖုန်ခါလိုက်ပြီး သူတို့ညီအစ်ကို နှစ်ယောက်ခြံထဲ ပြေးဝင်သွားကြသည်။

 

 

ကလေးနှစ်ယောက်ဝင်လာသည်နှင့် လင်းဝေ့က သဲမှုန်များကပ်နေ၍ ဖောင်းကားနေသည့် သူတို့ဘောင်းဘီ အိတ်ကပ်များကို မြင်လိုက်သည်။

 

 

အပြင်လူသာမရှိလျှင် လင်းဝေ့ ကလေး နှစ် ယောက် ကို ဆူနေမိမှာ အမှန်ပင်ဖြစ်သည်။ ညွှန်ကြားရေးမှုးချန်ရှေ့တွင်ဖြစ်နေ၍ သူတို့ဘောင်းဘီများတွင် ကပ်နေသော သဲမှုန်များကိုသာ အသာ ခါပေးလိုက်ကာ ကလေးများကိုပြောလိုက်သည်။ "အန်တီလို့ နှုတ်ဆက်လိုက်ပါဦး သားတို့"

 

 

ကလေး နှစ်ယောက်ကလည်း အသံတစ်စာစာ နှင့် နှုတ်ဆက်လိုက်ကြသည်။ မင်မင်က နှုတ်ဆက်ပြီးသော် ပြုံးဖြီးကာ ရပ်နေသည်။ ရွေ့ရွေ့ကတော့ ပြုံးမနေပဲ သာမန်သာ ရပ်နေသော်လည်း သူ့မျက်ခုံး မျက်လုံးများက လှပသောကြောင့် ရေခဲနှလုံးသားနှင့်သူများပင် အရေ ပျော်သွားနိုင်သည်။

 

 

ညွှန်ကြားရေးမှုးချန်လည်း အမှတ်တမဲ့ ပြုံးလိုက်ပြီး နူးညံ့သော အသံဖြင့်ပြောလိုက်သည်။

"အပြင်မှာ နေပူတယ်ဆိုတော့ အထဲကိုလာထိုင်ကြ"

ကလေးများကိုလည်း သကြားရည် သောက်မလားဟု မေးလိုက်သေးသည်။

 

 

သကြားရည်က ယခုအချိန်တွင် ခတ်စားနေသော သောက်စရာတစ်ခုဖြစ်သည်။ လင်းဝေ့လည်း အိမ်မှာလည်း ရိက္ခာထောက်ပံ့ရေးက ဝယ်ထား၍ သကြားရှိသည်။ သို့သော် ကလေးများကို စည်းကမ်းနှင့် သကြားရည်သောက်ခိုင်းကာ ခဏခဏ ပေး မသောက်ပါ။ကလေးများကိုလည်း သွားပိုးစားကုန်မည့်အကြောင်းကို ပြောပြထားသောကြောင့် ကလေးများလည်း အနည်းငယ်သာ သောက်ကြသည်။

 

 

အိမ်တွင် အဝ မသောက်ရသောအခါ ကလေးများသည် သကြားရည်ဟု ကြားသည်နှင့် တစ်ပြိုင်နက် ပြုံးရွှင်စွာဖြင့် " ကျေးဇူးတင်ပါတယ် အန်တီ " ဟု ပြောလိုက်ကြသည်။

 

 

ညွှန်ကြားရေးမှုးချန်လည်း ကလေး နှစ်ယောက်အတွက် သကြားရည် ငှဲ့ပေးလိုက်ပြီး သူမ အိမ်တွင် ကော်ဖီ လက်ဖက်ရည်များလည်း ရှိကာ လင်းဝေ့ကို ဘာသောက်မလဲ မေးလိုက်သည်။

 

 

လင်းဝေ့သည် အိပ်မပျော်ဖြစ်တတ်၍ လက်ဖက်ရည် သိပ်မသောက်ပါ။ ကော်ဖီ ကိုတော့ သူမ မသောက်ဖူးပေ။ သို့သော် ကော်ဖီသည် နှပ်ထားရပြီး အရသာ လည်း ခါး၍ သကြား ထည့်သောက်ရသည်။ ထို့ကြောင့် တစ်ဖက်သားကို အလုပ်မရှုပ်စေလို၍ " ကျွန်မကို ရေတစ်ခွက်သာ ပေးပါရှင်"

 

 

ညွှန်ကြားရေးမှုးချန်လည်း ဧည့်ခန်းထဲ ရေတစ်ခွက် ယူလာလိုက်သည်။ တစ်ခွက်က လင်းဝေ့အတွက်ဖြစ်ပြီး တစ်ခွက်က သူကိုယ်တိုင်အတွက်ဖြစ်သည်။

 

 

