အပိုင်း ၅၄
Viewers 9k

Chapter 54

၎င်းက တံခါးနားတွင်ချောင်းနေကာ အခန်းအားစိတ်ဝင်တစားစပ်စုနေပြီး အတူတူဝင်မလာရဲချေ။ ခဏကြာလေ့လာပြီးနောက် စင်္ကြတစ်ဖက်ရှိအိမ်တွင် ပုန်းခိုနေသောအန္တရာယ်များမရှိနိုင်ဟု ယူဆသွားခဲ့ပုံရသည်။

 ၎င်းက သတ္တိကိုစုစည်းကာ နေကြာပန်းများနှင့် Casablanca လီလီပန်းများ၏ ရနံ့နှင့်အရိပ်များကို တိတ်တဆိတ်ဖြတ်သန်းကာ ကိုယ်ကိုနွဲ့၍ 8012B ၏နံရံတစ်လျှောက် လျှောက်ဝင်လာခဲ့သည်။ ၎င်းက ဧည့်ခန်းအတွင်းရှိဗီရိုပေါ်ခုန်တက်ကာ ရှေ့လက်ဖဝါးများကိုဆန့်တန်းလျှက် ကျောက်စိမ်းပိုင်ရှို့အနားတွင် လှဲလျောင်းလိုက်၏။ စုန့်ရန်ရောပုပုပါ ၎င်းကိုသတိမပြုမိသော်ငြား ရှောင်ကျူကတွေ့သွားလေသည်။  

ရှောင်ကျူက သူ၏မြင်ကွင်းထဲသို့ဝင်လာသည့် လှုပ်ရှားမှုအားလုံးအား တစ်ခုမှမလွတ်အောင်ဖမ်းဆုပ်နိုင်စွမ်းရှိလေသည်။ သူက ဗီရိုနားသို့သွားကာ အနီရောင်အလင်းဖြင့်ချိန်လိုက်၏။ ၎င်း၏ကင်မရာမှန်ဘီလူးက ပုသို့သို့အပေါ်သို့ဖြတ်သန်းသွားသည့်နောက် ဘိ ဟူသောအသံနှင့်အတူ အလင်းမှာလည်းအပြာရောင်ပြောင်းသွားခဲ့သည်။

 

ယခုအကြိမ်မှာ အိမ်မွှေးတိရစ္ဆာန်အား ပထမဆုံးအကြိမ်ခွဲခြားသတ်မှတ်ရခြင်းဖြစ်လေသည်။ 

လက်တွေ့ကျကျပင် ရှောင်ကျူက တိရစ္ဆာန်များကိုခွဲခြားနိုင်သကဲ့သို့ ၎င်း၏ 'မိသားစုဝင်များ' ဟူသည့်ခေါင်းစဥ်ထဲတွင်လည်း လူများသာပါဝင်ခြင်းမဟုတ်ချေ။ သို့သော် 8012B တွင် အိမ်မွေးတိရစ္ဆာန်မမွေးဖူးရာ ရှောင်ကျူ၏အဆိုပါလုပ်ဆောင်ချက်မှာလည်း အကြာကြီးအိပ်ပျော်နေခဲ့၏။ ယနေ့တွင်မူ ရှောင်ကျူက ကြောင်တစ်ကောင်အားရှာဖွေတွေ့ရှိပြီဖြစ်ရာ ကိုလံဘတ်က ကမ္ဘာသစ်တစ်ခုအားရှာတွေ့သကဲ့သို့ အလွန်အမင်းစိတ်လှုပ်ရှား၍နေ၏။ သူက အပြာရောင်အလင်းတန်းကိုထုတ်လွှတ်လျှက် ပုသို့သို့အနားသို့ချဥ်းကပ်လာလေသည်။  

ပုသို့သို့က ထိုကဲ့သို့အရာမျိုးကို တစ်ခါမှမမြင်ဖူးလေရာ အလွန်ပင်လန့်သွားပြီး လှဲနေရာမှထလိုက်၏။ ၎င်းက နံရံသို့ကပ်လိုက်ကာ ရှောင်ကျူအား လက်ကလေးဖြင့်လှမ်းကုတ်လိုက်လေသည်။

ညှောင်...

