အပိုင်း ၅၇
Viewers 9k

Chapter 57

သူမ ပြောခဲ့သည်။ 

" အက်ရှလေ နေပြန်ကောင်းလာတာ ဒါမှမဟုတ် အသည်းအသန်နေမကောင်းမဖြစ်တော့လို့ ကျွန်မတို့ အဆင်ပြေအောင်နေနိုင်တဲ့အချိန်ရောက်ရင် ပုပုကို သေချာပေါက်ပြန်ခေါ်ပါ့မယ်... ဒါပေမဲ့ အခုတော့ ကျွန်မတို့လည်း ရွေးချယ်စရာမရှိလို့ပါ..."

ဟယ်ကျစ်ယွမ်က ပုပုကို တစ်ချက်ကြည့်လိုက်ပြီး အချိန်အတန်ကြာသည်အထိ စကားမပြောနိုင်ဖြစ်သွားသည်။ 

ခဏအကြာတွင် ဖုန်းထုတ်လိုက်ပြီး သူ့လက်ထောက်ကို ကလေးအသုံးအဆောင်ပစ္စည်းများ ဝယ်ခိုင်းလိုက်သည်။ ထို့နောက် အတွေ့အကြုံမရှိသည့် ကိုးရို့ကားယား ကိုယ်နေဟန်ထားဖြင့် လုကျင်း၏ရင်ခွင်ထဲမှ နူးညံ့သောကလေးလေးကို ချီလိုက်သည်။

ဤသို့ဖြင့် ဟယ်ကျစ်ယွမ် အသက်၂၇နှစ်ပြည့်သည့်အရွယ် သူ၏ အလုပ်အကိုင်က တက်လမ်းများစွာရှိနေသည့်အချိန်တွင် အမြီးရှည်သောကြယ်ပျံလေးနှင့်တူသော ပုပုက သတိပေးခြင်းမရှိ ငြင်းဆန်နိုင်ခြင်းမရှိပဲ နို့နံ့သင်းသင်းလေးနှင့်အတူ ဟယ်ကျစ်ယွမ်၏ရင်ခွင်ထဲ ရောက်ရှိလာခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် ဟယ်ကျစ်ယွမ်မှာ ဖုန်များဖြင့် အုပ်နေသော ကိုးရို့ကားယားနိုင်သည့် တစ်ကိုယ်တော်ဖခင်တစ်ယောက် ဖြစ်သွားခဲ့ရသည်။

ထိုအချိန်အတောအတွင်း သူ၏ ပရိုဂရမ်ပိုင်းဆိုင်ရာကုဒ်များတွင် အမှားများဖြင့် ပြည့်နေခဲ့ပြီး ပရောဂျက်များလည်း နှောင့်နှေးကုန်သည်။ သို့ဖြစ်၍ ဟယ်ကျစ်ယွမ်၏ဘဝမှာ မည်သည့်ရှု့ထောင့်မှမဆို bugsများဖြင့် ပြည့်နေခဲ့သည်။ 

ပုပုက အလွန်ငယ်ရွယ်ပြီး မိခင်ရင်ခွင်မှ ထွက်လာခဲ့ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိပေ။ နာရီအနည်းငယ်တိုင်းတစ်ခါ ဂျီကျပြီး ဟယ်ကျစ်ယွမ်၏ အင်္ကျီကော်လံကိုကိုက်ကာ နို့တောင်းလေ့ရှိသည်။ သူ တစ်ခါအော်ငိုသည်နှင့် အသံက ၁၂၀ ဒယ်ဆီဘယ်ခန့်အထိ မြင့်တက်သွားသည်။

( T/N - Decibel(ဒယ်ဆီဘယ်)= အသံအတိုးအကျယ်ကို တိုင်းတာသော အခြေခံယူနစ် )

