အပိုင်း ၅၆
Viewers 9k

Chapter 56

၁၂ရက်မြောက်နေ့ ၃နာရီ ၂၂မိနစ် 🖌️

ပုပု၏ အမေနာမည်က လုကျင်းဖြစ်သည်။ သူမက ထိုစဉ်အချိန်က အသက် ၂၄ခန့်သာရှိသေးသော တည်တည်ငြိမ်ငြိမ်နှင့် တရုတ်အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမနှင့် ဟယ်ကျစ်ယွမ်က လေကြောင်းခရီးစဉ်တစ်ခုတွင် ခုံနံပါတ်ကပ်လျက်ဖြစ်နေခဲ့ခြင်းကြောင့် မတော်တဆရင်းနှီးသွားကြခြင်းဖြစ်သည်။ ဟယ်ကျစ်ယွမ်က သူစိမ်းများကို ဦးစွာစကားပြောတတ်သည့်အကျင့်မရှိသောကြောင့် လေယာဉ်ပေါ်ရောက်ချိန်တွင် သူက ယဉ်ကျေးစွာဖြင့် သူမကို ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြလိုက်သည်။ ၎င်းက သူ၏ နှုတ်ဆက်ခြင်းဖြစ်သည်။ 

နေရာယူပြီးကြသည့်အခါ ဆံပင်မီးခိုးရောင်နှင့် အဖွားအိုတစ်ယောက်က ခါးကုန်းကုန်းဖြင့် လျှောက်လာပြီး ခရီးဆောင်အိတ်ကြီးတစ်အိတ်ကို ဆွဲလာသည်။ ဟယ်ကျစ်ယွမ်က သူမကိုကူညီပြီး ခရီးဆောင်အိတ်ကို အပေါ်တင်ပေးလိုက်သည်။ သို့ရာတွင် သူ့လက်ကို ပြန်ရုတ်လိုက်ချိန်၌ ချွန်ထက်သည့်အရာတစ်ခုခုနှင့် ထိမိပြီး ဘယ်ဘက်လက်ပေါ်တွင် ၂စင်တီမီတာခန့်ရှည်သော ပြတ်ရှရာတစ်ခုဖြစ်သွားပြီး သွေးများ အဆက်မပြတ်စီးကျလာသည်။ 

လုကျင်းမြင်သည့်အခါ သူမအိတ်ထဲမှ ရေစိုတာဝါတစ်ထည်နှင့် ပလာစတာတစ်ခုကို ထုတ်လိုက်ပြီး သူ့ကိုလက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ 

" ဒဏ်ရာကို သုတ်လိုက်ပါ... ရာသီဥတုကနွေးနေတော့ ပိုးမဝင်အောင်လုပ်မှရမယ်..."

သူမက တရုတ်ဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ 

ဟယ်ကျစ်ယွမ်က တာဝါကိုလှမ်းယူစဉ်တွင် အနည်းငယ် အံ့အားသင့်သွားပြီးမှ ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။

" ကျေးဇူးတင်ပါတယ်..."

သူတို့၏ စကားဝိုင်းက ဤနေရာမှ စတင်ခဲ့သည်။ 

မမျှော်လင့်ထားသည်မှာ သူတို့က တောင်တက်ခြင်း၊ နှင်းလျှောစီးခြင်း၊ အနောက်ဥရောပမှ Celtလူမျိုးများ၏ တေးဂီတကိုနှစ်သက်ခြင်း အစရှိသည့် ခေါင်းစဉ်များဖြင့် အတူစကားလက်ဆုံကျနိုင်ခဲ့သည်။ ၄နာရီနီးပါးကြာမြင့်သော လေယာဉ်ခရီးစဉ်အချိန်အတွင်း သူနှင့်လုကျင်းက တစ်လမ်းလုံး စကားပြောခဲ့ကြပြီး တစ်ယောက်မှ အိပ်ငိုက်ခြင်း၊ ပျင်းရိငြီးငွေ့ခြင်း မရှိခဲ့ကြပေ။ 

