အပိုင်း ၂၂
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၂၂

 

 

 

 

သို့သော် ငါးကိုတော့ ကျုံးရှောက် လာချိန်ထိ စောင့်ကာစားမည်မဟုတ်ပါ။ တစ်ဝက်ကိုတော့ကျုံးရှောက်အတွက်ချန်ထားကာ စားလိုက်မည်ဖြစ်သည်။

 

 

ညနေကျုံးရှောက်ပြန်လာသောအခု စားပွဲပေါ်က ငါးတစ်ဝက်ကို မြင်လိုက်၍ တအံတသြမေးလိုက်သည်။

"ဘယ်က ငါးရလာတာလဲ"

 

 

"ညနေက အစ်မတန့် ပေးလိုက်တဲ့ လက်မှတ်နဲ့ ပင်လယ်စာ ပွဲရုံက ဝယ်လာတာလေ "ဟု လင်းဝေ့က ပြန်ဖြေလိုက်သည်။

 

 

"ဖေဖေ ဒီ ငါးက အရမ်းစားကောင်းတယ် သားတို့စားဖူးတဲ့ တစ်ခြားငါးတွေနဲ့ မတူဘူး။ အရမ်းအရသာရှိတာပဲ"ဟု မင်မင်က သူ့အဖေကို ပြောပြလိုက်သည်။

 

 

သူတို့အမေက ကျန်သည့်ငါးပေါင်းကို အလုပ်ကြိုးစားသည့် သူတို့အဖေအတွက် ချန်ထားရမည်ဟု ပြောသည်။

 

 

ထို့ကြောင့် မင်မင် ငါးပေါင်းကို ထပ်စားချင်သေးသော်လည်း သူ့လက်ကို ထိန်းထားရသည်။ သူ့အဖေ စားချိန်မှာတော့ ငါးပေါင်းကနေ မျက်လုံးမခွာနိုင်တော့ပေ။

 

 

ကျုံးရှောက်က လင်းဝေ့ ပန်းကန်ထဲ ငါးပေါင်းထည့်ပေးလိုက်တာမြင်တော့ မျက်လုံးပြူးသွားပြီး မင်မင်ကပြောလိုက်သည်။ "ဖေဖေ ဒီငါးက မေမေ ဖေဖေ့ အတွက်ချန်ထားပေးတာ"

 

 

သို့သော် သူ့အဖေက သူတို့အမေကို ထည့်ပေးပြီးနောက် သူကိုယ်တိုင်လည်းထည့်စားပြီး သူ့ညီလေးကိုရော သူ့ကိုရော ထည့်ပေးပြီး "အားလုံး တူတူစားရအောင်" ဟုပြောလိုက်သည်။

 

 

လင်းဝေ့လည်း ညီအကိုနှစ်ယောက်ကို ကြည့်ရင်းပြုံးလိုက်သည်။

 

 

မင်မင်က တအံ့တသြ မေးလိုက်သည်။"သားတို့လည်း အတူစားလို့ရတယ်လား"

 

 

လင်းဝေ့ကလည်း ဒါပေါ့ ဟုပြောလိုက်သည်။

 

 

" ဟေး သားတို့စားဖို့ ငါးတွေ ကျန်သေးတယ်"

မင်မင်က ပျော်ရွှင်စွာအော်လိုက်ပြီး သူ့အဖေကျွေးသည့်ငါးအသားများကို ပါးစပ်ထဲ ထည့်လိုက်သည်။

 

 

"အရမ်းစားလို့ကောင်းတာပဲ မေမေ …သားတို့မနက်ဖြန်လည်း ငါးစားကြမှာလားဟင်"

 

 

"ဒါပေါ့"

 

 

လင်းဝေ့လည်း ကျုံးရှောက်ကို လှမ်းကြည့်ရင်း အသံတိုးတိုးလေးနှင့်​ ပြောလိုက်သည်။

"ကျွန်မတို့ အိမ်ထောင်စုစာရင်းက မရသေးဘူး"

 

 

"ရပါတယ် ကိုယ် ဒီနေ့ရဲ့ ရိက္ခာခွဲတမ်းကို ယူလာတယ် ရိက္ခာကုန်ခြောက် လက်မှတ်တော့ မယူလာဘူး။ အသားနဲ့ ပင်လယ်စာ လက်မှတ်တော့ ယူလာတယ်။"

 

 

လင်းဝေ့လည်း လက်မှတ်ယူဖို့ စားလက်စ တူကိုချလိုက်သည်။

 

 