ယခင်က ခွေးနှင့်ကြောင်ပင် မမွေးဖူးသော ဟယ်ကျစ်ယွမ်မှာ ကောင်းကင်ပေါ်မှ ကျလာသော သားတစ်ယောက်ကို ကိုင်တွယ်နေရသည်။ ပုပုကို သူကိုယ်တိုင်ကိုယ်ကျ နှစ်ရက်တိတိထိန်းပြီးသောအခါ အတော်ပင် ဖရိုဖရဲဖြစ်သွားပြီး သည်းမခံနိုင်တော့၍ အိမ်တွင် အချိန်ပြည့်နေပေးနိုင်မည့် ကလေးထိန်းတစ်ယောက်ကို လစာမြင့်မြင့်ပေး၍ ငှားရတော့သည်။ ထိုသို့ပြုလုပ်မှသာ ညဘက်တွင် အိပ်ရေးဝဝအိပ်နိုင်တော့သည်။ 

ထိုနှစ်က အတိအကျပြောရမည်ဆိုလျှင် ဟယ်ကျစ်ယွမ်၏ အသက်မွေးဝမ်းကြောင်းအတွက် အရေးအကြီးဆုံးနှစ်ဖြစ်သည်။ သူ ရံဖန်ရံခါတွင် နိုင်ငံရပ်ခြားသို့ မကြာခဏ ခရီးသွားလာရပြီး အလုပ်ခရီးမသွားရချိန်တွင်လည်း မနက်ကိုးနာရီမှ ညကိုးနာရီအထိ အလုပ်လုပ်ရလေ့ရှိသည်။ သို့ဖြစ်၍ သူ ပုပုကို အချိန်မပေးနိုင်ပေ။ 

ပုပုက ကလေးထိန်းနှင့်သာ အိမ်တွင် နေရသည်။ အနောက်ဘက်ခြံဝင်းထဲမှ ရှဉ့်များ၊ ငှက်ပိတုန်းများနောက်လိုက်ပြီး ဆော့ကစားနေလျက် ပုပုက ကြီးပြင်းလာခဲ့သည်။

သူ ခုန်ပျံဆော့ကစားပြီး ရယ်မောကာ "ဖေဖေ"ဟု ခေါ်တတ်လာသည်။ 

ဟယ်ကျစ်ယွမ် အိမ်ပြန်ရောက်လာချိန်တိုင်း ပုပုက သူ့ကို အရိပ်သဖွယ်တွယ်ကပ်နေ‌ကာ ဧည့်ခန်းမှ မီးဖိုချောင်၊ အိပ်ခန်းမှ ရေချိုးခန်းအထိ ထပ်ကြပ်မခွာ လိုက်နေလေ့ရှိသည်။ ဟယ်ကျစ်ယွမ် ထိုင်လိုက်သည်နှင့် ပုပုက သူ့ခြေထောက်ကို ဆွဲထားပြီး ပွတ်သီးပွတ်သပ်ပြုမူနေကာ "ဖေဖေ" ဟု ခေါ်တတ်ပြီး လက်‌ပိစိလေးများကို မြှောက်ကာ ကလေးဆိုးသဖွယ် ဂျီကျတတ်သည်။

" ဖေဖေ... ချီ..."

ဟယ်ကျစ်ယွမ် သူ့ကိုချီရန် ငုံ့လိုက်ချိန်တွင် ပုပုက သူ့မျက်နှာကို နမ်းလေ့ရှိသည်။

သူ့စိတ်ထဲ တအံ့တဩဖြစ်သွားရသည်။ 

သားအဖနှစ်ယောက်အကြားမှ သဘောသဘာဝက အလွန် စိတ်ဝင်စားစရာကောင်းလှသည်။ သူက ပုပုကို အချိန်မပေးနိုင်သော်လည်း ပုပုက သူထင်ထားသည်ထက်ပိုပြီး သူ့ကို ချစ်နေခဲ့သည်။ 

ဟယ်ကျစ်ယွမ်က တစ်လတွင်တစ်ကြိမ်ခန့် ပုပုကို အက်ရှလေဆီသို့ ခေါ်သွားလေ့ရှိသည်။ 

အက်ရှလေကလည်း ကြီးပြင်းလာပြီဖြစ်သည်။ သူမက အလွန်လှပသော ကလေးမလေးဖြစ်သည်။ သူမဆံပင်က ကွေးကောက်နေပြီး ရွှေရောင်ဖျော့ဖျော့လေးဖြစ်ကာ မျက်လုံးများက သမုဒ္ဒရာသဖွယ် ပြာလဲ့နေပြီး ရေပြင်ကဲ့သို့‌ တောက်ပနေသည်။ သူမ၏ တစ်ခုတည်းသော ပြစ်ချက်က နှင်း နှင့် ကြွေကဲ့သို့ အလွန်အမင်းဖြူဖွေးနေသော အသားအရည်ဖြစ်သည်။ သွေးဆုတ်ဖြူရော်နေသကဲ့သို့ထင်ရ၍ ကျန်းမာသည်နှင့်မတူပေ။ 

