အပိုင်း ၂၁
Viewers 2k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၂၁

 

 

 

 

 

 

ညွှန်ကြားရေးမှုးချန်သည် လင်းဝေ့ ပြောသည့်အကြောင်းအရာများကို လျှောက်လွှာပုံစံထဲမှ ဖတ်ကြည့်ပြီးဖြစ်သည်။ သို့သော် လင်းဝေ့ပြောသည်ကို သာ နားထောင်လိုက်ပြီး မေးလိုက်သည်။

 

 

"ဂိုဒေါင်အုပ်ချုပ်ရေးမှုး လုပ်တုန်းက အလုပ်က အဆင်ပြေလား"

 

 

"ကျွန်မ ကတော့ အကောင်းဆုံးလုပ်ခဲ့တယ်လို့ထင်တယ်။ ကျွန်မ ချည်မျှင် စက်ရုံမှာ လုပ်တုန်းက ကုန်ပစ္စည်း စာရင်းလွဲသွားတယ်လို့ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ ပစ္စည်းလဲ တစ်ခါမှ မပျောက်ဖူးဘူး" ဟု လင်းဝေ့က ယုံကြည်ချက်ရှိရှိ ပြောပြလိုက်သည်။

 

 

"ရှင်က အလုပ်ကို စေ့စေ့စပ်စပ် လုပ်လေ့ရှိတယ် ဆိုပါတော့" ဟု ညွန်ကြားရေးမှုးချန်က မျက်ခုံးပင့်ရင်း မေးလိုက်သည်။

 

 

လင်းဝေ့လည်း ယုံကြည်ချက်ရှိရှိ "ဟုတ်ကဲ့"ဟု ပြောလိုက်သည်။

 

 

ညွန်ကြားရေးမှုးချန်လည်း လင်းဝေ့ကို တည်ကြည်သောအသံဖြင့် မေးလိုက်သည်။ "ဒါဆိုရင် ရှင် ဆေးရုံဆေးပေးခန်းရဲ့ ဆေးပေးသူ အလုပ် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိလား"

 

 

လင်းဝေ့ စိတ်ထဲပြင်ဆင်ထားခဲ့သော်လည်း ရုတ်တရက် မေးလာသောအခါ ကြောင်သွားခဲ့သည်။

" ကျွန်မက ဆေးပညာနဲ့ပတ်သက်တဲ့ ကျောင်းလည်း မတက်ဖူးဘူး။ ပြီးတော့ အာ့တာနဲ့ ဆက်စပ်တဲ့ အလုပ်လည်း မလုပ်ဖူးဘူး"

 

 

"အာ့တာအတွက်တော့ မပူပါနဲ့။ အလုပ်ဝင်တာနဲ့ ကျွန်မ က သင်ပေးဖို့ တစ်ယောက်ယောက် စီစဥ်ပေးမှာပါ။ အရေးကြီးတာက သင်ယူချင်စိတ်ရှိဖို့ပဲ။ ရှင်လုပ်နိုင်လား"ညွန်ကြားရေးမှုးချန်က လင်းဝေ့ကို ကြည့်ရင်းမေးလိုက်သည်။

 

 

လင်းဝေ့ထဲ စိတ်ထဲ လွန်ဆွဲနေမိသည်။

 

 

သူမအလုပ်တစ်ခုရဖို့ မျှော်လင့်မိသည်မှာ မှန်သည်။ သူမတို့ မိသားစုမှာ ငွေကြေးခက်ခဲနေခြင်းမရှိသော်လည်း ကျုံးရှောက် တစ်ယောက်တည်း ငွေရှာတာထက်စာလျှင် သူမလည်း အလုပ်ရှိလျှင် ပိုကောင်းသည်။

 

 

သို့သော် သူမသည် တပ်ထဲ ပြောင်းလာတာမကြာသေး၍ လုပ်စရာလည်း အများကြီး ရှိသေးသည်သာမက ကလေးနှစ်ယောက်လည်း ရှိသေးသည်။ ထို့အပြင် ဤကိစ္စသည် ကိစ္စကြီးဖြစ်လေရာ ကျုံးရှောက်နှင့်လည်း တိုင်ပင် သင့်သည်ဟုစဥ်းစားမိသည်။

 

 

လင်းဝေ့ စဥ်းစားရခက်နေသည်ကိုမြင်လျင် "စိုးရိမ်ပူပန်ရမယ့် ကိစ္စရှိတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်နော်" ဟု ညွန်ကြားရေးမှုးချန်က ပြောခဲ့သည်။