သူမတို့တွင်ရှိသော လက်မှတ် အများစုမှာ ပြောင်း၊ ဆန် နှင့်ဂျုံတို့ ထုတ်ယူ၍ ရသည့် ကုန်ခြောက်လက်မှတ်များသာဖြစ်သည်။ ကန်စွန်းဥ၊ အာလူးများလည်း ထုတ်ယူ၍ရသည်။ လက်မှတ် အရေအတွက်ကတော့သိပ်မများပါ။

 

 

ပြီးလျင် ဝက်သား၊ ကြက်သားနှင့် ဘဲသားများထုတ်ယူ၍ ရသော လက်မှတ်များလည်း ရှိသည်။ ဝက်သားလက်မှတ်မှာ တစ်ပေါင်ခွဲခန့် ထုတ်ယူ၍ ရနိုင်ကာ ကြက်သားနှင့် ဘဲသားမှာ နည်း၏။ ပင်လယ်စာ လက်မှတ်များလည်း ရှိသည်။ ယားကျိုကျွန်းသည် ပင်လယ်နှင့်နီး၍ ပင်လယ်စာ ပေါများ၏။ လူတစ်ဦးလျင် တစ်လ ပင်လယ်စာ သုံးပေါင်ခန့် ဝယ်စားနိုင်လောက်အောင် ထောက်ပံ့ပေးနိုင်သည်။

 

 

လင်းဝေ့လည်း လက်မှတ်များကို ရေတွက်လိုက်ကာ မေးလိုက်သည်။"ရှင် အစားအသောက်ခွဲတမ်းထဲက အသားတွေအားလုံးကို ရိက္ခာလက်မှတ် အနေနဲ့ထုတ်လာတာလား"

 

 

"အကုန်လုံး နီးပါးကို ပြန်ယူခဲ့တာပဲလေ" ဟုပြန်​ပြောရာ လင်းဝေ့လည်း အရူးမဟုတ်၍ မေးခဲ့သည်။

"အခု လဝက်တောင် ရှိပြီ ရှင် အကုန် အိမ်ပြန်ယူလာ​တော့ နေ့လည်ကျရင်  စခန်းထဲမှာ နေ့လည်စာစားရင်  ရှင် အသားမစားတော့ဘူးလား

 

 

ကျုံးရှောက်က ပြန်ပြောလိုက်သည်။

"ကိုယ် လက်မှတ်တွေ အကုန်ယူလာခဲ့တယ်လေ။ တစ်ရက်လောက် အသား တစ်နပ် လျော့စားတာတော့ ဘာမှမဖြစ်ပါဘူး"

 

 

ဤသည်မှာ မဖြစ်သင့်ပေ။ သူမတို့ နေ့လည် ငါးပေါင်းစားလျင် ကျုံးရှောက်အတွက်လည်း ချန်ထားမည်မှာသေချာသော်လည်း……

 

 

ကျုံးရှောက် ပြန်ပြောလိုက်သည်။

"ကိုယ် တစ်ယောက်တည်း မဟုတ်ဘူးလေ။ စခန်းမှာစားတာနဲ့ အိမ်မှာစားတာနဲ့တူမှ မတူတာ" ဟုပြောပြီး စားပြီးပြီ ဖြစ်၍ တူကို ဘေးတွင်ချလိုက်သည်။

 

 

လင်းဝေ့လည်း လက်မှတ်များကိုသိမ်းလိုက်ပြီး ပြောလိုက်သည်။"ဒါဆိုလည်း ဒီလတော့ အာ့အတိုင်းပဲလုပ်ရအောင်"

 

 

ကျုံးရှောက်က လင်းဝေ့ကို သတိပေးလိုက်သည်။

"ကျိုးမိသားစုဆီက ယူထားတဲ့ အသားလက်မှတ် ပြန်ပေးလိုက်ဦးနော် သူတို့လည်း အဆင်ပြေကြတာမဟုတ်ဘူး"

 

 

လင်းဝေ့လည်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"ကျွန်မလည်း သိပါတယ် အိမ်ထောင်စုစာရင်းရတာနဲ့ ပြန်ပေးဖို့တွေးထားပါတယ်"

 

 

အိမ်ထောင်စုစာရင်းအ​ကြောင်းပြောနေ၍ ကျုံးရှောက် လည်း သတိရကာ မေးလိုက်သည်။

"ဒီနေ့ အိမ်ထောင်စုစာရင်းသွားသွင်းတာ အဆင်ပြေရဲ့လား"

 

 