နူးညံ့သောကြောင်သံကလေးက ရှောင်ကျူ၏စကားပြောစက်မှ ထွက်ပေါ်လာခဲ့သည်။  

ပုသို့သို့ လှည့်စားခံလိုက်ရ၏။ ၎င်း၏မျက်ဝန်းအိမ်ကလေးများက ယိမ်းယိုင်လာကာ မျိုးနွယ်တစ်ခုထဲမှဆင်းသက်လာပုံရသော ထူးဆန်းသည့်ပုံသဏ္ဍာန်ရှိသည့်အရာကို စူးစမ်းဟန်ဖြင့်ငေးကြည့်နေလေသည်။ ၎င်းက ရန်သူလား မိတ်ဆွေလား ခွဲခြားနေပုံရ၏။ 

ညှောင်...ညှောင်...ညှောင်...

ရှောင်ကျူက နှစ်လိုဖွယ်ကြောင်သံကလေးများသို့ ပြောင်း၍ဖွင့်လိုက်ပြီး ကြောင်တစ်ကောင် သူ့အားသဘောကျလာစေရန် သွေးဆောင်လျှက်ရှိ၏။ မမျှော်လင့်ထားစွာပင် ပုသို့သို့က ရှောင်ကျူအား နောက်ထပ်တစ်ချက် ထပ်ကုတ်လိုက်ပြန်လေသည်။ 

ဧည့်ခန်းထဲတွင် ရှောင်ကျူနှင့်ပုသို့သို့က ဆန့်ကျင်ဘက်မျိုးကွဲများကြားရှိ ဖြောင့်ဖြူးခြင်းမရှိသောသူငယ်ချင်းဆက်ဆံရေးအား အစပျိုးနေကြစဥ် စုန့်ရန်က အသက်ပြင်းပြင်းရှူလျှက် ဟယ်ကျစ်ယွမ်၏အခန်းတံခါးကို တွန်းဖွင့်လိုက်လေသသည်။  

လူလွတ်တစ်ဦး၏ စွန့်ပစ်ခံအိပ်ခန်းအနေဖြင့် ဟယ်ကျစ်ယွမ်၏အိပ်ခန်းမှာ စုန့်ရန်မျှော်လင့်ထားသည့်အတိုင်းပင်။ 

ထုံးခြောက်ရောင်ကော်ဇော၊ မီးခိုးနုရောင်အိပ်ရာ၊ ကုလားထိုင်တစ်လုံးနှင့်အတူ၊ သစ်သား၏အစေ့အဆံများ၏အရောင်ဖြင့် ဆေးသုတ်ထားသောနံရံက ရိုးရှင်းသောမျဥ်းကြောင်းများကို ဖန်တီးလျှက်ရှိသည်။ စားပွဲပေါ်တွင် မီးအိမ်ငယ်တစ်ခုနှင့်အတူ နာရီ၊ စာအုပ်အနည်းငယ်တို့အား စီရီ၍တင်ထားလျှက်ရှိ၏။ အခန်းတစ်ခုလုံးတွင် မည်သည့်အပင်မှမရှိသလို၊ အလှဆင်ပစ္စည်းများနှင့် ဓာတ်ပုံများလည်းမရှိချေ။  