 

 

ထိုစကားကိုကြားလျှင် လင်းဝေ့လည်း သူမ အတွေးကို စိတ်ထဲက ပြောမိလိုက်သည်။ ညွှန်ကြားရေးမှုးချန်ကလည်း သူမ အတွေးတွေကို သိသည့်အလားပြန်ပြောခဲ့သည်။

 

 

"ရှင်က အခုမှ ပြောင်းလာပြီး အိမ်သန့်ရှင်းရေး ပြင်ဆင်ရေးတွေ လုပ်ရဦးမှာဆိုတော့ အချိန် သုံးရက်လောက်ပေးမယ်လေ။ ရှင့် ကိုယ်ရေးကိုယ်တာ အလုပ်တွေပြီးမှ အလုပ်ဝင်ပါလား"

 

 

"ကလေးတွေအတွက်တော့ သူတို့ ရှင့်အလုပ်ကို မထိခိုက်သရွေ့ သူတို့ကိုလည်း ဆေးရုံခေါ်လာလို့ရပါတယ်။ ဆေးပေးခန်းကလည်း အလုပ်လုပ်ချိန်က ပုံသေရှိတော့ မနက် ၈နာရီကနေ ညနေ၆နာရီ လုပ်ရမှာဖြစ်ပြီး နေ့လည် တစ်နာရီခွဲထမင်းစားနားချိန် ရှိတယ်။ ကန်တင်းကလည်း တစ်နေ့ကို ထမင်းသုံးနပ်ကျွေးတော့ ကလေးတွေအတွက်လည်း ပူစရာမလိုပါဘူး"

 

 

"အမြန်ကြီးလည်း ဆုံးဖြတ်ချက်ချ စရာမလိုဘူးနော်။ညနေအိမ်ပြန်ပြီး ကလေးတွေ အဖေနဲ့ တိုင်ပင် ဆွေးနွေးပြီးမှ မနက်ဖြန်မှ အဖြေပေးလည်း ရပါတယ်ရှင်"

 

 

ညွှန်ကြားရေးမှုးချန်၏ အမြင်တွင် လင်းဝေ့၏ ပူပန်နေမှုများက ပြသနာကြီး မဟုတ်ပါ။ ထိုကိစ္စများကို သူမကူညီဖြေရှင်းပေးနိုင်၏။ "ဘာမေးစရာကျန်သေးလဲ"

ဟု လင်းဝေ့ကို ထပ်မေးလိုက်သေးသည်။

 

 

လင်းဝေ့လည်း ခေါင်းခါပြီး ပြန်ပြောလိုက်သည်။

"မရှိတော့ပါဘူး ညွှန်ကြားရေးမှုးချန် ကျွန်မကို တစ်ခြားပြောစရာများရှိသေးလား "

 

" တစ်ခြားကိစ္စတော့မရှိပါဘူး။ ဒီကိစ္စကို အိမ်ပြန်ပြီး စဥ်းစားလိုက်ပါဦး။ သေချာ ဆုံးဖြတ်ပြီးမှ ကျွန်မကိုပြန်လာပြောလိုက်ပေါ့" ဟု ညွှန်ကြားရေးမှုးချန်က ပြုံးကာ ပြန်ကာပြောလိုက်သည်။

 

 

"ဟုတ်ကဲ့ပါ ဒါဆိုရင်လည်း ကျွန်မ အိမ် ပြန်လိုက်ပါဦးမယ်" လင်းဝေ့လည်း ထရပ်လိုက်ပြီး နှုတ်ဆက်စကားပြောလိုက်သည်။

 

 

" လမ်းမှာဂရုစိုက်ပြန်ဦးနော်"

 

 

ညွှန်ကြားရေးမှုးချန်က ကိစ္စများကို ပြတ်ပြတ်သားသား ပြောကာ ဆုံးဖြတ်ချက်ချပေးလိုက်တော့ လင်းဝေ့လည်း အတော်ကြာမှ အသိ လိုက်မှိီလာခဲ့သည်။

 

 

သူမစိတ်ထဲတွင် မပျော်ဘဲတော့မနေပါ။ သူမ ဆေးရုံ ဆေးပေးခန်းတွင် အလုပ်လုပ်နိုင်လိမ့်မယ်လို့လည်း ထင်သည်။ သူမသည် အိမ်ထောင်စုစာရင်းသွင်းခြင်းလုပ်ငန်းစဥ်မပြီးသေးဘဲ အလုပ်ရသွားသည့် ကံကောင်းသွားသော အရာရှိဇနီးသည် တစ်ဦးသာဖြစ်သည်။

 

.........

