အပိုင်း ၅၉
Viewers 10k

Chapter 59

ကားလ်က စနောက်နေခြင်းဖြစ်သည်ကို သူသိသော်လည်း မျက်နှာကတည်သွားပြီး ကားလ်၏လက်ကို ပြန်ဖယ်လိုက်ကာ တစ်ဖက်လူကို တည်ကြည်စွာကြည့်လိုက်သည်။

" ထပ်ပြီးပြောပြဦးမယ်... ငါ တစ်ခါမှ စိတ်ဒဏ်ရာမရခဲ့ဖူးဘူး... ငါ အခုချိန်ထိ တစ်ကိုယ်တည်းဖြစ်နေတာ ဒီနတ်သားလေး နတ်သက်မကြွေလာသေးလို့ပဲ..."

ကားလ်၏မျက်နှာအမူအရာက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူ ပါးစပ်အဟောင်းသားဖြစ်ပြီး ဟယ်ကျစ်ယွမ်ကို ဆယ်စက္ကန့်ခန့် စိုက်ကြည့်နေပြီးမှ စုတ်သပ်လိုက်သည်။

" မင်းအချစ်ရေးနဲ့ ပတ်သက်ပြီး ငါအရင်တည်းက မဝေဖန်ခဲ့သင့်တာပါ... အခုပြောလိုက်တဲ့စကားကို သူနဲ့တွေ့တဲ့အချိန်မှာသာပြောလိုက်ရင် သေချာပေါက် ပေါက်ကွဲမတတ်ဖြစ်သွားမှာပဲ..."

ဟယ်ကျစ်ယွမ် ပြုံးလိုက်သည်။

" တကယ်တော့ ငါ့မှာပိုပြီး စိတ်ကူးယဉ်ဆန်တဲ့ အကြံတစ်ခုရှိတယ်..."

ကားလ်၏ စိတ်ဝင်စားမှုအတင့်က မြင့်လာသည်။

" ဘယ်လိုမျိုးလဲ..."

" မင်းသာ ငါနဲ့တူတူ အရဲစွန့်ပေးမယ်ဆိုရင်... ဒီသတင်းစာရှင်းလင်းပွဲက ငါ့ရဲ့အပိုင်းမှာ..."

ဟယ်ကျစ်ယွမ်က တစ်လုံးချင်း ပီပီသသ ပြောလိုက်သည်။

" ဒီဗီဒီယိုကို ငါသုံးချင်တယ်..." 

ကားလ်က ကျောက်ရုပ်သဖွယ် ငြိမ်သက်သွားပြီး အချိန်အတန်ကြာမှ စိတ်နှင့်လူ ပြန်ကပ်သွားသည်။ သူ သက်ပြင်းရှည်ကြီးချလိုက်မိသည်။

" ဘုရားရေ... မင်း သူ့ကို တော်တော်ချစ်တာပဲ..."

.....

ယခုရက်ပိုင်းအတွင်း စုန့်ရန်၏ စိတ်အခြေအနေက ဂနာမငြိမ်ဖြစ်နေသည်။

ဧပြီ ၁၈ရက်နေ့ရောက်ရန် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ 'လူကြီးမင်းဟယ်ကို တွေ့ရတော့မယ်' နှင့် ' အပြင်မှာတွေ့ရင် မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာရင် ဘယ်လိုလုပ်မလဲ' ဟူသည့် စိုးရိမ်မှုများက သူ့စိတ်ထဲတွင် တစ်လှည့်စီဖြစ်နေသည်။ သူ၏ စိတ်အခြေအနေက အတက်အကျဖြစ်နေပြီး ယခုချိန်၌ နှလုံးခုန်စက်တွင် တိုင်းတာကြည့်လိုက်မည်ဆိုပါက နှလုံးသွေးကြောကျဉ်းနေသည်ဟုပင် ထင်ရနိုင်ပေသည်။ 