အလွန်ပင်ရှင်းလင်းလှ၏။

စားပွဲပေါ်ရှိစာအုပ်များက အလွန်တရာထူထဲလှကာ မူလအင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသောစာအုပ်များဖြစ်ပြီး ခေါင်းစဥ်များမှာလည်း အတိုကောက်စာလုံးများနှင့် စုန့်ရန်နားမလည်သော စာလုံးပေါင်းများနှင့်ရေးသားထားခြင်းဖြစ်လေသည်။ ဂျူနီယာအထက်တန်းဘွဲ့ရတစ်ဦးအနေဖြင့် စုန့်ရန်သိသောအင်္ဂလိပ်စာလုံးမှာ အကန့်အသတ်ရှိ၏။ သူက စာအုပ်ခေါင်းစဥ်ကို ကြိုးစားဖတ်ကြည့်သောအခါ 'natural' ဟူသောစာလုံးနှင့် 'language' ဟူသည့်စာလုံးကိုသာ နားလည်ကြောင်းတွေ့လိုက်ရသည်။ ထို့ကြောင့် သူက စာအုပ်ကိုဖွင့်ဖတ်လိုက်၏။   

—ခေါင်းစဥ်ရှိစာလုံးနှစ်လုံးကိုဖတ်နိုင်သော်လည်း စာအုပ်ကိုလှန်လိုက်သည်နှင့် အခြားရှုထောင့်တစ်ခုတွင်းရောက်သွားသကဲ့သို့ သူခံစားလိုက်ရရှာ၏။ စာမျက်နှာတိုင်းက နားလည်ရခက်သောအရေးအသားများဖြင့်ပြည့်နှက်နေကာ ရှုပ်ထွေးသောဇယားများ၊ ဥပမာကုဒ်များဖြင့်ဖော်ပြထားလေသည်။ ဆောင်းပါးများမှလွဲ၍ ၎င်းတို့အတွင်းရှိမည်သည့်အရာကိုမှ သူနားမလည်နိုင်ချေ။  

စုန့်ရန် စာအုပ်ကိုအမြန်ပိတ်လိုက်ကာ စားပွဲပေါ်ပြန်တင်ထားလိုက်၏။

သိပ္ပံအင်ဂျင်နီယာပညာရပ်မှာ လုံးဝမထိသင့်သောအရာဖြစ်သည်။ အဆိုပါဂြိုဟ်သားဘာသာရပ်များအား တနေ့လုံးထိုင်ဖတ်ရမည်မှာ ကြောက်စရာကောင်းလှ၏။ .

အနာဂတ်တွင် လူကြီးမင်းဟယ်၏လုပ်ငန်းအား နားလည်အောင်မကြိုးစားသည်က ပို၍ကောင်းမွန်ပေလိမ့်မည်။ အသုံးမဝင်သည့်နေရတွင် အားစိုက်ခြင်းနှင့်စာပါက ရေဆေးဖြင့်ယုန်ပုံကလေးများဆွဲကာ လူကြီးမင်းဟယ်အတွက် စာမှတ်ကဒ်လုပ်ပေးခြင်းက ပို၍သင့်တော်ပေသည်။ စီးပွားရေးပညာရပ်များ နားလည်ရခက်လာသည်နှင့်အမျှ မုန်လာဥအားတတိတိကိုက်ဝါးနေသော သူ၏ယုန်ရုပ်ကလေးများသည်လည်း နားရွက်ကုပ်ကုပ်ကလေးများဖြင့် ပို၍ချစ်စဖွယ်ကောင်းလာပေလိမ့်မည်။ 

ကျွမ်းကျင်သူများတွင် အထူးပြုပညာရပ်များရှိကြသည်။ သို့သော် အလုပ်အကိုင်ကအတူတူပင်။ 

လူကြီးမင်းဟယ်က စက်ရုပ်များပြုလုပ်ပုံကိုသိရှိပြီး သူက ယုန်ကလေးများကို မည်သို့ဆွဲရမည်အားသိလေသည်။ အဆုံးသတ်တွင် သူတို့က အလွန့်ကိုလိုက်ဖက်လှ၏။ 