သူတို့လမ်းမခွဲမီတွင် ဆက်သွယ်ရန်ဖုန်းနံပါတ်များ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ နောက်နေ့မနက်စောစောတွင် ဟယ်ကျစ်ယွမ်က လုကျင်းထံမှ ချစ်ကြိုက်ကြောင်းဝန်ခံထားသည့် မက်ဆေ့တစ်စောင်ရရှိခဲ့သည်။ 

ဤကိစ္စနှင့် ပတ်သက်၍ သူ အနည်းငယ် အံ့ဩသွားမိသည် ။

လုကျင်းက ရှေးရိုးဆန်သော အရှေ့တိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး နူးညံ့သိမ်မွေ့သူတစ်ယောက်ဖြစ်ကာ သူမ စကားလုံးများထဲတွင်လည်း အမေရိကန်ဆန်သော အကျင့်စရိုက်၊ ယဉ်ကျေးမှုများ မပါဝင်ပေ။ ဤမိန်းကလေး၏ သဘောသဘာဝကို အခြေခံကြည့်ပါက သူ့ကို သူမ အမှန်တကယ် သဘောကျလျှင်ပင် နောက်တစ်နေ့မနက်တွင် သူမဘက်မှ လက်ဦးမှုယူပြီး ဖွင့်ပြောမည့်လူ မဟုတ်ပေ။ သို့ရာတွင် ထိုစဉ်အချိန်က ဟယ်ကျစ်ယွမ်မှာ များများစားစား တွေးတောမနေ‌ခဲ့မိပေ။ သူက SwordArcတွင် အလုပ်ဝင်ပြီးချိန်မှစ၍ အမြဲတစေ အလုပ်ရှုပ်နေခဲ့သောကြောင့် ချစ်သူရည်းစားထားချိန် မရှိခဲ့ပေ။ သူနှင့် လိုက်လျောညီထွေရှိကာ ယဉ်ကျေးမှုနောက်ခံတူသော အမျိုးသမီးတစ်ယောက်နှင့် နိုင်ငံရပ်ခြားတွင် တွေ့ဆုံရန်က ရှားပါးလွန်းလှ၍ သူမကို အလျင်အမြန် လက်ခံလိုက်သည်။ 

လုကျင်းက သူ၏ချစ်သူဖြစ်လာခဲ့ပြီး သူမ၏ လှုပ်ရှားမှုတိုင်းက ပြီးပြည့်စုံလွန်းသည်ဟု မှတ်ယူ၍ ရနိုင်ပေသည်။ 

သူမက အိမ်ကိုထိန်းသိမ်းပေးခြင်း၊ ရယ်မောရသည်ကိုနှစ်သက်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် စန္ဒရားတီးရသည်ကို ကျွမ်းကျင်ကာ စကားကို နူးနူးညံ့ညံ့ပြောတတ်သူဖြစ်၍ သူမအနားမှလူများကို စိတ်သက်သာရာ ရစေခဲ့သည်။ သူမက အလိုက်သိသူဖြစ်ပြီး အလိုလိုက်ခံရသကဲ့သို့ ဆိုးနွဲ့မှုလည်းမရှိကာ ဟယ်ကျစ်ယွမ်ထံမှ လက်ဆောင်ပစ္စည်းများ တောင်းဆိုခဲ့ဖူးခြင်း မရှိပဲ သူ အမြဲတစေ အလုပ်များနေသည်ကိုလည်း နားလည်ပေးသည်။ တစ်ပတ်တွင်တစ်ခါ အပြင်၌ ချိန်းမတွေ့နိုင်လျှင်ပင် စောဒက မတက်ခဲ့ဖူးပေ။ 

သူတို့ အတူတူရှိနေချိန်မှ စ၍လုကျင်း အမှန်တကယ် ဂရုစိုက်သည်က ဟယ်ကျစ်ယွမ်၏ ကျန်းမာရေးဖြစ်သည်။ 

