အပိုင်း ၅၈
Viewers 9k

Chapter 58

ဟယ်ကျစ်ယွမ် ပြောပြထားသကဲ့သို့ လုကျင်းက သမင်မျက်လုံး၊ မျက်ခုံးလှလှလေးနှင့် အရှေ့တိုင်းမိန်းမချောလေးဖြစ်ကာ နူးညံ့သိမ်မွေ့ပုံပေါ်သည်။ နှစ်ဖက်လုံး၏ မျိုးရိုးဗီဇများက အလွန်ကောင်းမွန်လှသဖြင့် ပုပုလေးက နှစ်လိုဖွယ်ကောင်းနေသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။ လုကျင်း၏ဘေးနားမှ အိုင်းရစ်မိန်းကလေးက ပို၍ တောက်ပသည်။ သူမက မေးစေ့ကိုမော့ထားပြီး ပြုံးနေသည်မှာ တက်ကြွသူတစ်ယောက်ဖြစ်ဟန်တူသည်။ 

သူတို့၏ ပုံပန်းသွင်ပြင်များက စိတ်ချမ်းသာစရာဖြစ်သော်လည်း စုန့်ရန်က သူတို့ကို သဘောမကျပေ။

အကယ်၍ မူလတည်းက မှန်ကန်သောရွေးချယ်မှုတစ်ခုကို ပြုလုပ်ပြီး ဟယ်ကျစ်ယွမ်ကို မလှည့်ဖြားခဲ့ပါက သူတို့ကို အနည်းငယ် သဘောကျနိုင်ပေသည်။ သို့ရာတွင် ထိုသို့ဖြစ်ခဲ့ခြင်းကြောင့်သာ ပုပုက ဤလောကထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။ 

သူက ရန်ညှိုးထားတတ်သူဖြစ်ကြောင်းကို စုန့်ရန် ဝန်ခံရပေမည်။ သူ၏ စိတ်နေစိတ်ထားက အပ်ပေါက်သဖွယ်သေးငယ်လှပြီး ဟယ်ကျစ်ယွမ်ကဲ့သို့ သဘောထားမကြီးပေ။ ထိုသို့မဟုတ်ပဲ အခြားစကားဖြင့် ပြောရမည်ဆိုပါက သူကလည်း ဟယ်ကျစ်ယွမ်ကဲ့သို့ အမြင့်တစ်နေရာတွင်ရှိနေကာ တစ်ဖက်လူကို သက်ညှာပေးနိုင်သည့်လူလည်းမဟုတ်ပေ။ ဟယ်ကျစ်ယွမ်က ပြန်လည်သင့်မြတ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူက အပြစ်ကင်းသော အက်ရှလေအတွက် တွေးပေးခဲ့ခြင်းသာမက ပုပုကို လေးစားအားကျဖွယ်ရာ "မိဘနှင့်ဆက်ဆံရေး"တစ်ခု ပေးလိုဖြင်းကြောင့် ဖြစ်နိုင်သည်။ ထိုသို့မဟုတ်ပါကလည်း တံတားအောက်မှ ရေကဲ့သို့ သဘောထားလိုက်ပြီး ဂရုမစိုက်တော့သည်လည်း ဖြစ်နိုင်သည်။

သို့ရာတွင် သူက ထိုသို့ မတွေးပေးနိုင်ပေ။ 

'သုတ်ပိုးအတွက် လှည့်ဖျားခဲ့သည်' ဟူသောစကားလုံးများကို တွေးမိသည့်အခါ သူ့လည်ပင်းထဲတွင် ငါးရိုးနင်နေသကဲ့သို့ ခံစားနေရသည်။ စုန့်ရန် သူနှင့်မသိမီအချိန်က သူလေးစားခဲ့သောလူက လက်တွဲဖော်တစ်ယောက်ရှိခဲ့ပြီး စက်ဆုပ်ဖွယ်ကောင်းသော လိမ်ညာလှည့်ဖြားမှုတစ်ခုနှင့် အရှက်ကွဲမှုပို တွေ့ကြုံခံစားခဲ့ရပြီး အခွင့်အရေးယူခံခဲ့ရသည်။ အကယ်၍ ဤကိစ္စကို သည်းခံနေရမည်ဆိုပါက သူ သည်းမခံနိုင်သော ကိစ္စရှိတော့မည်မဟုတ်ပေ။ 

(T/N - စုန့်စုန့်လေး တော်တယ် (⁠☞⁠ ‌⁠°⁠ ‌⁠ʖ⁠ ‌⁠°⁠)⁠☞ )

" ကိုကြီး..."