သို့ရာတွင် စိတ်ပူပန်ခြင်းထက် စိတ်လှုပ်ရှားခြင်းက ပိုများနေသည်။

အချစ်ရေးအကြောင်းကိုသာ တွေးပူပြီး တစ်နေကုန်စိတ်ကူးယဉ်နေမိသည်။ မနက်ရောက်သည့်အခါတိုင်း မျက်လုံးဖွင့်လိုက်သည်နင့် သူ့ဘေးနားတွင် လှဲနေသူက လူကြီးမင်းဟယ်ဖြစ်စေရန် မျှော်လင့်နေမိသည်။ သူ ထမင်းစားနေချိန်၊ အလုပ်လုပ်နေချိန်၊ ပုံဆွဲနေချိန်နှင့် ရေချိုးနေချိန်တွင်လည်း ဖုန်းကို သူ့အနားတွင် အမြဲထားသည်။ ဖုန်းခေါ်လျှင် မသိလိုက်မည်စိုး၍ မိနစ်အနည်းငယ်ကြာတိုင်းတစ်ခါ ဖုန်းမျက်နှာပြင်ကို ကြည့်နေမိသည်။ တစ်ခါက သူ ရေချိုးနေစဉ်တွင် ဖုန်းသံမြည်လာ၍ သူ့ကိုယ်သူပင် တပတ်ဖြင့် မပတ်နိုင်တော့ပဲ ဖုန်းကိုင်ရန် အမြန်ပြေးထွက်လာ၍ ပုပုကို ဝင်တိုက်မိမတတ် ဖြစ်သွားသေးသည်။ 

ဟယ်ကျစ်ယွမ်က သူနှင့်အတူ အချိန်ဖြုန်းလိုသော်လည်း သတင်းစာရှင်းလင်းပွဲက နီးကပ်လာပြီဖြစ်သည့်အပြင် အသုံးပြုသည့်ပစ္စည်းကလည်း ပြောင်းလဲသွားပြီဖြစ်၍ ပြင်ဆင်စရာများ ရှိနေသည်။ ညဘက်တွင်လည်း ဖုန်းခေါ်ဆိုချိန်က တစ်နာရီမှာ နာရီဝက်၊ နာရီဝက်မှ ၁၅မိနစ်အထိ လျော့သွားသည်။ 

သို့သော်လည်း ဤအချိန်အတောအတွင်းမှာပင် သူက flirtရန် အခွင့်အရေးကို လက်လွှတ်မခံပေ။

စုန့်ရန်က ဤရက်ပိုင်းအတွင်းတွင် လူကိုမမြင်ရသေးသည့်အပြင် သူ၏ဩရှရှအသံကိုပါ ကြားရချိန်က နည်းပါးလာပြီး ရံဖန်ရံခါတွင်လည်း ဖုန်းကို ချပစ်လိုက်ရသည့်အချိန်များ ရှိလာသည်။ စုန့်ရန်က စိတ်ထဲတွင် မသက်မသာဖြစ်လာပြီး ဆိုဖာပေါ်တွင် ကွေးနေကာ ခေါင်းအုံးဖြင့် ဖိချေနေမိသည်။ 

" မင်း heatဝင်နေတာလား..."

စုန့်ရန်၏အသံက တဖြည်းဖြည်းတိုးလာပြီး အက်ရှရှဖြစ်နေသည်ကို ဟယ်ကျစ်ယွမ် သတိပြုမိပေသည်။ 

စုန့်ရန်က ရှက်ရွံ့မှုကြောင့် ငြိမ်ကျသွားသည်။ 

" ကိုယ် ပြန်မလာနိုင်သေးဘူးဆိုရင် ကိုယ်တို့ဘယ်လိုလုပ်သင့်လဲ..."

" ကိုယ်တို့ ဘယ်လိုလုပ်သင့်လဲ တဲ့ ဟုတ်လား... ခင်ဗျား ပြန်မလာနိုင်သေးဘူးဆိုရင်လည်း ကျွန်တော့်ကို ဘာလို့လာနောက်နေလဲ... ခင်ဗျားက ကျွန်တော့်ကို နေ့တိုင်းသေအောင် စနေတာပဲ..."