စုန့်ရန် သူ့ကိုယ်သူတက်ကြွစွာနှစ်သိမ့်လိုက်၏။ 

အတိတ်ကဆိုလျှင် သူဤကဲ့သို့အကောင်းမြင်တတ်မှာမဟုတ်ပဲ သူတို့နှစ်ဦး၏ကွဲပြားမှုမှ ရုန်းမထွက်နိုင်ဖြစ်ကာ ၎င်းကိုကျော်လွှားနိုင်မှာမဟုတ်ချေ။ သို့သော် လူကြီးမင်းဟယ်က သူ၏ပညာရေး သို့မဟုတ်ဝင်ငွေကိုမဟုတ်ပဲ သူ့ကိုသာနှစ်သက်ခြင်းဖြစ်သည်ဟုပြောခဲ့သည်။ အကယ်၍ သူသာဆက်လက်၍နွံနစ်နေပါက လူကြီးမင်းဟယ်၏အချစ်နှင့် မထိုက်တန်သူတစ်ဦးဖြစ်သွားမည်ကို စိုးရိမ်မိလေသည်။ .

စုန့်ရန်က စားပွဲကိုပျော်ရွှင်စွာရှင်းလင်းကာ စာအုပ်များကိုသပ်သပ်ရပ်ရပ်စီရီလိုက်၏။ ထို့နောက် အိပ်ရာနံဘေးသို့လျှောက်သွားကာ နှစ်ယောက်အိပ်ကုတင်အားကြည့်လိုက်လေသည်။ 

ရက်အနည်းငယ်အတွင်း ထိုအိပ်ရာသည် သူနှင့်သက်ဆိုင်၍လာလိမ့်မည်။ 

သူ၏လက်ချောင်းထိပ်ကလေးများက အိပ်ယာခင်းကိုပွတ်သပ်လိုက်မိ၏။ ဆယ်ရက်ကျော်မျှအသုံးမပြုပဲပစ်ထားသည့်အတွက် ပိုးသားစက အေးစက်စက်အထိအတွေ့ကို ပေးစွမ်းလျှက်ရှိလေသည်။ သူက ဖြည်းညှင်းစွာလှဲလိုက်ကာ တစ်ခုတည်းသောခေါင်းအုံးကိုယူ၍ လူကြီးမင်းဟယ်၏ခပ်ဖျော့ဖျော့ရနံ့ကို ရှူရှိုက်လိုက်မိသည်။ 

ထိုပုဂ္ဂိုလ်မှာ အသန့်ကြိုက်သူတစ်ဦးဖြစ်ပုံရ၏။ 

ဆေးလိပ်၏ရနံ့လည်းမရှိသလို အရက်နံ့လည်းမရှိချေ။ အမျိုးသားတစ်ဦး၏စစ်မှန်သောရနံ့က ရေမွှေးနံ့ဖျော့ဖျော့နှင့်အတူ ရောယှက်နေကာ သူ၏ရှူသွင်းလိုက်သောလေမှတဆင့် အာရုံကြောများအထိ ပျံ့နှံ့၍သွားလေသည်။  

စုန့်ရန် အလွန်ပင်နှစ်သက်လှပါ၏။ 

သူက တစ်စုံတစ်ခုကိုပင် ဝိုးတဝါးစိတ်ကူးယဥ်လိုက်မိသည်။ ဤကဲ့သို့ရနံ့မျိုးရှိသူလူကြီးမင်းဟယ်မှာ ပုံမှန်ထက်ကြည့်ကောင်းသော အမျိုးသားတစ်ဦးဖြစ်မည်ဟုတွေးနေရင်းပင် နွေးထွေးသည့်ITပညာရှင်ဦးလေးကြီး၏ပုံရိပ်က သူ့စိတ်အတွင်းထင်ဟပ်လာခဲ့လေသည်။ 

ကြည့်ကောင်းတယ်ဆိုတာထက်တောင် ပိုပြီးယောက်ျားပီသနေဦးမှာ... 

