အပိုင်း ၅၅
Viewers 9k

Chapter 55

ဟယ်ကျစ်ယွမ် ဝိုင်တစ်ငုံသောက်ပြီးသည့်နောက်တွင် အဓိကအချက်ကိုသာ ထပ်ခါထပ်ခါပြောလိုက်သည်။

" ဟမ်း... ကိုယ့်ရဲ့စုန့်ရန်ပေါ့..."

သူ့လေသံထဲတွင် ပို၍သိမ်မွေ့နက်နဲသော အဓိပ္ပါယ်တစ်မျိုးရှိနေသည်။

စုန့်ရန်က ပါးပြင်များ ပူနွေးလာ၍ ခေါင်းကို ကြောင်မွေးထဲနှစ်လိုက်ပြီးမှ ရှက်ရွံ့စွာဖြင့် ကြောင်ကို ပြန်ချီလိုက်ပြီး နှုတ်ခမ်းများက တွန့်ကွေးသွားသည်။

" ဒီ... ဒီနေ့ အလုပ်လုပ်ရတာ ပင်ပန်းလားဟင်..."

" အဆင်ပြေပါတယ်... အရင်ရက်တွေလိုပါပဲ... ကိုယ်ကတော့ နေသားကျနေပါပြီ... အလုပ်ကလည်း ပြီးခါနီးပြီဆိုတော့ အစပိုင်းတုန်းကလောက်တော့ ဖိအားမများပါဘူး..."

ဟယ်ကျစ်ယွမ်က သူ့ကိုပြန်ဖြေပြီးနောက် စကားလမ်းကြောင်းပြောင်းလိုက်သည်။

" မင်းရော... ဒီနေ့တစ်နေကုန် အိမ်သန့်ရှင်းရေး လုပ်နေတာလား..."

စုန့်ရန်က ကြောင်လက်ဖဝါးလေးများကို ပွတ်နေသည်။

" မဟုတ်ဘူး... ကျွန်တော် နေ့တစ်ဝက်လောက် အလုပ်ရှုပ်သွားသေးတယ်... နေ့လယ်လောက်မှာ သန့်ရှင်းရေးလုပ်ပြီးသွားတော့ မွန်းလွဲလောက်မှာ ပုပုကိုခေါ်ပြီး စားစရာသောက်စရာတွေသွားဝယ်တယ်... ကျွန်တော်တို့ ပုစွန်အစိမ်း ကီလိုဝက်လောက်နဲ့ မြစ်ခရု ကီလိုဝက် ဝယ်ခဲ့တယ်... သူတို့ကိုချက်လို့မရသေးတော့ ဘေစင်ထဲမှာပဲ ခဏထားထားရဦးမှာ... ပုပုက အဲဒါတွေကိုကြိုက်တယ်လေ... သူအခု လသာဆောင်မှာ တစ်ယောက်တည်းဆော့နေတာ နာရီဝက်လောက်ရှိပြီ ခုထိ ဆော့လို့မဝသေးဘူးထင်တယ်... အိုး ဟုတ်သားပဲ ကျွန်တော် ဒီနှစ်ရက်အတွင်း ငါးကန်တစ်ခုလုပ်ပေးမလို့...

ပုပုကို သူကိုယ်တိုင်ငါးတွေ ပုစွန်တွေ မွေးတတ်အောင် သင်ပေးမှ သူငယ်တန်းက ဘဝနေထိုင်မှုပုံစံ သင်ခန်းစာတွေမှာ ‌အဆင်ပြေမယ်ထင်တယ်... အဲ့လိုလုပ်လို့ဖြစ်လားဟင်..."

" အဆင်ပြေပါတယ်..."

ဟယ်ကျစ်ယွမ်က ချက်ချင်း သဘောတူလိုက်သည်။ 

" လသာဆောင်က တော်တော်လေးကျယ်တာပဲလေ... ဘာပစ္စည်းမှလည်း သိပ်ထားတာမဟုတ်တော့ မင်းစိတ်ကြိုက်လုပ်လို့ရတယ်... မင်းဆန္ဒရှိရင် အိပ်ခန်းအကြီးက လသာဆောင်အသေးလေးမှာလည်း မင်းကြိုက်သလို အလှဆင်ထားလို့ရတယ်... ကိုယ်တစ်ယောက်တည်းနေတုန်းကလည်း သိပ်အာရုံမစိုက်ဖြစ်ဘူးဆိုတော့ အလှဆင်တာလည်း မလုပ်ဖြစ်ဘူး... မင်းကိုပဲ လွှဲထားရတော့မှာပဲ..."