သူက ODPHP၏ အာဟာရဇယားအရ မနက်စာနှင့်ညစာကို နေ့တိုင်းသုံးဆောင်သင့်သည်ဟု သူမက အကြံပြုခဲ့သည်။အရက်နှင့် ကဖိန်းဓာတ် လျှော့ချခြင်းကို သူမကိုယ်တိုင်ကြီးကြပ်ပေးခဲ့ပြီး ညအိပ်ရာမဝင်မီ ဝိုင်နီသောက်သည့်အကျင့်ကို မပြုလုပ်ခိုင်းတော့ပဲ ၎င်းကို လတ်ဆတ်သော ဖျော်ရည်ဖြင့် အစားထိုးပေးခဲ့သည်။ ပိတ်ရက်တိုင်းတွင် သူမက သူနှင့်အတူ လမ်းလျှောက်ခြင်း၊ တောင်တက်ခြင်းနှင့် တင်းနစ်ကစားခြင်းတို့ အတူပြုလုပ်ပေးခဲ့သည်။ သူတို့က ချွေးများစိုရွှဲပြီး စိတ်ရောကိုယ်ပါ နွမ်းနယ်သည်အထိ လေ့ကျင့်ခန်းလုပ်ကြသည်။

( T/N - ODPHP = The United States of America’s Office of Disease Prevention and Health Promotion = အမေရိကန်ပြည်ထောင်စု ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးမြှင့်တင်ရေးရုံး )

ဟယ်ကျစ်ယွမ်ကိုယ်တိုင်ကလည်း ကျန်းမာသော ဘဝနေထိုင်မှုပုံစံဖြင့် နေထိုင်သူဖြစ်၍ လုကျင်းကလည်း သူနှင့်အတူတူဖြစ်သည်ဟု ထင်ခဲ့မိသည်။ သို့ဖြစ်၍ သူ သံယသမဖြစ်ခဲ့မိပေ။ လုကျင်း၏စိုးရိမ်မှုအားလုံးက သူ၏သုတ်ပိုးအရည်အသွေးကို အာမခံရန်သာဖြစ်ကြောင်း သူသိရန် အချိန်အတော်ကြာခဲ့သည်။

သူတို့နှစ်ယောက် ချစ်သူဖြစ်ပြီး ဆယ်ပတ်မြောက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အတူတူအိပ်ခဲ့ကြသည်။ 

လုကျင်းက စတင်ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ 

လုကျင်းက ဆွဲဆောင်မှုရှိသောအကြည့်ဖြင့် ဟယ်ကျစ်ယွမ်ကို စတင်ဖြားယောင်းခဲ့သူဖြစ်ပြီး မျှော်လင့်မှုများဖြင့် ပြည့်နေသည်ဟုလည်း ပြောခဲ့သည်။ သို့ရာတွင် သူတို့အိပ်ရာပေါ်ရောက်သည်နှင့် သူမ၏ ခန္ဓာကိုယ်က အေးစက်တောင့်တင်းလာပြီး မည်သို့ပြုလုပ်သည်ဖြစ်စေ နွေးထွေးမလာခဲ့ပေ။ သူမ၏ကြွက်သားများက အလွန်အမင်းတောင့်တင်းသွားပြီး နာကျင်သောအပြစ်ပေးမှုတချို့ကို တောင့်ခံနေရသကဲ့သို့ ဖြစ်နေသည်။

ဟယ်ကျစ်ယွမ်ကလည်း ထိုကိစ္စကို ဝတ်ကျေတန်းကျေ ကျော်ဖြတ်ရုံမှတစ်ပါး ဘာမှမလုပ်နိုင်ခဲ့ပေ။ 

ထို့နောက်တွင် သူတို့ သုံးလေးကြိမ်ဆက်တိုက်ကြိုးပမ်းခဲ့သေးသည်။ အကြိမ်တိုင်းတွင် လုကျင်းကသာ စကားစဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ဟယ်ကျစ်ယွမ်က လက်ခံခဲ့သူဖြစ်သည်။ သို့ရာတွင် အကြိမ်တိုင်း၌ ဟယ်ကျစ်ယွမ် အထွတ်အထိပ်ရောက်သည့်အချိန်အထိ မပျော်ရွှင်ရပဲ အပြစ်ရှိနေသည်ဟုသာ ခံစားနေရသည်။ 