သူမအသက် တစ်လမပြည့်မီတွင် ခွဲစိတ်မှုခံယူခဲ့ရ၍ သူမ၏ခွဲစိတ်မှုအပြီးအခြေအနေက အမြဲမတည်မငြိမ်ဖြစ်နေသည်။ တစ်ခါတစ်ရံတွင် အခြေအနေကောင်းပြီး တစ်ခါတစ်ရံတွင် အခြေအနေမကောင်းပေ။ အချိန်အများစုတွင် သူမက ပြေးလွှားခုန်ပေါက်ခြင်းနှင့် လေ့ကျင့်ခန်းတို့ မပြုလုပ်နိုင်ပေ။ သို့ရာတွင် သူမက အခြားလူများထက်ပို၍ မျှော်လင့်ချက်ကြီးပြီး ပါးချိုင့်လေးများနှင့် သွားစွယ်လေးခုပေါ်သည်အထိ တောက်ပစွာ ပြုံးတတ်သည်။ 

ငယ်ရွယ်စဉ်တည်းက ပုပုက သူမအစ်ကိုဖြစ်ကြောင်းကိုသိပြီး ဟယ်ကျစ်ယွမ်ကိုလည်း ပုပုအဖေ‌ဖြစ်ကြောင်း သိသည်။ 

သူမတွင် အမေနှစ်ယောက်ရှိသော်လည်း အဖေတစ်ယောက်မှ မရှိပေ။ 

ရလဒ်အနေဖြင့် သူမက ပုပုပုံစံအတိုင်းလိုက်လုပ်ပြီး ဟယ်ကျစ်ယွမ်ကို 'ဖေဖေ' ဟု ရှက်ရွံ့စွာဖြင့် သတိထားပြီး တစ်ခါခေါ်ခဲ့ဖူးသည်။ ဟယ်ကျစ်ယွမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူနှင့် သွေးသားမတော်စပ်သော သမီးလေးကို အသိအမှတ်ပြုခဲ့သည်။ သူမရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်ပြီး နှဖူးလေးကိုနမ်းကာ ‌ပါပီရုပ်လေးတစ်ရုပ်နှင့် သကြားလုံးထုပ်လေး ဝယ်ပေးခဲ့သည်။ 

အက်ရှလေက လက်ဆောင်များကို ပျော်ရွှင်စွာလက်ခံပြီး ရှားရှားပါးပါး သူမမျက်နှာထက်တွင် နီရဲလာသည်။ 

" မေမေ... ဒါက ဖေဖေတဲ့..."

သူမ တစ်ဖက်သို့လှည့်ပြီး လုကျင်းကို ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

" အက်ရှလေမှာ အခုတော့ ဖေဖေရှိပြီ..."