ပုပုက သူ့ကိုလက်ဖြင့်လာတို့သည်။

" သား ပြောတာ ကြားလိုက်လား..."

သူ ခဏတာ စိတ်နှင့်ကိုယ်မကပ်ဖြစ်သွားသည်။ 

" ဘာပြောလိုက်တာလဲ..."

သူ အာရုံမစိုက်နေသည်ကို မြင်သောအခါ ပုပုက လူကြီးလေးတစ်ယောက်သဖွယ် ခေါင်းခါလိုက်ပြီး ကူကယ်ရာမဲ့သွားသည့် အမူအရာမျိုး ပြသလိုက်သည်။ 

" သားပြောတာ သူတို့လည်း မင်္ဂလာဓာတ်ပုံရိုက်ထားတာဆိုတော့ သားတို့လည်း ရိုက်လို့ရတယ်လို့... ကိုကြီးနဲ့ ပါပါးလက်ထပ်ရင် သားတို့လည်း အဲ့လိုမျိုးဓာတ်ပုံတစ်ပုံရိုက်ပြီး မေမေ့ဆီ ပို့လို့ရတယ် ..."

စုန့်ရန် စိတ်အားတက်ကျသွားပြီး သူ့ပေါင်သူ အသံကျယ်ကျယ်ဖြင့် ရိုက်လိုက်သည်။

" ဟုတ်ပါပြီ..."

သူ၏ မုန်းတီးမှုများကို ဤနည်းလမ်းဖြင့်ဖြေရှင်းလိုက်သည်က အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။ 

သူ၏ အလွန်အကျူးဖြစ်သောတုံ့ပြန်မှုကြောင့် ပုပုက လန့်သွားပြီး နောက်သို့မှီကာ ခေါင်းလေးတဖြည်းဖြည်းမော့လိုက်သည်။

" ဒါဆိုရင်... သား... သားလည်း အနောက်တိုင်းဝတ်စုံ ဝတ်ချင်တယ်..."

" ဒါပေါ့ ဝတ်ရမှာပေါ့... ပုပုက အရမ်းဉာဏ်ကောင်းတာပဲ..."

စုန့်ရန်က ပုပုကိုချီပြီး နမ်းလိုက်သည်။ 

ပုပုက အလွန်ပျော်ရွှင်သွား၍ ကျယ်လောင်စွာဖြင့် တခစ်ခစ်ရယ်နေသည်။ 

စုန့်ရန် သူရယ်နေသည်ကိုကြည့်ပြီး တစ်ခုခုကို တွေးမိသွားသည်။

ဘေးတစ်ဖက်တစ်ချက်စီကို အကြိမ်အနည်းငယ်ခန့်ကြည့်လိုက်ပြီး‌သည့်နောက် အတွေးထဲ နစ်မျောသွားသည်။ ပုပုက ကြည့်ကောင်းသည့်ကလေးလေးဖြစ်သည်။ သို့ရာတွင် ဤကဲ့သို့ကြည့်ကောင်းခြင်းက ကျက်သရေရှိခြင်းနှင့် ရိုးရိုးယဉ်ယဉ်ဖြစ်နေခြင်းမဟုတ်ပဲ ယောကျာ်းဆန်ဆန် ချောမောခံ့ညားမှုမျိုးဖြစ်သည်။ 

သူ ဓာတ်ပုံကိုပြန်ယူပြီး ပုပုနှင့်လုကျင်း၏ မျက်နှာအစိတ်အပိုင်းများကို နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ ၁၀ သို့မဟုတ် ၂၀ရာခိုင်းနှုန်းခန့်သာ တူနေသည်ကိုတွေ့လိုက်ရသည်။ 

ဒါဆိုရင် ကျန်တဲ့ ၈၀ ၉၀ ရာခိုင်နှုန်းက လူကြီးမင်းဟယ်နဲ့ တူတာပေါ့လေ...