အိပ်ခန်းအကြီးလား...

စုန့်ရန်က နှစ်ယောက်အိပ်ကုတင်အကြီးကို ပြန်သတိရသွား၍ နားရွက်များ နီရဲလာသည်။ 

" ကောင်းပါပြီ..."

ကုတင်ကလည်း ငါ့ဟာပဲ... လသာဆောင်ကလည်း ငါ့ဟာပဲ... အိပ်ခန်းအကြီးကလည်းငါ့ဟာပဲ... ပြီးတော့ လူကြီးမင်းဟယ်ကလည်း ငါ့ဟာပဲ...

စုန့်ရန် အတော်ကြာအောင်ပြုံးနေမိပြီး ပါးစပ်မစိနိုင်တော့ပေ။ ကြောင်ကို အားပြင်းပြင်းဖြင့် ပွတ်မိသွား၍ ပုသို့သို့က မခံမရပ်နိုင်ဖြစ်သွားပြီး သူ့မျက်နှာကို တစ်ချက်ကန်လိုက်သည်။ 

နာကျင်မှုကြောင့် အသံအုပ်အုပ်ဖြင့် အော်လိုက်သံကို ကြားလိုက်ရသောအခါ ဟယ်ကျစ်ယွမ်က အသံတိုးတိုးဖြင့်ရယ်လိုက်ပြီး စိတ်ပျက်မှုတို့က မရပ်တန့်နိုင်အောင် ဖြစ်ပေါ်လာရသည်။ 

သူ အိမ်ပြန်ပြီး အနားယူချင်နေမိသည်။ 

ယနေ့ ရှောင်ကျူရိုက်ပြထားသော ဗီဒီယိုက သူ့ဧည့်ခန်းထဲရှိ နံရံအဖြူပေါ်တွင် ပြသနေသည်။ အလင်းနှင့် အရောင်များကို မှိန်ထား၍ ပစိဖိတ်သမုဒ္ဒရာတစ်ဖက်ခြမ်းရှိ ညဘက်ကို ထွန်းလင်းပေးထားသကဲ့သို့ဖြစ်နေသည်။ ဟယ်ကျစ်ယွမ်က ညဝတ်အင်္ကျီဖြင့် ဆိုဖာပေါ်ထိုင်နေပြီး သွက်လက်လှသောလူငယ်လေးနှင့် ကလေးလေးက သူ့အနားတွင် လှုပ်ရှားနေသည်ကို ကြည့်နေမိသည်။

၎င်းက အလွန်လှပပြီး သာယာသော နေ့ရက်တစ်ရက်ဖြစ်သည်။ 

မနက်ဆယ်နာရီထိုးချိန်တွင် နေရောင်ခြည်က ကြည်လင်နွေးထွေးနေပြီး စားပွဲ၊ ထိုင်ခုံများ၊ ‌ဗီရိုနှင့်ကြမ်းပြင်ကို ဖုန်တစ်စက်မှမရှိအောင် သုတ်ထားပြီးဖြစ်သည်။ စုန့်ရန်က သီချင်းညည်းနေလျက် ငါးကန်အဖြစ်ပြုလုပ်မည့် ဖန်ပုလင်းငယ်တစ်ခုနှင့် ဆန့်ကျင်ဘက် တံခါးနားမှ လျှောက်လာကာ ပြတင်းပေါက်နားတွင် တင်ထားသည်။ ပုလင်းထဲရှိ ရေနေအပင်များ အမှုန်အမွှားများက တအိအိလှုပ်ရှားနေကာ ငါးလေးများက ၎င်းတို့အကြားမှ ‌ကူးခတ်နေပြီး ရေထဲမှ လှိုင်းလုံးအသေးလေးများက နေရောင်ခြည်နှင့် ရောင်ပြန်ဟပ်နေပြီး လှပသော သက်တံ့ကြီးကို ပြသထားသည်။ 