"အရမ်းအဆင်ပြေပါတယ် အစ်မလျိုကတော့ လျှောက်လွှာ စာရွက်စာတမ်းတွေကို ဒီနေ့တင်ပေးမယ်လို့ပြောတယ်။ ဘာပြဿနာမှ မရှိရင် နှစ်ရက်အတွင်းရလိမ့်မယ်လို့ပြောတယ်"

 

 

လင်းဝေ့ ထပ်ရှင်းပြလိုက်သေးသည်။

" အစ်မလျို ဆိုတာ အိမ်ထောင်စုစာရင်းသွင်းတဲ့ ရုံးမှာ အလုပ်လုပ်တဲ့သူလေ။ သူမကလည်း အရာရှိဇနီးသည် တစ်ယောက်ပဲ။"

 

 

အရာရှိဇနီးသည်များ ရုံးများတွင် အလုပ်လုပ်ကြသည်မှာ ပုံမှန်သာဖြစ်သည်။ ဆန်းလင် အခြေစိုက်စခန်းတွင် ရှိသော အလုပ်များက အလုပ်နေရာလစ်လပ်လျှင်  အရာရှိဇနီးများကို ဦးစားပေး လျှောက်ထားစေသည်။ အရည်အချင်း ပြည့်မှိီသူမရှိ လုပ်လိုသည့်သူမရှိမှသာ အပြင်လူက်ို ခေါ်ခန့်ခြင်းဖြစ်သည်။

 

 

ကျုံးရှောက်က အသံကျယ်ကျယ်ဖြင့်မေးလိုက်သည်။ (ကလေးတွေ ဆူနေလို့ ဖြစ်မယ်)

 

 

"သူ့အမျိုးသားက ဘယ်သူလဲ"

 

 

" အာ့တာတော့မပြောဘူး။ ကျွန်မလည်း မမေးမိဘူး" လင်းဝေ့လည်း ခေါင်းခါကာပြောလိုက်ပြီး တစ်ခုကိုပြန်သတိရသွားကာ ပြောခဲ့သည်။

" ဒါနဲ့ စကားမဆက် ဒီနေ့ ကိစ္စတစ်ခုပြောစရာရှိလို့"

 

 

"ဘာကိစ္စလဲ"

 

 

"ကျွန်မ…"

 

 

လင်းဝေ့ ကျုံးရှောက်ကို ပြောပြဖို့ ပြင်နေစဥ် အပြင်ဘက်မှ အော်ခေါ်သံ ကြားလိုက်သည်။ အသံမှာ မိခင်မှ သားငယ်အား ညနေထမင်းစား ပြန်လာရန် အော်ခေါ်နေပုံဖြစ်သည်။ ထို အသံမှာလည်း ရင်းနှီးလှသည်သည်ဟုစဥ်းစားနေစဥ် ခြံဝန်းအပြင်ဘက်မှ ညနေက သူမကို အိမ်ထောင်စုစာရင်းသွင်းပေးသော အစ်မ လျိုတန်းကို တွေ့လိုက်ရသည်။

 

 

လျိုတန်းက သူ့သားက်ိုမတွေ့၍ မျက်မှောင်ကျုံ့ကာ စိတ်ဆိုးနေသည်။

"ကောင်စုတ်လေး ဘယ်တွေ လျှောက်သွားနေပါလိမ့်"

 

 

ထို့နောက် အသံကိုမြှင့်ကာ ထပ်အော်လိုက်သည်။

"အေး နင်အာ့လောက်အပြင် လျှောက်လည်ချင်နေမှတော့ အိမ်ကို ပြန်လာ မနေနဲ့တော့။ ပြန်လာပြီး ညနေစာ ပြန်လာစားလို့ကတော့ ငါနဲ့တွေ့မယ်သာမှတ်"

 

 

ထိုသို့အော်ဟစ်ပြီး အိမ်ပြန်ဖို့ ပြင်လိုက်စဥ် ခြံဝန်းထဲတွင်ရပ်နေသော လင်းဝေ့ကို မြင်လိုက်၍ ပြုံးကာ မေးလိုက်သည်။"ရဲဘော်လင်း ရှင်က ဒီမှာနေတာလား"

 

 

လင်းဝေ့လည်း ပြုံးကာ ခေါင်းငြိမ့်လိုက်ပြီး မေးလိုက်သည်။"ရှင့်သားကို လိုက်ရှာနေတာလား"

 

 