စုန့်ရန်က စိတ်ဆိုးနေသည့်အပြင် ရှက်ရွံ့နေသောကြောင့် ခရအ်းချဉ်သီးပုပ်သဖွယ်မျက်နှာကြီးဖြင့် ကျိန်ဆဲနေသည်။ 

" ခင်ဗျားက လူမဆန်တာပဲ... ခင်ဗျားရဲ့သူဌေးက ပိုပြီးတောင် လူမဆန်ဘူး... လူတွေကို တစ်နေကုန် အလုပ်လုပ်ဖို့ ဆွဲခေါ်ထားတယ်... သူ့မှာ သူ့ဘဝနဲ့သူ မရှိဘူးလား..."

သူ အမှန်တကယ်ပင် မရှိချေ။ 

သူကိုယ်တိုင်က သူဌေးဖြစ်သည်ဟု ဟယ်ကျစ်ယွမ် ပြောချင်သော်လည်း စုန့်ရန်၏ဘက်က မုန်တိုင်းထန်နေချိန်ဖြစ်၍ အမှန်တိုင်းပြောလိုက်ပါက နေရခက်သွားမည်စိုး၍ ပြောမည့်စကားများကို ပြန်မျိုချထားလိုက်သည်။ 

စုန့်ရန်က အမှန်တကယ်မတည်ရှိနေသည့် သူဌေးအကြောင်း စောဒကတက်ပြီးသောအခါမှသာ သူ့ဒေါသများ ငြှိမ်းသက်လုနီးပါးဖြစ်သွားပြီး ဘောင်းဘီထဲမှ ဂျူနီယာစုန့်ရန်ကလည်း ပျော့ခွေသွားတော့သည်။ 

သူ တောင့်တင်းနေသောလေသံဖြင့် ခေါ်လိုက်သည်။ 

" လူကြီးမင်းဟယ်..."

ဟယ်ကျစ်ယွမ် : " ဟင်..."

" လူကြီးမင်းဟယ်..."

" အင်း ..."

" လူကြီးမင်းဟယ်..."

“…”

ဟယ်ကျစ်ယွမ် အသံတိုးတိုးဖြင့် ရယ်လိုက်သည်။

" မင်း ရေအေးအေးလေးနဲ့ ရေချိုးလိုက်ရင်ကောင်းမယ်..."

စုန့်ရန်မှာ တွန့်ဆုတ်စွာဖြင့် သူ့ခန္ဓာကိုယ်ကို ခေါင်းအုံးဖြင့် ပွတ်သပ်မနေတော့ပေ။ 

ဖုန်းချခါနီးတွင် ခေါင်းအုံးက ဆုပ်ကိုင်ထားလွန်း၍ ချည်မျှင်များပင် ထွက်လုနီးပါးဖြစ်နေသည်။ ဟယ်ကျစ်ယွမ်က အရေးကြီးကိစ္စတစ်ခု မပြောရသေးသည်ကို သတိရသွားသည်။ 

" စုန့်ရန် ကိုယ်တို့ ကုမ္ပဏီက မနက်ဖြန်မနက်ကျရင် ထုတ်ကုန်သစ်မိတ်ဆက်ပွဲလုပ်မှာ... အွန်လိုင်းကနေလည်း တိုက်ရိုက်လွှင့်မှာထင်တယ်... ကြည့်ဖို့များ စိတ်ဝင်စားလား..."

စုန့်ရန်က စိတ်ဝင်စားမှုမရှိပေ။

" အင်္ဂလိပ်လိုပဲ ပြောမှာလား..."

" ဟုတ်တယ်..."

" စာတမ်းမထိုးဘူးလား..."

" မထိုးဘူးထင်တယ်..."

စုန့်ရန်ကြားသောအခါ ပို၍ စိတ်မပါလက်မပါဖြစ်သွားသည်။

" ကျွန်တော်က အင်္ဂလိပ်စာမတော်ဘူး... ကြည့်လည်း နားလည်မယ်မထင်ဘူး..."