သူတို့ချစ်သူရည်းစားဖြစ်ပြီး ၁၄ပတ်မြောက်တွင် လုကျင်းက လမ်းခွဲစာတစ်စောင်ရေးထားခဲ့ပြီး ဟယ်ကျစ်ယွမ်၏ ဘဝထဲမှ ပျောက်ကွယ်သွားခဲ့သည်။ 

သူမရင်ထဲတွင် အခြားလူတစ်ယောက် ရှိနေပြီးသားဖြစ်၍ တောင်းပန်ပါသည်ဟု စာထဲတွင် ရေးခဲ့သည်။ 

သူက ချစ်သူတစ်ယောက်၏ တာဝန်ကို မဖြည့်ဆည်းပေးနိုင်သည်ဟု ခံစားရ၍ သူမကို မျက်နှာချင်းဆိုင်တောင်းပန်ရန် မျှော်လင့်ခဲ့မိပြီး လျော်ကြေးပေးရန် ဆုံးဖြတ်ခဲ့သော်လည်း သူက လုကျင်းကို ဖုန်း သို့မဟုတ် အီးမေးလ်များဖြင့်လည်း အဆက်အသွယ်မရခဲ့ပေ။ သူ၏ရည်းစားဟောင်းက နှုတ်ဆက်သည့်အနေဖြင့် စာတစ်စောင်ချန်ထားခဲ့ပြီး ပျောက်ကွယ်သွားခြင်းဖြစ်သည်။

ဟယ်ကျစ်ယွမ်က ရက်သတ္တပတ်ပေါင်းများစွာစောင့်ဆိုင်းနေခဲ့သော်လည်း လုကျင်းက ထပ်မပေါ်လာခဲ့တော့ပေ။ သို့ဖြစ်၍ ဤကိစ္စကို လက်လွှတ်ထားလိုက်ပြီး တဖြည်းဖြည်းပျောက်ကွယ်သွားစေလိုက်သည်။ 

သူမ၏နှလုံးသားထဲတွင် တစ်စုံတစ်ယောက်ရှိနေပြီးဖြစ်၍ သူတို့က မိတ်ဆွေကောင်းများသဖွယ် လမ်းခွဲလိုက်သင့်ပေသည်။ 

" သူက အလျင်စလိုကြီးလမ်းခွဲသွားတာဆိုတော့ ကိုယ်ဝန်ရှိနေလို့များလား..."

စုန့်ရန်က အဓိကအချက်ကိုကြားလိုက်ရသည့်အခါ စကားဖြတ်ပြောလိုက်သည်။

ဟယ်ကျစ်ယွမ်က ခေါင်းငြိမ့်ပြလိုက်သည်။ 

" ဟုတ်တယ်... ပုပုရဲ့မွေးနေ့ကို နောက်ပြန်ရေမယ်ဆိုရင် သူ ကိုယ်ဝန်ရှိတာသိပြီး ထွက်သွားတဲ့ အချိန်လောက်ပဲ..."

" ဒါပေမဲ့... အခု ပုပုကို လူကြီးမင်းဟယ်တစ်ယောက်တည်း ပျိုးထောင်ထားတာမလား... သူက ကလေးတစ်ယောက်လိုချင်လွန်းလို့ ခင်ဗျားနဲ့ ချစ်ကြိုက်သလိုနေခဲ့တာမလား... ဘာလို့ ပုပုကို မခေါ်သွားတာလဲ..."

စုန့်ရန်၏ရင်ထဲမှ မဖြေရှင်းနိုင်သော သံသယများက ပိုတိုးလာသည်။

ဟယ်ကျစ်ယွမ်က ခေါင်းငိုက်စိုက်ကျသွားပြီး သက်ပြင်းချကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

" အက်ရှလေကြောင့်ပါ... အက်ရှလေကို ပြုစုပျိုးထောင်ဖို့ ပုပုကို ကိုယ့်ဆီပေးခဲ့တာ..."