ထို ဖြစ်နိုင်ချေကို တွေးမိသောအခါ စုန့်ရန်က ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားသွားပြီး သူ့မျက်လုံးများအရောင်တောက်ပလာသည်မှာ ကီလိုဝပ်ခန့်ရှိသည့် မီးသီးအဖြစ်ပြောင်းလဲသွားသည်နှင့်ပင် တူပေသည်။ 

သူ ပုပုကို မေးလိုက်သည်။

" ပုပုက ပါပါးနဲ့တူတာလား..."

ပုပု ခေါင်းငြိမ့်ပြလိုက်သည်။

" တူတယ်... သားက ပါပါးနဲ့တော်တော်တူတယ်လို့ လူအများကြီးက ပြောကြတယ်..."

" ဒါ... ‌ဒါဆိုရင် ပုပုအဖေက အရမ်းချောမှာပေ့ါနော် ဟုတ်တယ်မလား..."

စုန့်ရန်က သူ့မျက်ဝန်းထဲတွင် အရောင်တလက်လက်တောက်နေသည်ကို ဖုံးကွယ်ထားပြီး ပုပုကို မဝံ့မရဲစိုက်ကြည့်နေသည်။ သူ့ပုံစံမှာ ထီထိုးထားသူတစ်ယောက်က လက်ထဲတွင် ထီလက်မှတ်ကိုကိုင်ထားပြီး ထီပေါက်သည့်နံပါတ်များကြေညာသည်ကို စောင့်ဆိုင်းနေပုံနှင့်တူနေသည်။ သူလိုအပ်သည်မှာ ပုပုက လက်တစ်ဖက်မြှောက်လိုက်ပြီး 'အရမ်းချောတယ် အရမ်းချောတယ် အရမ်းချောတယ်' ဟူသည့် စကားကို အော်ပြောလိုက်ရန် ဖြစ်သည်။

ပုပုက မျက်နှာကိုလက်နှစ်ဖက်ဖြင့်ထောက်လိုက်ပြီး သူ၏ မဝံ့မရဲဖြစ်နေသောအစ်ကိုကြီးကို မေးလိုက်သည်။

" ကိုကြီးက သိပြီးသားကိစ္စကို မေးနေတာပဲ..."

သူ့ကိုအရင်ကတွေ့ဖူးရဲ့သားနဲ့ ချောလား မချောလား သားကို လာမေးနေတာလား...

ဟွန့်...

စုန့်ရန်ကြားသည့်အခါ အလွန်အမင်းစိတ်လှုပ်ရှားလာပြီး လက်နှစ်ဖက်ကို ပုပုပခုံးပေါ်တက်လိုက်ပြီး စိတ်လိုလက်ရဖြင့် မေးလိုက်သည်။

" ပုပုအမေနဲ့ ညီမလေးဓာတ်ပုံရှိတယ်ဆိုတော့ ပါပါးဓာတ်ပုံလည်းရှ်ိမှာပေါ့... ကိုကြီးကို ပြလို့ရမလား..."

" မရဘူး..."

ပုပုက ပြတ်ပြတ်သားသားငြင်းဆိုလိုက်သည်။

ကိုကြီးစုန့်ရန်ကို သူ့အဖေ၏ဓာတ်ပုံများ လုံးဝမပြပါဟု ပုပုက ဟယ်ကျစ်ယွမ်ကို ကတိပေးထားပေသည်။ သို့ရာတွင် အကြောင်းပြချက်ကမူ လျှို့ဝှက်ဆန်းကြယ်ပေသည်။ သားအဖနှစ်ယောက်ကြားမှ ကတိကို တင်းတင်းကြပ်ကြပ်စောင့်ထိန်းရမည်ဖြစ်၍ ပုပုက စုန့်ရန်၏ရင်ခွင်ထဲတိုးဝင်လိုက်ပြီး ချိုသာစွာပြောလိုက်သည်။ 

" ကိုကြီး သားကိုကြည့်ရင်ရပြီလေ... သားက ပါပါးနဲ့ တော်တော်တူတယ်..."