ညွှန်ကြားရေးမှုးချန်သည် ဆိုဖာထိုင်ခုံပေါ် ထိုင်လိုက်ပြီး ရေခွက်မှ ရေကို သောက်လိုက်ကာ လင်းဝေ့ကို ပုံမှန်မေးလိုက်သည်။"ကျွန်းပေါ်မှာ နေရတာ ဘယ်လိုလဲ"

 

 

လင်းဝေ့လည်း ရေတစ်ငုံသောက်လိုက်ကာ ပြုံးရင်းပြန်ဖြေလိုက်သည်။" အရမ်းအဆင်ပြေပါတယ် နေရာလေးလည်း အရမ်းကောင်းပြီး လူတွေကလည်း သဘော ကောင်းကြပါတယ်ရှင့်"

 

 

"ရဲဘော်ကောင်းကို ကောင်းတယ်လို့ ထင်တယ်ပေါ့" ဟု ညွှန်ကြားရေးမှုးက စနောက်ကာ မေးလိုက်သေးသည်။

 

 

လင်းဝေ့လည်း ညွှန်ကြားရေးမှုးချန်က မနေ့က ဖြစ်ခဲ့သော ကိစ္စကို သိနေမည်ဟု မမျှော်လင့်ထားသောကြောင့် တစ်ခဏ ကြောင်သွားကာ ပြန်ပြောလိုက်သည်။

 

 

" လူအများကြီး ရှိတဲ့အထဲမှာ ကောင်းတဲ့လူတွေနဲ့ ဆိုးတဲ့လူတွေ ဆိုပြီး ရှိပါတယ်။ မနေ့က တစ်ယောက်ကလွဲလို့ ကျွန်မ တွေ့ခဲ့တဲ့သူတွေ အားလုံးက စိတ်ထားကောင်းပြီး ကြင်နာတတ်ကြပါတယ်"

 

 

" အရမ်းမှန်တယ် "ညွန်ကြားရေးမှုးချန်လည်း ခေါင်း​ငြိမ့်ကာ ထောက်ခံလိုက်သည်။ ညွှန်ကြားရေးမှုးချန်သည် အလုပ်ကိစ္စ မပြောခင် ကလေးများကို တစ်ချက်ကြည့်လိုက်ရာ သကြားရည် ကုန်တော့မည်ကို တွေ့လိုက်၍ ကလေးများကို မေးလိုက်သည်။

"သကြားရည် ထပ်သောက်ချင်သေးလား သားတို့"

 

 

ဤအချိန်တွင် ကလေးများက ပြန်မဖြေရဲတော့ပဲ လင်းဝေ့ကိုသာ မျှော်လင့်နေသည့် မျက်ဝန်းများဖြင့်လှမ်း ကြည့်နေလိုက်ကြသည်။

 

 

စိတ်မကောင်းစွာပင် လင်းဝေ့၏ အဖြေက သူတို့ကို စိတ်ပျက်သွားစေခဲ့သည်။ လင်းဝေ့က ခေါင်းခါကာ ရှင်းပြလိုက်သည်။

 

 

"သွားပိုးစားကုန်မှာ စိုးလို့ ကျွန်မ သူတို့ကို အချို အများကြီး မစားခိုင်းဘူးရှင့်"

 

 

ညွန်ကြားရေးမှုးချန်လည်း ကလေးများကို ပြုစုပျိုးထောင်ဖူးသည်။ ကလေးများလည်း သိပ်မကြီးသေး၍ လင်းဝေ့၏ ကလေးပြုစုပျိုးထောင်ပုံကို လေးစားရန်လိုသည်။ ထို့ကြောင့် ပြုံးကာပြောလိုက်သည်။

 

 

" ကလေးတွေကို ဂရုစ်ိုက်တာ ကောင်းပါတယ် ကျွန်မ သူတို့အတွက် ရေ တစ်ခွက်ပဲ ခပ်ပေးလိုက်ပါ့မယ်"

 

 

ထိုသို့ပြောပြီး ညွန်ကြားရေးမှုးချန်က ထကာ ကလေးများအတွက် ရေသွားခပ်ခဲ့သည်။

 

 

ရေက အေးကာ အရသာ မရှိသော်လည်း သကြားရည်ထည့်သည့်ခွက်ကို မဆေးပဲ ရေပြန်ထည့်ထား၍ ခွက်အောက်ခြေ၍ ခွက်အောက်ခြေ၌ အနည်ထိုင်နေသော သကြားများ ကပ်နေသေးသည်။ ခွက်ကိုလှုပ်၍ သောက်လျှင် ရေက အနည်း ချိုဦးမည်ဖြစ်သည််။

 

 

ကလေးနှစ်ယောက်မှာ သကြားရည်သောက်ပြီး ဗိုက်ကြည့်နေပြီ ဖြစ်ရာ ရေကို အားရပါး မ သောက်ကြတော့ပေ။ တစ်ငုံချင်းသာ သောက်ရင်း ဘယ်ကြည့်ညာကြည့်လုပ်ကာ လှုပ်နေကြပြီး ပျင်းနေသည့်ပုံပေါ်သည်။