သူ နောက်တစ်ကြိမ် လုကျင်းကို တွေ့ခဲ့သည်မှာ သူတို့လမ်းခွဲပြီး တစ်နှစ်နှင့် ငါးလအကြာတွင်ဖြစ်သည်။ 

ဆောင်းဦးကာလနှောင်းပိုင်းတွင် ဗီလာ၏ရှေ့ခြံဝင်းထဲ၌ သစ်ရွက်ကြွေနေသည်များဖြင့် ဖုံးလွှမ်းနေသည်။ လုကျင်းက ထိုနေရာတွင် ကလေးတွန်းလှည်းတစ်ခုဖြင့် စောင့်နေခဲ့သည်။ သူမ နာရီပေါင်းများစွာ စောင့်ဆိုင်းပြီးချိန်တွင် ဟယ်ကျစ်ယွမ် အိမ်သို့ ကားမောင်းပြန်လာသည်ကို မြင်သောအခါမှ ရှေ့ကိုထွက်လာပြီး နှုတ်ဆက်ခဲ့သည်။ သူမက ယခင်ထက် ပိုပိန်သွားပြီး မျက်တွင်းများကျကာ မွဲခြောက်ခြောက်မျက်နှာဖြစ်နေခဲ့ပြီး သွေးနီရောင်မျက်လုံးများနှင့် ဆံပင်ကိုလည်း အချိန်အတန်ကြာအောင် ဂရုမစိုက်ထားသကဲ့သို့ ဖြစ်နေသည်။

ဟယ်ကျစ်ယွမ်နှင့် မျက်နှာချင်းဆိုင်မိသောအခါ သူမ စတင်ငိုကြွေးတော့သည်။ 

" ကျွန်မ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."

သူမ ထပ်ခါထပ်ခါ တောင်းပန်တော့သည်။

" ကျစ်ယွမ် ကျွန်မရှင့်ကို သစ္စာဖောက်မိပါတယ်..."

ဟယ်ကျစ်ယွမ်ကခေါင်းငုံ့လိုက်ပြီး နူးညံ့ဖြူဖွေးသော နို့စို့အရွယ်ကလေးလေးရှိနေသော ကလေးလက်တွန်းလှည်းလေးကို ကြည့်လိုက်သည်။ ကလေးလေးက အိပ်ရာနိုးနေသည်။ လက်ထဲတွင် နို့ဘူးအသေးလေးကိုကိုင်ထားပြီး သွားရည်ခံအသေးလေး ပတ်ထားသည်။ သူ၏ မျက်လုံးဝိုင်းကြီးများဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး ဟယ်ကျစ်ယွမ်ကို အပြစ်ကင်းစွာနှင့် စပ်စုစွာကြည့်နေသည်။ 

ကလေးလေးက တစ်နှစ်မပြည့်သေး၍ အလွန်ပင် သေးသေးကွေးကွေးလေးဖြစ်သည်။ သို့ရာတွင် သူ၏မျက်ဝန်းများနှင့် နှာတံက ဟယ်ကျစ်ယွမ်နှင့် အနည်းငယ်ဆင်တူနေသည်။ 

" သူက ဘယ်သူလဲ..."

ဟယ်ကျစ်ယွမ်က ဆိုးရွားသည့်အရာတစ်ခုခု ဖြစ်ပျက်လာတော့မည်ဟုထင်၍ အကြည့်များက ရုတ်ချည်းအေးစက်လာသည်။ 

လုကျင်းက သူ့ကို မျက်လုံးချင်းဆုံပြီး မကြည့်ရဲပေ။ ခေါင်းငုံ့ထားပြီး သူ့အတွက် အဆိုးဆုံးအဖြေတစ်ခုကိုပေးလိုက်သည်။

" သူ့နာမည်က ဘန် ပါ... နာမည်ပြောင်ကတော့ ပုပုတဲ့... ရှင့်သားလေးပါ..." 