အိပ်ရာမှရုတ်ချည်းထလိုက်ကာ စုန့်ရန်မတ်တပ်ရပ်၍ လူကြီးမင်းဟယ်၏ဓာတ်ပုံရှိမရှိ ဟိုဒီလှန်လျောကြည့်လိုက်လေသည်။  

—သို့သော် လူကြီးမင်းဟယ်၏အကျင့်စရိုက်အရ အိပ်ခန်းထဲတွင် ဓာတ်ပုံချိတ်ထားမှာမဟုတ်ကြောင်း သူနက်နက်ရှိုင်းရှိုင်းနားလည်ထား၏။ သူက ချောင်ကြိုချောင်ကြားပါမကျန် နှံ့စပ်အောင်ရှာဖွေသော်ငြား ဓာတ်ပုံဘောင်နှင့်တူသည့် မည်သည့်အရာကိုမှမတွေ့ခဲ့ရချေ။  

ကောင်းပြီလေ...မျှော်လင့်ထားတဲ့အတိုင်းပဲ...

စုန့်ရန်က စိတ်ပျက်လက်ပျက်ဖြင့် ကုလားထိုင်ပေါ်ထိုင်ချလိုက်ရင်း ငှက်မွှေးကလေးဖြင့်ကလိထိုးခံရသကဲ့သို့ အနည်းငယ်အသဲယားလာခဲ့သည်။ 

သူ လူကြီးမင်းဟယ်အား အလွန်မြင်ဖူးချင်လှသည်။ 

တကယ်လို့ ပုံတောင်းကြည့်ရင် အရယ်ခံရမှာလား...ဒီလိုဖြစ်မယ်မှန်းစောစောသာသိမယ်ဆို ဗီဒီယိုကောလ်အရင်စခေါ်ခဲ့လိုက်ပါတယ်...ပုပုကိုချီထားလိုက်ရင် သူ့ကိုမြင်ရမှာမှမဟုတ်ပဲကို... 

စုန့်ရန် နောင်တရနေမိသည်။ သူက ကုလားထိုင်ကိုလှည့်ကာ နံရံသို့ကြည့်လိုက်မိ၏။  

ထိုစဥ် နံရံပေါ်ရှိ အလှဆင်ထားပုံရသောပန်းချီကားတစ်ချပ်ထံ အကြည့်ရောက်သွားခဲ့သည်။  

၎င်းမှာ အလွန်ပင်သေးငယ်လှသည့် ပန်းချီကားလေးဖြစ်၏။ စတုရန်းပုံစာရွက်ဖြူဖြူပေါ်တွင် ခြေရာပိစိလေးနှစ်စုံကို ရေးဆွဲထားခြင်းဖြစ်သည်။ ပိုကြီးသောခြေရာအစုံလေးကို မိုးပြာရောင်ခြယ်ထားကာ အနည်းငယ်သေးသောခြေရာလေးရကိုမူ မြစိမ်းရောင်ခြယ်ထားလေသည်။  

ပန်းချီကားလေးက သေးငယ်ပြီးချစ်စဖွယ်ကောင်းလှကာ အိပ်ခန်း၏ပြင်ဆင်ထားပုံနှင့် မလိုက်ဖက်လှချေ။  

စုန့်ရန်က ထူးဆန်းသည်ဟုခံစားလိုက်ရ၏။ ရလဒ်အနေဖြင့် ထိုပန်းချီကားထံလျှောက်သွားကာ စူးစမ်းကြည့်တော့သည်။ သူက သေးငယ်သောထူးခြားမှုတစ်ခုအား သတိပြုမိလိုက်၏။ 

—အဆိုပါခြေရာများက ပန်းချီဆွဲထားခြင်းမဟုတ်ပဲ ရိုက်နှိပ်ထားခြင်းသာဖြစ်လေသည်။ 

တစ်စုံတစ်ယောက်က မွေးကာစကလေးငယ်နှစ်ဦးကိုချီကာ ပန်းချီဆေးရည်ထဲသို့ ခြေထောက်ကလေးများနှစ်စေ၍ ခြေရာနှစ်ခုကိုစာရွက်ပေါ်ရိုက်နှိပ်စေခဲ့ပုံရ၏။ 

အပြာရောင်ခြေရာလေးအောက်တွင် ဘောပင်ဖြင့်စာသားအချို့ရေးထားလေသည်။  

ပုပု...၆လ ၁၁ရက်...