လုကျင်းက ဟယ်ကျစ်ယွမ်ကို ကျေးဇူးတင်စကား တီးတိုးပြောခဲ့သည်။ 

ဟယ်ကျစ်ယွမ်က လက်ကာပြလိုက်ပြီး ကျေးဇူးတင်ရန် မလိုကြောင်း ပြန်ပြောသည်။

အချိန်ကြာညောင်းသွားခဲ့ပြီဖြစ်သော်လည်း လုကျင်းမှာ ဟယ်ကျစ်ယွမ်ကို လိမ်ညာလှည့်ဖြားခဲ့မိသည်ကို အမြဲတမ်း အပြစ်မကင်းဖြစ်နေခဲ့ရသည်။ သို့ရာတွင် ဟယ်ကျစ်ယွမ်က ထိုကိစ္စကို ဂရုမစိုက်တော့ပေ။ သူ့ဘဝလမ်းကြောင်းကလည်း တစ်လျှောက်လုံး အတင်ပြေချောမွေ့နေခဲ့ခြင်းမဟုတ်ပေ။ အကွေ့အကောက် အလှည့်အပြောင်းများအကြားမှ ယနေ့အခြေအနေအထိ ရောက်ရှ်ိလာနိုင်ခဲ့၍ သူ့ပခုံးထက်တွင် ထမ်းပိုးထားနိုင်သည့် ဝန်ထုပ်ဝန်ပိုးများက နူးညံ့သောလုကျင်းထက် ပိုများသည်။ ပုပု၏မွေးဖွားမှုက သူ့ဘဝ၏စည်းချက်ကို နှောင့်ယှက်ခဲ့သော်လည်း ကြီးစွာသော ကသောင်းကနင်းဖြစ်မှုများကို ယူဆောင်မလာခဲ့ပေ။ လုကျင်း၏မိသားစုက အက်ရှလေ၏ ဆေးကုသစရိတ်များကြောင့် ငွေကြေးချို့တဲ့မှု ဖြစ်ပေါ်နေသည်။သူက မကြာခဏ လာရောက်လည်ပတ်ခြင်းအပြင် အက်ရှလေ၏ ဆေးကုသမှုစရိတ် ကုန်ကျငွေတစ်ချို့တစ်ဝက်ကိုလည်း မှန်မှန်ထောက်ပံ့လေ့ရှိသည်။ 

မည်သို့ပင်ဖြစ်‌စေ အက်ရှလေက အမှားလုပ်ခဲ့သူ မဟုတ်ပေ။ 

ခြေဖဝါးအသေးလေးနှစ်စုံက မွေးဖွားစဉ်အချိန်တည်းက အတူတူလျှောက်လှမ်းခဲ့ကြ၍ ကျန်းမာစွာဖြင့် အတူတကွကြီးပြင်းလာပြီး နေရောင်ခြည်အောက်တွင် အတူတကွ ပြေးလွှားဆော့ကစားနိုင်ရမည်ဖြစ်သည်။ 

.....

အခန်း 8012Aဧည့်ခန်းထဲတွင် အမွေးလုံးအကြီးကြီးက ဆိုဖာပေါ်မှ ခုန်ဆင်းလာပြီး ကြမ်းပြင်တွင် အကျောဆန့်နေသည်။ ထို့နောက် လသာဆောင်သို့သွားကာ အမြီးကိုလှုပ်ရမ်းနေပြီး ပုပုနှင့် ဆော့ကစားနေသည်။ 

စုန့်ရန်က ‌ ဘေးနားတွင် နေရာလွတ်သွား၍ ထိုနေရာတွင် ခေါင်းအုံးကို ချထားပြီး နှစ်ချက်ခန့်ပွတ်လိုက်သည်။ 

" ပြီးတော့ ဘာဆက်ဖြစ်သေးလဲဟင်... အက်ရှလေ နေပြန်ကောင်းလာတော့ ပုပုရဲ့အမေက သူ့ကိုပြန်ခေါ်မယ် မပြောဘူးလား..."

" သူ အရင်ကတော့ တစ်ခါပြောဖူးပါတယ်... ဒါပေမဲ့ ပုပုက ကိုယ့်ကိုခွဲသွားဖို့ သဘောတူမှာ မဟုတ်ဘူးဆိုတာ သူကိုယ်တိုင်နားလည်တယ်..."

လေတစ်ချက်အဝှေ့တွင် လိုက်ကာက လှုပ်ရမ်းသွားပြီး သူ့နားရွက်များကို ညင်သာစွာ ပွတ်သပ်သွားသည်။

ဟယ်ကျစ်ယွမ်က ခေါင်းမော့၍ သစ်ပင်ရိပ်ကို တစ်ချက်ကြည့်ကာ ပျင်းရိပျင်းတွဲဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ 

" ကလေးက သူနဲ့ကြီးပြင်းလာတဲ့သူကို ပိုပြီးအလိုရှိမှာပဲလေ... သွေးသားဆက်ဆံရေးတွေကတောင် ဒါကို ထိန်းချုပ်လို့ မရဘူး... ကိုယ်ထင်တာတော့ သူ ပုပုကို ပို့လိုက်ဖို့ ဆုံးဖြတ်ထားတည်းက သူ့ကို ပြန်မခေါ်ဖို့ ပြင်ဆင်ထားပြီးဖြစ်မှာပေါ့... ဟမ်... ဘာလဲ... မင်း စိတ်အေးလက်အေးနဲ့ သက်ပြင်းချလိုက်တာကို ကြားလိုက်တယ်..."