ပြတင်းပေါက်ဘေးရှိ ထမင်းစားပွဲတွင်လည်း အလှဆင်ထားသည့်အရာများ ရှိနေသည်။ 

နေကြာပန်းပွင့်လေးများထည့်ထားသော ပန်းအိုးတစ်စုံ။

အရွှယ်အစားမတူညီသော ခွက်သုံးခွက်လည်း အစုလိုက်ရှိသည်။ ၎င်းတို့အားလုံးက ချစ်စဖွယ်တိရစ္ဆာန်ငယ်လေးများ၏ပုံဖြစ်ပြီး သစ်သားဇွန်းငယ်တစ်ချောင်းလည်း ပါရှိပေသည်။ 

ရောင်စုံသစ်တောငယ်လေးများနှင့် တိရစ္ဆာန်များပါဝင်သော ကတ်ထူပြားလေးသုံးချပ်လည်းရှိနေသည်။ ပုပုက ထမင်းစားပွဲတွင်ထိုင်ကာ လက်ထဲတွင် ကတ်ကြေးအသေးလေးကို ကိုင်ထားပြီး ရုပ်ပုံလေးများပုံစံညှပ်နေကာ အုပ်စုခွဲထားသည်။ ရှဉ့်အကျားလေးနှင့် မီးခိုးရောင်ရှည့်လေးက တစ်အုပ်စု၊ ‌သိုးနှင့်မြေခွေးကတစ်အုပ်စုအပြင် အရွယ်အစားစုံလင်လှသော ယုန်လေးများက တစ်အုပ်စုဖြစ်သည်။ 

နောက်ခံအသံက နူးညံ့သောကြောင်သံလေးဖြင့် ရောယှက်နေသည်။ ရံဖန်ရံခါတွင် ရှောင်ကျူက အခြားနေရာသို့ရွှေ့သွားစဉ်တွင် ကြောင်က သူ့နောက်လိုက်လာသည်။ ဤကြောင်က ရှောင်ကျူကို အလွန်သဘောကျဟန်ပေါ်သည်။ သူက ရှောင်ကျူရွေ့လျားသွားသည့်နောက်ကို အဆက်မပြတ်လိုက်နေပြီး အမြီးကို ကင်မရာရှေ့တွင် လှုပ်ရမ်းနေ၍ သဘောကျဖွယ်ရာ ကောင်းလှသည်။

ဟယ်ကျစ်ယွမ်က ပြုံးချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။

ဗီဒီယိုစတင်သည့် တစ်စက္ကန့်အချိန်မှစ၍ ဟယ်ကျစ်ယွမ်က သူ့အိမ်ပုံစံ တဖြည်းဖြည်းပြောင်းလဲသွားသည်ကို သူ့မျက်လုံးဖြင့်တပ်အပ်မြင်လိုက်ရသည်။ အပြောင်းအလဲများက မရှုပ်ထွေးသည့်အပြင် သေးငယ်သော အသေးစိတ်အရာများသာဖြစ်သည်။ သို့ရာတွင် ဤနေရာ၌ ယခင်က နွေးထွေးသောအိမ်ကဲ့သို့ လေထုအခြေအနေမျိုး မရှိခဲ့ပေ။

လာမည့်သတင်းစာရှင်းလင်းပွဲပြီးပါက လဝက်ခန့် အနားယူရန် မျှော်လင့်နေမိသည်။ 

" လူကြီးမင်းဟယ်... ကျွန်တော်ဒီမနက် အိပ်ခန်းအကြီးကိုရှင်းတော့ တချို့ပစ္စည်းလေးတွေ ရှာတွေ့တယ်... "

တစ်ဖက်မှ စုန့်ရန်က လေထုအ‌ခြေအနေက ပုံမှန်ဖြစ်နေသည်ကိုသိ၍ ဤကိစ္စက်ု မတော်တဆပြောမိဟန်ဆောင်လိုက်သည်။

" နံရံပေါ်မှာ ကလေးလေးနှစ်ယောက်ရဲ့ခြေရာကို ပုံဆွဲထားတာတွေ့တယ်... အဲဒါကို သိလားမသိဘူး..."

ဟယ်ကျစ်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။

" ဘာဖြစ်လို့လဲ..."