 

 

ကံကောင်းသူ လင်းဝေ့က ကလေးများနှင့် အိမ်ကို ပျော်ပျော်ရွှင်ရွှင် ပြန်လာခဲ့သည်။ အိမ်ရောက်လျှင် ဓားဖြင့် အုန်းသီး ခွဲစားကြသည်။ ကလေးများက်ို အုန်းရေ ပန်းကန်တစ်ဝက်စီ တိုက်လိုက်သည်။

 

 

အမှန်အတိုင်းပြောရလျင် အုန်းရေက အနံ့မွှေးကာ သောက်ရသည်မှာလည်း မဆိုးလှချေ။

 

 

ဘယ်လိုအရသာလည်း ဆိုတာတော့ မပြောတတ်ပါ။ သိပ်မချို၍ အရသာမှာ ပေါ့ရွတ်ရွတ်လိုမျိုးဖြစ်၏။

 

 

သိုပေမယ့် ကလေးများကတော့ အရမ်းကြိုက်ကြသည်။ ကလေးများရဲ့ ဝသီအတိုင်း စားသောက်စရာအားလုံးက အရသာ ရှိကြသည်သာ။

 

 

လင်းဝေ့သည် အုန်းသီးထဲက အသားကို စားနိုင်ဖို့ ဓားဖြင့် လှီးထုတ်လိုက်သည်။ အုန်းသီး အသားတစ်ချို့ကို ထုတ်ပြီး စားလိုက်ရာ အရသာက ချိုပြီးမွှေးနေ၏။ ထို့ကြောင့် လင်းဝေ့လည်း အုန်းခွံမှာ ကပ်နေသေးသည့် အသားများကို လွင့်ပစ်ရန် နှမြောနေမိသည်။

 

 

ထို​ကြောင့် အုန်းသီးအသားအကုန် ထုတ်နိုင်မည့်နည်းလမ်းစဥ်းစားနေစဥ် ကလေးများက မခွဲရသေးသည့်အုန်းသီးကို မျက်စောင်းထိုးနေသည်ကို မြင်လိုက်ရာ "ဒါက သားတို့ဖေဖေ အတွက် " ဟုပြောပြီး အုန်းသီးကိုသိမ်းလိုက်သည်။

 

 

ကျုံးရှောက်က ကျွန်းပေါ် နေထိုင်သည်မှာ ကြာ ပြီဖြစ်၍ အုန်းသီး အုန်းရေ စားဖူးသောက်ဖူးမည်မှာ သေချာသည်။ သို့သော် သူမတို့က မိသားစု ဖြစ်၍ တစ်ခုခု စားလျင် အိမ်သားအားလုံး အတူစားရပေမည်။ မစားလျင်လည်း အိမ်သားအားလုံး မစားရပါ။ ထိုစည်းကမ်းကြောင့် မခွဲရသေးသော အုန်းသီးကို ကျုံးရှောက်အတွက် ချန်ထားလိုက်သည်။

 

 

"ဟုတ်ကဲ့" မင်မင်က သက်ပြင်းချကာ ပြောလိုက်ပြီး အုန်းသီးဘေးရှိ သရက်သီးကို မျက်စောင်းထိုးလိုက်ပြန်သည်။"ဒါဆို သားတို့ ဒီအသီးစားလို့ရလားး"

 

 

လင်းဝေ့က သရက်သီးများ သူမတို့ မိသားစုဝင်များနှင့် တည့်မတည့် မြည်းစမ်းကြည့်ချင်၍ ဝယ်လာသည်သာဖြစ်သည်။ ထို့မှသာ မတည့်သူရှိမှန်းသိလျင် နောက်ပိုင်း မဝယ်စားတော့မည် ဖြစ်သည်။

 

 

သရက်သီးနှင့် မတည့်သည့်လူကိုတော့ ဆန်းလင်တွင်မမြင်ဖူးပါဟု အရောင်းဝန်ထမ်းက ပြောခဲ့သော်လည်း လင်းဝေ့က စိုးရိမ်၍ ကျုံးရှောက်လာမှသာ စားဖို့ ဆုံးဖြတ်လိုက်သည်။ ထိုမှသာ အကယ်၍ တစ်ယောက်ယောက် တစ်ခုခုဖြစ်ခဲ့လျင် အချိန်မှီ ဆေးရုံပို့ကာ ကယ်တင်နိုင်မည်ဖြစ်သည်။