စုန့်ရန် စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းစူလိုက်သည်။ 

၎င်းက အကူအညီမဖြစ်ပေ။ သို့ဖြစ်၍ သူ ပုပု၏မျက်နှာလေူကိုသာ ကိုင်ကြည့်နေပြီး အဆုံးအစမဲ့သော စိတ်ကူးယဉ်မှုများဖြင့် လူကြီးမင်းဟယ်၏မျက်နှာကို သူ့စိတ်ထဲတွင် ပုံဖော်ကြည့်နေမိသည်။ 

ပို၍ကြည့်လေ သူ့စိတ်ထဲ ပိုထူးဆန်းလာလေဖြစ်သည်။

ဒီကလေး... သူ့ကိုကြည့်ရတာ နည်းနည်းရင်းနှီးနေသလိုပဲ... 

ကံကောင်းပါက ဆံပင်တစ်ချောင်းတည်းနှင့်ပင် အဓိကကိစ္စကြီးကို ဖော်ထုတ်နိုင်မည်ဖြစ်သော်လည်း ကံဆိုးလျှင်မူ အဖေဖြစ်သူနှင့် မျက်နှာအစိတ်အပိုင်းများ အလွန်တူသော သားတစ်ယောက်က သူ့ရှေ့တွင် ‌ရှိနေလျှင်မူ သူ အားစိုက်ထုတ်ပါကလည်း ကလေးအဖေ၏မျက်နှာကို စိတ်ကူးထဲတွင် မြင်ယောင်ကြည့်၍မရပေ။ 

စုန့်ရန်က ထိုသဲလွန်စကို ဆုပ်ကိုင်ပြီး ခက်ခက်ခဲခဲ ရှာဖွေခဲ့သော်လည်း သူက အမှန်တရား၏ ကောက်ကျစ်မှုကို မယှဉ်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် အကြောင်းအရင်းကို မတွေးတောနိုင်သည့်အတွက် သူသိသောလူနှင့်တူသည်ထက် ပုပုနှင့် အကြာကြီးရှိနေခြင်းအတွက် 'သူ့မျက်နှာကိုရင်းနှီးမှု' ကိုသာ ရည်ညွှန်းနိုင်သည်။ သိချင်စိတ်ကြောင့် ရင်ထဲတွင် အောင့်သည်းအောင့်သက်ဖြစ်သွား၍ နှလုံးသားထဲတွင် ပုရွက်ဆိတ်တက်နေသကဲ့သို့ ယားကျိကျိဖြစ်လာသည်။ သို့ရာတွင် လူကြီးမင်းဟယ်၏ဓာတ်ပုံကိုတောင်းကြည့်ရန် ရှက်နေမိသည်။ သို့ဖြစ်၍ သူထင်ထားသည့်အတိုင်း ယနေ့ညတွင် ကောင်းကောင်းအိပ်မပျော်တော့ပေ။ 

သူ အိပ်မပျော်ပဲ လူးလိမ့်နေချိန်တွင် သမုဒ္ဒရာတစ်ဖက်ခြမ်းရှိ ဘဲဥပုံဖန်အဆောက်အအုံ၏ ပဉ္စမထပ်တွင် တစ်စုံတစ်ယောက်သည် စင်္ကြံလမ်းအတိုင်း လျှောက်လာကာ စီအီးအို ရုံးခန်းတံခါးကို သုံးကြိမ်ခေါက်ပြီး တွန်းဖွင့်လိုက်သည်။

" ကောင်းသောမနက်ခင်းပါ..."

ခေါင်းမော့ကြည့်လိုက်၍ ရောက်လာာသည့်လူကို မြင်လိုက်ရသောအခါ ကားလ်ကရောက်စ်က လုပ်လက်စများကို ရပ်လိုက်ပြီး ခုံကိုမှီကာ ပျော်ရွှင်စွာနှင့် ခေါ်လိုက်သည်။ 

ဟယ်ကျစ်ယွမ်က လက်လှမ်းလိုက်သည်။ 

" ရီမုပေး..."