" ရပါတယ်... အကြောင်းအရာက သိပ်မရှုပ်ပါဘူး... ဓာတ်ပုံတွေကို ကြည့်ရုံနဲ့ ဆိုလိုချင်တာ တစ်ဝက်လောက်ကို သဘောပေါက်သွားမှာပါ..."

ဟယ်ကျစ်ယွမ်က နွေးထွေးစွာပြောလိုက်သည်။

" ကိုယ် ဆယ်ရက်ကျော်တောင် အချိန်ပိုဆင်းပြီး ကြိုးစားထားရတဲ့အလုပ်က ရလဒ်တွေကို တကယ်စိတ်မဝင်စားတာလား..."

စုန့်ရန် ခဏတာတွေးလိုက်မိပြီးမှ သူ့စိတ်ထဲတွင် ရယ်ရသောအကြံဉာဏ်တစ်ခုပေါ်လာ၍ ကျိတ်ရယ်လိုက်သည်။

" ကျွန်တော့်ကို အမှန်အတိုင်းပြောပါ... ခင်ဗျားရဲ့ အွန်လိုင်းမှာ လူသိများလို့ ကြည့်ရှု့သူ အရေအတွက်များအောင် ကျွန်တော့်ကိုပါ ဆွဲထည့်တာလား..."

ဟယ်ကျစ်ယွမ်က ရှင်းပြရမည့်အစား ဤစွပ်စွဲချက်ကို လက်ခံလိုက်သည်။ 

" ဟုတ်တယ်... မင်း ကိုယ့်ကို ထောက်ပံ့ပေးဖို့လိုတယ်...အဲဒါကြောင့်မို့ တစ်ချိန်လုံး လိုင်းပေါ်မှပဲနေပေးပါ... သတင်းစာရှင်းလင်းပွဲပြီးတာနဲ့ ကိုယ် မင်းကို ဖုန်းဆက်ပြီး စာမေးပွဲက အဖြေတွေ ပြောပြမယ်..."

" အလုပ် အရမ်းကြိုးစားတဲ့လူပဲ..."

စုန့်ရန် တီးတိုးပြောလိုက်ပြီးသည့်နောက် ခေါင်းအုံးကိုဖက်ထားလျက်နှင့် ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။

" ကောင်းပါပြီ ကျွန်တော်ကြည့်လိုက်ပါ့မယ်..."

..............

၁၅ရက်မြောက်နေ့ မနက် ၁နာရီ 🖌️

SwordArc၏ ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲကို ဧပြီ ၁၆ရက်နေ့တွင် ပစိဖိတ်ဒေသစံတော်ချိန် မနက်ဆယ်နာရီတွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ထိုအချိန်က ပေကျင်းတွင် ဧပြီ ၁၇ရက်နေ့ မနက် တစ်နာရီဖြစ်သည်။ 

မနက် ၁၂နာရီ ၅၀တွင် စုန့်ရန်က နှိုးစက်ကြိုပေးထား၍ နိုးလာခဲ့သည်။ အိပ်ရာပေါ်တွင် ဒယိမ်းဒယိုင်ဖြင့် ထထိုင်လိုက်ပြီး သမ်းဝေလိုက်သည်။ အနည်းငယ် မျက်လုံးကျယ်လာသည်နှင့် ပုပုကိုလှမ်းကြည့်လိုက်သည်။ သူထင်ထားသည့်အတိုင်း ပုပုက အိပ်ပျော်နေစဉ်တွင် တောင်ဆိတ်တစ်ကောင်ပုံစံပြောင်းသွားပုံပေါ်သည်။ ပုပု၏ အိပ်ပျော်နေသောအနေအထားကို ပြင်ပေးပြီးသည့်နောက်တွင် အိပ်ရာပေါ်မှ တဖြည်းဖြည်းထလာပြီး ခြေညှပ်ဖိနပ်စီး၍ မီးဖိုချောင်ထဲဝင်သွားကာ နို့လက်ဖက်ရည်တစ်ခွက်ဖျော်လိုက်သည်။ ထို့နောက် ခွက်ကိုယူ၍ ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သားမွေးစောင်တစ်ထည်ကို ခြုံထားလိုက်သည်။ 