"ဟုတ်တယ် ကောင်စုတ်လေးက ကျောင်းသွားဖို့လည်း မသိဘူး အိမ်ပြန်ပြီး ထမင်းစားရကောင်းမှန်းလည်း မသိဘူး စိတ်တိုစရာကောင်းလိုက်တာ" သက်ပြင်းချကာ ထပ်ပြောလိုက်သေးသည်။" ကိုယ့်သားဖြစ် နေတော့လည်း"

 

 

"ညီမလည်း ညနေစာစားနေတာမဟုတ်လား စားလိုက်ပါဦး" ဟု လင်းဝေ့ကို ပြောလိုက်သည်။

 

 

လင်းဝေ့လည်း ပြုံးကာ ကလေးကို ကူရှာပေးရမလားမေးလိုက်သည်။

 

 

လျိုတန်းက လက်ခါလိုက်ကာ "သူ ကို မစိုးရိမ်ပါနဲ့ သူကစားလို့ဝရင် အိမ်ပြန်လာလိမ့်မယ်" ဟုပြောရင်း လင်းဝေ့၏ ပြန်ပြင်ထားသော အိမ်နှင့် မီးဖိုချောင်ကို လှမ်းကြည့်လိုက်သည်။

 

 

"အိမ်ကို အတော်လေး ကောင်းအောင်ပြင်ထားတာပဲ ဟိုးအနောက်က အိမ်သာလား"

 

 

"ဟုတ်တယ်ရှင့်"

 

 

"အိမ်ခန်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေတော့ အနံ့မရဘူးလား"

 

 

လျိုတန်း သဘောရိုးနှင့် မေးကြောင်းသိ၍ လင်းဝေ့လည်း အနံမရကြောင်း ပြောပြလိုက်သည်။

 

 

"စောင့်ကြောင့် ထိုင်အိမ်သာ(ဗမာထိုင်အိမ်သာ)ကို ကြွေပြားတွေလည်း ကပ်ထားတယ်ဆိုတော့ ပိုက်ဆံတော့အတော်ကုန်သွားမှာပဲ"

 

 

"ဟုတ်တယ် အတော်လေး အကုန်အကျများသွားတယ်"

 

 

"ကျွန်မလည်း အစက အဆင်ပြေရင် အိမ်သာလေး ထပ်ဆောက်ချင်တာ အခုတော့……" လျိုတန်းက ခေါင်းခါကာ ပိုက်ဆံသုံးရန် နှမြောနေကြောင်း ပြောပြလိုက်သည်။

 

 

သူမက ကောင်းရှို့လျန်ကဲ့သို့ မဟုတ်ပေ။ သူ ငွေမသုံးနိုင်းတာနဲ့ သူများအိမ်ပြင်ဖို့ ငွေသုံးတာကို အပြစ်ပြောတတ်တဲ့သူမျိုးမဟုတ်ပေ။

 

 

လျိုတန်းသည် ခေါင်းတငြိမ့်ငြိမ့်နှင့် ပြောလိုက်သည်။

" တော်တော်လေးကောင်းသွားတယ်။ နေရထိုင်ရ ပိုအဆင်ပြေသွားတာပေါ့။ ဒါနဲ့ ညွှန်ကြားရေးမှုးချန် ဒီနေ့ရှင့်ကို ရှာသေးတယ်မလား"

 

 

လင်းဝေ့လည်း အံသြသွားကာ "ညွှန်ကြားရေးမှုးချန် ကျွန်မကို ရှာတာ သိတယ်လား"

 

 

"မထင်မှတ်ပဲ သိလိုက်ရတာပါ။ ရှင် လျှောက်လွှာပုံစံစာရွက်ဖြည့်ပြီး ထွက်သွားတော့ ညွှန်ကြားရေးမှုးချန် ဝင်လာတယ်လေ။ ဆေးရုံဆေးပေးခန်းမှာ လူလစ်လပ်နေလို့ ပြန်ခန့်ထားမလို့ လူရှာနေတာ။ အလုပ်လ်ိုအပ်ချက် ပညာရေးကလည်းမြင့်တော့ သင့်တော်တဲ့သူမရှိဘူးဖြစ်နေလို့ထင်တယ်။ ကျွန်မဆီလာပြီး ရှင့်ကိုယ်ရေးအချက်အလက်တွေ ပြခိုင်းခဲ့တာလေ။"

 

 

လျိုတန်းလည်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မေးလိုက်သည်။"ဘယ်လိုလဲ။ အလုပ်အကြောင်းပြောတာ အဆင်ပြေရဲ့လား"

 

 

"အဆင်ပြေလုနီးနီးပါပဲ"