ထိုနေ့က ဟယ်ကျစ်ယွမ်မှာ သူ့ဘဝတစ်လျှောက်လုံးတွင် ကိုးရို့ကားယားအနိုင်ဆုံး နေ့လည်ခင်းတစ်ခုကို တွေ့ကြုံခဲ့ရသည်။

လုကျင်းက ဆိုဖာပေါ်တွင်ထိုင်နေပြီး ပုပုကိုချီ၍ သူ့ထံသို့ ထိုးပေးကာ ကလေးပစ္စည်းများကိုထုတ်ပေးပြီး သူမ အစား ကလေးကို ရက်အနည်းငယ်ခန့် စောင့်ရှောက်ပေးရန် တောင်းဆိုခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူမထံတွင် စွမ်းအင်နှင့် ငွေကြေးပါ မရှိတော့၍ဖြစ်သည်။ သူမ၏ အိုင်းရစ်လူမျိုး ချစ်သူကောင်မလေးက ယခုလတ်တလောမှ အက်ရှလေဟူသော သမီးလေးတစ်ယောက်ကို မွေးထားခြင်းဖြစ်သည်။ မွေးဖွားပြီး တတိယမြောက်နေ့တွင် အက်ရှလေက မွေးရာပါ နှလုံး‌ချို့ယွင်းမှုတစ်မျိုးဖြစ်သည့် Fallotဟူသောရောဂါဝေဒနာကို ခံစားနေရ၍ သေခြင်း၊ ရှင်ခြင်းနယ်နိမိတ်အကြားတွင် အကြိမ်များစွာ ဖြတ်ကျော်နေခဲ့ရသည်။

သူတို့နှစ်ယောက်လုံး အက်ရှလေကို လက်မလွှတ်နိုင်သည့်အကြောင်း လုကျင်းကပြောပြသည်။ 

ဖျားနာနေသည့် မွေးကင်းစ ကလေးမလေးက ပုခက်ထဲတွင် လှဲအိပ်နေသည်။ သူမ၏ အသက်ရှုရခက်ခဲမှုကြောင့် အသားရည်က အပြာရောင်သန်းနေပြီး ပြင်းစွာသောဝေဒနာကို ခံစားနေရသော်လည်း အပြာရင့်ရောင်မျက်ဝန်းများက အသက်ရှင်သန်လိုစိတ်ပြင်းပြမှုကို ပြသနေသည်။ သူမက သူတို့နှစ်ယောက်၏ အသွေးအသားဖြစ်သည်။ သူတို့က ကလေးလေး၏အသက်ကို မစွန့်လွှတ်နိုင်၍ အချိန်တိုင်း သူမအနားတွင် အဖော်ပြုပေးနေရကာ သူမအတွက် ဆုတောင်းပေးနေရပြီး အကောင်းဆုံးနှလုံးအထူးကာဆရာဝန်နှင့်ကုသပေးပြီး ဤအခြေအနေဆိုးကြီးကို ကျော်ဖြတ်ရန် မျှော်လင့်ထားကြသည်။ 

ဟယ်ကျစ်ယွမ်က ထိုအခါမှသာ သူ့ရည်းစားဟောင်းက lesbian ဖြစ်နေကြောင်း သဘောပေါက်သွားခဲ့သည်။

လုကျင်းနှင့် သူမချစ်သူကောင်မလေးက တက္ကသိုလ်တွင် သိကျွမ်းခဲ့ကြသူများဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ချစ်ကြိုက်ခဲ့သည်မှာ ခြောက်နှစ်ကျော်ကြာပြီဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ကလေးချစ်သူများဖြစ်၍ နှစ်ယောက်လုံးက ကလေးမွေးကြမည်ဖြစ်ပြီး သားတစ်ယောက် သမီးတစ်ယောက် မွေးမည်ဖြစ်သည်။ ထို့နောက် ဘဝလက်တွဲဖော်အဖြစ် လက်ထပ်ကြပြီးနောက် မိသားစုလေးယောက် ပျော်ရွှင်စွာဖြင့် ဘဝကို ဖြတ်သန်းကြမည်ဟု တွေးထားခဲ့ပေသည်။ ဤအကြံဉာဏ်၏ မူလရည်ရွယ်ချက်က ဘေးကင်းသော်လည်း သုတ်ပိုးကို မည်သို့ရယူမည်နှင့်ပတ်သက်၍ သူတို့နှစ်ယောက် စေ့စပ်ညှိနှိုင်း၍ မရကြပေ။ လုကျင်းက သုတ်ပိုးဘဏ်မှ ရယူလိုသော်လည်း သူမ၏ချစ်သူက ဘာသာရေးဆိုင်ရာ အကြောင်းပြချက်အချို့ကြောင့် ကလေးတစ်ယောက်ကို သွေးသားနှီးနှောခြင်းဖြင့်သာ သဘာဝအတိုင်းရယူသင့်ကြောင်း အခိုင်အမာပြောခဲ့သည်။