ကားလ်က အကြောင်းအရင်းကို မမေးပဲ ညာဘက်မှ ပထမဆုံးအံဆွဲကိုဖွင့်ကာ မီးခြစ်အရွယ်ခန့် ရီမုတစ်ခုကို ထုတ်ပြီး ပစ်ပေးလိုက်သည်။ ရီမုက ဟယ်ကျစ်ယွမ်၏ လက်ဖဝါးပေါ် အတိအကျရောက်သွားသည်။ 

ဟယ်ကျစ်ယွမ်က ခေါင်းငုံ့ပြီး ၎င်းကို အကြိမ်အနည်းငယ်ခန့် ဖိကြည့်နေသည်။ ပြတင်းပေါက်လိုက်ကာများက အောက်သို့တဖြည်းဖြည်းကျလာကာ ရုံးခန်းကို လင်းနေရာမှ မှောင်မည်းသွားစေပြီး မျက်နှာချင်းဆိုင်မှ အဖြူရောင်နံရံက လည်ပတ်မှုစနစ်၏ မျက်နှာပြင်ကိုပြသနေသည်။ ဖိုင်များစွာရှိသည့် Cloudအကောင့်ထဲဝင်လိုက်ပြီး ထိပ်ဆုံးတွင် လွန်ခဲ့သည့် ၅မိနစ်ခန့်က တင်လိုက်သော ဗီဒီယို ရှိနေသည်။

စုစုပေါင်းကြာမြင့်ချိန်က ၁၄မိနစ်နှင့် ၁၈ စက္ကန့်ဖြစ်သည်။

Playခလုတ်ကိုနိပ်ပြီး ကားလ်၏အ‌နားကို ခြေလှမ်းအနည်းငယ်တိုးသွကာ ရုံးစားပွဲ၏အစွန်းတွင် အေးအေးလူလူမှီလိုက်ပြီး ခြေထောက်ကိုချိတ်ကာ ရီမုကို စားပွဲပေါ် ပြန်တင်ထားလိုက်သည်။  

ကားလ်က စကားတစ်ခွန်းမှ ဝင်မပြောပဲ စိတ်ဝင်တစားကြည့်နေသည်။ 

၎င်းက နောက်ခံဆူညံသံများကို ‌သီချင်းတစ်ခုခု ထည့်ထားခြင်းမရှိသော မတည်းဖြတ်ရသေးသည့် မူလဗီဒီယိုဖြစ်သည်။ ဘောင်ကွက်ထဲတွင်မူ နေရောင်ခြည် လုံလုံလောက်လောက်ရရှိနေပြီး၊ နူးညံ့သောအရွက်နှင့်အပင်များ၊ ငါးကန်ငယ်လေးတစ်ခု၊ ကြွေပန်းအိုးများနှင့် တိရစ္ဆာန်များပုံစံပါဝင်သည့် ကတ် ၇ခု ၈ခု ရှိနေသည်။ 

အရောင်က တောက်ပလွန်းပြီး စိတ်ချမ်းမြေ့ဖွယ် ကောင်းလှသည်။ 

ဗီဒီယိုထဲမှ အဓိက ဇာတ်ကောင်များမှာ ရယ်မောရသည်ကို နှစ်သက်သဘောကျသော လူငယ်လေးတစ်ယောက်နှင့် ပျော်ရွှင်စွာကစားနေသည့် ကလေးလေးတစ်ယောက်ဖြစ်သည်။ သူတို့က အိမ်သန့်ရှင်းရေးလုပ်နေသကဲ့သို့ အလုပ်ကိုယ်စီလုပ်နေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးချစ်ခင်ကြပုံပေါ်သည်။ အလုပ်လုပ်နေစဉ်တစ်လျှောက်လုံးတွင် အပြန်အလှန် တုံ့ပြန်မှုများရှိကြပြီး ရံဖန်ရံခါတွင် ပွေ့ဖက်ခြင်း၊ တစ်ယောက်ဆံပင်ကို တစ်ယောက်ဖွခြင်းနှင့် ဆော့ကစားနေသည့်သဖွယ် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောနေကြသည်။ 