ဟောင်းနွမ်းနေသည့် second-hand လက်ပတော့ပ်ကို ကော်ဖီစားပွဲပေါ် တင်ထားပေသည်။ ဖွင့်လိုက်ပြီးနောက် ဟယ်ကျစ်ယွမ်ပေးထားသည့် websiteထဲဝင်လိုက်သည်။ 

တိုက်ရိုက်ထုတ်လွှင့်သည့်စာမျက်နှာက တစ်ကြိမ်လျှင် အပိုင်းတစ်ခုစီကို တင်ပေးပြီး ခြွင်းချက်မရှိပဲ ခေါင်းစဉ်မှ ဇယားကွက်အထိ အရာအားလုံးက အင်္ဂလိပ်ဘာသာနှင့်ဖြစ်သည်။

" အချစ်အတွက်ပဲ သည်းခံရမယ်... အားလုံးက အချစ်အတွက်ပဲ..."

သူ့ကိုယ်သူ ဖြေသိမ့်လိုက်ပြီး မျက်လွှာချထားလိုက်သည်။

ဗီဒီယိုက ‘Trying to connect’ဟူသည့်စာသားကို ပြသနေဆဲဖြစ်၍ ဧည့်ခန်းက တိတ်ဆိတ်နေသည်။ ခွက်ထဲမှ ချိုမြမြရနံ့က လေထုထဲစိမ့်ဝင်နေပြီး စုန့်ရန်၏မျက်နှာကို အပူငွေ့များဟပ်နေသည်။ အိပ်ငိုက်နေဆဲဖြစ်၍ ခွက်ကိုပြန်ချထားလိုက်ပြီး ရေချိုးခန်းသို့ အမြန်ပြေးဝင်သွားကာ မျက်နှာကို ရေအေးအေးဖြင့် သစ်လိုက်သည်။ 

ဧည့်ခန်းထဲသို့ ပြန်ရောက်လာပြီး လန်းလန်းဆန်းဆန်းဖြစ်သွားချိန်တွင် ဗီဒီယိုအချက်ပြက 'connected'ဖြစ်သွားခဲ့သည်။ 

သတင်းစာရှင်းလင်းပွဲက အချိန်မှန်စတင်ခဲ့ပြီး အပေါ်ဘက်မှ ကင်မရာများက ဇာတ်ရုံ၏စင်တာနေရာကို ထောင့်ပေါင်းစုံမှ ရိုက်ပြထားသည်။ ဇာတ်ရုံထဲတွင် လူသုံးထောင်နီးပါးရှိပြီး ခုံအားလုံးတွင် နေရာယူထားကြသည်။ အတွင်းတွင် မှောင်မည်းလွန်းနေ၍ ဘေးနားကိုပင် မမြင်ရဖြစ်နေသည်။ နောက်ဆုံးတွင် အလင်းရောင်ကို မှိန်ပျပျထွန်းလာ၍ ပရိသတ်က မိနစ်ဝက်ခန့်ကြာသည်အထိ လက်ခုပ်တီးနေကြသည်။ သစ်အယ်သီးရောင်ဖျော့ဖျော့ဆံပင်နှင့် အမျိုးသားတစ်ယောက်က လက်ခုပ်သံများအကြားတွင် အဓိကစင်မြင့်သို့တက်လာပြီး လက်နှစ်ဖက်ကို မြှောက်ထကာ ပရိသတ်ကို ယုံကြည်ချက်ရှိရှိ နှုတ်ဆက်နေပြီး ကျယ်လောင်သောအသံဖြင့် "ကျေးဇူးတင်ပါတယ်" ဟု အကြိမ်အနည်းငယ်ခန့် ပြောလိုက်သည်။ စင်မြင့်အောက်မှ ပရိသတ်များ၏လက်ခုပ်သံက တဖြည်းဖြည်း ပိုမိုကျယ်လောင်လာပြီး စူပါးစတားတစ်ယောက်က တေးဂီတဖျော်ဖြေပွဲကို ရောက်ရှိလာချိန်တွင် ကြိုဆိုနေသည့်ပုံစံနှင့်ပင် တူနေသည်။ 