စုန့်ရန်က စိုးရိမ်တကြီးဖြစ်သွားပြီး စိတ်တွင် စကားလုံးများ ခဏတာရွေးချယ်နေပြီးမှ တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

" ကျွန်...ကျွန်တော် အဲ့ပုံလေးမြင်တော့ သိချင်သွားလို့ပါ... နာမည်က အက်ရှလေဆိုတော့... သူက လူကြီးမင်းဟယ်ရဲ့သမီး... ပုပုရဲ့ ညီမလေးလား..."

ဟယ်ကျစ်ယွမ်က ချက်ချင်းပြန်မဖြေပေ။

ကော်ဖီစားပွဲပေါ်မှ ရီမုကိုယူလိုက်ပြီး pauseခလုတ်ကိုနှိပ်လိုက်သည်။ ထိုအချိန်တွင် ပရိုဂျက်တာပေါ်မှပုံရိပ်က ရပ်တန့်သွသည်။

ဧည့်ခန်းထဲတွင် တိတ်ဆိတ်မှုတို့ ကြီးစိုးသွားသည်။ ဆိုဖာ၏နံဘေးမှ ညမီးအိမ်လေးက နွေးထွေးသည့် အလင်းရောင်ဖျော့ဖျော့လေး ထွက်ပေါ်လာစေကာ ဟယ်ကျစ်ယွမ်၏ အချိုးအစားကျနလှသောမျက်နှာကို အရိပ်ကျနေစေသည်။ သူ့မျက်ခုံးနှစ်ဖက်ကြားကိုထိလိုက်ပြီးနောက် ရုတ်ချည်းပင်ပန်းနွမ်းနယ်လာသည်။ စိတ်မချမ်းမြေ့ဖွယ်ရာ အတိတ်အဖြစ်အပျက်များက သူ့ရှေ့တွင် တစ်ဖန်ပြန်ပေါ်လာပြီး စိတ်ထဲတွင်ပါ ကွက်ကွက်ကွင်းကွင်း ရစ်တွယ်နေသည်။ 

" အဲ့ကိစ္စက ပြောရမှာ နည်းနည်းရှုပ်တယ်... အဲဒါကြောင့်မို့ ကိုယ် လူတိုင်းကိုတောင်မှ မပြောမိဘူး... မင်း စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုယ်ရှင်းပြနိုင်ပါတယ်..."

သူ့လေသံက တည်ငြိမ်နေသည်။ 

ထိုတည်ငြိမ်မှုများအကြားတွင် တွန့်ဆုတ်မှုအချို့ကို အာရုံခံမိလိုက်၍ စုန့်ရန်က အမြန်ပြောလိုက်သည်။ 

" မဟုတ်ဘူး... အဲ့လောက်မလိုပါဘူး... ပြောပြရမှာအဆင်မပြေရင် နောက်မှ ပြောပါ... ဒါမှမဟုတ် မပြောရင်လည်းရတယ်... ကျွန်တော်စိတ်ထဲမထားပါဘူး... ဒါက ကိုယ်ရေးကိုယ်တာကိစ္စဆိုတော့ ကျွန်တော် နှိုက်နှိုက်ချွတ်ချွတ်မမေးသင့်ပါဘူး..."

ဟယ်ကျစ်ယွမ်က ခေါင်းခါလိုက်ပြီး ရယ်လိုက်သည်။

" အထင်မလွဲပါနဲ့... အဲဒါက ပြောပြရ အဆင်မပြေ မဖြစ်ပါဘူး... သိသွားရင် ကိုယ့်ကို ရယ်မှာစိုးလို့ပါ..."

" ကျွန်တော် အဲ့လိုမလုပ်ပါဘူး..."