ထို့အပြင် အစိမ်းရောင်ခြေရာလေးအောက်တွင်လည်း စာအချို့ရေးထား၏။ 

အက်ရှလေ...ပျော်ရွှင်စရာမွေးနေ့ပါ...

.............

၁၂ရက်မြောက်နေ့ နေ့လယ်၃နာရီ ၁၈မိနစ် 🖌️

အက်ရှလေ...

မရင်းနှီးသောနာမည်တစ်ခုက သစ်သားစတစ်ခုကဲ့သို့ စုန့်ရန်၏ အစာအိမ်တွင်းကို ညင်သာစွာထိုးဖောက်လိုက်သည်။ သစ်သားခုံအဟောင်းတစ်လုံးမှ သစ်စဟောင်းက အသားကိုလာစိုက်၍ မဖော်ပြနိုင်လောက်သည့် နာကျင်မှုကို ခံစားရသော်လည်း သွေးယိုစီးကျလာခဲ့ခြင်း မရှိတော့ပေ။ ၎င်းကို သတိပြုမိရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ 

သူက ဟယ်ကျစ်ယွမ်ကို အလုံးစုံနားလည်ရန် အလွန်ဝေးကွာလွန်း‌နေဆဲဖြစ်သည်ကို စုန့်ရန် သိသည်။ 

သူနှင့် ဖုန်းပြောနေသောစုန့်ရန်က သူ၏တစ်စိတ်တစ်ပိုင်းဖြစ်သော အလွန်ဖြူစင်သည့် ပင်ကိုစရိုက်နှင့် စိတ်နေစိတ်ထားတို့ကိုသာဖော်ပြထားသည်။ ဟယ်ကျစ်ယွမ်အစစ်၏ အပြင်ပန်းအသွင်အပြင်၊ အသက်မွေးဝမ်းကျောင်းမှု၊ စိတ်ဝင်စားမှု၊ အချစ်ရေးကိစ္စများ ပို၍ရှုပ်ထွေးသည်။ ဤကိစ္စတွင် သူက အသိပညာမဲ့ခြင်း သို့မဟုတ် တစ်နည်းအားဖြင့် ထိုအကြောင်းများကို လုံးဝမသိခဲ့ပေ။ 

သူတို့၏အခြေအနေက လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းဖြစ်၍ နှစ်ယောက်အကြားတွင် လုံလောက်သည့်ယုံကြည်မှု မရှိသေးပေ။ အချိန်ကျလာပါက ဟယ်ကျစ်ယွမ်က စုန့်ရန်ကို ယုံကြည်စွာဖြင့် အရာအားလုံးကို ပြောပြမည်ဖြစ်သော်လည်း စုန့်ရန်က မစောင့်နိုင်တော့ပေ။ 

သူက ဟယ်ကျစ်ယွမ်၏ အတိတ်ကို သိချင်စိတ်ပြင်းပြနေမိသည်။ အထူးသဖြင့် ခြေရာသေးသေးလေးများ၏ ပုံကိုမြင်ပြီးသည့်နောက်တွင်မှ ထိုသို့ဖြစ်လာခဲ့ခြင်းပင်။ 

အက်ရှလေ...

အဲ့ကလေးမလေးက ဘယ်သူလဲ... လူကြီးမင်းဟယ်ရဲ့ သမီးများလား...

အဲ့လိုမဟုတ်ဘူးဆိုရင် သူကဘာလို့ ပုပု မွေးတဲ့အချိန်တည်းက တူတူရှိနေတာလဲ...

တကယ်လို့ သူက ရှိနေသေးတယ်ဆိုရင် အခုဘယ်ရောက်နေတာလဲ...