ဟယ်ကျစ်ယွမ်က စကားဆုံးသည်နှင့် တစ်ခုခုကို သဘောပေါက်သွားပြီး ပြုံးလိုက်သည်။ 

" သူက ကလေးအတွက် မင်းနဲ့ရန်လာဖြစ်မှာ ကြောက်နေတာလား..."

" ဘယ်သူက ကြောက်နေလို့လဲ... "

စုန့်ရန်က လိပ်ပြာမလုံဟန်ဖြင့် ခေါင်းအုံးကို ဖိထားလိုက်သည်။

" ကျွန်တော်က ပုပုကို ယုံကြည်ချက်အပြည့်ရှိပြီးသား..."

" အဲ့ထက်ပိုကောင်းတဲ့ကိစ္စ မရှိတော့ပါဘူး..."

ဟယ်ကျစ်ယွမ်က တံခါးပိတ်လိုက်ပြီးနောက် ဧည့်ခန်းထဲ ပြန်ဝင်လာကာ ဆိုဖာပေါ်တွင် လျော့တိလျောရဲဖြင့် ထိုင်ချလိုက်ပြီး လက်ထဲမှ ဝိုင်နီကို သူ့မျက်စိရှေ့တွင် လှုပ်နေသည်။ 

" ပုပုရဲ့ အမေနဲ့ပတ်သက်ပြီး စိတ်ရှင်းရှင်းထားလို့ရပါတယ်... မင်းက ပုပုကို အရမ်းဂရုစိုက်တာဆိုတော့ တစ်ခါတစ်လေကျ စိတ်ကူးယဉ်ရန်သူတစ်ယောက် ဖန်တီးပြီး ခေါင်းထဲမှ မာနကြီးတဲ့မိသားစုတစ်စုက ကလေးကို ပြန်လုတတ်တဲ့ ဇာတ်လမ်းမျိုးတွေ ဖန်တီးနေမှာစိုးလို့ပါ..."

စုန့်ရန်၏မျက်နှာက နီရဲနေရာမှ ဖြူဖျော့လာသည်။ သူ ကျိန်ဆဲချင်စိတ် ဖြစ်လာမိသည်။

 

ဘာလဲဟ ... သူ မှန်းလိုက်တာ ကွက်တိကို မှန်နေတာပဲ....

............