စုန့်ရန် တအံ့တဩဖြစ်သွားသည်။

ဟယ်ကျစ်ယွမ်က မတ်တပ်ရပ်လိုက်ပြီး ဧည့်ခန်းထဲမှ အနောက်ဘက်ခြံဝင်းထဲသွားသည့်တံခါးကို ဆွဲဖွင့်လိုက်သည်။ အေးစက်သော လေပြည်လေညင်းကြောင့် ‌လိုက်ကာမျက ဘေးတစ်ဖက်တစ်ချက်စီ လွင့်သွားသည်။ သူက တံခါးတွင်မှီပြီး သူ့လက်ထဲမှ ဝိုင်ခွက်ကိုလှုပ်၍ ပြောလိုက်သည်။

" စုန့်ရန် ကိုယ်က အသက် ၃၅နှစ်မတိုင်ခင် ကလေးယူဖို့စိတ်ကူးမရှိတဲ့အပြင် ပုပုကိုလည်း မတော်တဆရတာလို့ ပြောဖူးလို့ မင်းနဲ့ကိုယ် တစ်ခါကတောက်ကဆဖြစ်ဖူးသေးတယ်လေ... အဲ့အချိန်တုန်းကတောင် မင်းက ကလေးမလိုချင်ရင် ကွန်ဒုံးသုံးခိုင်းပြီး ကွန်ဒုံးကတောင် ကိုယ့်ရဲ့dickကို မထိန်းချုပ်နိုင်ဘူးလားလို့ ပြောသေးတယ်နော် မှတ်မိသေးလား..."

စုန့်ရန် အနည်းငယ် အံ့အားသင့်သွားမိသည်။ သူ ပြန်စဉ်းစားလိုက်သည့်အခါ သူက ဟယ်ကျစ်ယွမ်ကို အမှန်တကယ်ပင် ရိုင်းပြစွာ ဆူပူကြိမ်းမောင်းခဲ့ခြင်းဖြစ်၍ သူ့မျက်နှာသူ ပြန်ရိုက်လိုက်မိသည်။

" အဲ... အဲဒါကို ပြန်မပြောပါနဲ့တော့..."

ကျွန်တ်ေ တွင်းထဲကို ပြေးဝင်ချင်လောက်တဲ့အထိ ဖြစ်သွားတဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို တွေးနေတုန်းပဲလား...

ဟယ်ကျစ်ယွမ်က ပြန်ပြောသည်။

" တကယ်တော့ မင်းမသိသေးတာ တစ်ခုရှိတယ်... ကွန်ဒုံးသုံးတာကလည်း ၁၀၀ရာခိုင်နှုန်း လုံခြုံတာမဟုတ်ဘူး... ဘာလို့လဲဆိုတော့ လုံလုံလောက်လောက် ကျန်းမာရေးကောင်းတဲ့သုတ်ပိုးတွေက ကွန်ဒုံးထဲမှာ နာရီပေါင်းအတော်ကြာအောင် အသက်ရှင်နေနိုင်တယ်..."

စုန့်ရန်၏မျက်လုံးများ ရုတ်ချည်းပြူးကျယ်သွားသည်။ 

ထိုစကား၏အဓိပ္ပါယ်ကို အချိန်အတန်ကြာအောင် တွေးတောပြီးမှသာ သိသွားခဲ့၍ အလွန်အံ့ဩသွားရသည်။

" လူ... လူကြီးမင်းဟယ် ပြောချင်တာက... ပုပုအမေက အဲ့ကွန်ဒုံးထဲက သုတ်ပိုးတွေကို သုံးခဲ့တာလား..."

"အမှန်ပဲ..."

ဟယ်ကျစ်ယွမ် ခေါင်းငြိမ့်ပြလိုက်သည်။

စုန့်ရန်က တအံ့တဩနှင့်ပင် ဆက်ပြောသည်။ 

" ဒါပေမဲ့ သူက ဘာလို့ အဲ့လိုလုပ်တာလဲ... ကလေးတစ်ယောက်ယူဖို့ဆိုတာ လင်မယားနှစ်ယောက်ကြားက အပြန်အလှန်လေးစားမှုပဲမလား... လူကြီးမင်းဟယ်က မလိုချင်ဘူးဆိုရင် သူ ဘယ်လောက်ပဲ ကလေးလိုချင်နေတာဖြစ်ဖြစ် ဒီနည်းလမ်းနဲ့ ကိုယ်ဝန်မဆောင်သင့်ဘူးလေ... မဟုတ်ဘူး မဟုတ်သေးဘူး အဲဒါက မမှန်ဘူး... သူက ကလေးလိုချင်လို့ ပုပုကို ကိုယ်ဝန်ဆောင်ထားခဲ့တာကို ဖုံးကွယ်ခဲ့တာ... ပြီးတော့မှ ခင်ဗျားသိသွားလို့ ကွာရှင်းပြီး သပ်သပ်စီခွဲနေကြတာမလား... ဒါဆိုရင်ဘာလို့ ပုပုကို မခေါ်သွားပဲ ခင်ဗျားနဲ့ ထားခဲ့ရတာလဲ... ဒါကြီးက ယုတ္တိမရှိဘူး..."