စုန့်ရန်က မိနစ်အနည်းငယ်အတွင်းတွင် မရေမတွက်နိုင်သည့် မှန်းဆချက်ပေါင်းများစွာကို ပြုလုပ်လိုက်သည်။ အတွေးတစ်ခုချင်းစီက ပထမတစ်ခုထက် ပိုမိုနက်ရှိုင်းလာ၍ သူ စိုးရိမ်တကြီးဖြစ်လာသည်။ သို့ရာတွင် ထိုအဖြေကိုသိသူက လူကြီးမင်းဟယ်တစ်ယောက်တည်းသာရှိသည်။

မှန်ဘောင်ခတ်ထားသည့်အတွင်းမှ မြစိမ်းရောင်ခြေရာလေးတစ်စုံက သူ့နှလုံးသားကို နင်းချေသွားသကဲ့သို့ ခံစားမိနေသည်။ 

ဟယ်ကျစ်ယွမ် နေ့ခင်းဘက်တွင် ဖုန်းခေါ်ချိန်၌ စုန့်ရန်က သူ့အိမ်ရှိ ဆိုဖာပေါ်တွင် ကွေးနေပြီး ပျင်းရိပျင်းတွဲဖြင့် ကြောင်လေးကို ပွတ်သပ်နေသည်။ ပုသို့သို့က ပွတ်သပ်ခံရခြင်းကို နှစ်ခြိုက်သဘောကျနေသည်။ ၎င်း၏ ခြေထောက်လေးချောင်းကို ကောင်းကင်ပေါ်ထောင်ထားပြီး ဗိုက်ကိုလည်း ဖွင့်ဟထားကာ ချစ်စဖွယ်ကောင်းစွာပြုမူလျက် တမြောင်မြောင်အော်နေသည်။ စုန့်ရန်ကလည်း ကြောင်လေး‌ကိုနောက်ပြောင်ပြီး တမြောင်မြောင်အော်နေမိ၍ ဖုန်းကိုင်လိုက်ချိန်တွင်လည်း အဆက်မပြတ်မြောင်နေသည်က ရပ်တန့်မသွားပေ။ 

ဟယ်ကျစ်ယွမ်က ရယ်ရယ်မောမောဖြင့် မေးလိုက်သည်။ 

" မင်း ဝိညာဉ်လေးဖြစ်သွားတာလား..."

စုန့်ရန်က အရှိန်မသတ်မိလိုက်သည့်လျှာကို ကိုက်လိုက်မိပြီး စတင်ရယ်တော့သည်။ 

"အဲ့လိုမဟုတ်ပါဘူး... ကျွန်တော် ကြောင်ယောင်ဆောင်နေရင်းနဲ့ အရှိန်မထိန်းနိုင်ဖြစ်သွားတာပါ..."

ဟယ်ကျစ်ယွမ်က သူ့ကိုကျီစယ်လိုက်သည်။

" ဒါဆိုလည်း အဲ့အသံလေးပြန်လုပ်ပြပါဦး... တခြားလူတွေ မကြားစေရပါဘူး..."

" မရဘူး မရဘူး မရဘူး... အရမ်းရှက်စရာကောင်းလွန်းတယ်..."

စုန့်ရန်မှာ ယခုချိန်တွင် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။ သူ ကတိုက်ကရိုက်ဖြင့် တောင်းပန်တိုးလျှိုးစွာ ပြောလိုက်သည်။ 

" ကျွန်တော် မစတော့ပါဘူး... ကျွန်တော်က ကြောင်မဟုတ်ပါဘူး ခင်ဗျားရဲ့စုန့်ရန်ပါ..."

နောက်ဆုံးစကားတစ်ခွန်းက ရှင်းလင်းပြီး ချစ်ခင်စဖွယ်ကောင်းလှကာ ဟယ်ကျစ်ယွမ်၏နားထဲ ချောကလက်ကဲ့သို့ ချိုမြိန်စွာ ဝင်ရောက်သွားသည်။ 

Xxxxxx