 တိုက်ရိုက်ထုတ်လွှင့်နေသည့် ဖန်သားပြင်ပေါ်တွင် "စီအီးအို ကားလ်ခရောက်စ်" ဟူသည့်စာလုံးများ ပေါ်လာသည်။ 

စုန့်ရန်၏စိတ်ထဲတွင် system errorဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

လူကြီးမင်းဟယ် အလုပ်လုပ်နေတဲ့ စိတ်ကူးယဉ်ဆန်တဲ့ကုမ္ပဏီကြီးရဲ့ ဥက္ကဌက ဒီလိုမျိုး အေးအေးဆေးဆေးနေတတ်တဲ့သူလား...

ကားလ်၏မျက်ဝန်းများက မီးခိုပြာရောင်ဖြစ်ကာ နက်ရှိုင်း၍ စိတ်အားထက်သန်မှုများဖြင့် ပြည့်နေပြီး ၎င်းတို့က သူ၏စိတ်နေစိတ်ထားဖြင့် လိုက်ဖက်မှု မရှိပေ။ သူက လူမှုဓလေ့စရိုက်များနှင့် သွေဖယ်စွာ နေထိုင်တတ်သူဖြစ်သည်။ ကုမ္ပဏီက အသေးစားအဖြစ်သာ ရှိနေခဲ့သေးသည်ဆိုပါက ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို raveပါတီတစ်ခုအဖြစ် ပြောင်းလဲလိုက်မည်ဖြစ်သည်။ 

ဤနှစ်များတစ်လျှောက်တွင် ဟယ်ကျစ်ယွမ်၏ ကြီးကြပ်မှုအောက်၌ သူ့ကိုယ်သူ အနည်းငယ်မျှသာ ထိန်းထားနိုင်ခဲ့သော်လည်း သူ၏ စွမ်းအားအကြွင်းအကျန်များက ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ထို့အပြင် ပရိသတ်က သူ့ကိုမြင်ချိန်တွင်လည်း စိတ်လှုပ်ရှားနေကြဆဲဖြစ်ပြီး နောက်လာမည့်အရာကို စကားပြောရှိုးတစ်ခုဟု ထင်နေကြသည်။ 

သူက စိတ်လွတ်လက်လွတ်နေတတ်သူဖြစ်သော်လည်း ပရော်ဖက်ရှင်နယ်ပီသသူဖြစ်သည်။ 

ကားလ်က လေထုအနေအထားကို တောင့်တင်းမနေစေရန် သူ ပြင်ဆင်ထာသည့် ဟာသအနည်းငယ်ကို ပြောဆိုကာ သွေးပူလေ့ကျင့်ခန်းလုပ်လိုက်သည်။ ထို့နောက် ဤသတင်းစာရှင်းလင်းပွဲ၏ အခြေခံအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ကင်မရာက စင်မြင့်အောက်မှ ပရိသတ်များကို ပြသ‌နေသည်။ အင်ဂျင်နီယာများဖြစ်ဟန်ရသည့် အာရှလူမျိုးများစွာက ရှေ့ဆုံးတန်းတွင် ထိုင်နေကြသည်။ စုန့်ရန်၏ စိတ်ဝင်စားမှုများက တိုးမြှင့်လာပြီး ၎င်းတို့ထဲမှတစ်ယောက်ကို လူကြီးမင်းဟယ်ဟု ထင်လိုက်မိသည်။ 

သို့ရာတွင် ဖန်သားပြင်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်နေသည့်အရာများကြောင့် သူ လျင်မြန်စွာဖြင့် စိတ်ပျံ့လွင့်သွားသည်။ 