တတိယမြောက်အဓိက ဇာတ်ကောင်မှာ လှပသောRagdoll ကြောင်တစ်ကောင်ဖြစ်သည်။ 

၎င်းက ကင်မရာမှန်ဘီလူးများကို သတိထားမိပုံရသည်။ ကင်မရာ၏ အလယ်တည့်တည့်တွင် အမြဲရပ်ပြီး မမျှော်လင့်စွာဖြင့် ထိုနေရာတွင် လှဲချလိုက်ကာ ဗိုက်ကိုလှစ်ဟပြထားပြီး ခြေလက်လေးချောင်းကို မိုးပေါ်ထောင်၍ နေပူဆာလှုံနေသည်။ အကယ်၍ ကင်မရာမှန်ဘီလူး ရွေ့လျားသွားပါက သူလည်း လိုက်ရွှေ့လာပြီး ကင်မရာမှန်ဘီလူး၏ အလယ်ဗဟိုနေရာကို ရှာဖွေသည်။ 

" ဒါဘာလဲ... တစ်ယောက်ယောက်ရိုက်ထားတဲ့ ကုန်ကြမ်းအသစ်လား..."

ကားလ်က မေးလိုက်သည်။

ဟယ်ကျစ်ယွမ်က သူ့ကို ဝေခွဲမရဖြစ်အောင်ထားလိုက်ပြီး သူ့ကို တိုက်ရိုက်ပြန်မဖြေပေ။ 

" မင်း ဘယ်လိုထင်လဲ အကဲဖြတ်ကြည့်လေ..."

ကားလ်က စက္ကန့်အနည်းငယ်ခန့် ထပ်ကြည့်လိုက်သည်။ လေးလေးနက်နက် စစ်ဆေးပြီးသောအခါ ခါးမတ်မတ်ထိုင်ကာ ပွင့်လင်းသည့် သဘောတူညီချက်တစ်ခုကို ပြသလိုက်သည်။

" လူငယ်လေးနဲ့ ကလေးလေး နှစ်ယောက်လုံးက ဓာတ်ပုံစားတယ်... သူတို့ကြားထဲက ဆက်ဆံရေးကလည်း စိတ်ချမ်းသာစရာကောင်းတယ်... တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်တုံ့ပြန်ပုံက သဘာဝကျတယ် သရုပ်ဆောင်နေတာနဲ့ တစ်ချက်မှကို မတူဘူး... သူတို့ အမူအရာတွေက ငါတို့အရင်ကတွေ့ခဲ့တဲ့ သရုပ်ဆောင်တွေထက်ပိုအဆင်ပြေတယ်...ပြီးတော့ ဒီကြောင်လေး... သူ့ရဲ့ပူးပေါင်းမှုက အရမ်းအံ့ဩစရာကောင်းတယ်... သူက ကင်မရာမှန်ဘီလူးတွေကို သတိထားမိတာပဲ... ဒီအဆင့်လောက်အထိကို တည်းမဖြတ်ရပဲ လုပ်နိုင်ဖို့ဆိုတာ စိတ်ကူးယဉ်ကြည့်လို့တောင်မရဘူး... ဒီသရုပ်ဆောင်တွေကို မင်းဘယ်က သွားရှာလာတာလဲ..."

ဟယ်ကျစ်ယွမ်က အသံတိုးတိုးဖြင့် ရယ်လိုက်သည်။ 

" ဒါ ပုပုလေ..."

" ပုပုလား..."

ကားလ်မ ယုံကြည်နိုင်ဖြစ်နေမိသည်။ ရီမုကိုယူ၍ ဗီဒီယိုကို နောက်ပြန်ရစ်လိုက်ပြီး ပုပု၏မျက်နှာကို ပြနေသည့်နေရာတွင် ရပ်လိုက်သည်။ ကလေးလေးကို မှတ်မိသွားချိန်တွင် အချိန်ကြာမြင့်စွာစိုက်ကြည့်နေလိုက်ပြီး ချက်ချင်း သက်ပြင်းချလိုက်သည်။ 

" ပြောင်းလဲလာတာ မြန်လိုက်တာ... ငါ သူ့ကိုမတွေ့ရတာ တစ်နှစ်ကျော်ပဲရှိသေးတယ်... အခုတော့ ကောင်ချောလေးဖြစ်လာပြီကြည့်ပါဦး... နေပါဦး... အဲဒါကို မင်းတို့အိမ်က Q7နဲ့ ရိုက်ထားတာလား..."