 

 

"အဆင်ပြေတာလား မပြေတာလား " လျိုတန်းသည်လည်း စဥ်းစားနေဟန်ဖြင့် ပြောလိုက်သည်။

 

 

"မဟုတ်သေး ဘူးနော် ကျွန်မကြည့်ရသလောက် ညွှန်ကြားရေးမှုးချန်က ရှင့်ကို အတော်လေး သဘောကျတဲ့ပုံပဲ။ ရှင့်အချက်အလက်တွေဖတ်ကြည့်ပြီး ရှင်နဲ့ လူကိုယ်တိုင်တွေ့ဦးမယ်ပြောနေတာ။ ဘယ်လိုဖြစ်သွားတာလဲ။ အဆင်မပြေဘူးလား"

 

 

လင်းဝေ့ စိတ်သဘောထားရိုးသည့် သူကိုတော့ မပြောပြပဲ မနေနိုင်ပါ။ လျိုတန်းက သူမကို အမှန် စိုးရိမ်ပေးဟန်ရှိသည်။ ထို့ကြောင့် အဖြစ်မှန်ကို ပြောပြလိုက်သည်။

 

 

သူမ  ပြောပြလိုက်သောအခါ လျိုတန်းက စိတ်မရှည်စွာပြန်ပြောလာသည်။

 

 

"ရှင်က အ လိုက်တာနော်။ ဆေး​ပေးခန်းမှာ လုပ်ရတဲ့အလုပ်က မနက်၈နာရီကနေ ညနေ၆နာရီထိပဲ လုပ်ရမှာအပြင် နေ့လည် နားချိန်လည်း ရှိသေးတယ်။ ကန်တင်းမှာလည်း နေ့လည်စာ စားရဦးမှာ။ နေပူမိုးရွာဒဏ်လည်း ခံစရာမလိုဘူး အာ့လိုအလုပ်မျိုးကို အရာရှိဇနီးသည် တိုင်းက လုပ်ချင်ကြတာ။ ဘာလို့ ချက်ချင်းသဘောမတူလိုက်တာလဲ။ ရှင် ဘယ်လိုတွေးထားလို့လဲ"

 

 

အမှန်တော့ လင်းဝေ့ ငြင်းသည့်အချက်တွေကလည်း ရိုးရှင်းသည်။ ညွှန်ကြားရေးမှုးချန်က ကလေးတွေခေါ်သွားလို့ရပါသည် ဆိုသော်လည်း သူမအလုပ်လုပ်ရမည့်ဆေးပေးခန်းက တစ်ဖက်ကန့်ထားသည့် အခန်းကျဥ်းလေးဖြစ်သည်။ လူကြီးက တစ်နေကုန် နေနိုင်သော်လည်း ကလေးတွေက တစ်နေကုန် နေနိုင်ပါ့မလား။

 

 

သူမ ကလေးတွေကို အပြင်တွင် ဆော့ခိုင်းမည် ဆိုပါကလည်း သူမက လုပ်ငန်းခွင်တွင် ရှိရမည် ဖြစ်၍ ကလေးများကို လိုက်မကြည့်နိုင်ပါ။ သူမ ကလေးတွေ ဆေးရုံအပြင် ဘက်လျှောက်သွားပြီး သူများကို တိုက်မိ ခိုက်မိကုန်မည်ကိုလည်း စိုးရိမ်သည်။

 

 

ကလေးတွေကို စိုးရိမ်နေကာ အလုပ်တွင်လည်း အာရုံစိုက်နိုင်မည် မဟုတ်ချေ။ ဆေးပေးခန်းရှိ အလုပ်သည် အာရုံပျက်ပြား၍လည်းမရပေ။

 

 

လင်းဝေ့ပြောသည်ကို နားထောင်ပြီးနောက် သူမက ပြောခဲ့သည်။"ရှင်ပြောတာလည်း ဟုတ်နေတာပဲ။ ဒါပေမယ့် ဒီအလုပ်မျိုးကလည်း ရဖို့ခက်တယ်လေ။ ပြန်စဥ်းစားသင့်တယ်လို့တော့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် အခြေအနေတွေက ခက်ခဲနေတော့ ဒီအလုပ်လေးရလည်း အဆင် ပြေ တာပဲလေ"

 

 

လင်းဝေ့လည်း ခေါင်းငြိမ့်လိုက်ကာ "ကျွန်မလည်း သေချာ စဥ်းစားလိုက်ပါ့မယ်" ဟုပြောလိုက်သည်။