ဟယ်ကျစ်ယွမ်က သူ၏ အရိုင်းဆန်သောမှန်းဆချက်များက ကွဲပြားသည့်ဘက်သို့ ဦးတည်သွားသည်ကို နားထောင်နေရာမှ ချက်ချင်းဖြတ်ပြောလိုက်သည်။

" စုန့်ရန် ကိုယ်က အရင်တည်းက လက်မထပ်ရသေးတဲ့လူပါ..."

“…”

စုန့်ရန်၏ အတွေးများက ဦးတည်ရာပြောင်းလဲသွားသည်။ 

" သူက ကလေးကိုအကြောင်းပြပြီး အတင်းဖိအားပေး လက်ထပ်ချင်ခဲ့တာလား..."

" မဟုတ်ဘူး..."

" ဒါဆိုရင်ဘာလို့လဲ..."

စုန့်ရန် မမှန်းဆနိုင်တော့ပေ။ 

ဟယ်ကျစ်ယွမ်က ဝိုင်ခွက်ထဲမှ မတည်ငြိမ်သော အရိပ်များကိုကြည့်က သူ့အမူအယာက စိတ်မပါလက်မပါဖြစ်လာသည်။ 

သူ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" ပုပုက သူ့အမေ အရမ်းအရမ်းကို လိုချင်ခဲ့တဲ့ ကလေးတစ်ယောက်ပဲ... ဒါပေမဲ့ သူလိုချင်တာက ကလေးတစ်ယောက်တည်းပါပဲ ကိုယ်မပါခဲ့ဘူး... တကယ်တော့ သူကိုယ့်ကို တစ်ခါမှ မချစ်ခဲ့ပါဘူး... စုန့်ရန် သူကလည်းမင်းလိုပဲ မွေးရာပါကို ဂေးနေတဲ့လူ..."

စုန့်ရန်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အံ့ဩပြီး စကားမပြောနိုင်ဖြစ်သွားသည်။ 

၎င်းက အလွယ်တကူ ပြန်ပြောနိုင်သော အတိတ်မှ အဖြစ်အပျက်မဟုတ်ပေ။ 

အထူးသဖြင့် ဟယ်ကျစ်ယွမ်ကဲ့သို့ ကိုယ့်စည်းကိုယ်နေသော အမျိုးသားတစ်ယောက်အတွက် 'သူ့ရဲ့ အဆီအနှစ်တွေအတွက် lesbianတစ်ယောက်ဆီကနေ လှည့်စားခံလိုက်ရတယ်' ဟူသည့်အဖြစ်မှာ အကြီးအကျယ် အရှက်ကွဲခြင်းမျိုးပင်။

သူက သတိကင်းမဲ့နေခြင်းမဟုတ်ခဲ့၍ ဤကိစ္စက သူ့အတွက် ရယ်စရာကောင်းလွန်းနေပုံရသည်။ 

လွန်ခဲ့သော ၆နှစ်ခန့်က ဒါးလက်စ်မှ ဆန်ဖရန်စစ်စကိုသို့ သွားသော လေယာဉ်ခရီးစဉ်တွင် သိမ်မွေ့နူးညံ့ပြီးလှပသော အမျိုးသမီးတစ်ယောက်က သူမ၏ စိတ်နှလုံးသားကောင်းမွန်မှုကို ဖော်ပြရန်အတွက် ပဝါတစ်ထည်ကို သူ့အား ပေးခဲ့ဖူးသည်။ ဟယ်ကျစ်ယွမ်က သူမမျက်လုံးထဲတွင် အရည်အသွေးမြင့် သုတ်ပိုးနမူနာတစ်ခုထက် မပိုကြောင်းကို ထိုအချိန်က လုံးဝမတွေးမိခဲ့ဖူးပေ။. 

Xxxxxxx