သူ ဟယ်ကျစ်ယွမ်ကို အံ့ဩတကြီးဖြင့်ကြည့်လိုက်သည်။ 

" အင်းလေ... ငါ့အိမ်မှာ..."

ဟယ်ကျစ်ယွမ် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အကြည့်များက screenပေါ်တွင်သာ ရှိနေသည်။ 

 

 ဗီဒီယိုထဲတွင် နောက်ထပ်လူတစ်ယောက်ပါသေးသည်ကိုမြင်၍ မည်သူမည်ဝါဖြစ်ကြောင်းကို သူ မေးကြည့်ချင်နေသည်။ သို့ရာတွင် ဟယ်ကျစ်ယွမ်၏ အလွန့်အလွန်နူးညံ့သောအကြည့်များကို သူ ရုတ်တရက် မြင်လိုက်ရသည်။ သူ အနည်းငယ် အံ့အသင့်သွားပြီးမှ ဟယ်ကျစ်ယွမ်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး ဗီဒီယိုကို ဆက်ဖွင့်လိုက်ကာ စုန့်ရန်၏မျက်နှာ မြင်လိုက်ရသည့်နေရာတွင် ရပ်လိုက်သည်။ 

 " ဒါဆို သူက ဘယ်သူလဲ... ကျစ်ယွမ် ဒီခပ်ချောချော လူကြီးလူကောင်းလေးက မင်းအတွက်ဘာလဲ..."

ဟယ်ကျစ်ယွမ်က သူ့ဘက်ကိုလှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြုံးပြလိုက်သည်။ 

" ငါ့ချစ်သူလေ..."

" ဝိုး..."

ကားလ်က လေးစားအားကျဟန်ဖြင့် လေချွန်လိုက်ပြီးနောက် ခုံမှထလာပြီး မတ်တပ်ရပ်လိုက်ကာ ဟယ်ကျစ်ယွမ်၏လည်ပင်းကို လက်ဖြင့်ဖိညှစ်ပြီး သူ့ဘက်ကို ဆွဲလိုက်သည်။

" လှလှပပကို ကွေးသွားတာပဲ... သက်တံ့ရောင်ကလပ်ကနေ ကြိုဆိုပါတယ်ကွာ..."

ဟယ်ကျစ်ယွမ်က သူ၏စိတ်အားထက်သန်မှုကို အိန္ဒြေမပျက် လက်ခံလိုက်သည်။

" ကျေးဇူးတင်ပါတယ်..."

" အရိပ်ထဲကနေ ထွက်လာနိုင်ခဲ့တာ ဂုဏ်ယူပါတယ်... ငါးနှစ်ကြာပြီးတဲ့နောက်မှာ နောက်တစ်ကြိမ် ချစ်မိသွားပြန်ပြီပေါ့..."

ဟယ်ကျစ်ယွမ်၏ အပြုံးက အေးခဲသွားသည်။ 

ကားလ်က စနောက်နေခြင်းဖြစ်သည်ကို သူသိသော်လည်း မျက်နှာကတည်သွားပြီး ကားလ်၏လက်ကို ပြန်ဖယ်လိုက်ကာ တစ်ဖက်လူကို တည်ကြည်စွာကြည့်လိုက်သည်။

" ထပ်ပြီးပြောပြဦးမယ်... ငါ တစ်ခါမှ စိတ်ဒဏ်ရာမရခဲ့ဖူးဘူး... ငါ အခုချိန်ထိ တစ်ကိုယ်တည်းဖြစ်နေတာ ဒီနတ်သားလေး နတ်သက်မကြွေလာသေးလို့ပဲ..."

Xxxxxx