နောက်ဆုံးတွင် လုကျင်းလက်လျှော့လိုက်ရသည်။ 

သူတို့နှစ်ယောက်က 'အသင့်တော်ဆုံးဖြစ်မည့် သုတ်ပိုး' ကို ဂရုတစိုက် ရှာဖွေခဲ့ကြသည်။ 

လုကျင်းက ဟယ်ကျစ်ယွမ်နှင့် တွေ့‌ဆုံခဲ့စဉ် ဆယ်ပတ်တာ ကာလအတွင်း သူ၏ဉာဏ်ရည်ဉာဏ်သွေး၊ အကျင့်စရိုက်နှင့် ခန္ဓာကိုယ်ကျန်းမာရေးတို့က ထူးချွန်ပြောင်မြောက်မှုရှိကြောင်း အနီးကပ်လေ့လာခဲ့ပြီးမှ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူ၏ချစ်သူကောင်မလေးက ဘားတစ်ခုသို့သွားကာ ဆံပင်ရွှေရောင်၊ မျက်လုံးအပြာရောင် ခပ်မိုက်မိုက်ကောင်လေးနှင့် တစ်ညတာ ဖြတ်သန်းခဲ့သည်။ 

အက်ရှလေကို မွေးဖွားပြီးချိန်မှသာ ထိုခပ်မိုက်မိုက်ကောင်လေးက ဆေးစွဲနေသူဖြစ်ကာ အရက်အလွန်အကျွံသောက်ခြင်းနှင့် ဆေးခြောက်သုံးစွဲသည်ကို မရှောင်ကြဉ်နိုင်၍ ကလေးမွေးဖွားရန် မသင့်တော်သည့် ပါတနာဖြစ်နေခဲ့သည်။

သို့ရာတွင် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ 

သူတို့က အမှားတစ်ခုကျူးလွန်ခဲ့မိပြီဖြစ်၍ ၎င်းကိုပြင်ဆင်ရန် အရာအားလုံးမြှုပ်နှံထားရတော့မည်ဖြစ်သည်။ အန္တရာယ်များပြီး ခွဲစိတ်ပြီးသည့်နောက်တွင် အခြေအနေက လုံးဝကောင်းမွန်သွားမည်ဟု အာမ မခံနိုင်သော်လည်း အက်ရှလေကို တတ်နိုင်သမျှ အမြန်ဆုံး ခွဲစိတ်ပေးရမည်ဖြစ်သည်။ အချိန်နှင့် ငွေကြေးက အကန့်အသတ်ရှိနေပြီး သူတို့၏ သမီးငယ်လေးက ဂရုစိုက်မှုလိုအပ်နေသည့်အပြင် ၆လသားအရွယ် ပုပုလေးကလည်း နုနယ်လွန်းပြီး ဦးထုပ်ပြုတ်ကျသည်နှင့် ငိုတတ်သောအရွယ်ဖြစ်‌သည်။ 

သူတို့ ကလေးနှစ်ယောက်လုံးကို ပြုစုရန်ကြိုးစားသော်လည်း မဖြစ်နိုင်သည်ကို သိရှိသွားခဲ့သည်။ 

လုကျင်းက သူမ ဆန္ဒမရှိသော်လည်းပဲ ပုပုက်ို ဟယ်ကျစ်ယွမ်ဆီသို့ ပို့ထားခဲ့ရန် တွေးခဲ့သည်။ သူတို့အကြားမှ သွေးသားတော်စပ်မှုကြောင့် ပုပုကို ခဏတာ ကူညီစောင့်ရှောက်ပေးနိုင်ရန် မျှော်လင့်ခဲ့မိသည်။

Xxxxxxx