၎င်းက လက်ရာမြောက်စွာပြုလုပ်ထားသည့် ဇာတ်ကြောင်းပြဗီဒီယိုတစ်ခုဖြစ်သည်။ ၎င်းက တိုတောင်းသော်လည်း ပြည့်စုံလုံလောက်မှုရှိသည်။ ၎င်းတွင် SwordArc၏ Sစီးရီးနှင့် Tစီးရီး စက်ရုပ်များကို ပထမမျိုးဆက်မှ ဆဌမမျိုးဆက်အထိ ဆင့်ကဲပြောင်းလဲလာပုံကို ပြသထားပေသည်။

၎င်းစက်ရုပ်များက ကားလ်နှင့် ဟယ်ကျစ်ယွမ်၏ကျောင်းသားဘဝ အတန်းပရောဂျက်များမှ အစပြုခဲ့ပြီး သူတို့ ပါရဂူတန်း‌ရောက်ချိန်တွင် ဓာတ်ခွဲခန်းမှ ထွက်ခွာခဲ့ပြီး ပြည့်စုံသောထုတ်ကုန်များ ဖြစ်လာခဲ့သည်။ Sစီးရီးက စျေးဝယ်စင်တာများကဲ့သို့သော လူစည်ကားသောနေရာများတွင် ကင်းလှည့်ရာတွင် ကောင်းမွန်သော်လည်း Tစီးရီးက ထောက်ပံ့ပို့ဆောင်ရေးစင်တာများကဲ့သို့သော လူအနည်းငယ်သာရှိသော နေရာများတွင် ကင်းလှည့်ရာတွင် ကောင်းမွန်သည်။

အစပိုင်းတွင် ၎င်းတို့၌ စောင့်ကြည့်ရေး လုပ်ဆောင်ချက်တစ်ခုသာပါရှိပြီး လမ်းကြောင်းကို ကြိုတင်ထည့်သွင်းထားရမည်ဖြစ်သည်။ သူတို့၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနိုင်မှုက အလွန်နိမ့်ပြီး သင်ယူနိုင်စွမ်းလည်းမရှိကြပေ။ သို့ဖြစ်၍ သူတို့က လှုပ်ရှားနိုင်သည့် ကင်မရာနှင့် နှိုးစက်များးအဖြစ်သာ အသုံးပြုနိုင်သည်။ ဟယ်ကျစ်ယွမ်က ကျေနပ်အားရမှုမရှိ၍ မှတ်ဉာဏ်တုဆိုင်ရာလမ်းကြောင်းဘက်သို့သွားရန် ဆုံးဖြတ်ခဲ့သည်။ Sစီးရီးနှင့် Tစီးရီးများကို အဆက်မပြတ် မွမ်းမံပြီး အစားထိုးထားသောကြောင့်သာ ယနေ့ခေတ်တွင် ၎င်းတို့လုပ်ဆောင်ခဲ့သည့်ပုံစံအတိုင်း မြင်တွေ့ရခြင်းဖြစ်သည်။ 

ဥပမာအနေဖြင့် Sစီးရီးတွင် လမ်းကြောင်းများကို သူကိုယ်တိုင် မြေပုံဆွဲရန် သင်ယူခဲ့ပြီး မရင်းနှီးသောတည်နေရာတွင် ထားရှိသည့်အခါ ၎င်းကို ခရီးတစ်လျှောက်တွင် သုံးဖက်မြင်‌နေရာဖွဲ့စည်းမှုတစ်ခု တည်ဆောက်နိုင်မည်ဖြစ်သည်။ ၎င်းက လမ်းသွားလမ်းလာများကို ရေတွက်ပြီး လူသွားလူလာ ပမာဏနှင့် နေ့အချိန်၏ ပုံစံများကို အခြေခံ၍ တက်ကြွသော လှည့်ကင်းလမ်းကြောင်းကိုလည်း စီစဉ်နိုင်သည်။ တစ်ပတ် နှစ်ပတ်ခန့် ဝန်ဆောင်မှုပေးပြီးသည့်အခါ ၎င်းတွင် စုဆောင်းထားသည့် ဒေတာပမာဏက ကုန်တိုက်မြေပုံအား လုံခြုံသောနေရာများ၊ ဘုံဧရိယာများနှင့် အန္တရာယ်များသောနေရာများစသဖြင့် အားလုံးကို ညီတူညီမျှဆက်ဆံမည့်အစား လုံခြုံသောနေရာများ၊ ဘုံဧရိယာများ၊ အန္တရာယ်ရှိသည့် နေရာများအဖြစ် ပိုင်းခြားရန် လုံလောက်မည်ဖြစ်သည်။