၁၂ရက်မြောက်နေ့ ညနေ ၆နာရီ ၂မိနစ် 🖌️

အမှန်တွင်လည်း စုန့်ရန်၏ စိတ်ကူးယဉ်မှုများအတွက် သူ့ကိုအပြစ်တင်၍ မရပေ။ 

ပုပုကိုမွေးခဲ့သောအမေ၏ မည်သူမည်ဝါ၊ ပုံပန်းသွင်ပြင်နှင့် လူကြီးမင်းဟယ်နှင့် လမ်းခွဲခဲ့ရသည့်အကြောင်းအရင်းများက လျှို့ဝှက်ဆန်းကြယ်လွန်းသည်။ သူမနေရာမှဆိုလျှင် မမျှော်လင့်ပဲ ပြန်ရောက်လာပြီး သူတန်ဖိုးထားသည့်အရာများကို လုယူသွားရန် အခွင့်အရေးအရှိဆုံးဖြစ်သည်။ စုန့်ရန်၏ အဖိုးတန်မိသားစုငယ်လေးမှာ ယခုမှ တည်ဆောက်ပြီးခါစဖြစ်၍ အခြေခံအုတ်မြစ်က မတည်ငြိမ်သေးပေ။ ပါတနာနှစ်ယောက်ကလည်း ဖုန်းထဲမှသာ စကားပြောဆိုဆက်သွယ်ဖူးခြင်းဖြစ်သည်။ ပထမဆုံးအနေဖြင့် - သူတို့နှစ်ယောက်က တစ်ကြိမ်တစ်ခါမှ မတွေ့ဆုံခဲ့ဖူးကြပေ။ ဒုတိယတစ်ခုမှာ သူတို့က တစ်ကြိမ်တစ်ခါမှ အတူတူမအိပ်ခဲ့ကြပေ။ သူတို့၏ရင်းနှီးမှုက အဖူးအပွင့်ကာလတွင်သာရှိနေခြင်းဖြစ်၍ သူ ကြောက်လန့်နေမိသည်။ ဤတစ်ကြိမ်တွင်မူ မပျောက်ကွယ်သွားတော့မည့် အမှန်တရားကို ထုတ်ပြောလာခဲ့ချိန်၌ လူကြီးမင်းဟယ်၏ ကတိအပြင်၊ ပုပုအမေရင်း၏ လိင်စိတ်တိမ်းညွတ်မှုက cardiotonicပြွန်တစ်ခုနှင့် တူ၍ စုန့်ရန်၏စိတ်က်ို တည်ငြိမ်အေးချမ်းစေသွားသည်။ 

( T/N - cardiotonic = နှလုံး၏လုပ်ဆောင်မှုအပေါ် ကောင်းမွန်သည့်အကျိုးသက်ရောက်မှုရှိသော အရာ )

သူ့နှလုံးသားထဲတွင် အုပ်မိုးနေသော 'အမေရင်းက သားကိုပြန်လည်လုယူခြင်း' ဟူသည့် တောင်တန်းကြီးကို ဘေးဖယ်လိုက်နိုင်ပြီဖြစ်၍ ဝမ်းသာအားရဖြစ်နေမိသည်။ နေ့လယ်ခင်းတွင်မူ သူက ကြက်သွေးထိုးထားပြီး အလုပ်လုပ်နေသကဲ့သို့ ရုပ်ပုံပြောင်းများစွာကို ရေးဆွဲပြီးခဲ့ပြီး ပုံတစ်ပုံချင်းစီတိုင်းကလည်း လက်ရာမြောက်ပြီး နွေးထွေးကာ ချီးကျူးထိုက်ပေသည်။ ညနေဘက်တွင်မူ သူက အိမ်တွင် မချက်ပြုတ်တော့ပဲ စက်ဘီးစီး၍ ပုပုနှင့်အတူ ကြက်ကြော်နှင့် အာလူးချောင်းကြော်သွားစားခဲ့ပြီး ရုပ်ရှင်ရုံသို့သွားကာ Disneyမှ animatedရုပ်ရှင်ကား တစ်ကားကို သွားကြည့်ခဲ့သည်။ 

ပုပုက တိမ်များပေါ် ရောက်နေသကဲ့သို့ ပျော်ရွှင်နေပေသည်။ သူ၏ ပါးဖောင်းဖောင်းလေးထဲတွင် ပေါက်ပေါက်ဆုပ်များဖြင့်ပြည့်နေပြီး စုန့်ရန်ကို အားပါးတရ လာနမ်းသည်။ 

" ကိုကြီးက အရမ်းသဘောကောင်းတာပဲ..."

သူ ပါးစပ်ဟလိုက်သောအခါ ပေါက်ပေါက်ဆုပ်အစအနများက စုန့်ရန်၏ လည်ပင်းပေါ် မိုးရွာချသကဲ့သို့ ပြုတ်ကျလာတော့သည်။ 

ညဘက်အိမ်ပြန်ရောက်သောအခါ ကြောင်လေးကို အစာကျွေးပြီး ရေချိုးကာ နှစ်ယောက်လုံးအိပ်ရာပေါ်တွင်လှဲ၍ ပုံပြင်ဖတ်ကြသည်။ ပုံပြင်ဖတ်ပြီးသောအခါ စုန့်ရန်က ပုပုကို မဝံ့မရဲဖြင့်မေးလိုက်သည်။

" ပုပုမှာ ညီမလေးရှိလား..."

" ဟုတ် ရှိတယ်..."