 

 

ထို့ကြောင့်လင်းဝေ့၏ မင်မင်ကို ပြန်ဖြေသော အဖြေမှာ လည်း အရင် အတိုင်းသာဖြစ်သည်။ "အမေက သရက်သီး တစ်လုံးပဲ ဝယ်လာတယ်ဆိုတော့ ဖေဖေ ပြန်လာမှ တူတူစားရအောင်နော်"

 

 

မင်မင်သည်လည်း သရက်သီးကို စားချင်နေသည်မှာ ကြာပြီဖြစ်၍ လင်းဝေ့၏ အဖြေကို ကြားသောအခါ စိတ်ပျက်သွားသည်။ ထို့နောက် မနေနိုင်ပဲ ထပ်မေးလိုက်သည်။"ဒါဆို ဖေဖေက ဘယ်အချိန်ပြန်လာမှာလဲ"

 

 

"ညအချိန်လောက် ဆိုပြန်လာပါပြီ"

 

 

မင်မင်လည်း သက်ပြင်းရှည်ကြီးချကာ "ဒါဆိုရင်လည်း ရပါတယ်" ဟုပြန်ဖြေလိုက်သည်။

 

 

"သားတို့ အခု သရက်သီး စားလို့မသေးဘူးဆိုရင်တောင် လိုင်ချီးသီး အရင် စားထားလို့ရတယ်လေ"ဟု လင်းဝေ့သည်ပြောရင်း အိတ်ထဲက လိုင်ချီးသီး နှစ်လုံးကို ထုတ်ပြီး ကလေးများကို ပေးလိုက်သည်။

 

 

"သားတို့ လိုင်ချီးသီးကို ဘယ်လိုစားရမှန်းသိတယ်မလား"

 

 

ကုန်းတွင်းပိုင်းတွင်တော့ လိုင်ချီးသီးသည် ရှားပါးကာ တင်သွင်းသော အသီးများမှာလည်း မလတ်ဆတ်ပေ။ ပွဲတော်ရက်များ ရောက်သည့်အခါမှသာ လိုင်ချီးသီး စည်သွပ်ဘူး များစားရကြသည်။

 

 

သို့သော် ကလေးများသည် လိုင်ချီးသီးကို ဘယ်လိုစားရမလဲ ဆိုသည်မှာတော့ 'ဆရာ' မလိုပဲ ကိုယ်တိုင် စားတတ်ကြသည်။ လင်းဝေ့မှ ​ပြောစရာမလိုပဲ သူတို့ဖာသာ အခွံခွာလိုက်ကာ အတွင်မှ ကြည်လင်နေသော လိုင်ချီးသီးအသားကို ထုတ်လိုက်သည်။  အသီးမှ အရည်များ အခွံ တွင် စီးကျပြီး ကပ်နေလေရာ မင်မင်လည်း မနေနိုင်ပဲ စုပ်လိုက်သည်။

 

 

"ချို နေတာပဲ "

 

 

လိုင်ချီးသီး အသားကို မစားရသေးသော်လည်း မင်မင်က ကျေနပ်နေခဲ့သည်။ ရွေ့ရွေ့ကတော့ အခွံခွာပြီးတာနဲ့ အထဲက နူးညံသည့် လိုင်ချီးသီး အသားကို ကိုက်စားလိုက်သည်။

 

 

စားပြီးတာနဲ့ ရွေ့ရွေ့ မျက်လုံးများပြူးလာပြီး ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် "အရသာရှိလိုက်တာ" ဟုပြောပြီး ကျန်တဲ့ အပိုင်းအကုန်လုံးကို စားလိုက်သည်။

 

 

ကလေးများ ပျော်ရွှင်စွာ စားနေကြသည်ကိုကြည့်ပြီး လင်းဝေ့လည်း အုန်းသီးအခွံကို ပစ်လိုက်ကာ လိုင်ချီးသီးကို မြည်းလိုက်သည်။

 

 

အရသာအနေနဲ့ကတော့ အရင်ကစားဖူးသော လိုင်ချီးသီးစည်သွပ်ဘူးများကဲ့သို့ပင်။ သို့သော် ဤသည်မှာ လတ်ဆတ်သော အသီးဖြစ်သည်။ စားရသည်မှာ ပိုချိုကာ ပိုလတ်ဆတ်သည်။ စကား တစ်ခွန်းထဲနဲ့ ပုံဖော်ရမည်ဆိုလျင် "အလွန်စားကောင်းတယ်" ပေါ့။