ကင်မရာတွင် ဖြတ်သွားဖြတ်လာများ ပေါ်လာခြင်းနှင့်ပတ်သက်၍လည်း ၎င်းက ပုံမှန်နှင့် ပုံမှန်မဟုတ်သော အပြုအမူများကို ခွဲခြားသိနိုင်ပြီး ပုံမှန်မဟုတ်သော စိတ်ခံစားမှုများကိုပင် သတိပြုမိနိုင်သည်။ ကြော်ငြာဘုတ်များ၊ လက်ကိုင်အိတ်များ၊ လက်ဆောင်အိတ်များနှင့် အဝတ်အစားများပေါ်မှ ဂရပ်ဖစ်များနှင့် စာအရေးအသားအများစုကို တိုက်ရိုက်နားလည်နိုင်သည်။ ကုန်တိုက်မှ Sစီးရီးစက်ရုပ်အားလုံးမှာ Wi-Fi မရှိသည့်ပတ်ဝန်းကျင်တွင်ရှိလျှင်ပင် ပူးပေါင်းလုပ်ဆောင်ရန်နှင့် ညှိနှိုင်းရန် အချင်းချင်း ဆက်သွယ်ကြသည်။

S စီးရီးနှင့် T စီးရီးများကို မျိုးဆက်တစ်ခုမှတစ်ခုသို့ ယခုအချိန်အထိ တီထွင်ထုတ်လုပ်လာနိုင်ခဲ့ကြပြီး ၎င်းတို့၏ စွမ်းဆောင်ရည်များကို ပိုမို ကောင်းမွန်စွာ ချိန်ညှိနိုင်ကာ လက်တွေ့ကျလာခဲ့သည်။ သို့ရာတွင် ဤသတင်းစာရှင်းလင်းပွဲ၏ အဓိကဇာတ်ဆောင်က S7နှင့် T7တို့မဟုတ်ပဲ အသစ်ထွက်ရှိထားသော home Edition Q7ဖြစ်သည်။

၎င်းက သေးငယ်၍ ချစ်စရာကောင်းကာ နှစ်လိုဖွယ်ကောင်းမှုနှင့် ပြည့်နေသည်။ 

စာကလေးများက သေးငယ်သော်လည်း ပြီးပြည့်စုံမှုရှိသကဲ့သို့ Q7ကလည်း ကုန်တိုက်ထက် ပိုမိုသေးငယ်သော နေရာများဖြစ်သည့် အိမ်များထဲတွင် အလုပ်လုပ်နိုင်ကြသည်။သို့သော် S နှင့် T စီးရီးနှစ်ခုလုံး၏ ယခင်မျိုးဆက် ခြောက်ဆက်မှ အကောင်းဆုံးရှုထောင့်အားလုံးကို စုစည်းထားသည်။ ပိုမိုရိုးရှင်းသောလူ့ဆက်ဆံရေးတွင် ၎င်းသည် ပိုမိုသိမ်မွေ့သောစိတ်ခံစားမှုများနှင့် ဆက်ဆံနိုင်ပြီး တစ်အိမ်သားလုံးနှင့်အတူ သဟဇာတဖြစ်မှု၊ ဘေးကင်းမှု၊ ပြည့်စုံမှုနှင့် အိမ်သားများ ကောင်းမွန်စွာရှိနေနိင်မှုတို့ကိုလည်း ကိုင်တွယ်နိုင်ရန် လိုအပ်ပေသည်။ 

Xxxxxx