ပုပုက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ဖြေသည်။ 

" သား ညီမလေးက အရမ်းလှတာ... ဓာတ်ပုံတွေရှိတယ်... သားကို မယုံရင်ပြမယ်လေ..."

စုန့်ရန်၏ 'ယုံပါတယ်' ဟူသော စကားကိုမစောင့်ပဲ အိပ်ရာပေါ်မှ ခုန်ဆင်းကာ အိပ်ခန်းထဲမှ ခြေဗလာဖြင့် ပြေးထွက်သွားသည်။

" ပုပု ဖိနပ်စီးလေ..."

စုန့်ရန်က အိမ်တွင်းစီးဖိနပ်တစ်ရံကို‌ယူလိုက်ပြီး သူ့နောက်မှ ပြေးလိုက်တော့သည်။ ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင် ဗိုက်ကိုအပေါ်လှန်၍ လှဲနေသော ပုသို့သို့က သူတို့နှစ်ယောက် ဧည့်ခန်းထဲတွင် ရှေ့နောက် ပြေးလွှားနေသည်ကို ကြည့်နေသည်။ 

နောက်ဆုံးတွင် ဖိနပ်စီးပြီးသွားကာ ဓာတ်ပုံများကိုပါ ယူလာခဲ့ပြီဖြစ်သည်။ 

ပုပုက စုန့်ရန်၏ရင်ခွင်ထဲ တွားသွားဝင်လာပြီး သူကြည့်ရန်အတွက် ဓာတ်ပုံများ ယူလာခဲ့သည်။ နောက်ခံရှုခင်းက ရေကန်နှင့် ဆိပ်ကမ်းတစ်ခုပုံစံဖြစ်ပြီး ဆံပင်ရှည်နှင့် အမျိုးသမီးငယ်‌လေးနှစ်ယောက်က မင်္လာဝတ်စုံများဝတ်ထားပြီး ချစ်စဖွယ် ကလေးမလေးတစ်ယောက်ကို ရင်ခွင်ထဲတွင် ဖက်ထားကာ၊ ချစ်စရာကောင်းသော golden retriever ခွေးကြီးတစ်ကောင်က ဦးထုပ်ပိစိလေးဆောင်းထားပြီး လည်ပင်းတွင် ဖဲကြိုးလေးစည်းထား၍ သူတို့ဘေးနားတွင် ထိုင်နေသည်။ 

ပုပုက ထိုကလေးမလေးကို လက်ညှိုးထိုးပြကာ မိတ်ဆက်ပေးလိုက်သည်။ 

" ဒါ သားရဲ့ညီမလေးလေ အက်ရှလေတဲ့ ... သူ့ဆံပင်လေးတွေက ရွှေရောင်၊ မျက်လုံးလေးတွေက အပြာရောင် သူ လှတယ်မလား..."

" သူက တကယ်ကိုလှတာပဲ..."

စုန့်ရန်က စိတ်ရင်းအမှန်ဖြင့် ချီးကျုးလိုက်သည်။ 

ပုပုက သူ့ညီမလေးအတွက် ဂုဏ်ယူသွားပြီး ဘဝင်မြင့်စွာဖြင့် ပြောလိုက်သည်။ 

" ဒါပေါ့... သူက သားရဲညီမလေးလေ..."

" ဟုတ်ပါ့ ဟုတ်ပါ့... ပုပုရဲ့ညီမလေးက အလှဆုံးပဲ..."

စုန့်ရန်က သူပြောသည်ကို သဘောတူလိုက်၍ ပုပု ပျော်ရွှင်သွားသည်။

ထို့နောက်တွင် ပုပုက ဓာတ်ပုံထဲမှ အမျိုးသမီးငယ်လေးနှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။ 

" ဒါက သားအမေ... ဒါက အက်ရှလေရဲ့အမေ... သူတို့က အရင်ဆောင်းဦးတုန်းက Aucklandမှာ လက်ထပ်လိုက်ပြီ..."

( T/N - Aucklanduက နယူးဇီလန်မြောက်ဘက်ကျွန်းက ဆိပ်ကမ်းကြီးနှစ်ခု အခြေစိုက်တဲ့မြို့ပါ...)

Xxxxxxx