 

 

လင်းဝေ့လည်း ညွန်ကြားရေးမှုးချန်နှင့် စကားပြောနေရင်း ညီအစ်ကိုနှစ်ယောက်၏ အမူအရာကိုမြင်မိကာ ကလေးများကို ပြောလိုက်သည်။"သားတို့ ခြံထဲမှာ သွားကစားကြ"

 

 

သူတို့အမေ စကားကို ကြားသည်နှင် လွတ်ငြိမ်းချမ်းသာခွင့်ရသည်နယ် ခွက်များကို ချပြီး ခြံထဲပြေးသွားတော့သည်။ လင်းဝေ့လည်း ထပ်အော်ကာ မှာလိုက်သေးသည်။"သားတို့ ခြံထဲက မထွက်နဲ့နော် "

 

 

ထိုသို့အော်ပြီးမှ ရှက်သွားပြီး ညွန်ကြားရေးမှုးချန်ဘက်လှည့်ကာပြောလိုက်သည်။"ရယ်စရာဖြစ်စေမိပါပြီရှင်"

 

 

ညွန်ကြားရေးမှုးချန်လည်း လင်းဝေ့လို အမေ တစ်ယောက်ကို နားလည်ကာ ပြောလိုက်သည်။

"ကလေးတွေကို ထိန်းရတာ မလွယ်ဘူး။ ကလေးတွေ အရှေ့မှာရှိရင်လည်း စိတ်ရှုပ်ရပြီး ကလေးတွေ ကိုယ့်အရှေ့မှာ မတွေ့ပြန်ရင်လည်း စိုးရိမ်နေရပြန်ရော"

 

 

"ဟုတ်ပါတယ်ရှင်" လင်းဝေ့လည်း သက်ပြင်းရှည်ကြီးချကာပြောလိုက်ပြီးနောက် အလုပ်ကိစ္စသတိရကာ မေးလိုက်သည်။

 

 

"စကားမစပ် ညွန်ကြားရေးမှုးချန် ကျွန်မကို အဆောတလျင် ရှာနေဆိုပြီး အိမ်နီးချင်းတွေ ပြောပြလို့ ဘာကိစ္စရှိလို့လဲမသိဘူး"

 

 

"အကြောင်းကတော့ ကျွန်မတို့ဆေးရုံ ဆေးပေးခန်းက ရှောင်ဟုက သူ့ဇာတိကိုပြန်သွားပြီး သူ့အလုပ်နေရာက လစ်လပ်နေလို့လေ။ အလုပ်အကိုင် ရှာဖွေရေးရုံးမှာလည်း သင့်တော်တဲ့သူမတွေ့လို့" ညွန်ကြားရေးမှုးချန်က ရေခွက်ကို ချရင်း လင်းဝေ့ကို မေးလိုက်သည်။

 

 

"ကျွန်မကြားတာတော့ ရှင်က အထက်တန်းကျောင်းအထိတက်ခဲ့တယ်ဆို အောင်လက်မှတ် ရပြီလား"

 

 

ညွန်ကြားရေးမှုးချန် မေးခွန်းကိုကြားတော့ လင်းဝေ့လည်း ရိုးရိုးသားသားဖြေလိုက်သည်။

 

 

"ကျွန်မမှာ အထက်တန်းအောင် လက်မှတ်တော့ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ စာသင်နှစ် နောက်ဆုံးနှစ် တုန်းက နှစ်လလောက်ပဲ တက်ခဲ့ပြီး အတန်းက ရပ်နားခဲ့ပါတယ်။ နောက်အတန်းလည်း ပြန်ဆက်မတက်ခဲ့ရဘူး"

 

 

၁၉၆၈ ခုနှစ်တွင် အစိုးရက လုပ်သား လိုအပ်ချက်ကြောင့်  အထက်တန်းပထမနှစ်မှ တတိယနှစ် ကျောင်းသားကျောင်းသူ များကို အောင်လက်မှတ်များထုတ်ပေးကာ ကျေးလက်ဒေသများတွင် အစိုးရ တာဝန်ထမ်းဆောင်ရန် လွတ်လိုက်သည်။

 

 

သူမ အထက်တန်းအောင် လက်မှတ်ရပြီးနောက် တစ်ခြားနယ်ကို မသွားရပဲ သူမ ဇာတိက တပ်မဟာ တွင်သာ မှတ်တမ်းစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။အိမ်ထောင်ကျပြီးနောက် ချည်မျှင်စက်ရုံတွင် ဂိုထောင်အုပ်ချုပ်ရေးမှုးအဖြစ် ပြောင်းလုပ်ခဲ့သည်။

 

 

ထိုအလုပ်သည် လင်းဝေ့ တပ်ထဲပြောင်းမလာခင်အထိ လုပ်လာသော အလုပ်ပင် ဖြစ်သည်။