 

 

လိုင်ချီးသီးစားပြီး နောက် သားအမိတစ်တွေ ကြက်မောက်သီးနှင့် ဟွမ်းဖီ အသီးကိုပါ စားကြည့်ကြသည်။

 

 

ကြက်မောက်သီး အခွံက ထူးဆန်းပေမယ့် အတွင်းအသားပုံစံကတော့ လိုင်ချီးသီးကဲ့သို့ပင်။ အရသာလည်း ရှ်ိသည်။ ဟွမ်းဖီအသီးကိုတော့ လင်းဝေ့ သိပ်မကြိုက်ပါ။ ချိုချဥ်အရသာတွင် အချဥ်အရသာ အနည်းငယ်ပိုသည်။ ကလေးများကတော့ ကြိုက်ကြသည်။

 

 

အသီးများကို အရသာမြည်းစမ်းပြီးနောက် သူမ သားတွေက အရမ်းစားချင်စိတ်ရှိကြသည်ကို သိလိုက်ရသည်။

 

 

ချိုသည်ဖြစ်စေ ချဥ်သည်ဖြစ်စေ သူတို့အားလုံးကြိုက်ကြသည်။

 

 

သူတို့ဘယ်လောက်ကြိုက်ကြိုက် လင်းဝေ့ကတော့ သူတို့ကို စည်းကမ်းဖြင့်သာ စားသောက်စေ မည်ဖြစ်၍ ကျန်အသီးများကို ကြောင်အိမ်ထဲ သိမ်းထားလိုက်သည်။

 

 

ကလေးများသည် အသီးများစားပြီးနောက် သူတို့သူငယ်ချင်းနှင့် ကစားဖို့ချိန်းထားသည်ကို သတိရလိုက်ကာ ရှောင်ရှီးနှင့် သွားကစားဖို့ သူ့တို့အမေကို ခွင့်တိုင်လိုက်ကာ ရှောင်ရှီးအိမ်သို့ ထွက်သွားကြသည်။

 

 

လင်းဝေ့မှာ အိမ်တွင်နေခဲ့ပြီး အိမ် အတွင်းအပြင် သန့်ရှင်းရေး လုပ်နေခဲ့သည်။ အခုအချိန်က သန့်ရှင်းရေးလုပ်ရမည့် အချိန်ဖြစ်သည်။ ထို့နောက် သူမသည် အိမ်ထောင်စုစာရင်းရပြီးလျှင် ဝယ်ပြီး ထပ်ထည့်ရမည့် ပစ္စည်းများ စာရင်း လုပ်ထားလိုက်သည်။

 

 

အလုပ်က သိပ်မများ၍ လင်းဝေ့ ခဏ နှင့်ပြီးသွား၏။ သူမ သန့်ရှင်းရေးလုပ်ပြီးချိန်တွင် နေမြင့်နေပြီဖြစ်သည်။ နေ့လည်စာ ချက်ရမည့် အချိန်ရောက်ပြီဖြစ်၍ လင်းဝေ့ မီးဖိုချောင်ဝင်လိုက်သည်။

 

 

မီးဖိုချောင်ရှိ ပစ္စည်းအားလုံးသည် သပ်သပ်ရပ်ရပ်ရှိနေ၏။ မီးဖို၊ အိုးခွက်များနှင့် မီးဖိုချောင်သုံး ဓါးမားအပြင် ဆီ၊ ဆား၊ ဆော့စ်နှင့် ရှာလကာရည်တို့လည်း ရှိသည်။ ကျိုးမိသားစုဆီမှ မနေ့က ချေး ထားသော ရှာလကာရည်ဘူးကိုတော့ ပြန်ပေးလိုက်ပြီဲဖြစ်သည်။

 

 

လင်းဝေ့ မနက်က ဝယ် လာသည့် ဟင်းသီး ဟင်းရွက်များဖြင့် အာလူးကိုပါးပါးလှီးကာ ကြော်လိုက်မည်။ ပင်လယ်ငါးကိုလဲ ဒီအတိုင်းထားလျှင် နံကုန်မည်စိုး၍ ပေါင်းထားကာ ညနေအထိထားလိုက်မည်ပင်။